News @ M-Media

Blog

  • စည်သူအောင်မြင့် – ဘင်္ဂလားဒေ့ရှ် နယ်စပ်အရေး မြှောက်မပေးကြပါနဲ့

    ဇွန် ၄ ၊ ၂၀၁၄
    မဇ္ဈိမ
    ဆောင်းပါးရှင်-စည်သူအောင်မြင့်

    about BD and RSO
    ခုရက်ပိုင်း သတင်းတွေမှာ ဖုံးလွှမ်းနေတာက ဘင်္ဂလားဒေ့ရှ်နယ်စပ်ပြဿနာ အရေးအခင်းပါ။ အများစုသတင်းတွေကလည်း ရဲရဲတောက်မျိုးချစ်စိတ်တွေနဲ့ရေးတဲ့ သတင်းတွေပါ။ မသိရင်ဘဲ ဘင်္ဂလားဒေ့ရှ်ဘက်က တပ်တွေ အလုံးအရင်းနဲ့ နယ်စပ်မှာ လာချထား၊ မြန်မာဘက်ကလည်း တပ်တွေပို့၊ ရေတပ်က စစ်ရေးလေ့ကျင့် မနက်ြဖန် သန်ဘက်ခါပဲ နှစ်နိုင်ငံ စစ်ပွဲကြီးထဖြစ်တော့မလို ရေးကြ၊ သားကြပါတယ်။အနောက်ဘက် တံခါးကြီး ဘာဖြစ်တော့မယ် ညာဖြစ်တော့မယ် ဆိုကြပါတယ်။ တကယ် ဘာတွေ ဖြစ်နေသလဲ၊ ပြဿနာအတိုင်းအတာ ဘယ်လောက်ကြီးမားလဲ၊ ဒါဟာ စိတ်ပူစရာကောင်း သလားဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

    အခုနောက်ဆုံးဖြစ်တဲ့ ပြဿနာက ဘင်္ဂလားဒေ့ရှ်ဘက်ကနေ မြန်မာနိုင်ငံ နယ်နိမိတ်ထဲ ကျွံဝင်လာတဲ့ ယူနီဖောင်းဝတ် လက်နက်ကိုင် နှစ်ယောက်ကို မြန်မာတပ်ဖွဲ့တွေက ပစ်ခတ်လို့ တစ်ယောက်သေပြီး လက်နက်ပါ ကျန်ရစ်တဲ့ကိစ္စပါ။ သေဆုံးသူဟာ ရိုဟင်ဂျာ လက်နက်ကိုင်ဖြစ်နိုင်တယ်ဆိုပြီး မြန်မာဘက်က ယူဆပါတယ်။ နောက်တော့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က တပ်သားနှစ်ယောက် ပျောက်နေတယ်ဆိုပြီး သိလာရပါတယ်။ နောက်ဆုံး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ကို အလောင်းလွှဲပြောင်းပေးတဲ့အခါ သူတို့ တပ်ဖွဲ့ဝင် အလောင်းဖြစ်တယ်ဆိုတာ အတည်ပြုပါတယ်။ ဒီလိုနဲ့ နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ မှားယွင်းမှုဖြစ်စဉ် ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းလို့ ပြီးသွားပါတယ်။ သိပ်မကြာခင် ရက်ပိုင်းအတွင်း နှစ်ဖက် နယ်စပ် တာဝန်ရှိသူတွေ နယ်ခြားကိစ္စ တွေ့ဆုံဆွေးနွေးကြပါဦးမယ်။

    ရှေ့ပိုင်းဖြစ်ခဲ့တဲ့ ပြဿနာတစ်ခုမှာတော့ မြန်မာဘက်က နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်လေးယောက် ကျဆုံးတဲ့ ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း RSO ဖြစ်တယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ခြေကုပ်ယူပြီး မြန်မာဘက် ၀င်တိုက်တယ် စသဖြင့် အမျိုးမျိုး ပြောကြဆိုကြတာ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ တိုက်ပွဲမှာ ဒဏ်ရာရပြီး အသက်မသေ ကျန်ရစ်သူ ရဲဝန်ထမ်းတစ်ယောက် ကိုယ်တိုင် ပြန်ပြောတာက တစ်ဖက်က ရန်သူဟာ RSO ဖြစ်သလား၊ ဘာအဖွဲ့လဲဆိုတာ သိဖို့ ဝေးလို့ဘယ်လို ယူနီဖောင်းမျိုး ၀တ်ထားတယ် ဆိုတာတောင် မမြင်လိုက်ရဘူးလို့ ဆိုပါတယ်။ ပြောရရင် ပထမအရေးကြီး တစ်ချက်က သက်သေအထောက်အထား ခိုင်ခိုင်လုံလုံမရှိဘဲ ဟိုအဖွဲ့ဒီအဖွဲ့ ပြောလို့မရနိုင်ဘူး ဆိုတာပါ။

    ဘယ်လိုပဲဖြစ်ဖြစ် တချို့သော လက်နက်ကိုင် အင်အားစုအသေးလေးတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းမှာ ခိုလှုံပြီး အရင်ကလည်း မြန်မာနယ်နိမိတ်ဘက် ၀င်တိုက်တာတွေ ရှိတယ်၊ ချောင်းမြောင်း လုပ်ကြံတာ ရှိတယ်၊ ခုလည်း ဒီလို ပြဿနာတွေ ရှိနေတယ်။ ဒါပေမဲ့ ဒါဟာ စိုးရိမ်ရလောက်တဲ့ ပြဿနာမဟုတ်၊ အရေးအကြီးဆုံးအချက်က မြန်မာနိုင်ငံဘက်အခြမ်းမှာ လုံးဝခြေကုပ်ရယူထားနိုင်ခြင်း မရှိသလို မြန်မာ့စစ်တပ်ကိုလည်း အံတုနိုင်တဲ့ အခြေအနေ လုံးဝရှိမနေဘူး ဆိုတာပါပဲ။ ဒါက မြန်မာစစ်တပ်ဘက်က အဆင့်မြင့် အရာရှိ တစ်ယောက် ကိုယ်တိုင်ပြောတာပါ။

    အခြားတစ်ဖက်ကဆိုရင်လည်း ဘင်္ဂလားဒေ့ရှ် အစိုးရကရော စစ်တပ်ကပါ ဘယ်လို လက်နက်ကိုင်အင်အားစုကိုမှ သူ့နိုင်ငံထဲ ခြေကုပ်ယူပြီး မြန်မာနိုင်ငံဘက် တိုက်ခိုက်တာ ခွင့်ပြုမှာ မဟုတ်ဘူးလို့ ထပ်ခါတလဲ ပြောဆိုခဲ့ဖူးပါတယ်။ အခု နောက်ဆုံးမှာလည်း အဲဒီကတိစကား ပြောပါတယ်။ ဒီအတွက် ခုလိုပဲ တိုက်ပွဲ တွေဖြစ်ရင်၊ သောင်းကျန်းသူလို့ ထင်ရတဲ့ အလောင်းတွေကိုသာရခဲ့ရင် ဘင်္ဂလားဒေ့ရှ် အစိုးရကိုရော၊ စစ်တပ်ကိုပါ မြန်မာဘက်က ကောင်းကောင်း အရေးဆိုနိုင်ပါတယ်။

    လက်ရှိ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်မှာ ဖြစ်နေတာနဲ့ နှိုင်းယှဉ်ကြည့်နိုင်အောင် အရှေ့ဘက်နယ်စပ်ကို ကြည့်လိုက်စေချင်ပါတယ်။ ထိုင်းနယ်စပ်မှာဆိုရင် မြောက်ဖျားကနေ တောင်ဖျားအထိ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့တွေ တန်းစီ နေရာယူထားကြ ပါတယ်။ နှစ်ပေါင်း များစွာကြာ အောင်အိမ်ကြက်ချင်း အိုးမည်းသုတ်ခွပ်သလို ဖြစ်နေတဲ့ အနေအထားအောက်မှာ လက်ခုပ်လက်ဝါးတီး အားပေးအားမြှောက် ပြုရင်း မြန်မာ့ သစ်တောနဲ့ သတ္တသယံဇာတတွေ ထုတ်ယူပါတယ်။ တရားမ၀င် ကုန်သွယ်မှုတွေ လုပ်ပါတယ်။ တိုင်းရင်းသား တပ်ဖွဲ့တွေ ကိုင်တဲ့ လက်နက်တွေအားလုံး ထိုင်းနိုင်ငံဘက်အခြမ်းက လာပါတယ်။ ကာလတချို့မှာ တိုင်းရင်းသားတပ်ဖွဲ့တွေဟာ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ ထိုင်းနိုင်ငံနယ်မြေ ကားလမ်းတွေ အသုံးပြုပြီး တပ်တွေ ရွှေ့ပြောင်းနိုင်ခဲ့ကြပါတယ်။

    တရုတ်နယ်စပ်ကရော ဘာထူးပါသလဲ။ ပိုတောင် ဆိုးတာတွေ့ကြရမှာပါ။ ၁၉၆၈ ဇန်န၀ါရီ ၁ ရက်မှာ ဗမာပြည် ကွန်မြူနစ်ပါတီ ဗကပ အလံထောင်ပြီး ဗမာပြည်သား နည်းနည်း၊ တရုတ်ဘော်လံတီယာများများဟာ တရုတ်စစ်အကြံပေးတွေ ဦးစီးပြီး တရုတ်လက်နက်ခဲယမ်း မီးကျောက် အပြည့်အစုံနဲ့ တိုက်ပွဲကြီးတွေ ဆင်နွှဲခဲ့ပါတယ်။ လက်ရှိ “၀”နယ်၊ ၈၁၅ လို့ခေါ်တဲ့ ရှမ်းအထူးဒေသ(၄) မိုင်းလား နယ်မြေတွေဟာ အဲဒီပြဿနာရဲ့ ရလဒ်တွေပါပဲ။ ကိုးကန့် နယ်မြေကိုတော့ မြန်မာစစ်တပ် ပြန်သိမ်း လိုက်လို့ မရှိတော့ပါဘူး။

    လက်ရှိအစိုးရတပ်နဲ့ ကေအိုင်အေ ကချင်ပြည်လွတ်လပ်ရေးတပ်မတော် တိုက်ပွဲတွေမှာဆိုရင်လည်း ကေအိုင်အေဘက်က အသုံးပြုတဲ့ စစ်လက်နက်ခဲယမ်း အများစုဟာ တရုတ်ပြည်ဘက်က ၀ယ်ယူရတာတွေပါ။ အဲလောက်ဆို ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ တရုတ် စတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ်သဘောထား နားလည်နိုင်ပါပြီ။

    တကယ်တော့ မြန်မာနိုင်ငံမှာ လိုအပ်နေတာ ကိုယ့်အမျိုးသားချင်း ကိုယ့်တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေးပါ။ ကိုယ့်နိုင်ငံသားချင်း၊ ကိုယ့်နိုင်ငံထဲ အတူနေထိုင်ကြသူ အချင်းချင်းသင့်တင့် အေးချမ်းအောင်နေရေးပါ။ ဒါတွေ မတည်ဆောက်ထားနိုင်ရင် အိမ်နီးချင်းတွေကလည်း လေးစားမှာ မဟုတ်ပါဘူး။ အိမ်ကြက်ချင်းခွပ်နေကြတာကို ဘေးတီး မြှောက်ပင့်ပေးပြီး အင်အားချိနဲ့နေတာကို သဘောကျနေကြမှာ ပါပဲ။

    ဘင်္ဂလားဒေ့ရှ်နယ်စပ် ကိစ္စ ပြန်ကောက်ရရင် ပြီးခဲ့တဲ့နှစ်နှစ် ရခိုင်ပြည်နယ်မှာ အလွန်ဆိုးရွားတဲ့ ဘာသာရေး လူမျိုးရေးဆန်တဲ့ ပဋိပက္ခကြီး ဖြစ်ပွားခဲ့ရတာဟာ ဘင်္ဂလားဒေ့ရှ်အစိုးရ မြှောက်ပေးလို့ မဟုတ်ပါဘူး။ ပြဿနာတွေတက် မီးတွေလောင်ကြတော့လည်း ဘင်္ဂလားဒေ့ရှ် အစိုးရမီးလောင်ရာလေပင့် မလုပ်ခဲ့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အိမ်နီးချင်း နိုင်ငံအချင်းချင်း ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ရှိအောင်ပဲ ကြိုးစားသင့်ပါ တယ်။ ဒီအတွက် အနောက်တံခါးကြီး ဘာဖြစ်တော့မယ် ညာဖြစ်တော့မယ်၊ ဒီနေ့ နက်ဖြန် ဘင်္ဂလားဒေ့ရှ် နဲ့ပဲ စစ်ဖြစ်ရတော့မယ်ဆိုတဲ့ မဟုတ်မမှန် လုပ်ကြံရေးသားဖော်ပြ၊ သွေးထိုး မြှောက်ပင့် ပေးနေကြ၊ မြန်မာ့နိုင်ငံရေး လမ်းလွဲအောင် လုပ်နေကြတာကို မယုံကြည်ကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။

    Link =>http://www.mizzimaburmese.com/2013-10-20-17-18-22/2013-10-20-16-34-60/item/22529-2014-06-04-01-58-07

    ဓါတ်ပုံအညွှန်း- ဆိုရှယ်မီဒီယာတွေ ဘင်္ဂလားဒေရှ် နှင့် ဖြစ်ပွားခဲ့သည့် ကိစ္စအား မဟုတ်မမှန် သွေးထိုးလှုံဆော်ရေးသားခဲ့မှုများ
    (အဆိုပါ အကောင့်များသည့် ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေး ၊၊ သမ္မတဦးသိန်းစိန်ထောက်ခံသည့် ရေးသားမှုများ၊ မွတ်စလင် မုန်းတီး ဆန်ကျင်ရေး လှုံဆော်မှုများကို  အွန်လိုင်းစာမျက်နှာထပ်တွင် နှစ်နဲ့ ချီလုပ်ဆောင်နေသူများဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ )

  • ကိုလိုနီ လက်သစ်ဝါဒ- တောင်တရုတ်ပင်လယ်မှာ ဗိုလ်ကျတဲ့ ထောင်ကဲ ၊ မြန်မာပြည်ကိုလည်း လာကျူးပြီ

    ဇွန် ၄ ၊ ၂၀၁၄
    M-Media
    ရောဘတ်အယ်လ်ဟို့စ်

    10373641_237429429789330_6447980076097680475_n

    တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကတော့ တောင်တရုတ်ပင်လယ်ထဲက သူတို့နဲ့ ဘာမှ မ ဆိုင် တဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ဂျပန် စတဲ့ နိုင်ငံ တွေရဲ့ ပိုင်နက်နယ်မြေတွေ ထဲက တချို့ကို သူတို့ဖာသာသူတို့ အသစ်ဆွဲထားတဲ့ မြေပုံ တွေ အရ တ ရုတ်ပြည်ပိုင်နက် ဖြစ်ပါတယ် လို့ လူပေါ်လူဇော်လုပ်ပြီး အနိုင်ကျင့်ဗိုလ်ကျ တာတွေ လုပ် နေ တာတော့ အားလုံးလည်း အသိပါ။

    ကဲဗျာ … မြန်မာ ကလည်း တရုတ်အတွက် တော့ ဘာမို့လို့ မြန်မာကို သူတို့က ချန်ထားရမှာ တုန်း။ ကဲ .. အခု တရုတ်ပြည် ရဲ့ မြေပုံ အရ အစဉ်အဆက် မြန်မာပိုင် နက် ဖြစ်လာခဲ့တဲ့ နယ်မြေ တွေတောင် တရုတ်က ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု့ ဘာညာ ဆိုတာတွေတောင် မ ထောက်ထားတော့ဘဲ တရုတ်ပြည်ပိုင်နက် ပေါ်တင် ကျူးကျော်လာနေကြပြီ။

    ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမှာ နယ်ခြားမျဉ်းကို မေလ ၂၇ ရက်နေ့ကနေ မေလ ၃၀ ရက်နေ့ အထိ ပြန်လည်တိုင်းတာကြရာမှာ အရင်ကတည်းက ရှိထားပြီးသား နယ်ခြားကျောက်တိုင်တွေ ကနေ မြန်မာဖက်ခြမ်းကို ကျူးလာပြီး မြန်မာဖက်ခြမ်းက လယ်မြေဧက ပေါင်းများစွာကို တရုတ်ပြည် ပိုင်နက် ဆိုပြီး လုပ်လာပြီ။ နယ်ခြားကျောက်တိုင် အသစ်ကို လာစိုက်တာမှာ ဒေသခံ လယ်သမားတွေက ပြန်နှုတ်ပစ်လိုက်လို့ နောက်ထပ် အသင့် စိုက်ပြီးသား ညောင်ပင် နှစ်ပင်ကို ထပ်လာစိုက်တယ်။ ဒါတွေကိုလည်း အမြစ်က လှန်တူးထုတ်လိုက်ပြန် တဲ့ လယ်သမားတွေကို အရေး ယူဖမ်းဆီး တဲ့ သတင်းကိုတော့ မကြာခင် မှာ မျှော်လင့် ထားကြရမှာဖြစ်ပါတယ်။

    မူဆယ် နဲ့ ရွှေလီကို ရောက်ဘူးသူတိုင်းက ကျယ်ဂေါင် ဆိုတဲ့ နေရာအကြောင်း ကို သိမှာပါ။ နှစ် နိုင်ငံ နယ်ခြား အဖြစ် ယေဘုယျ သတ်မှတ်ထားတဲ့ ရွှေလီမြစ် ရဲ့ တစ်ဖက်ကမ်း မြန်မာဖက် အခြမ်းမှာ ရှိနေတဲ့ ကျယ်ပြောလှပြီး မဟာဗျူဟာ ကျလှတဲ့ မြေပြင်အနေအထားဖြစ်ပေမယ်လို့ ဒီ နေရာ ဟာ တရုတ်ပြည် ပိုင်ဖြစ်နေတာကို တွေ့ဘူးသူတိုင်း သိကြမှာ ဖြစ်ပါတယ်။ ဒီနေရာဟာ တကယ်တမ်းတော့ လွတ်လပ်ရေး ရခဲ့စဉ် နိုင်ငံတကာ စာချူပ်တွေအရ မြန်မာပြည်ပိုင်နက် ဖြစ်ခဲ့ ဘူးတာပါ။ နောက်ပိုင်းကျမှ တရုတ်ပြည် ပိုင်နက်အဖြစ် ပေးလိုက်ဖို့ ယခင်က တိုင်းပြည် အကြီး အကဲဟောင်း ဦးနေ၀င်း ရဲ့ ခွင့်ပြုချက်နဲ့ တရုတ်ကို ပေးလိုက်ရကြောင်း မှတ်သားဘူးပါတယ်။

    အဲ့ဒီတုန်းက ပေးလိုက်ရတာ ကျယ်ဂေါင် တစ်ခုတည်းမဟုတ်ဘဲ တရုတ်- မြန်မာ နယ်ခြားက မြန်မာ ပိုင်နက် အတော်များများ ပါသွားခဲ့တယ်လို့လည်း အလားတူ မှတ်သားခဲ့ဘူးပါတယ်။ သိမှီသူ များ လာရောက်ထောက်ပြနိုင်ကြပါတယ်။

    အခုလည်း ဒုတိယ၊ တတိယ၊ စတုတ္တ ကျယ်ဂေါင်တွေများ ထပ်လာနေပြီလား၊ ထပ်ပြီးလာနေ ဦးမှာလားဆိုတဲ့ ပူပင်သောကစိတ်က ဒီတိုင်းပြည်က မွေးခဲ့တဲ့ သားတစ်ယောက်အနေနဲ့ မခံချိ မခံသာ နဲ့ ခံစားနေရ ကြောင်းပါ။

    ဒီကိစ္စ က တစ်ဖက်မှာ လုပ်တော့မှာမို့ မိမိတို့ ကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်ကို တရုတ် ပြည်ဖက် ရောင်းစားကြမယ့် အာဏာရှိသူများ၊ တပ်မတော် ခေါင်းဆောင်များက ဘင်္ဂလားနယ် စပ် ပဋိပက္ခ ကို တမင်အာရုံလွှဲပြီး တိုင်းသူပြည်သားတွေကို မျက်လှည့်ပြတာလား ဆိုတာ တွေး ဆ စဉ်းစားစရာ ဖြစ်လာပါတယ်။

    ကျူပ်တို့ လူထု ဒီနေ့ထိ ချာတူးလန်အောင် နားလှည့်ပါးရိုက် လုပ်တာ ခံနေရတုန်းပါလားဆိုပြီး စိတ်မသက်မသာ ဖြစ်မိပါတယ်။

    (ရောဘတ်အယ်လ်ဟို့စ်)

    ဓာတ်ပုံ – တရုတ်ပြည်ကြီးနှင့် ဘာမှမဆိုင်လောက်အောင် ကွာလှမ်းလှသည့် ၊ တောင်တရုတ် ပင်လယ် အတွင်းမှ အရှေ့တောင်အာရှ နိုင်ငံ များ၏ မဟာဗျူဟာမြောက် ရေပြင်ပိုင်နက် များ အား တရုတ်ပြည်က ပိုင်ဆိုင်ပါသည် ဟု အသစ်ထုတ်ပြန်လိုက် သဖြင့် နိုင်ငံပေါင်း များစွာနှင့် အငြင်း ပွားနေရသည့် တရုတ်တို့၏ မြေပုံသစ်။

  • ရုရှားနယ်စပ်ရှိ ယူကရိန်း စစ်ဆေးရေးဂိတ်အား ခွဲထွက်ရေး သမားများက ပြင်းပြင်းထန်ထန် တိုက်ခိုက်၊

    ဖွန် ၃ ၊ ၂၀၁၄
    M-Media
    201462183513516734_20
    – ယူကရိန်းအစိုးရတပ်က လေကြောင်းမှ ထိုးစစ်ဆင်မည့်ဆိုသည့် သတင်းကြောင့် ခွဲထွက်ရေးသမားများက နိုင်ငံအရှေ့ပိုင်း Luhansk မြို့ နယ်စပ်ရှိ စစ်ဆေးရေးဂိတ်အား ယမန်နေ့က ပြင်းပြင်း ထန်ထန်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

    ခွဲထွက်ရေးသမားများမှာ လူအနေအဆောက်အဦးတစ်ခု၏ ခေါင်မိုးပေါ်မှ နယ်ခြားအစောင့် ဂိတ်အား ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ထိုဂိတ်တစ်ဝိုက်တွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။ အစပထမတွင် ခွဲထွက်ရေးသမား ၇၀ ခန့်သာ ရှိသော်လည်း နောက်ပိုင်းတွင် ၅၀၀ ခန့်ဖြစ်လာခဲ့ပြီး၊ ထိုတိုက်ပွဲအတွင်း ခွဲထွက်ရေးသမား အနည်းဆုံး ၅ ဦး သေဆုံးခဲ့သည်ဟု ယူကရိန်း နယ်ခြားစောင့်တပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ရုရှားဘက်မှ ခွဲထွက်ရေးသမားများ ယူကရိန်းသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ရန်အတွက် တိုက်ခိုက်ခြင်းဖြစ်မည်ဟု ယူဆရပြီး၊ ယူကရိန်းနယ်ခြားစောင့်တပ်များမှာ အဆောက်အဦးတစ်ခုတွင် ပိတ်မိနေသည်။ Luhansk ဒေသမှာ ခွဲထွက်ရေးသမားများက လွတ်လပ်သောနိုင်ငံအဖြစ် ကြေညာထားသည့် ဒေသဖြစ်သည်။

    Ref: Al Jazeera and agencies

  • ချယ်ဆီး ဂန္တ၀င် ကစားသမား လမ်ပတ် အသင်းမှ ထွက်ခွာတော့မည်

    ဇွန် ၃ ၊ ၂၀၁၄
    M-Media
    410473_heroa
    – ၁၃ နှစ်ကြာကစားခဲ့ပြီးနောက် အသင်းမှ ထွက်ခွာတော့မည်ဟု ချယ်ဆီးအသင်း၏ ဂန္တ၀င်ကွင်းလယ်လူ ဖရန့်လမ်းပတ်က အတည်ပြုပြောဆိုခဲ့သည်။

    ၂၀၀၁ ခုနှစ်က ၀က်စ်ဟမ်းမှ ချယ်ဆီးအသင်းသို့ ပြောင်းရွှေ့လာခဲ့သည့် လမ်းပတ်မှာ အသင်းအတွက် ပွဲပေါင်း ၆၄၈ ပွဲကစားခဲ့ပြီး စံချိန်တင် ၂၁၁ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

    “လွန်ခဲ့ ၁၃ နှစ် ကျွန်တော်ဒီကိုစရောက်စဉ်က ဒီလောက်ပွဲတွေအများကြီးကစားရမယ်၊ အောင်မြင်မှုတွေရမယ်လို့ ကျွန်တော်မယုံခဲ့ပါဘူး။ ဒီအသင်းဟာ ကျွန်တော့်ဘ၀ရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်” ဟု လမ်းပတ်က ၎င်း၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    မော်ရင်ဟိုလက်ထက် ၂၀၁၃-၁၄ ဘောလုံးရာသီတွင် လမ်းပတ်မှာ ပုံမှန်နေရာမရခဲ့ဘဲ ပွဲ ၂၀ သာ ပွဲထွက်ခွင့်ရခဲ့သည်။ ချယ်ဆီးအသင်း၏ နောက်ခံလူ အရှ်လေကိုးလ်မှာလည်း အသင်းမှ ထွက်ခွာမည်ဖြစ်ပြီး ၎င်းတို့ နှစ်ဦးစလုံးမှာ အမေရိကန် မေဂျာလိဂ်သို့ ပြောင်းရွှေ့ဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည်။

  • အာဏာရ အိန္ဒိယ BJP ပါတီ၏ အကြီးတန်းခေါင်းဆောင် ဝန်ကြီး တစ်ဦး ကားတိုက်မှုကြောင့် ကွယ်လွန်

    ဇွန် ၃ ၊ ၂၀၁၄
    M-Media
    20146342637372734_20
    – မကြာသေးခင်က အိန္ဒိယရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် BJP ပါတီမှ အကြီးတန်းခေါင်းဆောင်ဖြစ်ပြီး ကျေးလက်ရေးရာ ၀န်ကြီးဖြစ်သူ ဂိုပီနသ် မွန်ဒီမှာ ယနေ့နံနက်ပိုင်း ကားတိုက်မှု ကြောင့် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

    အသက် ၆၄ နှစ်အရွယ်ရှိ မွန်ဒီမှာ ၎င်း၏ မွေးရပ်ပြည်နယ်ဖြစ်သည့် မာဟာရရှ် ထရာပြည်နယ်တွင် ပြုလုပ်မည့် နိုင်ငံရေးဆန္ဒထုတ်ဖော်ပွဲအတွက် နယူးဒေလီလေဆိပ်သို့ အသွားတွင် ထိုကဲ့သို့ မတော်တဆဖြစ်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။ မွန်ဒီသေဆုံး ခဲ့ခြင်းမှာ နိုင်ငံအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်သည်ဟု ဝန်ကြီးချူပ် မိုဒီကပြောကြားခဲ့သည်။

    မွန်ဒီမှာ နိုင်ငံအနောက်ပိုင်း မာဟာရရှ်ထရာပြည်နယ် ဒုတိယ၀န်ကြီးချုပ် အဖြစ် ၁၉၉၅ ခုနှစ်မှ ၁၉၉၉ ခုနှစ် အထိ ဆောင်ရွက်ခဲ့ပြီး အောက်လွှတ်တော် အမတ်အဖြစ် ၂၀၀၉ နှင့် ၂၀၁၄ ခုနှစ်တွင် အရွေးခံခဲ့ရသည်။ ဝန်ကြီးချူပ် မိုဒီ၏ အဓိက လက်ရုံးဖြစ်သူ မွန်ဒီ၏ ကျေးလက်ရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မှုမှာ ၈ ရက်သာ ရှိသေးသည်။

    ဓါတ်ပုံ အညွှန်း- ကားတိုက်မှူကြောင့် ကွယ်လွန်သွားသည့် ဝန်ကြီး မွန်ဒီ (ဘယ်အစွန်) အား ဝန်ကြီးချူပ် မိုဒီနှင့် အတူ အခမ်းအနား တခု တွင် တွေ့ရစဉ်  (Photo AFP)

    Ref:  Agencies