News @ M-Media

နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာ ၁၁ ဦးကို ထိုင်းဖမ်းဆီး

ဇွန် ၂၉၊ ၂၀၂၁
M-Media

-ကန်ချနာဘူရီပြည်နယ်က ရေလှောင်တမံတစ်ခုနားမှာ မြန်မာနိုင်ငံက တရားမဝင်ဝင်ရောက်လာသူ ၁၁ ဦးကို ဖမ်းဆီးရမိတယ်လို့ ထိုင်းနိုင်ငံက ထုတ်ပြန်ပါတယ်။

ဒေသတွင်း ပြည်သူ့စစ်အဖွဲ့ဖြစ်တဲ့ Lat Ya Task Force ဟာ ဆွန်ခလာဘူရီခရိုင်က ဝိဇယလောင်ကွန် ရေလှောင်တမံနားမှာ သတင်းအရ မြန်မာနိုင်ငံက စက်လှေနဲ့ ဝင်ရောက်လာသူတွေကို အင်္ဂါနေ့မနက် အစောပိုင်းမှာ စောင့်ဖမ်းခဲ့တာပါ။

လူ ၁၂ ဦး ဖမ်းဆီးရမိပြီး ၁၁ ဦးက မြန်မာနိုင်ငံသားဖြစ်ကာ စက်လှေမောင်းသူက ဆွန်ခလာဘူရီမှာနေထိုင်တဲ့ မွန်လူမျိုး နိုင်ငံမဲ့တစ်ဦးဖြစ်တယ်လို့ အာဏာပိုင်​တွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေက မော်လမြိုင်နဲ့ ရေးမြို့တို့ကနေတစ်ဆင့် နယ်စပ်ဖြတ်ကျော်ကာ ဝင်ရောက်လာကြသူတွေဖြစ်ပြီး မြန်မာနိုင်ငံက ပွဲစားကို ဘတ် ၁၅၀၀၀ ကနေ ၂၀၀၀၀ ကြား ပေးခဲ့ရကြောင်း၊ စမွတ်ဆာခွန်၊ ချွန်ဘူရီနဲ့ ရက်ချာဘူရီ ပြည်နယ်တွေမှာ အလုပ်လုပ်ဖို့ လာရောက်ကြသူတွေဖြစ်ကြောင်း ထွက်ဆိုခဲ့ကြပါတယ်။

လက်ရှိမှာ ဆွန်ခလာဘူရီ ရဲတပ်ဖွဲ့က မြန်မာနိုင်ငံသား ၁၁ ဦးကို ထိန်းသိမ်းထားပြီး ဥပဒေအရ ​ဆောင်ရွက်နေတယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

Ref: Bangkok Post