News @ M-Media
Blog
  • နိုင်ငံကျော် ဓမ္မကထိက မော်လ၀ီ ဟာဖစ်ဟစံရှား
    နိုင်ငံကျော် ဓမ္မကထိက မော်လ၀ီ ဟာဖစ်ဟစံရှား
    ဇွန် ၃၊ ၂၀၁၄
    M-Media
    ဆရာကြီးဟစံရှားသည် မန္တလေးမြို့ စစ်တန်းမော်လ၀ီကြီးဟု ကျော်ကြားသော မောင်လာနာ ဂိုလမ်အလီရှာဟ် နှင့် အထက်ဗမာ နိုင်ငံ ဘုတ္တောရွာသူ ဒေါ်သီတို့၏ ဒုတိယမြောက်သား ဖြစ်သည်။ သားချင်းညီအစ်ကို ၇-ဦးစလုံးမှာ သာသနာ့ပညာတွင် ထူးချွန်သူများ ဖြစ်သည်။ မိခင်ဒေါ်သီသည် မြေတူးမြို့ သေနတ်စာရေးကြီး ဦးအဗ်ဒွလ်လာခေါ် ဦးပေါက်တူး၏ သမီးဖြစ်သည်။ ဆွေနီးမျိုးစပ်များသည် ထင်ရှားသူများဖြစ်သည်။
    ဆရာကြီး ဘိုးအေ၏ ညီအရင်းမှာ မြန်မာစာအထက်တန်းပြ ဆရာကြီး ဦးသာကြူးဖြစ်သည်။ ဆရာပုံ၏ ဖခင် သွေးသောက်ကြီး ဦးယိမ်းနှင့်ညီ ဦးထိမ်းတို့မှာလည်း အမိဘက်မှ ဘိုးအေများဖြစ်သည်။ ဦးယိမ်း သည် ရွှေဘိုနယ်တစ်ဝိုက်တွင် သြဇာလွှမ်းသူဖြစ်သည်။ မြန်မာစာ ဆရာ ဦးသာကြူးနှင့် ပညာ ခန်း ပြိုင်ဆိုင်ပြောဆိုလေ့ ရှိသူဖြစ်သည်။ ဆရာဟစံရှားသည် မြန်မာစာပေ ကျွမ်းကျင်သော ဦးယိမ်းနှင့် ဦးသာကြူးတို့ထံမှ မြန်မာစာ ဆည်းပူးခဲ့သည်။
    ဆရာကြီး ဦးလေးတစ်ဦး (အဒေါ်အရင်း၏ ခင်ပွန်း)သည် ယင်းတော်မှ သွေးသောက်ကြီး ဦးဘိုးနိုင် ဖြစ်သည်။ သီပေါမင်းတရား မင်းသားဘ၀မှစ၍ ရင်းနှီးကျွမ်းဝင်သည့် ငယ်သူငယ်ချင်းများ ဖြစ်သည်။ ဦးဘိုးနိုင်သည် ပျဉ်းမနားသစ်တောမှ အင်္ဂလိပ်များ ခိုးထုတ်သော သစ်များကို ဖမ်းဆီးဖော်ထုတ်သူများတွင် ပါဝင်သည်။ ထိုဖမ်းမိ နိုင်ငံတော်သစ်လုံး များကို မန္တလေးမြို့ ကုလားပျိုမြောက် ဗလီတွင်သုံးရန် ဘုရင်မင်းမြတ်က ပေးသနားတော်မူသည်။ ဒေါင်းဒင်္ဂါး တစ်ထောင့်ငါးရာလည်း ထပ်မံ ချီးမြှင့် တော်မူသည်။ ထိုထိုသော ကောင်းမှုတော်များနှင့် ဗလီဇရပ် ရေတွင်းများ ဆောက်လုပ်နိုင်ခဲ့သည်ဟု သိရသည်။
    စာဆို ဦးရွှေတောင်ကို ဆရာကြီး ဟစံရှားက ဦးရွှေဒေါင်းဟု အမှတ်ထားသည်။ ဦးရွှေတောင်သည် ဆရာကြီး၏ နီးစပ်သောအမျိုးမှ ဖြစ်သည်ဟုဖော်ပြသည်။ ဦးရွှေတောင်သည် မြေတူးရွာသစ်ကြီး ကျောင်းထိုင်ဆရာတော် ဦးက၀ိန္ဒထံတွင် ပညာဆည်းပူးခဲ့သူ ဖြစ်သည်။ ပျို့ကဗျာလင်္ကာများ လေ့ကျွမ်းသည်။ ရှဂျရတွလ်အီမာန်ကျမ်းသည် စာဆိုကြီး၏ ထင်ရှားသော ကျမ်းများအနက်မှဖြစ်သည်။ ကျမ်းပြုပုဂ္ဂိုလ်၊ ဂန္တ၀င် စာဆိုဖြစ်သည်။
    ဆရာကြီးက မိမိသည် စိုက်ယစ်မဟာနွယ် ဖြစ်သည်။ တမန်တော် မုဟမ္မဒ်(စွ) သခင်မှ ၄၂ ဆက်မြောက်ဖြစ်သည်ဟု မျိုးနွယ်ဇယား ဖော်ပြသည်။ မိမိမှစ၍ ဆွေတော်စဉ်ဆက်နွယ်ပုံကို-
    ၁။ ဟစံရှား။  (၂) ဂိုလာမ်အလီရှား။ (၃) မိုဟမ္မဒ်ရှား။ (၄) ဂျီအာယာရှား။ (၅) ရှေ(ရ)ရှား။ (၆) စယဒ်ရှား။ (၇) ဂျဟ်ဖွရ်ရှား။ (၈) ကမလ်ရှား။ (၉) ဂျမာလ်ရှား။ (၁၀) ကမိရ် ရှား။ (၁၁) ရှားမိုဟမ္မဒ်။ (၁၂) ရှားရှမ်(စ်)။ (၁၃) ရှေရ်အလီ ရှား။ (၁၄) ဗဟာအွတ်ဒီန်။ (၁၅) ရွတ်(က)နွတ်ဒီန်။ (၁၆) မီရ် အဗ်ဂျစ်။ (၁၇) အေမမ်။ (၁၈) အလီ။ (၁၉) အလာအွတ်ဒင်။ (၂၀) ဂျလာလ်။ (၂၁) မန်စွရ်။ (၂၂) နဇွာမွတ်ဒီန်။ (၂၃) ဟဗီ ဗွလ်လာဟ်။ (၂၄) ခလီလွလ်လာဟ်။ (၂၅) ရှမ်စွတ်ဒီန်။ (၂၆) အဗ်ဒွတ်လာဟ်။ (၂၇) နူရွလ်လာဟ်။ (၂၈) အစွဟာဗွလဒာဟ်။ (၂၉) ကမာလွတ်ဒိန်။ (၃၀) ခေစ်[ို။ (၃၁) အာရစ်(ဖွ)။ (၃၂) အစ်(ဗ)ရာဟိမ် ရှိရာဇ်။ (၃၃) အဗူသွာဟေရ် သွာဟေရီ။ (၃၄) ဟိုစိုင်အာရစ်ဖ်။ (၃၅) အလီအာရစ်။ (၃၆) မိုဟမ္မဒ်မို့ (အ)မင်န်ဒီဗာ (ဂျ)။ (၃၇) အေမမ်ဂျ (အ) ဖွရ်စွာဒစ်(က)။ (၃၈) အေမာမ်မိုဟမ္မဒ်ဗာကေရ်။ (၃၉) အေမမ် ဇိုင်နွလ် အာဗေ့ဒိန်။ (၄၀) အေမာမ်ဟိုစိုင်န်။ (၄၁) ဗီဗီဖွာသွေမဟ်ဇွတ်ရာ။ (၄၂) မိုဟမ္မဒ် ရစူလ်စွလ်လောလ်လာဟို့ အလိုင်ဟေ့ ၀အလာအာလေ့ဟီ ၀စတ်လမ် ဟူ၍ အမည်တော်စဉ်ပြသည် ။
    နန်းတွင်းဗလီဆရာကြီး စရ်ဒါရ်အလီရှားသည် မိမိ၏ဘထွေး (ကျာကျာ) တော်သည် သားသမီးမရှိ၍ တူတော်မောင်ကို သားရင်းသမီးရင်း ပမာ သဘောထားသည်။ ဟစံရှားသည် ၄-နှစ်သားအရွယ်မှစ၍ ဘထွေး နှင့်အတူနေပြီး ဘထွေးထံမှ ပညာဆည်းပူးသည်။ ၁၅ နှစ်အရွယ်ကျမှ ဘခင်ထံပြန်သည်။ ဘထွေးထံမှာ ဟာဖစ် စဖတ်သည်။ ပန်ဂျာဗီဘာသာ စကားကိုလည်း ကောင်းစွာ သင်ယူသည်။ ပညာအရာ နှံ့စပ်ကျော်ကြား သူ  ဘထွေးထံမှ ပညာအမွေ ဆက်ခံခွင့်ရခဲ့သည်။
    နှစ်ဖက်မိဘဆွေမျိုး ပညာတတ်များကြားတွင် ကြီးပြင်းလာသူ  ဆရာဟစံရှားသည် ကိုးနှစ်သားအရွယ်တွင် ပန်ဂျဗ်ရှာဟ် ပူရ်မြို့တွင် ကုရ်အာန်ဟာဖစ်ဖြစ်သည်။ ဟာဖစ်ဖတ်ရင်း ခေတ်ပညာသင် အင်္ဂလိပ် ကျောင်းတွင် ပဉ္စမတန်းအောင်သည်။ တပည့်ကလေး၏ အလားအလာကို မြင်သော ကျောင်းဆရာကြီးက အင်္ဂလန်သို့ ပညာသင်စေလွှတ်ရန် ဖခင်ကြီးအား အကြံပြုသည်။ ဖခင်ကြီးက လက်မခံ။ လောကီပညာကို အားမပေး။ သာသနာပြုရန် သာသနာ့ပညာကို သင်ရမည်ဟု မိန့်သည်။ ဖခင်ကြီးစကားကို နားထောင်ပြီး သာသနာ့ပညာကို ပေါက်မြောက်အောင် သင်ယူသည်။
    မြန်မာပြည်သို့ ပြန်ရောက်သောအခါ အရပ်ရပ် နယ်တကာ လှည့် ဟောကြား သည်။ တောကစားလည်း ၀ါသနာ ပါသည်။ သေနတ် လွယ်ပြီး တောကစားရင်း ဗုဒ္ဓဘာသာရွာများဩလည်း ဟောကြားသည်။ ဘာသာစုံ ချစ်ကြည်မှု၊ အချင်းချင်း အပြန်အလှန် နားလည်မှုကို တည်ဆောက်သည်။ စူးစမ်းမေးမြန်းလာသမျှ ရှင်းလင်းစွာ ဖြေကြားသည်။ စောဒနာများကို ကျေလည်အောင် ချေပသည်။
    ဆရာကြီး၏ ထက်မြက်ပုံကို နိုင်ငံဂုဏ်ရည်ပထမဆုရ ဆရာချယ်က မိမိ၏ကျွန်ုပ်အကြောင်းမှ သိကောင်းစရာများ စာအုပ်တွင် ပြောပြထားသည်။
    တိုင်းရင်းသား အစ္စလာမ် ဘာသာဝင်များအတွက် အဆင့်မီသော ဘာသာရေးကျောင်းများ မရှိခဲ့သေးသဖြင့် ဘာသာရေး လုပ်ငန်းများတွင် အချို့သောပြင်ပမှ ဓလေ့ထုံးစံများ အယူအဆများ ၀င်ရောက်လာခဲ့ကြသည်။ ထိုသို့သော အယူအဆမျိုးသည် အိန္ဒိယပြည်တွင်သာ များခဲ့ဟန်ရှိသည်။ ထို့ကြောင့် ပညာရှင်များ ဘာသာရေးနှင့် မညီသော လုပ်ငန်းများ ဖော်ထုတ်၍ အသစ်ထွင် ပြုလုပ်ခြင်းများကို မလုပ်ကြရန် ဆုံးဖြတ်ခဲ့ကြသည်။ ယင်းဆုံးဖြတ်ချက်များကို မြန်မာပြန် မဂ်ျမုအာဖွတ၀ါခေါ် ဓမ္မသတ် ဆုံးဖြတ်ချက် စာအုပ်ငယ်တွင်ဖတ်ရသည်။ ထိုစာအုပ်ပါ မလုပ်သင့် မလုပ်ထိုက်ဟု ဆုံးဖြတ်ထားချက်များကို မိမိတို့နယ်တွင် လုပ်ကိုင်နေဆဲဖြစ်သည်။ မိမိသည် ထိုအခြေအနေကို အမှန်အတိုင်းဖြစ်အောင် ပြောင်းလဲလိုသော ဆန္ဒဖြစ်ပေါ်လျက်ရှိသည်။ ထိုဆုံးဖြတ်ချက်များ မှန်မမှန် ကံသာကုန်းရွာ တရားဟောဆရာများအား မေးခဲ့ရာ မဖြေနိုင်ကြ။ မြေထူးမြို့သို့ ရောက်သောအခါ ဆရာကြီးတစ်ဦးကို မေးရာ(၁၃) ရက်ခန့် အချိန်ပေးရမည်ဟု ပြောသည်။ ဆရာကြီးပုံအားပြရာ ဆရာကြီး ဟစံရှားအား ပြလိုက်သည်။ ဆရာကြီးဟစံရှားက ချက်ချင်းဖြေသည်။ မေးခွန်းတစ်ခုပြီးတစ်ခု အဖြေများကို ကျမ်းစာ အကိုးအကားများနှင့် ပြောရာ ကျမ်းစာများကို စာမျက်နှာ အ၎င်းညွှန်းလောက် သာရှာ၍ ရေးရတော့သည်။ မေးခွန်းပေါင်း(၂၃)ခုကို အချိန် (၂)နာရီခန့်ဖြင့် ဖြေခဲ့သည်။ အဖြေများမှာ ရန်ကုန်မှ ထုတ်ဝေသော မဂ်ျမူအာ ဖွတ၀ါ စာအုပ်ငယ်ပါ အဖြေများနှင့်မကွာ ခြားလှပါ။
    “မောင်လာနာဟာဖွစ်ဟစံရှားမှာ တောပစ်ပင် မပျက်ဘဲ ဤမေးခွန်းပေါင်း (၂၃)ခုကို (၂) နာရီနှင့် ဖြေသွားခဲ့ရာ သူ၏ ပညာ ထက်မြက်ပုံကို မိမိတို့၏ မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့ရပါသည်။”
    ဟု ဆရာချယ်က ကိုယ်တွေ့ဖြစ်ရပ်ကို ဖော်ပြထားသည်။
    ဆရာကြီး၏ ဖခင် စစ်တန်းသခင်ကြီးသည် အိန္ဒိယသို့ သွားရောက်၍ သာသနာ့ပညာ ဆက်လက်ဆည်းပူးလိုသဖြင့် ဇနီးသည် ဒေါ်သီနှင့် သားနှစ်ဦးဖြစ်သည့် ဟစံရှားနှင့် ဟူစိန်ရှားတို့ကို ကန့်ဘလူမြို့နယ် ဘုတ္တော ကျေးရွာရှိ ဆွေမျိုးများထံ အပ်နှံခဲ့သည်။ ဘုတ္တောရွာတွင်ဆရာခန့်သည် ကျောင်းထိုင်ပြီး စာပြသည်။ ဆရာသည် ကွမ်းခြံကုန်း ဒေးသနောမှ မြေထူးသို့ ပြောင်းလာသူဖြစ်သည်။ ဆရာဟစံရှားသည် ဘုတ္တောရွာတွင် နေထိုင်စဉ် ဗလီထိုင်ဆရာကြီး ဦးခန့်၏သမီးနှင့် အမှတ်မထင်ဆုံမိသည်။ ပါရမီ ဖြည့်ဖက်အဖြစ် သဘောကျသွားသည်။ မိခင်က စေ့စပ်ကြောင်းလမ်းပေးသဖြင့် မင်္ဂလာပွဲဖြစ်မြောက်သွားသည်။ ဇနီးသည်မှာ တစ်ဦးတည်းသော သမီးဖြစ်၍ ဟစံရှားသည် ယောက္ခမကြီးနှင့်အတူ ဘုတ္တောရွာတွင် ၃-နှစ်နေပေးရလေသည်။ ထိုစဉ်မိမိ ယောက္ခမကျောင်းတွင် စာပြသည်။
    ဆရာပုံ၊ ဆရာခွာ၊ ဆရာသိန်း၊ ဆရာမန်၊ ဆရာအောင်ဒင်၊ ဆရာခ၊ ဆရာဇုံစသည်များသည် မိမိတပည့်များဖြစ်ကြောင်း ထိုနယ်တွင် ဆွေရိပ် မျိုးရိပ်ကင်းသူများရှာရန် ခဲယဉ်းကြောင်း အထက်ဗမာပြည်တွင် မိမိတပည့် တပန်းများကြောင်း ဆရာကြီးက ဆိုသည်။
    ဆရာကြီးကို ၁၉၄၅ ခုတွင် မြန်မာ မွတ်စလင်မ်အဖွဲ့ချုပ် GCBMA အသင်းကြီး၏ အတိုင်ပင်ခံအဖြစ် တင်မြှောက်သည်။ ဆရာကြီးသည် ၁၉၅၉ ခု သြဂုတ်လ၌အစ္စလာမ်သာသနာရေးရာ ကောင်စီနှင့် အာလင်မ် ပညာရှင်များရေးရာ ကော်မတီကို ထောက်ခံကြောင်း ကြေညာသည်။ အာလင်မ်ပညာရှင်များရေးရာ ကော်မတီ၏ နာယကအဖြစ်လည်း ခံယူသည်။ ၁၉၅၉ ခု နိုဝင်ဘာလ၌ ကာအေဒါကုရ်အာနီ စာအုပ် ထုတ်ဝေသောအခါ အတွင်းရေးမှူးချုပ်က အစ္စလာမ်စာစောင်မှကြိုဆိုသည်။ သို့သော် နိုင်ငံတော်ဘာသာကိစ္စတွင် သဘောထားကွဲသဖြင့် လမ်းခွဲကြသည်။
    ဆရာကြီးသည် အဟောအပြောတွင် ပွဲတိုင်းကျော်သကဲ့သို့ အကြံ အဆတွင်လည်း တစ်မူထူးခြားပါသည်။ ရဲရင့်ထက်မြက်ပါသည်။ ဆရာကြီးသည် မှန်ကန်သောဝါဒလမ်းစဉ် ဖြန့်ဖြူးရန် ရန်ကုန်မြို့၊ မန္တလေးလမ်း၊ အိမ်နံပါတ် ၁၀ တွင်ကိုယိုင် ပုံနှိပ်တိုက်တည်ထောင်ပါသည်။ အများ ပရိသတ်အတွက် ပညာပေးစာစဉ် အများအပြား ရေးသားထုတ်ဝေခဲ့သည်။
    – ကာအေဒါကွရ်အာန် (၅၉)
    – မိုစလင်မ်ဝါဒကျမ်း
    – ကုရ်ဗာန် အဓိပ္ပာယ်ကျမ်း
    – နေ့ရက်ရွေးနည်း (မြန်မာလို)
    – နေ့ရက်ရွေးနည်း (အူရဒူလို)
    – နာမတော်ကိုးဆယ့်ကိုး တန်ခိုးစာတမ်း
    – သံလျှင်ဒရ်ဂါဟ်အတ္ထုပတ္တိစာတမ်း
    – ကမ္ဘာတွေရဲ့ အရှင်ကျမ်း
    – တောင်ဟီဒေ့အစ္စလာမ်ကျမ်း
    – ဂျိုမိုအာကျမ်း
    စသည်တို့ ဖြစ်ပါသည်။
    ဆရာကြီးသည် တစ်မူခြားသော မိမိအတွေး မိမိအယူကို ပြည်သူထံ ပြန့်နှံ့နိုင်ရန် သတင်းစာ တစ်စောင်လည်း ထုတ်ဝေပါသည်။ အလ်ဗလဂ် အမည်နှင့် ဖြစ်ပါသည်။ ရဲရဲတွေးပြီး ရဲရဲရေးသဖြင့် သဘောထား မတိုက်ဆိုင် သူများ နာလိုခံခက်ဖြစ်ကြရသည်။
    ဆရာကြီးသည် အတိတ်သမိုင်းကို ၀ါသနာပါသကဲ့သို့ ခေတ်ပြိုင် လတ်တလောနိုင်ငံရေးကိုလည်း စိတ်ဝင်စားသည်။ ဆရာကြီး၏ အယူအဆ နှင့် စာဓလေ့ကို ရိပ်စားနိုင်ရန် သံလျှင် ဒရ်ဂါဟ် အတ္ထုပ္ပတ္တိစာတမ်းမှ ထုတ်နုတ်တင်ပြပါမည်။
    မြန်မာပြည်သို့ ၀င်ပေါက်သုံးခုမှ စတင်ဖော်ပြသည်။ ပုဂံခေတ် တာတာမွတ်စလင်မ်၊ ရခိုင်ဂေါရီပထန်၊ ရခိုင်မိုဂိုလ်မင်းဆက်များနှင့် ပင်လယ်ပျော်အာရဗ်များအကြောင်းမှစပြီး တောင်ငူရာဇ၀င်အထိ ကွင်းဆက် ရေးသည်။ ပြီးမှ သံလျင်ဒရ်ဂါအကြောင်း ပသီခုံ အစီအရင် တော်ငါးပါးစ၍ မှတ်တမ်းပြုသည်။ အမြို့မြို့ရှိ ကိုယ်တိုင်ရောက်ဖူးသော ဒရ်ဂါများကို ဖော်ပြသည်။ ယင်းတို့နှင့် တစ်ဆက်တည်းတွင် မန္တလေးမြိ့ အေလမ်းထောင့် ဗလီကြီးဂျင်ပီရ်ယပ်က်ရှား၊ ရန်ကုန်ဒေလီဘုရင်ဇွဖွရ်ရှား၊ မင်္ဂလာဒုံဗိုပါရီရှား၊ သံလျင်စမွန်ဒရ်ရှား၊ မနဩလေး တဘက်ဆွဲ ကာလူရှာဟ် ဒရ်ဂါများအကြောင်း ၎င်းညွှန်းဆိုသည်။ ကြားဖြတ်၍-
    ဒရ်ဂါပြုပိုင်ကြောင်း ကုရ်အာန် ၁၅ဂျွဇ် စူရဟ်ကတ်(ဖ်)လာ အာယတ်တော်ကို ကိုးကား၍လည်းကောင်း၊ သင်းချိုင်္င်းများပေါ် ပန်းတင်ခြင်း၊ အမွှေးအကြိုင်များ တင်ခြင်းပြုနိုင်ကြောင်း ဖတ်ဝါအဇီဇီကျမ်း၊ အာလမ် ဂိရီကျမ်းတို့ကို ကိုးကား၍လည်းကောင်း ဖော်ပြသည်။ ပန်းတင်ခြင်းထက် ပန်းဖိုးလှူဒါန်းခြင်းက ပိုမြတ်ကြောင်းလည်းမချန်ပါ။ အလားတူပင် လူအများစုရုံး၍ ဖွာတေဟာ အော်ဖတ်သည်ကို မတားရ။ ဖွာတေဟာ မဖတ်ကောင်း၊ ဒရ်ဂါမသွားကောင်းဆိုသူများမှာ မဇွာဟေရီ ၀ါဒသမား များသာဖြစ်သည် ဟု မိမိအမြင်ကို ဖော်ပြထားသည်။
    ပြီးမှ သမိုင်းကြောင်း ပြန်ကောက်သည်မှာ မြေးတော် အေမမ် ဟူစိုင်န်အလိုင်ဟစ္စလာမ်၏ညီ၊ ဘတူမိကွဲသည် မြန်မာပြည်သို့ ရောက် ကြောင်း၊ သီဟိုဠ်၊ မလေး၊ အိနဒိယ မွတ်စလင်မ်များ၊ ပုဂံခေတ် စာသင်ကျောင်းများ၊ ပဲခူးဒေသပေါ်ထွန်းပုံ၊ ဗျတ်ဝိ၊ ဗျတ္တ၊ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းငယ်မှစ၍ ရွှေဘိုနှင့် အမရပူရ ရှဟီဒီများအထိ သမိုင်းအယူအဆကို တင်ပြသည်။
    ရခိုင်မှ စလိမ်ရှား၊ ဟိုစိုင်ရှား၊ စစ်တွေဗလီတကာ ဟာဂျီ အလီခန်၊ ဘစောဖြူ ကလေမာရှား နှင့် မဂိုဘုရင် ရှာဟ်ဂျဟာန်၏ သားတော်ဖြစ်ရပ် နှင့် အင်းဝမွတ်စလင်မ် အဆက်အစပ်ကို ရေးပြသည်။ ရှေးမီနောက်မီ ပညာရှိ လူကြီးသူမများမှ ကြားဖူးနားဝရှိသည်များကို အနည်းငယ် ဖြည့်စွက်သည်ဟု စကားခံပြီး စစ်သူကြီးမဟာဗန္ဓုလ၊ ဗဒုံမင်းလက်ထက် ဆရာကြီး ဦးနု၊ ဦးရွှေဒေါင်း(ဦးရွှေတောင်)၊ ဆရာကြီးခန့် (ဘုတ္တောကျောင်းတို့) အကြောင်းများနှင့် မိမိတို့သားအဖ၏ တပည့်တပန်းများ အကြောင်း ဖော်ပြသည်။
    မိမိခံယူချက်အရ ယတိ(မ်)ခါနာ မိဘမဲ့ကလေးကျောင်းကို ဝေဖန်သည်။ မဇွာဟေရီ ၀ါဒသမားများကို စိန်ခေါ်သည်။ မျိုးရိုးကို ထောက်သည်။
    “ပညာမွှားမှုန်၊ ထားစိတ်ဟုံ၊ ယူတုံသူကြိုက်ရာ၊
    ပညာမရှိ၊ နက၀ိ၊ အမောင်မှားဖို့သာ။
    ရသာကောင်းဆုံး၊ ပန်းဝတ်ဖြုံး၊ ပိတုန်းတို့ သိသာ၊
    ပညာရဲရင့်၊ ပွဲလည်တင့်၊ အမြင့်ရောက်ဖို့ပါ။
    ပညာမရှိ၊ နက၀ိ၊ သောင်တင်ခွေးပမာ၊
    ရိုင်းပြစကား၊ ပြောကြားလူမိုက်၊ ဗာလာနာ၊
    ယဉ်ယဉ်ကျေးကျေး ပြောချင်သေး၊ မနှေးပညာရှာ။
    ကျွန်မျိုးသခင်မျိုး၊ သိလို ဆက်၍ စပ်လို့ရှာ၊
    မျိုးတော်နွယ်ခံ၊ စိုက်ယေ့ဒံ၊ ဧကံဟစံရှာဟ်
    ဒိုအမာန်မင်း မဇဟဗ်ထွင်း မငြင်းလိုက်ခဲ့တာ”
    ဟု ငယ်စဉ်လက်ရာ သံပေါက်ကဗျာကို တင်ပြသည်။ ဆက်လက်ပြီး မိုးဆုပန် ကာဘွလ်မော်လ၀ီကြီးသည် တရားနှင့် ဆန့်ကျင်ဘက်တွေ့သော အခါ တုတ်နှင့်ရိုက်လေ့ရှိ၍ တုတ်ရိုက်မော်လ၀ီဟုလည်း တွင်သည်။
    နန်းတွင်းဗလီထိုင် စရ်ဒရ်အလီရှားသည် ဘထွေးတော်သည်။ ပညာတစ်ဖက်ကမ်းခတ် တတ်သည်။ ပန်ဂျဗ်သို့ ပြောင်းသွားပြီး ကရာမတ်ပြသည်။ ဂျင်များကပင်လာ၍ ပညာသင်ကြားရသည်။ ကုလားပျိုတပ်ကို ဘုရင်များ ယုံကြည်ကိုးစားသည်။ မနဩလေးစစ်တန်းမော်လ၀ီစိုက်ယစ် ဂိုလာမ်အလီရှားသည် မိမိဖခင်ဖြစ်သည်။ တမန်တော်မြတ် အနွယ်တော် ဖြစ်သည်။ သား ၇-ဦးသည် ကျော်ကြားသည်။ တပည့်တပန်း ပေါသည်။ မိခင်ဘက်မှ ဆွေမျိုးများလည်း ထင်ရှားသည်ဟု သံလျင်ဒရ်ဂဟ် အတ္ထုပ္ပတ္တိ စာတမ်းတွင် စပ်မိရာရာ မှတ်သားဖွယ်များပါရှိသည်။
    နိဂုံးတွင် မြန်မာအစ တကောင်းက အဆိုအရ အဘိရာဇာမင်းမှ ကုန်းဘောင်နောက်ဆုံးဆက် သီပေါအထိ ရာဇ၀င်ဆက်အကျဉ်းပြသည်။ ပါတော်မူပုံ မြင်ယောင်ကြားယောင်အောင် ရေးသားသည်။ နောက်ဆုံးတွင် သမီးတော်နှင့် မိမိ တွေ့ရပုံကို သတိရ တမ်းတဖွယ် တင်ပြသည်။
    ဆရာကြီးသည် ဟာဗေးရာဇ၀င်၊ ဦးအုန်းမောင်ရေး၊ မြန်မာ ရာဇ၀င်သစ်၊ မှန်နန်းရာဇ၀င်နှင့် သာရိခ်ဗရ်မာ စာအုပ်များကို ကိုးကားသည်။ စိတ်ကူးယဉ်ဆန်သော အကြောင်းများကို သာရိခ် ဗရ်မာ ရာဇ၀င်ကျမ်းတွင် အခြေခံထားကြောင်း သိရှိရသည်။
    သံလျှင်၊ ငဇင်ကာ၊ ကုလားကျောင်း၊ ဗျတ်ဝိ၊ ဗျတ္တ၊ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းကလေး၊ ဗန္ဓုလ၊ ဦးရစ်၊ သီရိခေတ္တရာ၊ အနော်ရထာ၊ ကေတုမတီ၊ ကုန်းဘောင်၊ ငရမန်ကန်း စသည့် ဝေါဟာရရင်းမြစ် များကို ကြံဆဖော် ထုတ်ပြသည်။
    ဆရာကြီးသည် သတ္တိရှိသည်။ ပြောရဲဆိုရဲသည်။ ယုံကြည်ချက် ခိုင်မာသည်။ မိမိပြုစုသည့် စာအုပ်များတွင် မိမိအမည်ကို ပီရ်စိုင်ယစ်ဟစံရှား ဟု ဖော်ပြပါသည်။
    ဆရာကြီး၏ စိတ်သဘောထား ခံယူချက်ကို အောက်ပါ သံပေါက် ကဗျာအရ လေ့လာသုံးသပ် နိုင်သည်။
    ရှာမီသုံးတွဲ၊ ကျမ်းစာထဲ၊ မလွဲသိဖို့ရာ။
    သုံးရာသုံးဆယ်၊ ခုနစ်ဝယ်၊ ရှုဖွယ်စာမျက်နှာ။
    ဗာဂီဆိုထား၊ ၀ဟာဗီများ၊ တရားသူပုန်သာ။
    မောင်လူးဒ်ကေယာမ်၊ ရပ်သူမှန်၊ ဧကန်မုန်းတီးတာ။
    နမာဇ်ပြီးလျှင်၊ ဒိုအာပင်၊ တောင်းလျှင်မကြိုက်ပါ။
    အာဇန်ဆိုပြီး၊ လက်မြှောက်နည်း၊ အပြီးပယ်စေရာ။
    ဖွာတေဟာပွဲများ၊ ရှေ့မှာထား၊ အမှားပြောကြတာ။
    တမန်တော်အား၊ ရိုသေငြား၊ တရားမရှိပါ။
    ဒရူးဒ်ရှရစ်ဖွ်၊ ဖတ်ကာလှစ်၊ အပြစ်ပြောကြတာ။
    ဒရ်ဂါသွားလျှင်၊ သူတို့ထင်၊ အရှင်မကြိုက်ပါ။
    အရက်လေးဆယ်၊ သူတို့ပယ်၊ ရက်လည်သုံးရက်ပါ။
    အီးဒ်နေ့ရက်မှာ၊ တက္ကဗီရ်သာ၊ ဖတ်တာမကြိုက်ပါ။
    တရာဝီဟ်တွင်း၊ စာထောက်ခြင်း၊ အလျှင်းရှောင်ကြတာ။
    နဖိလ်နမာဇ်၊ ပယ်တုံလပ်၊ မဖတ်လွှတ်ပစ်တာ။
    ဖတ်သူကိုပင်၊ အပြစ်တင်၊ နှုတ်တွင်ကဲ့ရဲ့တာ။
    ရှဗ်ရာသ်ညဥ့်တွင်၊ များမွတ်စလင်မ်၊ ပွဲပြင်မုန့်စုံသာ။
    ဘိုးဘွားတွေပါ၊ အာရ်ဝါ၊ ဗလာနတ္တိပါ။
    ယောင်မွန်နဗီ၊ ကျင်းပသည်၊ ၀ဟာဗီမလုပ်ပါ။
    စွန္နတ်ကိုပင်၊ ပယ်ဖို့ပြင်၊ ခေါင်းတွင်ဦးထုပ်သာ။
    ကျမ်းစာဖုံဖုံ၊ မပြည့်စုံ၊ ယုံမတတ်ပါ။
    ရှေးလူကြီးများ၊ ကဲ့ရဲ့ငြား၊ ခြေဖျားမမီပါ။
    ရပ်ခါတသ၊ စ၀ါဗ်ရ၊ သိကြ မ စူရာ။
    ဒရူဒ်စလာမ်၊ ဇကေရ် ရံ၊ အမှန်ထွတ်မြတ်တာ။
    တရာဝီဟ်မှာ၊ စာထောက်တာ၊ မဟာကောင်းကျိုးပါ။
    နမာဇ်ပြီးလျှင်၊ ဒိုအာတွင်၊ အရှင်နှစ်သက်တာ။
    ယောင်မွန်နဗီ၊ မြန်မာပြည်တွင်၊ သောင်းချီပြုလုပ်ပါ။
    ရွှတ်ကရာနာ၊ ဖွာတေဟာ၊ ရှည်စွာဖတ်ရွတ်ပါ။
    ရေးရန်လွန်များ၊ ဤတွင်ကား၊ အမှန်နည်းလှပါ။
    ကျမ်းမြတ်ကုရ်အာန်၊ ဓိပ္ပာယ်ပြန်၊ အမှန်နည်းလှပါ။
    ပညာမှုန်မွှား၊ မာနထား၊ စိတ်ထားဝတိသာ။
    ပညာရဲရင့်၊ ပွဲလယ်တင့်၊ အမြင့်ရောက်ဖို့သာ။
    ပတ္တမြားစစ်၊ နွံမှာနစ်၊ မညစ်ထွန်းတောက်ပါ။
    ဟာဖွစ်ဇ်စံရှား၊ စီရေးထား၊ မှတ်သားကြစေရာ။
    တရားအမှန်၊ သိကြရန်၊ ထုတ်ပြန်ကြေညာစာ။
    မှတ်ချက်-  ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသော တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (၂) မှ ကူးယူဖော်ပြပါသည်။
  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)
    ဇွန် ၃  ၊ ၂၀၁၄
    M-Media
    စုစည်းတင်ဆက်သူ- daythanix
    ဂူးဂဲလ် မောင်းသူမဲ့ကား
    ဂူးဂဲလ်က စမ်းသပ် သုတေသနပြုနေတဲ့ မောင်းသူမဲ့ကား အတွက် ကားအသစ်ကို အရင်အပတ်ထဲက စမ်းသပ်ပြသခဲ့ပါတယ်။
    အရင်ကတော့ ဈေးကွက်ထဲက ကားတွေဖြစ်တဲ့ Toyota Prius နဲ့ Lexus လိုကားမျိုးတွေမှာ အာရုံခံ ကိရိယာတွေ တပ်ဆင် စမ်းသပ်ခဲ့တာဖြစ်ပါတယ်။
    အခု ကားပုံစံ အသစ်ကတော့ နှစ်ယောက်စီး ကားအသေးလေးဖြစ်ပြီး မောင်းနှင်တဲ့ လက်ကိုင်ဘီး၊ အရှိန်ပေး ခြေနင်းတို့ တပ်ဆင်မထားဟု သိရသည်။
    ဈေးကွက်ထဲမှာ ရောင်းချမယ့်ရက်ကိုတော့ ထုတ်ဖေါ်ပြေကြားခြင်း မရှိပါဘူး။
    google car
    _____________________________
    Surface Pro 3
    ပြီးခဲတဲ့အပတ်ထဲက Microsoft က စိတ်ဝင်စားစရာ ပစ္စည်းသစ် တစ်ခုဖြစ်တဲ့ Surface Pro 3 ကို စတင်ပွဲထုတ် ပြသခဲ့ပါတယ်။
    အရင်က ထုတ်လုပ်ခဲ့တဲ့ Surface Pro 2 မှာကတော့ Windows RT ကို သုံးထားတဲ့အတွက် လူကြိုက်နဲခဲ့ပါတယ်။ Surface Pro 3 ကတော့ Windows 8.1 သုံးထားပြီး ပရိုဆက်ဆာ အဖြစ် Intel ကို သုံးပါတယ်။
    ဈေးနှုန်းကတော့ Core i3 နဲ့ဆို $799 i5နဲ့ဆို $999 i7နဲ့ဆိုရင် $1,549 လောက် ဖြစ်ပါတယ်။ Hard disk ကိုတော့ SSD အမျိုးအစား သုံးထားပြီး Keyboard ကတော့ သီးသန့် ဝယ်ယူရမှာ ဖြစ်ပြီး $130 ဈေးသတ်မှတ်ထားပါတယ်။
    touch screen မှာ ရေးသားနိုင်တဲ့ digital pen ကတော့ သီးသန့်ဝယ်ဖို့မလိုကြောင်း သိရသည်။ သြဂုတ်လကုန်မှာ ဈေးကွက်သို့ ရောင်းချမှာ ဖြစ်ပါတယ်။
    surface
    _____________________________
    Transformer Book V
    Asus က အစ်ထုတ်လုပ်မယ့် Transformer Book V ကတော့ hardware အားဖြင့် laptop+tablet+phone ဖြစ်ပြီး software အားဖြင့် Windows+Android ဖြစ်တာကြောင့်မို့ 5 in 1 လို့တောင် ခေါ်ဆိုကြပါတယ်။
    tablet ရဲ့ နောက်ကျောမှာ Android ဖုန်းကို လျှောသွင်းလိုက်ရပြီး Android tablet အဖြစ်သုံးနိုင်သလို tablet မှာပါဝင်တဲ့ Windows 8.1 ကို လည်းသုံးနိုင်ပြီး Keyboard ကို တပ်ပြီး သုံးရင်တော့ Laptop တစ်လုံး ဖြစ်ပါတယ်။
    ဈေးနှုန်းနဲ့ ဖြန့်ချီမယ့်ရက်ကိုတော့ မကြေငြာသေးပါဘူး။
    Transformer Book V
    _____________________________
    အင်တာနက် အတွက် ဂြိုဟ်တု အလုံး ၁၈၀
    O3b လိုခေါ်တဲ့ Greg Wyler ရဲ့ အင်တာနတ် ဆက်သွယ်မှု မရရှိတဲ့ နေရာတွေအတွက် အင်တာနက် ဆက်သွယ်မှု ရရှိအောင် အနိမ့်ပိုင်း ကမ္ဘာပါတ်လမ်းကို ဂြိုဟ်တု အလုံး ၁၈၀ လွှတ်တင် ဖို့ ဆောင်ရွက်ရာမှာ ဂူးဂဲလ်က ပူးပေါင်း လုပ်ဆောင်ဖို့ သဘောတူလိုက်ပါတယ်။
    O3b ဆိုတာကတော့ “other 3 billion people” ကို ဆိုလိုတာ ဖြစ်ပြီး အင်တာနတ် ဆက်သွယ်မှု မရရှိတဲ့ လူသား သန်း ၃၀၀၀ ကို ရည်ညွှန်းပါတယ်။
    ဂူးဂဲလ်က ဒေါ်လာ ၁၂၀၀ သန်း ထည့်ဝင်မှာ ဖြစ်ပြီး ဒီစီမံကိန်းရဲ့ စုစုပေါင်း ဒေါ်လာ သန်း ၃၀၀၀ လောက် ကုန်ကျမှာ ဖြစ်ပါတယ်။
    180 satellites
  • တောင်ကုတ်လူသတ်ပွဲ ဒီနေ့ ၂ နှစ်ပြည့်ပါပြီ။ တရားမျှတမှုကို ရှာပေးပါ။ (ပြည်သူ့အသံ)
    ဇွန် ၃ ၊ ၂၀၁၄
    M-Media
    .ရေးသူ ဆွေမွန်
    10 myanmar muslim pepole copy
    အပြစ်မဲ့ နိုင်ငံသား ၁၀ ဦးအား လူ ၃၀၀ ခန့်မှ လူမြင်ကွင်း အလယ်တွင် နေ့ခင်းကြောင်တောင် အရှင်လတ်လတ် ဦးနှောက်ထွက်အောင် ရိုက်သတ်ခဲ့သော်လည်း တရားခံ မရှိသေးပါ။ မဖော် ထုတ်ပေးသေးပါ။
    ကျူးလွန်ခံရသူများထဲတွင် သင့်ညီအကို မောင်နှမများ ပါဝင်နေပါက သင်မည်ကဲ့သို့ ခံစားရမည်နည်း။
    သေဆုံးသော မိသားစုများအတွက် မျှတမှု မည်ကဲ့သို့ ပေးကြမည်နည်း။
    အင်မတန် ဘာသာတရားကိုင်းရှိုင်း ယဉ်ကျေး သိမ်မွေ့ကြသော မြန်မာလူမျိုးတို့ နေထိုင်ရာဒေသဟု နိုင်ငံတကာတွင် အမည်ကောင်းရှိသော မြန်မာပြည်တွင် တရားခံဖော်ထုတ်ပေးဖို့ တောင်းဆိုပေးသော (မွတ်ဆလင်မ် မဟုတ်သောအဖွဲ့အစည်း) လုံးဝမရှိသေးပါ။
    ကျွန်တော် ဒီနေ့ ဒီသီချင်းကို ရင်ထဲကသာ (အသံမထွက်ရဲဘဲ) တီးတိုး ဆိုနေမိပါသည်။
    တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ၊ တို့ပြည်…တို့မြေ…
    များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့၊ ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ပြည်၊ တို့ပြည်….တို့မြေ…
    “များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့၊ ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ပြည်၊ တို့ပြည်….တို့မြေ…”
    ကျွန်တော့် မျက်ရည်တွေ ပါးပြင်မှာ စီးကျနေဆဲပါ။
    မျှတမှုကို ရှာပေးကြပါ….
  • ညီညွတ်သော ပါလက်စတိုင်းအစိုးရသစ် ယနေ့တွင် ကျမ်းသစ္စာကျိန်ဆို
    ဇွန် ၂ ၊ ၂၀၁၄
    M-Media
    2014628284933734_20
    – ဖာတာနှင့် ဟားမတ်စ် နှစ်ဖွဲ့ပေါင်းစည်းပြီးနောက် ညီညွတ်သော အစိုးရသစ်တစ်ရပ် ဖွဲ့စည်းခဲ့ပြီး ကတ်ဘိနတ်အဖွဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို အနောက်ဘက်ကမ်းခြေ ရာမာလာ၌ ယနေ့တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။
    “ယနေ့မှာတော့ ညီညွတ်သောအစိုးရ ဖွဲ့စည်းနိုင်ခဲ့ခြင်းနှင့်အတူ ကျွန်တော်တို့ရဲ့ အမျိုးသားရေး ပြဿနာကို ပျက်စီးစေတဲ့ ကွဲပြဲမှုတွေကို အဆုံးသတ်နိုင်ခဲ့ပါပြီ” ဟု ကျမ်းသစ္စာကျိန်ဆိုပြီးနောက်ပိုင်းတွင် အဘတ်စ်က ပြောကြားခဲ့သည်။
    ထိုကဲ့သို့ ညီညွတ်သော အစိုးရဖွဲ့စည်းရေးကို နိုင်ငံတကာအသိုင်းအ၀ိုင်းက အားပေးခဲ့ပြီး ပါလက်စတိုင်းပြည်သူများ ပေါင်းစည်းခြင်းကို ရည်ရွယ်သော ဤဆောင်ရွက်ချက်အား ကြိုဆိုကြသည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ နဗီ အဘူ ရူဒိုင်နီက ပြောကြားခဲ့သည်။
    အဆိုပါ အစိုးရအဖွဲ့မှာ ဂျေရုစလင်ကို မြို့တော်အဖြစ်သတ်မှတ်မည့် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံဖြစ်လာရေး သမ္မတ အဘတ်စ်၏ အစီအစဉ်ကို လိုက်နာဆောင်ရွက်သွားမည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    ဟားမတ်စ်အဖွဲ့ပါဝင်သည့် ညီညွတ်သော အစိုးရအဖွဲ့အား လက်ခံမည်မဟုတ်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ယမန်နေ့အစောပိုင်းက ပြောဆိုထားသည်။ ပါလက်စတိုင်းသမ္မတ မဟ်မူဒ်အဘတ်စ်ကမူ ကတ်ဘိနတ်အသစ်မှာ အကြမ်းဖက်မှု ရှုတ်ချရေးနှင့် အစ္စရေးနိုင်ငံတည်ရှိရေး နိုင်ငံတကာ၏ တောင်းဆိုမှုကို လက်ခံသွားမည်ဟု ပြောကြားထားသည်။
    Ref: Al Jazeera
  • ငြိမ်းချမ်းအေး – စစ်ကျွန် နစ်သထက် နစ်ဦးမည်
    ဇွန် ၂ ၊ ၂၀၁၄
    ငြိမ်းချမ်းအေး
    မိုးမခ မီဒီယာမှ ကူးယူဖော်ပြသည်။
    unnamed
    AP Photo/Gemunu Amarasinghe
    အခု အွန်လိုင်း မှာ စစ်လော်ဘီများ ဖြန့်နေကြတဲ့ ဘင်္ဂါလီ စစ်သား အလောင်းပုံ ဆိုတာ မနှစ်က ကိုမီလာ မှာ သေတဲ့ စစ်သား ပုံ၊ ဗမာ ပြည်နဲ့ မပတ်သက်၊ အခု ကိစ္စ နဲ့ ဘာမှ မဆိုင်။  (Google Image Search မှာ ဓာတ်ပုံ ကို ထည့် ရှာကြည့်ပါ၊ အလွယ်ကလေးပါ။)
    လိမ်ဆင်တွေနဲ့ သွေးထိုးချင်ရင်လည်း ကြည့် လုပ်ကြပါ။  အဲ့ဒီ စစ်သား လက်မောင်းမှာ BGB နယ်ခြားတပ် တံဆိပ်ကြီး က ထင်းလို့၊ ခင်ဗျား တို့ အဘ အစိုးရ တင်ထားတဲ့ လမ်းကြောင်း ဘင်္ဂလား နယ်ခြားစောင့်တပ် ယူနီဖောင်း မဟုတ်လို့ ဘယ်ကမှန်း မသိလို့ ပစ်တာပါ နဲ့ အခုဖြန့်တဲ့ ပုံ ကွဲနေရင် အထောင်းခံထိနေပါဦးမယ်။  စစ်အုပ်စု နောက်မြီးဆွဲ စစ်သွေးကြွများ အွန်လိုင်းမှာ ဇွတ်တရွက် သာ အမုန်းပွား လေသေနတ်ပစ်နေကြတာ အမှန်တော့ သူတို့ကိုယ်တိုင် အမောင် တောင်မှန်း မြောက်မှန်း မသိဘူး၊ ဖွချင်တာပဲ သိတယ်။
    တကယ်တော့ တံဆိပ် ပါ/မပါ၊ BGB ယူနီဖောင်း ဟုတ်/မဟုတ် ငြင်းစရာ အကြောင်း မရှိ၊ အကြောင်း ပြ ချက်လည်း ပေးစရာ မလိုဘူး။  တကယ် ကိုယ့် နယ်နိမိတ်စည်းကို လက်နက်ကိုင်အဖွဲ့ ဝင်လာတယ် ဆိုရင်ဘယ်သူ ဘယ်ဝါဖြစ်ဖြစ် ပစ် ရမှာပဲ၊ အနည်းဆုံး သတိပေး ကျည်ပစ် လှန့်ရမှာပဲ၊ ပစ်ပြီ ဆိုကတည်းက တကယ်ထိ ပြီး သေရင်လည်း သေနိုင်တာပဲ။  ဒီ့ အတွက် ကိုယ့် ဘက် က အမှန် ဆိုရင် ဘာမှ ဒီလို မှားပစ်မိတဲ့ သဘော ဆိုစရာ မလိုဘူး။
    ကလိမ်စေ့ ငြမ်းဆင် ငြိမ်းပိ လမ်းစဉ် ယုတ္တိမတန်တာတွေ လှည့်ပတ် အမြဲ ဆိုနေကျဆိုတော့ အလိမ်၊ အညာတွေဟာ ဗမာ့ စစ်အုပ်စု ရဲ့ ဓလေ့ ဖြစ်နေပြီ။
    မြို့လယ်ကောင်မှာ ဘုန်းကြီး ပစ်တာ ဂျပန်သတင်းထောက် ချော် ထိသွားပါတယ် လုပ်သလို “မှားပစ်ပါတယ်၊ မသိလို့ပါ၊ ကျနော်တို့က ရန်မများချင်လို့ သူတို့ BGB လို့ ဆိုတဲ့ အတိုင်း လက်ခံပြီး ပြန်ပေးလိုက်တာပါ၊ တကယ်တော့ BGB ယူနီဖောင်း မဟုတ်ပါဘူး”  လုပ်ချင်လို့ မရဘူး။  ဘယ် တပ်သား ဖြစ်ဖြစ် ကိုယ့် နယ် ကျူးဝင်လာလို့ ပစ်တယ် ဒီလိုပဲ ခပ်မာမာ တုံ့ပြန်နိုင်ရမှာပေါ့။
    အခုတော့ ဖြစ်စဉ် အပြီး (၃) ရက်အကြာမှ၊ အွန်လိုင်းမှာ လံကြုတ် ချဲ့ကား သတင်းတွေ ဗရပွ ထ နေတော့ မှ၊ လူ သာမန် အများလည်း တခြား အာရုံကျမှုတွေ ပျောက် ဒီ စစ်ကိစ္စပဲ စိတ်ဝင်စားမှု ရှိလာတော့မှ၊ ပြည်တွင်း နိုင်ငံရေး ရေချိန် သတင်းလည်း အထိုက်အလျောက် ဟန့်သွားတော့မှ စစ်တပိုင်းအစိုးရက သတင်းထုတ်ပြန်ချက် ဆိုပြီး မပြည့်မစုံ၊ ဝေတေဝါးတာ ထုတ်တယ်။
    ဒီအချိန်မှာ တဖက် နိုင်ငံ က လုပ်သင့်တဲ့ မီဒီယာ နဲ့ သံတမန် အလုပ်တွေ အကုန် လုပ်ပြီး တရားဝင် သတင်းတွေ ထုတ်၊ စာတွေ ပို့ပြီးနေပြီ။
    “အချုပ်အခြာအာဏာ၊ နယ်မြေပိုင်ဆိုင် မှုကို ထိပါးရင် လုံးဝလက်ခံမည်မဟုတ်” ဆိုရင် စ ဖြစ်ကတည်းက ပိုင်ပိုင်နိုင်နိုင် လက်ဦးမှု ယူ သတင်း မီဒီယာ မှာ ဖွင့်ချ၊ အချိန်နဲ့ တပြေးညီ အထောက် အထား ပြည့်ပြည့်စုံစုံ နဲ့ သတင်းစာ ရှင်းလင်းပွဲတွေ လုပ်၊ နိုင်ငံတကာ သတင်းထောက်တွေ ခေါ်ပြပါတော့လား။  “ဟေ့ ဒီမှာ ဘင်္ဂလာဒေ့ရှ် နယ်စပ် ကနေ လက်နက်ကိုင် စစ်သား ဗမာ နယ်ဘက်ကို ဝင်လာလို့ ကျူပ်တို့ ပစ်သတ်လိုက်တယ်” ဆိုရဲ ရမှာပေါ့၊ ဆိုနိုင်ရမှာပေါ့။
    ဗမာ ပြည်က စစ်ဗိုလ်ကြီးများကတော့ တခုခု ဖြစ်ရင် အမြဲ နောက်က မြက်စား လိုက်တယ်၊  အမြဲတမ်း ရေငုံ နှုတ်ပိတ် အ ‘အ’ ကြီးတွေလို နေချင်တဲ့ အကျင့် က မပျောက်ဘူး။  ပြောရင်လည်း သူများ ရေးပေးတာ၊  အထက်ပုဂ္ဂိုလ်ကြီးများရဲ့ အမိန့်မှာတမ်း ကို ကြက်တူရွေးလို နှုတ်တိုက် ပြန်ရွတ် ပြတာထက် မပိုဘူး။  ဒါ့အပြင် ဘာ လုပ်တတ်သလဲ ဆိုရင် ကျက်ထားတဲ့ လေကြီးမိုးကြီး စကားလုံး အကြီးကြီးတွေ ဆိုမယ်၊ ‘ဘူး’ ခံ ငြင်းမယ်၊ မျက်နှာပြောင် တိုက်မယ်။  ဒါ လုပ်နိုင်စွမ်း အကုန်ပဲ။
    ဟို အရင် ရေပိုင်နက် ပြဿနာ မှာ တုန်းကလည်း ထောက်ပြခဲ့ဖူးတယ်။  နိုင်ငံတကာ သတင်းတွေမှာ “ဘင်္ဂလားဒေ့ရှ် နိုင်” ဆိုတဲ့ သတင်း ဘာကြောင့် ဖြစ်သလဲ ဆို သူတို့ အစိုးရ တာဝန် ရှိသူများ၊ ဝန်ကြီးချုပ် အဆင့်၊ ဝန်ကြီး အဆင့် ကိုယ်တိုင် မီဒီယာ တွေနဲ့ ချက်ချင်း တွေ့ဆုံ တိုက်ရိုက် Live အမေး၊ အဖြေ တွေ လုပ်နိုင်စွမ်းတယ်၊ ဖြေနိုင်စွမ်းတယ်၊ ဖြေရဲတဲ့ သတ္တိ ရှိတယ်၊ ဖြေနိုင်စွမ်းတဲ့ အရည်အချင်းရှိတယ်။  ဒီတော့ ဟုတ်သည် ရှိ၊ မဟုတ်သည် ရှိ၊ ဒါတွေဟာ တရားဝင် ထုတ်ပြန်ချက် ဖြစ်၊ နိုင်ငံတကာမှာ သတင်း ဖြစ်တယ်။
    ဗမာ ပြည်က စစ်ဗိုလ်ကြီးများကတော့ တခုခု ဖြစ်ရင် အမြဲ နောက်က မြက်စား လိုက်တယ်၊  အမြဲတမ်း ရေငုံ နှုတ်ပိတ် အ ‘အ’ ကြီးတွေလို နေချင်တဲ့ အကျင့် က မပျောက်ဘူး။  ပြောရင်လည်း သူများ ရေးပေးတာ၊  အထက်ပုဂ္ဂိုလ်ကြီးများရဲ့ အမိန့်မှာတမ်း ကို ကြက်တူရွေးလို နှုတ်တိုက် ပြန်ရွတ် ပြတာထက် မပိုဘူး။  ဒါ့အပြင် ဘာ လုပ်တတ်သလဲ ဆိုရင် ကျက်ထားတဲ့ လေကြီးမိုးကြီး စကားလုံး အကြီးကြီးတွေ ဆိုမယ်၊ ‘ဘူး’ ခံ ငြင်းမယ်၊ မျက်နှာပြောင် တိုက်မယ်။  ဒါ လုပ်နိုင်စွမ်း အကုန်ပဲ။
    ဒီတခါ တေမိ လုပ်ရခြင်း ကလည်း တကယ်တော့ သုံးနေကျ နိုင်ငံရေး အောက်လမ်းနည်း ခါးအောက်ပိုင်း ဖြတ်ထိုးမှု တခုပါပဲ။  ပြည်တွင်းမှာ ကောလာဟလတွေ ပျံ့၊ လူအများ ယုံထင်ကြောင်ထင် ဖြစ်အောင်၊ အမုန်းပွားအောင် ရည်ရွယ်ချက် ရှိရှိ ပါးစပ် မဟခြင်းပါ။
    လွန်ခဲ့တဲ့ (၂) နှစ် “အာဏာရှင်စနစ် ရဲ့ ဝိသေသ လက္ခဏာများ” ဆောင်းပါး မှာ ရေးခဲ့ဖူးတယ်။  အာဏာရှင် နိုင်ငံတိုင်းမှာ “အမျိုးသား လုံခြုံရေး အခန်းကဏ္ဍ” ကို လိုအပ်တာထက်ပို အလွန်အကျွံ မြှင့်တင်ထားတတ်ကြတယ် ဆိုတဲ့ အကြောင်းကို အာဏာရှင် ရဲ့ စရိုက် လက္ခဏာ အဖြစ် ထည့် ဆိုခဲ့တယ်။
    “တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာ မဖောက်” ဆောင်ပုဒ်ကို ခပ်ကြီးကြီး နေရာတကာ မှာ ချိတ်ပြီး တိုင်းပြည်ရဲ့ အချုပ်အခြာ  အာဏာ ကို ပြည်ပကနေ ခြိမ်းခြောက်နေပြီ၊ စစ်တပ်ကို ဗဟိုပြုတဲ့ အာဏာရှင်စနစ်ကသာ တိုင်းပြည်ရဲ့ ပြည်ပ ရန်တွေကို တွန်းလှန် ဖယ်ရှားနိုင်မှာ ဖြစ်တယ်ဆိုကာ လူထု ကို ဝါဒဖြန့် ယုံမှတ်မှားစေတယ်၊ ဒီလိုနဲ့ အာဏာသက်တမ်းကို ဆွဲဆန့်လေ့ရှိကြတယ်။
    ပြည်တွင်းမှာ တိုင်းပြည့် ဘုံရန်သူ အဖျက်သမား အဖြစ် ပုံဖော်ထားတဲ့ နိုင်ငံရေး အတိုက်အခံ၊ လူနည်းစု လူမျိုးစု၊ ဘာသာဝင် အစရှိတဲ့ “အာဏာအသက်ဆက်ဆေး” ဆယ်လူကော့တက်စ် တွေနဲ့ ပြည်သူကို မှိုင်းတိုက်ရတာ မလုံလောက်တဲ့ အတွက် ပြည်ပ ရန်သူကိုလည်း ထပ်မံ မွေးမြူ ရတယ်။  (စကားချပ် – လူထု အာရုံလွှဲဖို့ လွယ်တဲ့ လွယ်ကူ အားနည်း ပစ်မှတ် ဗမာ-မွတ်ဆလင် ခေါင်းဆောင်များ လက်ရှိ အခြေအနေကို သတိကြီးစွာ ထားသင့်တယ်၊ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်သင့်တယ်။)
    ဒီလိုနဲ့ အာဏာရှင် တိုင်းပြည်တွေမှာ နိုင်ငံခြားအမုန်းရောဂါ စွဲကပ်လာတယ်၊ ကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်၊ တံခါးပိတ်ဝါဒကျင့်သုံးရင်း နိုင်ငံတကာမှာ ရင်ဘောင်တန်း လူဝင်ဆန့် နိုင်မှု နည်းပါးလာတယ်၊ အကျိုးဆက် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု ယုတ်လျော့ ကျန်းမာ၊ ပညာ၊ လူမှု၊ စီးပွား အလုံးစုံ ချွတ်ခြုံကျ ပျက်စီးရတယ်။
    လွန်ခဲ့တဲ့ ဆယ်လေးငါးနှစ်လာက်ကလည်း ဒီလိုပဲ ထိုင်း နဲ့ နယ်စပ် ပြဿနာ တွေ ဖြစ်တာ စစ်ပဲ ဖြစ်တော့မလိုလို၊ ချင်းမိုင်၊ ဘန်ကောက် ပဲ နေ့ချင်း ညချင်း တက်သိမ်းမလိုလို တွေ  ဗမာ စစ်ဗိုလ်ကြီးများ လေသံပစ်ဖူးခဲ့တယ်။  အဲ့တုန်းက ပညာတတ် စစ်ကျွန်ခံ စာရေးဆရာမကြီး တယောက်ကလည်း ထိုင်း မုန်းတီးရေး တွေ လှိမ့်ရေးတယ်။  ပြည်သူပြည်သား များကလည်း၊ အထူးသဖြင့် အကျိုးအကြောင်း စဉ်းစားနိုင်စွမ်းမရှိတဲ့ လူငယ်များကလည်း လိုက်ပြီး စစ်သွေးကြွ ထိုင်း မုန်းရောဂါ ထခဲ့ကြတာ ဒီကနေ့ အထိပဲ။
    လက်တွေ့ ပကတိ မှာ တော့ ဘာဖြစ်နေသလဲ။  အထက်တန်း၊ အလယ်တန်း အလွှာ က ဗမာများ ဘန်ကောက် ကို ဆေးကု၊ ကျောင်းတက် သွားနေရဆဲ ပဲ (သူတို့ အလိုအရဆို ရန်သူ – ယောက်ဖ ကြက်ဥတိုက်ပေါ့)၊ အခြေခံလူတန်းစား ဗမာများမှလည်း ထိုင်း ထွက် ကျွန်ခံနေရမြဲပါပဲ။
    အခုလည်း ဆိုပြန်ပါပြီ၊ “ကျူးကျော်လာသူ ရန်သူကို ပြန်လည် တုံ့ပြန်ရန် အင်အား အပြည့်အဝရှိ” ဆိုပဲ။
    ဗမာပြည်မှာ စစ်အာဏာရှင် စနစ်ဆိုး ရဲ့ ရလဒ် မလုပ်၊ မရှုပ်၊ မပြုတ် ဓလေ့ ထွန်းကားရင်း အရာရာမှာ အကျင့်ပျက် ခြစား ချွတ်ခြုံကျလာခဲ့တာ နှစ်ငါးဆယ်ကျော်ခဲ့ပြီ၊ တပ်မတော် က ကော ဘာသားနဲ့ ထုတားတယ်မို့လို့လဲ။
    တည်သမျှ လက်နက်စက်ရုံတွေ၊ ဝယ်သမျှ  လက်နက်တွေ အားလုံး ဟာ အလွဲသုံးစားလုပ်မှု ဒဏ် ခံရင်း အရည်အချင်းပြည့်မီ တဲ့ အကောင်းက တဝက် အသားတင် မရှိပါဘူး။  ရှိတဲ့ တရုတ်လက်နက်၊ ရုရှား လက်နက် ဆိုတာ နွားမရွှံ့ပိတ်ရောင်းခံ ထိခဲ့တာက အများစုပါ။  လက်နက်ပွဲစား သူဌေးကြီးများ နဲ့ ဗိုလ်ချုပ်ကြီးများ အိတ်ကပ်ဖောင်းသွားတာက အဓိကပါ။  ရှိတဲ့ စစ်လေယာဉ်တွေဆိုတာ လေ့ကျင့်ရင်း ပျက်ကျနေတာ များပါတယ်။  ဗမာ့ လေသူရဲများ စစ်ပွဲ တိုက်ရင်း သေရတယ် ဆိုတာ မရှိသလောက်ပေမယ့် လေ့ကျင့်ရင်း ပျက်ကျ သေရတာကတော့ ခဏခဏ ပါပဲ။
    ဗမာ့ တပ်မတော် မှာ အပျက်ဆုံး က စည်းကမ်းပါ၊ အကျဆုံး က စိတ်ဓာတ်ပါ။  ဗမာ စစ်တပ် ဟာ “ဗိုလ်တစ်ထောင်” တပ်ပါ။  “တပ်သား လေးဆယ်၊ ဗိုလ်ခြောက်ဆယ်၊ ကျန်တာ တပ်ရင်းမှူး” ဆိုတဲ့ ဖွဲ့စည်းပုံ နဲ့ တပ်မျိုးချည်းပါ။  စီးပွား၊ အာဏာ လုပ်ပိုင်ခွင့် အတွက် ဗိုလ်ဖြစ်ချင်သူ များလှပေမယ့် အောက်ခြေမှာ မနေချင်လို့ / မနေနိုင်လို့ ထွက်ပြေးနေတဲ့ စစ်သားငယ် တပ်ပြေးများ နေ့စဉ် အောတိုက်နေတာမျိုးပါ။  စစ်ဗိုလ် ရာထူးလို ဘာမက်လုံးမှ မရှိတော့ တပ်သားသစ်က စုစောင်းမရ၊ ဒါနဲ့ပဲ ခေတ်အဆက်ဆက် ကလေးစစ်သားချည်း လှိမ့်ဖမ်း၊ ပေါ်တာချည်း လှိမ့်ဆွဲနေရတာ ဟာ ဗမာ စစ်တပ် ရဲ့ ပကတိ အနေအထားပါ။  အခြေမခိုင်တော့ ယိုင်လဲရတာ၊ နုံခြာ မစည်ပင် ဖြစ်ရတာဟာ ဗမာပြည်မှာ ဘောလုံးအသင်းက အစ ဗမာ့တပ်မတော် အဆုံးပါ။
    ဒီလို လူလိုလည်း မနေရ၊ လူစဉ်မီ စားနပ် ရိက္ခာ အထောက်အပံ့၊ လစာ ငွေကြေး လည်း မခံစားရ၊ တရားမျှတမှုလည်း မရှိ၊ ကြီးနိုင်ငယ်ညှဉ်း အထက်အောက် ဆက်ဆံမှု အပြည့်နဲ့ ဗမာ့တပ်မတော် က အခြေခံ အကြပ်၊ တပ်သားများရဲ့ ရင်နင့်ဖွယ် ဘဝ အခြေအနေ ဟာ တိုင်းတပါး နိုင်ငံတခုခု နဲ့ သူတင်၊ ကိုယ်တင် ယှဉ် တိုက်နိုင်စွမ်း ရှိဖို့ အင်မတန် ခဲယဉ်းလှတယ်။  အထက်အမိန့်ကြောက်လို့ မဖြစ်မနေ တိုက်နေရတဲ့ ပြည်တွင်းစစ်ပွဲတွေမှာတောင် အကျအဆုံးများလှတာ မျက်မြင်ပါ။
    ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း သူ့ပြဿာနဲ့ သူ ဗျာများနေတဲ့ တိုင်းပြည်မျိုး၊  ဒါပေမယ့် သူတို့မှာ ခိုင်မာတဲ့ တပ်မတော် တခု ရှိတယ်၊ ပါကစ္စတန် လို စစ်အင်အားကြီး နိုင်ငံမျိုးကို (အိန္ဒိယ က မြှောက်ပေး ကူညီခဲ့လို့ပဲ ဖြစ်ဖြစ်) တော်လှန် လွတ်လပ်ရေး ယူနိုင်ခဲ့တဲ့ အလှမ်းမဝေးတဲ့ သမိုင်း ရှိတယ်။  ဒါတွေ ထားလိုက်ပါဦး။  တကယ်တော့ တိုက်ရင် နိုင်/မနိုင် ဆိုတာ ထည့်ကို ပြောစရာ၊ စဉ်းစားစရာ မလိုပါ။  စစ်ဖြစ်စရာ ဘာအကြောင်း မှ ကို မရှိတာပါ။
    ကျူးကျော်စစ်ကို ခုခံရမယ် ချည်းပဲ ဝါဒဖြန့်နေကြတာ တကယ်တမ်း ဒီခေတ်သစ် ကမ္ဘာ မှာ ဘာမှ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိဘဲ သူများ ကို ကျူးကျော် ရန်စတယ်ဆိုတာမျိုးက မလွယ်ပါ။  ဘယ်သူမှ အဖြစ်မခံပါ။
    ဗမာ စစ်တပိုင်း အစိုးရ၊ စစ်အုပ်စုကသာ ပြည်တွင်း နိုင်ငံရေး အလှည့်အပြောင်း ဖြစ်အောင်၊ ဒီမိုကရေစီ အင်အားစု နဲ့ လူထု နိုင်ငံရေး ဒီရေလှိုင်းလုံး ကျအောင်၊ ၂၀၁၅ ရွေးကောက်ပွဲ မှာ မဲဆန္ဒရှင်တွေ ဝေဝါးအောင် ရည်ရွယ်ချက် ရှိရှိနဲ့ မကြီးတဲ့ နယ်စပ် ပြဿနာ ရန်မီး ကို မီးတောက် အောင် မလုပ်ရင် ဘာမှ အကျယ် အကျယ် ဖြစ်လာနိုင်မှာ မဟုတ်ပါ။
    ဒိ အနေအထား မှာ ဝမ်းနည်းစရာ အကောင်းဆုံးက စစ်အုပ်စု ရဲ့ အမြဲတမ်း သုံးနေကျ ဝှက်ဖဲ ထုတ်သုံးတာ သိသာလှပေမယ့် ဘင်္ဂလား ဆိုတာရယ်ကြောင့်လည်း ပါတယ်၊ တသက်လုံး စစ်သူရဲကောင်း ဝါဒ မှိုင်းတိုက်ခံထားရတာကြောင့်လည်း ပါတယ် အခု လူသာမန် အများစု စစ်သွေးတွေကြွနေကြတယ်။  စစ်အာဏာရှင် လက်ကိုင်တုတ်များ သွေးထိုးလှုံ့ဆော် မြှောင့်ပင့် တဲ့ အတိုင်း ရောယောင် လိုက်၊ အသံတူ ထွက်နေကြတာမှာ ဒီမိုကရေစီ အင်အားစု ဆိုတဲ့ “ထောင်ကျခံ နာမည်ကျော် နိုင်ငံရေး အကျဉ်းသား ဟောင်းတွေ” တောင် ပါတယ်။  သူတို့ ကိုယ်တိုင် အခု “အောင် တပ်မတော်ကြီးလည်း ချီ လာပါပြီ” ဟစ်ကြွေးနေကြတယ်။  ဗမာ့ နိုင်ငံရေး နဲ့ အနာဂတ် ရင်လေးစရာပါပဲ။
    ဟိုတလောက “အခြေခံ အတွေးအခေါ် ပြောင်းလဲမှု” ဆောင်းပါး မှာ “စစ်ဘုရင် သူရဲကောင်း ဝါဒ မှိုင်းတိုက်ခံ ထိထားလို့ စစ်ဘင်ခရာ သံလေးကြား၊ စစ်ချီတေးလေးများ ဟစ်ရင် စစ်သွေးလေး ကြွချင်၊ အလံကလေး တလူလူ လွှင့်ရင် အမျိုးဂုဏ် ဇာတိ မာန် တွေ ထ ချင် တဲ့ မိမိ စိတ်ကို မိမိ အရင် ပြောင်းပါ” ရေးခဲ့တုန်းက လူတချို့ ဘဝင်မကျချင်ကြဘူး။
    အခု မျက်မြင်ပဲ စစ်အုပ်စု မှိုင်းတိုက်တာ ဘယ်လောက် အောင်မြင်သလဲ ဆိုတာ။  အကွက် ဟောင်းကြီးပါ၊ ရိုးနေပါပြီ ဘယ်လောက်ပဲ အော်နေနေ လူအများ တကယ့် အတွင်း သဘောမှာတော့ ကုလားမုန်း စိတ်အခံလေးကလည်း ရှိ၊ “ကြီးမြတ်လေသော မဟာ မြန်မာ” စိတ် မပျောက်ဆိုတော့ စစ်လိုလားသံတွေ ဖိတ်လျှံနေတယ်။  ဒီလို ပုံမျိုး နဲ့ဆို ဗမာပြည်မှာ စစ်ဝါဒသာ ရေရှည် လွှမ်းမိုးနေနိုင်ဦးမှာပါ။
    စဉ်းစားကြပါ။  တိုင်းပြည်ချစ်ကြောင်း ပြနိုင်ဖို့ ရာ စစ်ပွဲ ကို လက်ယပ်ခေါ် ကြိုဆိုပြစရာ အကြောင်းမရှိပါ၊ မျိုးချစ်စိတ် သက်သေတည်ဖို့ ရာ လူသတ်ချင်ကြောင်း အော်ပြစရာ မလိုပါ။  ဗမာပြည် မှာ ပြည်ပရန်တွေ ဝန်းရံနေတယ် ဆိုတာ စစ်အင်အား နဲ့ ရန်ပြု ကျူးကျော်ခံရမှုမျိုး၊ ခြိမ်းခြောက်ခံရတာမျိုး မဟုတ်ပါ။  တိုင်းပြည် မှာ ရာစုဝက် ကြီးစိုးနေတဲ့ စစ်ခေါင်းဆောင်ကြီးများ အုပ်ချုပ်မှု မကောင်း၊ အကျင့် သီလ မမှန်၊ အမြော်အမြင် မရှိတော့ နိုင်ငံ့စနစ် ပျက်ပြားပြီး နိုင်ငံခြား တိုင်းပြည် အဖြူ၊ အမည်း၊ အညို၊ အဝါ ပေါင်းစုံ ရဲ့ စီးပွား၊ ပညာ၊ ကျန်းမာ၊ လူမှု၊ အားကစား ကျူးကျော် အသာရမှု ခံနေရခြင်းပါ။
    နိဂုံးချုပ်ရရင် ပြည်သူလူထု ရဲ့ ဘုံရန်သူ ဟာ ပြည်ပ မှာ မရှိ၊ အနောက်တံခါးမှာ မရှိ၊ အရှေ့အရပ်မှာလည်း မရှိ၊ ပြည်တွင်း တိုင်းပြည် အလယ်ကောင် ကြတ်ပြေး အရပ်မှာ စစ်အာဏာရှင်စနစ် ရာသက်ပန် တည်မြဲရေး ဖော်ဆောင်နေတဲ့ စစ်တပိုင်း အစိုးရ၊ စစ်လွှတ်တော် နဲ့ စစ်ဖွဲ့စည်းပုံ သာ ဖြစ်ပါတယ်။  ဒီ (၃) ချက်ကို ဗမာပြည်မှာ အလုံးစုံ ဖုတ်ကြည်း သင်္ဂြိုဟ် မြေမြှုပ် နိုင်အောင် တိုက်ဖျက်ခြင်းဟာ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် ရှိကြောင်း အကောင်းဆုံး သက်သေပြမှုပါ။  ဒီ (၃) ချက်ကို ပြင်နိုင်ရင် ဗမာပြည် အပေါ် နိုင်ငံစုံ က အဖက်ဖက် အသာစီးရနေတာတွေလည်း လျော့သွား တိုင်းပြည် လည်း စစ်အင်အား အပါအဝင် ကဏ္ဍ စုံမှာ လူစဉ်မီ၊ အရည်အချင်းပြည့် လာမှာသာ ဖြစ်ပါတယ်။  ဒါကို မျက်ကွယ်ပြုပြီး စစ်အုပ်စု နှပ်ကြောင်း ပေးသလို ကြိုးဆွဲရာ လိုက်ကချင်နေကြရင် ဗမာပြည် ဟာ စစ်ကျွန် နစ်သထက် နစ်နေဦးမှာ ဖြစ်ကြောင်းပါ ခင်ဗျာ။
    ငြိမ်းချမ်းအေး
    ၀၂ ဇွန်၊ ၂၀၁၄
    ဆက်စပ် ဆောင်းပါး ဟောင်းများ တဆက်တည်း ပြန်ဖတ်ရန်:
    အခြေခံ အတွေးအခေါ် ပြောင်းလဲမှု
    Read @ http://moemaka.com/archives/37707
    http://moemaka.blogspot.com.au/2014/05/blog-post_4741.html
    ပြောင်းလဲဖို့က အချိန်တောင် နှောင်းနေပါပြီ
    http://moemaka.com/archives/37826
    http://moemaka.blogspot.com.au/2014/05/blog-post_1362.html
    အာဏာရှင်စနစ်ရဲ့ ဝိသေသ လက္ခဏာများ
    http://blog.irrawaddy.org/2012/08/blog-post_5938.html