ဇူလိုင် ၃၊ ၂၀၂၁
M-Media

-အာဖဂန်နစ္စတန်က အဓိက စစ်စခန်းတစ်ခုဖြစ်တဲ့ ဘာဂရမ် လေတပ်စခန်းကနေ တပ်ဖွဲ့ဝင်တွေအားလုံး ဆုတ်ခွာသွားပြီလို့ အမေရိကန်က ကာကွယ်ရေးဌာနက အတည်ပြု ပြောဆိုပါတယ်။
နှစ်ပေါင်း ၂၀ ကြာမြင့်ခဲ့တဲ့ အာဖဂန်စစ်ပွဲမှာ ဘာဂရမ် လေတပ်စခန်းဟာ အလ်-ကိုင်းဒါနဲ့ တာလီဘန်အဖွဲ့တွေကို တိုက်ခိုက်ရာမှာ မဟာဗျူဟာမြောက်ပြီး အရေးပါတဲ့ စခန်းတစ်ခု ဖြစ်ခဲ့ပါတယ်။
အမေရိကန် ကာကွယ်ရေးဌာနရဲ့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက စခန်းမှာရှိနေတဲ့ အမေရိကန်နဲ့ နေတိုးအဖွဲ့ စစ်သားတွေအားလုံး ဆုတ်ခွာသွားပြီး စခန်းကို အာဖဂန်တပ်ဖွဲ့တွေလက်ထဲ လွှဲပြောင်းပေးခဲ့တယ်လို့ မနေ့က ပြောဆိုခဲ့ပါတယ်။
မြို့တော် ကဘူးလ် မြောက်ပိုင်းမှာရှိတဲ့ ဘာဂရမ် လေတပ်စခန်းကို အမေရိကန်တပ်ဖွဲ့ဝင် ၁ သိန်းလောက် လာရောက် တာဝန်ထမ်းဆောင်ခဲ့တာပါ။ အာဖဂန်မှာ နောက်ဆုံးကျန်နေတဲ့ စစ်သည်အင်အားကို အခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့မှာ နောက်ဆုံးထား ပြန်ခေါ်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားထားပါတယ်။
ဘာဂရမ်လေတပ်စခန်း လွှဲပြောင်းရယူပွဲအခမ်းအနားကို အာဖဂန်အစိုးရက ဒီကနေ့မှာ ကျင်းပဖို့ ရှိနေပါတယ်။
အာဖဂန်မှာရှိနေတဲ့ ဥရောပတပ်ဖွဲ့ဝင်အများစုဟာ ဆုတ်ခွာသွားပြီ ဖြစ်ပါတယ်။ အမေရိကန်က ကဘူးလ်မှာရှိတဲ့ သံရုံးကို ကာကွယ်ဖို့အတွက် တပ်ဖွဲ့ဝင် ၆၅၀၀ ကိုသာ ထားရှိမှာ ဖြစ်ပါတယ်။
Ref: Aljazeera