News @ M-Media

Blog

  • အင်ဒိုနီးရှားကို အမေရိကန်က ကိုဗစ်ကာကွယ်ဆေး ၄ သန်း လှူမည်

    အင်ဒိုနီးရှားကို အမေရိကန်က ကိုဗစ်ကာကွယ်ဆေး ၄ သန်း လှူမည်

    ဇူလိုင် ၃၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကပ်ရောဂါကို တစ်ကျော့ပြန် ရင်ဆိုင်လာရတဲ့ အင်ဒိုနီးရှားကို အမေရိကန်က Moderna ကာကွယ်ဆေး ၄ သန်း ချက်ခြင်းပေးပို့သွားမယ်လို့ သိရပါတယ်။

    အမေရိကန် နိုင်ငံတော်လုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ္တနို မာဆူဒီတို့ ဖုန်းနဲ့ ဆွေးနွေးမှုအတွင်း အမေရိကန်က ဒီလို သတင်းစကား ပါးခဲ့တာ ဖြစ်ပါတယ်။

    ကမ္ဘာ့ ကိုဗစ်ကာကွယ်ဆေး အစီအစဉ်တစ်ခုဖြစ်တဲ့ COVAX ကနေတစ်ဆင့် ချက်ခြင်း ပေးပို့မယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ကမ္ဘာ့ စတုတ္ထမြောက် လူဦးရေးအများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ အာရှမှာ ကိုဗစ်ဒဏ်ကို အဆိုးရွားဆုံးခံရတဲ့ တိုင်းပြည်တစ်ခုဖြစ်ပါတယ်။ လက်ရှိမှာလည်း ကိုဗစ်လှိုင်းကို တစ်ကျော့ပြန် ခံစားနေရပြီး ပြီးခဲ့တဲ့ ၁၂ ရက်အတွင်း ၈ ရက်မှာ ကူးစက်မှု စံချိန်တင်ခဲ့ပါတယ်။

    အခုလို ကာကွယ်ဆေး လှူဒါန်းတာဟာ ကိုဗစ်ကပ်ရောဂါကို တွန်းလှန်နေတဲ့ အင်ဒိုနီးရှားပြည်သူတွေအပေါ် အမေရိကန်က ကူညီထောက်ပံ့မှုကို မီးမောင်းထိုးပြလိုက်တာ ဖြစ်တယ်လို့ ဆူလီဗန်က ပြောကြားခဲ့ပါတယ်။

    ကိုဗစ်နဲ့ပတ်သက်ပြီး အင်ဒိုနီးရှားကို ပိုမိုကူညီပံ့ပိုးပေးနိုင်ရေး အစီအစဉ်တွေကိုလည်း ဆူလီဗန်နဲ့ မာဆူဒီတို့ ဆွေးနွေးခဲ့ကြပါတယ်။

    အင်ဒိုနီးရှားဟာ တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး Sinovac ကို အဓိက မှီခိုနေရပေမယ့် အခြားကာကွယ်ဆေးတွေ ရရှိအောင်လည်း ကြိုးပမ်းနေပါတယ်။

    Ref: Reuters

  • အာဖဂန်ရှိ အဓိကလေတပ်စခန်းမှ အမေရိကန် ဆုတ်ခွာ

    အာဖဂန်ရှိ အဓိကလေတပ်စခန်းမှ အမေရိကန် ဆုတ်ခွာ

    ဇူလိုင် ၃၊ ၂၀၂၁
    M-Media

    -အာဖဂန်နစ္စတန်က အဓိက စစ်စခန်းတစ်ခုဖြစ်တဲ့ ဘာဂရမ် လေတပ်စခန်းကနေ တပ်ဖွဲ့ဝင်တွေအားလုံး ဆုတ်ခွာသွားပြီလို့ အမေရိကန်က ကာကွယ်ရေးဌာနက အတည်ပြု ပြောဆိုပါတယ်။

    နှစ်ပေါင်း ၂၀ ကြာမြင့်ခဲ့တဲ့ အာဖဂန်စစ်ပွဲမှာ ဘာဂရမ် လေတပ်စခန်းဟာ အလ်-ကိုင်းဒါနဲ့ တာလီဘန်အဖွဲ့တွေကို တိုက်ခိုက်ရာမှာ မဟာဗျူဟာမြောက်ပြီး အရေးပါတဲ့ စခန်းတစ်ခု ဖြစ်ခဲ့ပါတယ်။

    အမေရိကန် ကာကွယ်ရေးဌာနရဲ့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက စခန်းမှာရှိနေတဲ့ အမေရိကန်နဲ့ နေတိုးအဖွဲ့ စစ်သားတွေအားလုံး ဆုတ်ခွာသွားပြီး စခန်းကို အာဖဂန်တပ်ဖွဲ့တွေလက်ထဲ လွှဲပြောင်းပေးခဲ့တယ်လို့ မနေ့က ပြောဆိုခဲ့ပါတယ်။

    မြို့တော် ကဘူးလ် မြောက်ပိုင်းမှာရှိတဲ့ ဘာဂရမ် လေတပ်စခန်းကို အမေရိကန်တပ်ဖွဲ့ဝင် ၁ သိန်းလောက် လာရောက် တာဝန်ထမ်းဆောင်ခဲ့တာပါ။ အာဖဂန်မှာ နောက်ဆုံးကျန်နေတဲ့ စစ်သည်အင်အားကို အခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့မှာ နောက်ဆုံးထား ပြန်ခေါ်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားထားပါတယ်။

    ဘာဂရမ်လေတပ်စခန်း လွှဲပြောင်းရယူပွဲအခမ်းအနားကို အာဖဂန်အစိုးရက ဒီကနေ့မှာ ကျင်းပဖို့ ရှိနေပါတယ်။

    အာဖဂန်မှာရှိနေတဲ့ ဥရောပတပ်ဖွဲ့​ဝင်အများစုဟာ ဆုတ်ခွာသွားပြီ ဖြစ်ပါတယ်။ အမေရိကန်က​ ကဘူးလ်မှာရှိတဲ့ သံရုံးကို ကာကွယ်ဖို့အတွက် တပ်ဖွဲ့ဝင် ၆၅၀၀ ကိုသာ ထားရှိမှာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • တရုတ်အစိုးရကို ထောက်ခံကြောင်း ပါကစ္စတန် ထပ်ပြော

    တရုတ်အစိုးရကို ထောက်ခံကြောင်း ပါကစ္စတန် ထပ်ပြော

    ဇူလိုင် ၂၊ ၂၀၂၁
    M-Media

    -တရုတ်အစိုးရရဲ့ လုပ်ရပ်တွေကို ထောက်ခံပြီး တစ်ပါတီ အုပ်စိုးမှုစနစ်ကလည်း ရွေးကောက်ပွဲအခြေပြု ဒီမိုကရေစီစနစ်ထက် ပိုမိုကောင်းမွန်တယ်လို့ ပါကစ္စတန်၀န်ကြီးချုပ် အင်မရန်းခန်းက ပြောကြားလိုက်ပါတယ်။

    ​ခန်းဟာ ဥရောပနိုင်ငံ အစိုးရတွေရဲ့ အစ္စလာမ်ကြောက်ရောဂါ ကိုင်တွယ်မှု အားနည်းတာကို ဝေဖန်ထောက်ပြလေ့ရှိပေမယ့် တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်မှာ ဝီဂါနဲ့ အခြား အစ္စလာမ်ဘာသာဝင် လူမျိုးစုတွေ ဖိနှိပ် ညှင်းပမ်းခံရတာကို နှုတ်ဆိတ်နေလေ့ရှိပါတယ်။

    ကွန်မြူနစ်ပါတီ နှစ် ၁၀၀ အထိမ်းအမှတ် တရုတ်သတင်းဌာနကို ဖြေကြားတဲ့ အင်တာဗျူးမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ သတင်းတွေ တရုတ်အစိုးရက ငြင်းဆန်တာကို သဘောကျတယ်လို့​ ပြောဆိုခဲ့ပါတယ်။

    “တရုတ်အာဏာပိုင်တွေနဲ့ ဆက်သွယ်မှုတွေအရ ရှင်ကျန်းမှာ ​ဖြစ်နေတာတွေဟာ အနောက်မီဒီယာတွေ၊ အနောက်နိုင်ငံအစိုးရတွေထံက ကြားရတာတွေနဲ့ လုံး၀ တစ်ခြားစီပါပဲ။ ကျွန်တော်တို့ဟာ တရုတ်နဲ့ အလွန်ခိုင်မာတဲ့၊ ယုံကြည်မှုကို အခြေခံတဲ့ ဆက်ဆံရေးရှိတယ်။ ဒါ့ကြောင့် တရုတ်အစိုးရက ပြောတာကို ကျွန်တော်တို့ နှစ်နှစ်ကာကာ လက်ခံပါတယ်။ ရှင်ကျန်းက သူတို့ရဲ့စီမံကိန်တွေအကြောင်း ပြောတာတွေကို ကျွန်တော်တို့ လက်ခံပါတယ်”

    တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်လမ်း စီမံကိန်း (CPEC) ကနေတစ်ဆင့် တရုတ်ဟာ ပါကစ္စတန်မှာ ကန်ဒေါ်လာ ဘီလီယံ ၆၀ လောက် ရင်းနှီးမြှုပ်နှံထားတာပါ။

    ကွန်မြူနစ်ပါတီတစ်ခုတည်းက ထိန်းချုပ်တဲ့ တရုတ်နိုင်ငံရဲ့ တစ်ပါတီအုပ်ချုပ်မှုစနစ်ကို နှစ်သက်တယ်လို့လည်း ခန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “​တရုတ်ကွန်မြူနစ်ပါတီ (CPC) ဟာ ထူးခြားတဲ့ ပုံစံတစ်ခုပါ။ လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အကောင်းဆုံးပုံစံဟာ အနောက်တိုင်း ဒီမိုကရေစီစနစ်လို့ အခုအချိန်အထိ ကျွန်တော်တို့ကို ပြောကြတယ်။ CPC က တစ်ခြားနည်းလမ်းတစ်ခုကို ဖော်ဆောင်ပြသွားတာပါ။ လူ့အဖွဲ့အစည်း အကျိုးရှိအောင် ဖန်တီးပြီး အနောက်တိုင်း ဒီမိုကရေစီအားလုံးကို ရိုက်ချိုးသွားတာပါ”

    အပြောင်းအလဲလုပ်ဆောင်ရာမှာ ဒီမိုကရေစီက အကြပ်အတည်းဖြစ်စေပြီး တရုတ်ရဲ့ တစ်ပါတီစနစ်က ပြောင်းလွယ်ပြင်လွယ် ဖြစ်တယ်လို့လည်း ခန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref : Aljazeera

  • နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာ ၁၁ ဦးကို ထိုင်းဖမ်းဆီး

    နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာ ၁၁ ဦးကို ထိုင်းဖမ်းဆီး

    ဇွန် ၂၉၊ ၂၀၂၁
    M-Media

    -ကန်ချနာဘူရီပြည်နယ်က ရေလှောင်တမံတစ်ခုနားမှာ မြန်မာနိုင်ငံက တရားမဝင်ဝင်ရောက်လာသူ ၁၁ ဦးကို ဖမ်းဆီးရမိတယ်လို့ ထိုင်းနိုင်ငံက ထုတ်ပြန်ပါတယ်။

    ဒေသတွင်း ပြည်သူ့စစ်အဖွဲ့ဖြစ်တဲ့ Lat Ya Task Force ဟာ ဆွန်ခလာဘူရီခရိုင်က ဝိဇယလောင်ကွန် ရေလှောင်တမံနားမှာ သတင်းအရ မြန်မာနိုင်ငံက စက်လှေနဲ့ ဝင်ရောက်လာသူတွေကို အင်္ဂါနေ့မနက် အစောပိုင်းမှာ စောင့်ဖမ်းခဲ့တာပါ။

    လူ ၁၂ ဦး ဖမ်းဆီးရမိပြီး ၁၁ ဦးက မြန်မာနိုင်ငံသားဖြစ်ကာ စက်လှေမောင်းသူက ဆွန်ခလာဘူရီမှာနေထိုင်တဲ့ မွန်လူမျိုး နိုင်ငံမဲ့တစ်ဦးဖြစ်တယ်လို့ အာဏာပိုင်​တွေက ပြောပါတယ်။

    ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေက မော်လမြိုင်နဲ့ ရေးမြို့တို့ကနေတစ်ဆင့် နယ်စပ်ဖြတ်ကျော်ကာ ဝင်ရောက်လာကြသူတွေဖြစ်ပြီး မြန်မာနိုင်ငံက ပွဲစားကို ဘတ် ၁၅၀၀၀ ကနေ ၂၀၀၀၀ ကြား ပေးခဲ့ရကြောင်း၊ စမွတ်ဆာခွန်၊ ချွန်ဘူရီနဲ့ ရက်ချာဘူရီ ပြည်နယ်တွေမှာ အလုပ်လုပ်ဖို့ လာရောက်ကြသူတွေဖြစ်ကြောင်း ထွက်ဆိုခဲ့ကြပါတယ်။

    လက်ရှိမှာ ဆွန်ခလာဘူရီ ရဲတပ်ဖွဲ့က မြန်မာနိုင်ငံသား ၁၁ ဦးကို ထိန်းသိမ်းထားပြီး ဥပဒေအရ ​ဆောင်ရွက်နေတယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

    Ref: Bangkok Post

  • အရှေ့ဂျေရုစလင်ရှိ ပါလက်စတိုင်း စီးပွားရေးလုပ်ငန်းများကို အစ္စရေးက ဖျက်ဆီး

    အရှေ့ဂျေရုစလင်ရှိ ပါလက်စတိုင်း စီးပွားရေးလုပ်ငန်းများကို အစ္စရေးက ဖျက်ဆီး

    ဇွန် ၂၉၊ ၂၀၂၁
    M-Media

    -ပါလက်စတိုင်းပိုင် ​အရှေ့ဂျေရုစလင် အလ်-ဘူစတန်ရပ်ကွက်က ပါလက်စတိုင်း စီးပွားရေးလုပ်ငန်းတွေကို အစ္စရေးတပ်ဖွဲ့တွေက ဒီကနေ့မှာ ဖြိုချဖျက်ဆီးမှုတွေ လုပ်နေပြီး ပါလက်စတိုင်းတွေကလည်း ဆန္ဒပြ တုန့်ပြန်တာတွေ ရှိလာပါတယ်။

    အစ္စရေးတပ်ဖွဲ့တွေဟာ ဘူဒိုဇာတွေနဲ့ ဝင်ရောက်လာတာဖြစ်ပြီး ဆန္ဒပြတဲ့ ပါလက်စတိုင်းတွေကို တုတ်တွေနဲ့ ရိုက်တာ၊ ရာဘာကျည်တွေနဲ့ ပစ်တာ၊ မျက်ရည်ယိုဗုံးသုံးပြီး လူစု​ခွဲတာတွေ လုပ်ခဲ့ပါတယ်။

    ဒီအဖြစ်အပျက်မှာ အနည်းဆုံး ပါလက်စတိုင်း ၄ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ပါလက်စတိုင် လခြမ်းနီအဖွဲ့က ထုတ်ပြန်ပါတယ်။

    အလ်-ဘူစတန်ရပ်ကွက်က ပါလက်စတိုင်းစီးပွားရေးလုပ်ငန်းတွေ၊ အဆောက်အဦးတွေကို ၂၁ ရက်အတွင်း ဖျက်ဆီးပေးဖို့ ဇွန်လ ၇ ရက်နေ့မှာ အစ္စရေးစည်ပင်ဌာနက ထုတ်ပြန်ခဲ့တာပါ။ ကိုယ်တိုင်မဖျက်ရင် ဖျက်ခ ကန်ဒေါ် ၆၀၀၀ ပေးရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

    ဒီလုပ်ရပ်ကြောင့် ပါလက်စတိုင်းပြည်သူ ၁၃၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

    အရှေ့ဂျေရုစလင်က အလ်-ဘူစတန်ရပ်ကွက်မှာ အစ္စရေးဟာ ၂၀၀၅ ခုနှစ်ကစတင်ပြီး ပါလက်စတိုင်းတွေရဲ့ နေအိမ်တွေကို တစ်ဖြည်းဖြည်းချင်း ဖြိုချဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

    အရှေ့ဂျေရုစလင်က တစ်ခြားနေရာတွေမှာလည်း ဂျူးအခြေချနေထိုင်သူတွေနဲ့ အစ္စရေးတပ်ဖွဲ့တွေက ပါလက်စတိုင်းတွေရဲ့ နေအိမ်တွေကို လုယူတာ၊ ဖြိုချဖျက်ဆီးတာတွေ လုပ်လေ့ရှိတာကြောင့် ပါလက်စတိုင်း ပြည်သူတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှု မကြာခဏ ဖြစ်ပေါ်လေ့ရှိပါတယ်။

    Ref: Aljazeera