News @ M-Media
Blog
  • ဗလီဝတ်ကျောင်းတော် အီမာမ်များ အတွက် တူညီဝတ်စုံ အဇာဘိုင်ဂျန်တွင် စတင်တော့မည်
    မေ ၂၇ ၊ ၂၀၁၄
    M-Media
    muj_odejda  အစ္စလာမ့်ဓမ္မ ပညာရှင်များနှင့် ရှေ့ဆောင်ဆရာတော် (အီမာမ်) များအတွက် တူညီဝတ်စုံ အစီအစဉ်ကို အဇာဘိုင်ဂျန်တွင် စတင်တော့မည်ဟု ကော့ကေးရှပ် မွတ်စလင်ဌာန ပြန်ကြားရေးအဖွဲ့ အကြီးအကဲ အမျိုးသမီး ရာဟီမာ ဒါဒါရှိုဗာက ပြောကြားလိုက်သည်။
    အဆိုပါ တူညီဝတ်စုံ သတ်မှတ်ခြင်းအား အစိုးရကလည်း ခွင့်ပြုပြီးဖြစ်ကာ တူညီဝတ်စုံ ပုံစံကိုလည်း ရွေးချယ်ပြီးဖြစ်သည်ဟု သူမကဆိုသည်။ ကနဦးအနေဖြင့် တူညီဝတ်စုံ နမူနာများကို ကော့ကေးရှပ် မွတ်စလင်ဌာနက စီစဉ်သည့် ဘာသာရေးဆိုင်ရာ သင်တန်းအောင်မြင်ပြီး သူများကို ပေးအပ်သွားမည်ဖြစ်သည်။
    ကော့ကေးရှပ်ဒေသ အကြီးဆုံးနိုင်ငံဖြစ်သည့် အဇာဘိုင်ဂျန်တွင် ၂၀၁၄ ခုနှစ်စစ်တမ်းအများအရ လူဦးရေ ၉ သန်းကျော်ရှိပြီး အစ္စလာမ်ဘာသာဝင်ဦးရေမှာ ၉၈ ရာခိုင်နှုန်းရှိသည်။
    Ref:  islam.ru
  • အာဖဂန် ခရီးစဉ်တွင် အိုဘားမား တွေ့ဆုံမည့်စာရင်း ဂျာနယ်လစ်များသို့ မေးလ်ပို့ရာ ထိပ်တန်း သူလျို နာမည် မှားယွင်းပါသွား
    မေ ၂၇ ၊ ၂၀၁၄
    M-Media
    201452694958193734_20
    – အမေရိကန် သမ္မတ ဘာရက်အိုဘားမား၏ အာဖဂန်ခရီးစဉ်အတွင်း တွေ့ဆုံမည့်သူများ စာရင်းကို အိမ်ဖြူတော်က ဂျာနယ်လစ်များအား ပေးပို့ခဲ့ရာ ကဘူးလ်ရှိ အမေရိကန်၏ ထိပ်တန်း စပိုင်တစ်ဦး၏ အမည် မတော်တဆ ပါဝင်သွားခဲ့သည်ဟု သိရသည်။
    အကြီးဆုံးလေတပ်စခန်း Bagram သို့ ကြိုတင်ကြေညာထားခြင်းမရှိဘဲ သွားရောက်မည့် သမ္မတအိုဘားမား တွေ့ဆုံမည့်သူများတွင် CIA မှ အဆိုပါစပိုင်၏ အမည်အား Chief of Station ခေါင်းစဉ်အောက်တွင် ထည့်သွင်းခဲ့ခြင်းဖြစ်သည်။ ထိုစာရင်းကို အိမ်ဖြူတော် မီဒီယာခန်းမှ ဂျာနယ်လစ် ၆ ထောင်ကျော်သို့ အီးမေးလ်ဖြင့် တနင်္ဂနွေနေ့က ပေးပို့ခဲ့သည်။
    အမေရိကန် အစိုးရက မီဒီယာများသို့ ပေးပို့သည့် အချက်အလက်များတွင် ထောက်လှမ်းရေး အရာရှိများ၏ အမည်ကို ထည့်သွင်းဖော်ပြလေ့မရှိချေ။
    Ref: Agencies
  • ဇနီးအား သတ်မှုဖြင့် တရားစွဲခံ ထားရသည့် မြန်မာတဦး မလေးရှား တရားရုံးမှ တရားသေလွှတ်
    မေ ၂၇ ၊ ၂၀၁၄
    M-Media
    myanmarcourt
    – ဇနီးသည်အား သတ်ခဲ့သည်ဟူသော စွဲချက်ဖြင့် တရားရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားတစ်ဦးကို မလေးရှားတရားရုံးချုပ်က ယမန်နေ့တွင် တရားသေ လွှတ်ပေးခဲ့သည်ဟု သိရသည်။
    အသက် ၃၂ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား မောင်စိုးမှာ ၂၀၁၂ ခုနှစ် မေလ ၂၆ ရက် ည ၁၁ နာရီမှ မေလ ၂၇ ရက် နံနက် ၇ နာရီခွဲကြား အချိန်အတွင်း ဆရန်ဘန်း ပရိုင်းရှိ နေအိမ်တွင် ဇနီးဖြစ်သူကို သတ်ခဲ့သည်ဟု ယူဆရသောကြောင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆို ခံခဲ့ရခြင်းဖြစ်သည်။
    အမှုတွင် တရားခံဘက်မှ ခုခံချေပမှုမှာ အောင်မြင်ခဲ့သောကြောင့် တရားသူကြီး Wong Teck Meng က တရားသေ လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး အမိန့်ချမှတ်ခဲ့ပြီးနောက် ရှပ်အင်္ကျီအပြာရောင် ၀တ်ထားသည့် မောင်စိုးမှာ ၀မ်းမြောက်စွာဖြင့် တရားရုံးမှ ထွက်ခွာသွားခဲ့ပြီး ရှေ့နေဖြစ်သူ E. Gnasegaran ကိုလည်း ကျေးဇူးတင်သည့်အနေဖြင့် ပွေ့ဖက်ခဲ့သည်။
    ဓါတ်ပုံအညွန်း- တရားစွဲခံထားရသည် မောင်စိုးအား  ၄င်း၏ ရှေ့နေနှင့်အတူ တွေ့ရစဉ်
    Ref: The Star
  • ၂၀၁၀ တွင် အကူညီပေးရေးသင်္ဘော တိုက်ခိုက်မှုအတွက် အစ္စရေး တပ်မှူး လေးဦး ဖမ်းဆီးရန် တူရကီ တရားရုံး အမိန့်ချ
    မေ ၂၇ ၊ ၂၀၁၄
    M-Media
    201451810852447734_20
    – ၂၀၁၀ ခုနှစ်က ဂါဇာသို့ သွားရောက်သော အကူအညီပေးရေးအဖွဲ့၏ သင်္ဘောကို ၀င်ရောက် စီးနင်းကာ လက်နက်မဲ့လူ ၉ ဦးအား သတ်ပစ်ခဲ့သည့် ကိစ္စအတွက် အစ္စရေး တပ်မှူးဟောင်း ၄ ဦးကို ဖမ်းဆီးရန် တူရကီတရားရုံးက ယမန်နေ့တွင် အမိန့်ပေးလိုက်သည်ဟု သိရသည်။
    ယခင် အစ္စရေး စစ်တပ်အကြီးအကဲဟောင်း ဂါဘီ အရှ်ကီနာဇီ၊ ရေတပ် အကြီးအကဲဟောင်း အလီဇာ မာရွန်၊ လေတပ်အကြီးအကဲဟောင်း အဗစ်ရှိုင်လေဗီနှင့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း အေမို့စ် ယဒ်လင်တို့ ဖြစ်ကြပြီး ၎င်းတို့အား ဖမ်းဝရမ်းထုတ်ပေးရန် အင်တာပိုလ်သို့ တောင်းဆိုသွားမည်ဟု ထိုအမှုတွင် လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ စီဟတ် ဂေါ့ဒီမာရ်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
    ထိုစီးနင်းမှုတွင် သေဆုံးသွားသူများ၏ မိသားစုများနှင့် အကူအညီပေးရေး အဖွဲ့ IHH တို့မှာ ၂၀၁၂ ခုနှစ်တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ အမည်မဖော်လိုသည့် အစ္စရေးအရာရှိ တစ်ဦးကမူ ထို ဆုံးဖြတ်ချက်မှာ ရူးသွပ်သည့် ရန်စမှုဟု ဆိုသည်။
    တူရကီ NGO အဖွဲ့ IHHမှာ အစ္စရေးက ပိတ်ဆို့ထားသည့် ဂါဇာကမ်းမြှောင်ဒေသသို့ အကူအညီပေးရန် သွားရောက်စဉ် Mavi Marmara သင်္ဘောအား အစ္စရေး ကွမန်မန်ဒိုများက ၀င်ရောက်စီးနင်းကာ သင်္ဘောပေါ်လိုက်ပါလာသည် အကူအညီပေးရေး ၀န်ထမ်း ၉ ဦးကို ပစ်သတ်ခဲ့သည်။
    အဆိုပါစီးနင်းတိုက်ခိုက်မှုကြောင့် ကိုးမားရောဂါ ခံစားနေခဲ့ရသည့် အသက် ၅၁ နှစ်အရွယ် ၀န်ထမ်းတစ်ဦးမှာ စနေနေ့က သေဆုံးသွားခဲ့သောကြောင့် ထိုစီနင်းမှုအတွင်း သေဆုံးသူမှာ ၁၀ ဦးရှိလာခဲ့ပြီဖြစ်သည်။
    Ref: Agencies
  • ဖမ်းဆီးခံ တရားမ၀င် ရွှေ့ပြောင်း မြန်မာနိုင်ငံသား တစ်ဦး ဆေးရုံမှ ထွက်ပြေးစဉ် ပြုတ်ကျသေဆုံး
    ဖမ်းဆီးခံ တရားမ၀င် ရွှေ့ပြောင်း မြန်မာနိုင်ငံသား တစ်ဦး ဆေးရုံမှ ထွက်ပြေးစဉ် ပြုတ်ကျသေဆုံး
    မေ ၂၇ ၊ ၂၀၁၄
    M-Media
    – တာဝန်ရှိသူများ၏လက်မှ လွတ်မြောက်ရန်အတွက် အိပ်ယာခင်းအား ကြိုးအဖြစ် အသုံးပြုကာ ဆေးရုံပြတင်းပေါက်မှ တွယ်ဆင်းခဲ့သည့် မြန်မာနိုင်ငံသား တစ်ဦးမှာ တတိယထပ်မှ ပြုတ်ကျ သေဆုံးခဲ့သည်ဟု သိရသည်။
    အသက် ၄၇ နှစ်အရွယ် မိုဟာမက်ဟာရှင်ဟု အမည်ရသည့် အဆိုပါ မြန်မာနိုင်ငံသားမှာ မလေးရှားသို့ တရားမ၀င် ၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး Raja Perempuan Zainab II ဆေးရုံတွင် အဆုတ်ရောဂါကြောင့် ဆေးကုသမှု ခံနေရသူဖြစ်သည်။ ၎င်း၏အလောင်းအား နံနက် ၆ နာရီခွဲတွင် လုံခြုံရေး တစ်ဦးက တွေ့ရှိခဲ့ပြီး၊ ကြိုးအဖြစ် အသုံးပြုခဲ့သည်ဟု ယူဆရသည့် အိပ်ယာခင်းနှစ်ခုကိုလည်း ဆေးရုံ၏ နံရံတွင် တွေ့ရှိခဲ့ရသည်။
    လူဝင်မှုကြီးကြပ်ရေးဌာနမှ လက်ထောက် ဒါရိုက်တာ နူရ်ဒင် အီဗရာဟင်မ်က ဟာရှင်မှာ မေလ ၂၂ ရက်နေ့က ဆေးရုံတင်ခဲ့ရခြင်းဖြစ်ပြီး ၎င်း၏ အခြေအနေမှာ ဆိုးရွားကြောင်း အတည်ပြုပြောဆိုခဲ့သည်။
    “သူကို့ တရားမ၀င် ၀င်လာသူတွေ ထိန်းသိမ်းတဲ့ စခန်းကို ပို့ပြီး နောက်ပိုင်းမှာ မြန်မာနိုင်ငံကို ပို့ဖို့ စီစဉ်ထားတာပါ” ဟု အီဗရာဟင်မ်က ဆိုသည်။
    ဟာရှင်၏ အလောင်းကို အဆိုပါဆေးရုံ၏ ရင်ခွဲရုံတွင် ထားရှိပြီး သေဆုံးရသည့် အကြောင်းအရင်းကို စစ်ဆေးသွားမည်ဟု သိရသည်။
    Ref: The Star