News @ M-Media

Blog

  • မြန်မာစစ်အာဏာရှင်သစ်ကို  ရုရှားက ပွင့်ပွင့်လင်းလင်း ကျောထောက်နောက်ခံပေးမည်

    မြန်မာစစ်အာဏာရှင်သစ်ကို ရုရှားက ပွင့်ပွင့်လင်းလင်း ကျောထောက်နောက်ခံပေးမည်

    ဇူလိုင် ၃၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာရှင်စနစ်သစ် အသက်ဆက်ရေးမှာ ရုရှားဟာ အဓိကထောက်တိုင်တစ်ခု ဖြစ်လာဖွယ် ရှိနေပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားဟာ စစ်ကောင်စီကို တရား၀င် လူသိရှင်ကြား အသိအမှတ်ပြုထားပြီး မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့အခမ်းအနားကို ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး အလက်ဇန်းဒါး ဗာစီလ်ယီဗစ် တက်ရောက်ခဲ့ပါတယ်။

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း အာဏာသိမ်းပြီး သူ့ရဲ့ ဒုတိယမြောက် နိုင်ငံခြားခရီးစဉ်အဖြစ် ဇွန်လအတွင်း ရုရှားနိုင်ငံကို သွားရောက်ခဲ့ပါတယ်။

    “ကျွန်တော်တို့နှစ်နိုင်ငံအကြား တည်ဆောက်ထားတဲ့ အပြန်အလှန်နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုတွေကို အခြေခံပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာအောင် ဆောင်ရွက်သွားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုအတွင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုဂူက ပြောကြားခဲ့ပါတယ်။

    အခုတွေ့ဆုံမှုကို အလေးထားပြီး အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံဟာ စိတ်ချ၊ ယုံ​ကြည်ရတဲ့ မဟာဗျူဟာမြောက်နိုင်ငံ ဖြစ်တယ်လို့လည်း ဆာဂျီရှိုဂူက ဆိုပါတယ်။

    စစ်အာဏာသိမ်မှုနောက်ဆက်တွဲအဖြစ် အနောက်နိုင်ငံတွေက စစ်ခေါင်းဆောင်တွေအပေါ် လက်နက်ရောင်းချမှု၊ စီးပွားရေးပိတ်ဆို့မှုတွေ ဆောင်ရွက်နေတဲ့အချိန် ရုရှားကတော့ စစ်ကောင်စီနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နေပါတယ်။

    ရုရှားဟာ အရင်ကတည်းက မြန်မာစစ်အာဏာရှင်တွေကို ထောက်ပံ့ပေးခဲ့တာပါ။ ၁၉၉၉ ခုနှစ်ကနေ ၂၀၁၈ နှစ်အတွင်း မြန်မာစစ်တပ်က ကန်ဒေါ်လာ ၁.၅ ဘီလီယံဖိုး စစ်လက်နက်ပစ္စည်း ဝယ်ယူရာမှာ ၃၉ ရာခိုင်နှုန်းက ရုရှားထံက ဖြစ်ပါတယ်။ အဲဒီအထဲမှာ စက်သေနတ်ပါ တိုက်ပွဲဝင်ရဟတ်ယာဉ် Hind Mi-35၊ ပို့ဆောင်ရေး ရဟတ်ယာဉ်တွေ၊ MiG-29 တိုက်လေယာဉ်၊ Yak-130 မြေပြင်တိုက်ခိုက်ရေးသုံး လေယာဉ်တွေ ပါဝင်ပါတယ်။

    မြန်မာ့အရေးကျွမ်းကျင်သူ ဂျာနယ်လစ် ဘာတေးလစ်တနာက မြန်မာစစ်ခေါင်းဆောင်တွေဟာ စစ်လက်နက်ပစ္စည်းမှာ တရုတ်နိုင်ငံအပေါ် မှီခိုရမှုကို လျှော့ချလိုတဲ့အတွက် ၂၀၀၀ ပြည့်နှစ်တွေကတည်းက ရုရှားနဲ့ ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်လာတယ်လို့ ထောက်ပြခဲ့ပါတယ်။

    ရုရှားနိုင်ငံပိုင် စစ်လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်း United Aircraft Corporation ဟာ မြန်မာနိုင်ငံမှာ ၂၀၀၆ ခုနှစ်ကတည်းက ရုံးခန်းဖွင့်ထားတာပါ။

    ရုရှားဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ထောင်နဲ့ချီတဲ့ မြန်မာစစ်သားတွေကို ပညာသင်ခေါ်တာ၊ လေ့ကျင့်သင်ကြားပေးတာတွေလည်း လုပ်ခဲ့ပါတယ်။

    နိုင်ငံရေးကျွမ်းကျင်သူတွေကတော့ လက်ရှိ မြန်မာစစ်ခေါင်းဆောင်သစ်နဲ့ ဆက်ဆံရေး ပိုမိုတိုးမြှင့်ဖို့ ရုရှားရဲ့ ဆောင်ရွက်မှုဟာ လက်နက်ရောင်းချမှု၊ စစ်သားတွေကို လေ့ကျင့်ပေးမှုကနေ အကျိုးအမြတ်ရဖို့ထက် ပိုတယ်လို့ သုံးသပ်ပါတယ်။

    “နိုင်ငံ​ရေးပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီမိုကရေစီနည်းလမ်းအတိုင်း အဖြေထုတ်ဖို့ အနောက်နိုင်ငံတွေရဲ့ ကြိုးပမ်းမှုကို ရုရှားက ဆက်လက်နှောက်ယှက်နိုင်ရေး သမ္မတ ဗလာဒီမီရ်ပူတင်ရဲ့ ပထ၀ီနိုင်ငံရေး ရည်မှန်းချက်နဲ့ မြန်မာအခြေအနေက ကိုက်ညီနေတယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ဩစတေးလျအခြေစိုက် ပညာရှင် ဟန်တာ မာ့စ်တန်က ပြောပါတယ်။

    အရင် ဆိုဗီယက်ပြည်ထောင်စုခေတ်မှာ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီယားတို့က ကွန်မြူနစ်အာဏာရှင်တွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပြီးနောက် အရှေ့တောင်အာရှက ရုရှားဩဇာလည်း ပျောက်ကွယ်သွားပါတယ်။

    သမ္မတ ဗလာဒီမီရ် ပူတင်ရဲ့ လက်ထက်မှာတော့ လက်နက်တွေရောင်းကာ အရှေ့တောင်အာရှမှာ ဩဇာပြန်ထူထောင်ဖို့ ကြိုးစားလာပြီး မြန်မာစစ်ခေါင်းဆောင်သစ်က အခွင့်အလမ်းကောင်းတစ်ခုလို့ မှတ်ယူထားဖွယ် ရှိနေပါတယ်။

    ရုရှားဟာ အရှေ့တောင်အာရှမှာ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ကို စစ်လက်နက်တွေ၊ တိုက်လေယာဉ်တွေရောင်းချပြီး ပါဝါချိန်ခွင်လျှာကို ညှိထားပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာမသိမ်းခင် ၁ ရက်အလိုက ရန်ကုန်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သားသမီးတွေ အကျိုးအမြတ်ပါတဲ့ အဆင့်မြင့် စစ်ဖက် မီဒီယာအဆောက်အဦးဖွင့်ပွဲမှာ ရုရှားနဲ့ မြန်မာ စစ်ဖက်အရာရှိတွေ ပါတီပွဲလုပ် အောင်ပွဲခံခဲ့ကြပါတယ်။

    မြန်မာ့အရေးကျွမ်းကျင်သူ ဘာတေးလစ်တနာကတော့ စစ်အာဏာရှင်သစ်လက်ထက် မြန်မာနဲ့ ရုရှားတို့ရဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေး ခေတ်သစ်တစ်ခု ထူထောင်လိုက်တာဟာ အင်အားတောင့်တင်းလားတဲ့ ရုရှား အရှေ့တောင်အာရှမှာ ခြေကုပ်ယူတာ၊ မြန်မာဟာ သူ့ရဲ့ မဟာဗျူဟာမြောက် ဝင်ပေါက်ထွက်ပေါက်ဖြစ်တယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ပြသလိုက်တာလို့ သုံးသပ်ပါတယ်။
    Ref: Asia Times

  • ဆက်သွယ်ရေးကုမ္ပဏီအကြီးအကဲများ တိုင်းပြည်မှ မထွက်ခွာရန် စစ်ကောင်စီက လျှို့ဝှက် အမိန့်ထုတ်ထား

    ဆက်သွယ်ရေးကုမ္ပဏီအကြီးအကဲများ တိုင်းပြည်မှ မထွက်ခွာရန် စစ်ကောင်စီက လျှို့ဝှက် အမိန့်ထုတ်ထား

    ဇူလိုင် ၅၊ ၂၀၂၁
    M-Media

    -နိုင်ငံအတွင်းမှာရှိတဲ့ အဓိက ဆက်သွယ်ရေးလုပ်ငန်းတွေက နိုင်ငံခြားသား အကြီးအကဲတွေကို တိုင်းပြည်ကနေ အခွင့်မရှိဘဲ မထွက်ခွာရဘူးလို့ အာဏာသိမ်းစစ်ကောင်းစီက အမိန့်ထုတ်ထားကြောင်း ဒီကိစ္စနဲ့ နီးစပ်သူတွေက ရိုက်တာသတင်းဌာနကို ပြောကြားလိုက်ပါတယ်။

    စစ်ကောင်စီလက်အောက်မှာရှိတဲ့ စာတိုက်နဲ့ ​ဆက်သွယ်ရေးဌာနက ဇွန်လအလယ်ပိုင်းမှာထုတ်ပြန်ခဲ့တဲ့ လျှို့ဝှက်အမိန့်မှာ ဆက်သွယ်ရေးကုမ္ပဏီတွေက နိုင်ငံသားနဲ့ နိုင်ငံခြားသား အကြီးတန်းအမှုဆောင်အရာရှိတွေ တိုင်းပြည်ကနေ ထွက်ခွာချင်ရင် အထူးခွင့်ပြုချက် တောင်းရမယ်လို့ ဖော်ပြထားပါတယ်။

    တစ်ပတ်အကြာမှာ စစ်ကောင်စီက နောက်ထပ်စာတစ်​စောင် ထပ်ထုတ်ခဲ့ပြီး ဆက်သွယ်ရေးဆိုင်ရာ ကြားဖြတ်ထောက်လှမ်းတဲ့ ကိရိယာတွေကို ဇူလိုင်လ ၅ ရက်နေ့ နောက်ဆုံးထားပြီး တပ်ဆင်ဖို့ အမိန့်ပေးထားပါတယ်။ အဲဒီကိရိယာတွေဟာ ပြည်သူတွေရဲ့ ဖုန်းခေါ်ဆိုမှုတွေ၊ စာတိုပေးပို့မှုတွေနဲ့ အင်တာနက် အသုံးပြုမှုတွေကို စစ်ကောင်စီက တိုက်ရိုက် ကြားဖြတ်ဖမ်းယူနိုင်တဲ့ ကိရိယာတွေ ဖြစ်ပါတယ်။

    ပြည်သူတွေရဲ့ ဆက်သွယ်ပြောဆိုမှုတွေကို ကြားဖြတ် ကြည့်ရှုနားထောင်နိုင်မယ့် နည်းပညာကို တပ်ဆင်အသုံးပြုဖို့ အာဏာသိမ်းစစ်ကောင်စီဟာ အရင်ကတည်းက ဆက်သွယ်ရေးကုမ္ပဏီတွေကို ဖိအားပေးခဲ့တာပါ။

    ဒီကိစ္စနဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာနက မေးမြန်းမှုကို စစ်ကောင်စီဖက်က ဖြေကြားခဲ့ခြင်း မရှိပါဘူး။

    စစ်ကောင်စီဟာ ပြည်သူတွေရဲ့ ဆက်သွယ်ပြောဆိုမှုတွေကို ထိန်းချုပ်နိုင်မယ့် ဆိုက်ဘာဥပဒေတစ်ခုကို ပြဌာန်းဖို့ အာဏာသိမ်းပြီးကတည်းက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

    နောက်ပိုင်းမှာ ကြားဖြတ်ဖမ်းယူနိုင်မယ့် နည်းပညာတွေ၊ ကိရိယာတွေ တပ်ဆင်ဖို့ ဆက်သွယ်ရေးကုမ္ပဏီတွေကို ဖိအားပေးလာပြီး ကုမ္ပဏီအမှုဆောင်တွေကို ပြည်ပထွက်ခွင့်ပိတ်ထားတယ်ဆိုတဲ့ အခုသတင်းက စစ်ကောင်စီဟာ ပြည်သူတွေရဲ့ ဆက်သွယ်ပြောဆိုမှုကို အပြင်းထန်ဆုံး ဖိနှိပ်ကန့်သတ်ဖို့ စိတ်ပိုင်းဖြတ် လုပ်ဆောင်နေတယ်ဆိုတာ ထင်ရှားနေပါတယ်။

    ဆက်သွယ်ရေးကုမ္ပဏီ ၃ ခုက အမည်မဖော်လိုသူတွေကတော့ စစ်ကာင်စီဟာ ပြည်သူတွေရဲ့ ဆက်သွယ်ပြောဆိုမှုတွေကို ကြားဖြတ် ကြည့်ရှုနားထောင်ဖို့ သူတို့ကို ဖိအားပိုပေးလာတယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အခြား သတင်းရင်းမြစ်နှစ်ခုကလည်း ဒီကိစ္စကို အပြင်ထုတ်မပြောဖို့ စစ်ကောင်စီက ဆက်သွယ်ရေးကုမ္ပဏီတွေကို အကြိမ်ကြိသတိပေးထားတယ်လို့ ဆိုပါတယ်။

    Telenor က ရိုက်တာသတင်းဌာနရဲ့ မေးမြန်းမှုကို ဖြေကြားဖို့ ငြင်းဆိုခဲ့ပြီး Ooredoo၊ MPT နဲ့ MyTel တို့က ဖြေကြားမှု မလုပ်သေးပါဘူး။

    စစ်တပ်က ပြည်သူတွေရဲ့ ဆက်သွယ်မှုကို ကြားဖြတ် ကြည့်ရှုနားထောင်ရေး နည်းပညာတွေ၊ စက်ကိရိယာတွေ တပ်ဆင်ဖို့ စစ်အာဏာမသိမ်းခင် လတော်တော်ကြာအရင်ကတည်းက ဆက်သွယ်ရေးကုမ္ပဏီတွေကို အမိန့်ပေးထားတာပါ။

    Telenor နဲ့ Ooredoo တို့က အပြည့်အ၀ တပ်ဆင်ထားခြင်းမရှိသေးဘူးလို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။

    Ref: Reuters

  • မြေထဲပင်လယ်တွင် အီဂျစ်က ရေတပ်စခန်းတစ်ခု ဖွင့်လှစ်

    မြေထဲပင်လယ်တွင် အီဂျစ်က ရေတပ်စခန်းတစ်ခု ဖွင့်လှစ်

    ဇူလိုင် ၄၊ ၂၀၂၁
    M-Media

    -မြေထဲပင်လယ်က အရေးပါတဲ့ ရေတပ်စခန်းတစ်ခုကို အီဂျစ်က မနေ့မှာ ဖွင့်လှစ်လိုက်ပါတယ်။

    အလက်ဇန်းဒရီးယားမြို့ အနောက်ပိုင်း လစ်ဗျားနယ်စပ်နားမှာရှိတဲ့ အဲဒီ ရေတပ်စခန်းဟာ ဖြတ်သန်းသွားလာတဲ့သင်္ဘောတွေကို ပိုမိုစောင့်ရှောက်ပေးနိုင်မှာဖြစ်ပြီး နိုင်ငံရဲ့ မြောက်ဖက်နဲ့ အနောက်ဖက် ရေပိုင်နက်တွေကို လုံခြုံစေလိမ့်မယ်လို့ အီဂျစ်သမ္မတရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ရေတပ်စခန်း ဖွင့်ပွဲအခမ်းအနားကို အီဂျစ် သမ္မတ ဖာတာ အလ်စီစီ ယူအေအီး အိမ်ရှေ့မင်းသား ရှိခ် မိုဟာမက် ဘင် ဇယက် အလ်နဟ်ယန်၊ လစ်ဗျားသမ္မတကောင်စီ ဥက္ကဌ မိုဟာမက် အလ် မန်ဖီတို့ တက်ရောက်ခဲ့ပါတယ်။

    အလ်စီစီဟာ စခန်းက စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ စစ်ဖက်ဆိုင်ရာ ပစ္စည်းတွေကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။

    ရေတပ်စခန်းကို July 3 လို့ အမည်ပေးထာပြီး နိုင်ငံရဲ့ ပထမ​ဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတ မိုဟာမက် မော်စီအစိုးရကို အလ်စီစီဦးဆောင်တဲ့ စစ်တပ်က ဖြုတ်ချအာဏာသိမ်းလိုက်တဲ့နေ့ကို မှည့်ခေါ်တာ ဖြစ်ပါတယ်။

    အီဂျစ်ဟာ မြေထဲပင်လယ်မှာ ရေတပ်စခန်း ၃ ခု၊ ပင်လယ်နီမှာ ၁ ခု ရှိနေပါတယ်။

    Ref: Aljazeera

  • အင်ဒိုနီးရှားကို အမေရိကန်က ကိုဗစ်ကာကွယ်ဆေး ၄ သန်း လှူမည်

    အင်ဒိုနီးရှားကို အမေရိကန်က ကိုဗစ်ကာကွယ်ဆေး ၄ သန်း လှူမည်

    ဇူလိုင် ၃၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကပ်ရောဂါကို တစ်ကျော့ပြန် ရင်ဆိုင်လာရတဲ့ အင်ဒိုနီးရှားကို အမေရိကန်က Moderna ကာကွယ်ဆေး ၄ သန်း ချက်ခြင်းပေးပို့သွားမယ်လို့ သိရပါတယ်။

    အမေရိကန် နိုင်ငံတော်လုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ္တနို မာဆူဒီတို့ ဖုန်းနဲ့ ဆွေးနွေးမှုအတွင်း အမေရိကန်က ဒီလို သတင်းစကား ပါးခဲ့တာ ဖြစ်ပါတယ်။

    ကမ္ဘာ့ ကိုဗစ်ကာကွယ်ဆေး အစီအစဉ်တစ်ခုဖြစ်တဲ့ COVAX ကနေတစ်ဆင့် ချက်ခြင်း ပေးပို့မယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ကမ္ဘာ့ စတုတ္ထမြောက် လူဦးရေးအများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ အာရှမှာ ကိုဗစ်ဒဏ်ကို အဆိုးရွားဆုံးခံရတဲ့ တိုင်းပြည်တစ်ခုဖြစ်ပါတယ်။ လက်ရှိမှာလည်း ကိုဗစ်လှိုင်းကို တစ်ကျော့ပြန် ခံစားနေရပြီး ပြီးခဲ့တဲ့ ၁၂ ရက်အတွင်း ၈ ရက်မှာ ကူးစက်မှု စံချိန်တင်ခဲ့ပါတယ်။

    အခုလို ကာကွယ်ဆေး လှူဒါန်းတာဟာ ကိုဗစ်ကပ်ရောဂါကို တွန်းလှန်နေတဲ့ အင်ဒိုနီးရှားပြည်သူတွေအပေါ် အမေရိကန်က ကူညီထောက်ပံ့မှုကို မီးမောင်းထိုးပြလိုက်တာ ဖြစ်တယ်လို့ ဆူလီဗန်က ပြောကြားခဲ့ပါတယ်။

    ကိုဗစ်နဲ့ပတ်သက်ပြီး အင်ဒိုနီးရှားကို ပိုမိုကူညီပံ့ပိုးပေးနိုင်ရေး အစီအစဉ်တွေကိုလည်း ဆူလီဗန်နဲ့ မာဆူဒီတို့ ဆွေးနွေးခဲ့ကြပါတယ်။

    အင်ဒိုနီးရှားဟာ တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး Sinovac ကို အဓိက မှီခိုနေရပေမယ့် အခြားကာကွယ်ဆေးတွေ ရရှိအောင်လည်း ကြိုးပမ်းနေပါတယ်။

    Ref: Reuters

  • အာဖဂန်ရှိ အဓိကလေတပ်စခန်းမှ အမေရိကန် ဆုတ်ခွာ

    အာဖဂန်ရှိ အဓိကလေတပ်စခန်းမှ အမေရိကန် ဆုတ်ခွာ

    ဇူလိုင် ၃၊ ၂၀၂၁
    M-Media

    -အာဖဂန်နစ္စတန်က အဓိက စစ်စခန်းတစ်ခုဖြစ်တဲ့ ဘာဂရမ် လေတပ်စခန်းကနေ တပ်ဖွဲ့ဝင်တွေအားလုံး ဆုတ်ခွာသွားပြီလို့ အမေရိကန်က ကာကွယ်ရေးဌာနက အတည်ပြု ပြောဆိုပါတယ်။

    နှစ်ပေါင်း ၂၀ ကြာမြင့်ခဲ့တဲ့ အာဖဂန်စစ်ပွဲမှာ ဘာဂရမ် လေတပ်စခန်းဟာ အလ်-ကိုင်းဒါနဲ့ တာလီဘန်အဖွဲ့တွေကို တိုက်ခိုက်ရာမှာ မဟာဗျူဟာမြောက်ပြီး အရေးပါတဲ့ စခန်းတစ်ခု ဖြစ်ခဲ့ပါတယ်။

    အမေရိကန် ကာကွယ်ရေးဌာနရဲ့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက စခန်းမှာရှိနေတဲ့ အမေရိကန်နဲ့ နေတိုးအဖွဲ့ စစ်သားတွေအားလုံး ဆုတ်ခွာသွားပြီး စခန်းကို အာဖဂန်တပ်ဖွဲ့တွေလက်ထဲ လွှဲပြောင်းပေးခဲ့တယ်လို့ မနေ့က ပြောဆိုခဲ့ပါတယ်။

    မြို့တော် ကဘူးလ် မြောက်ပိုင်းမှာရှိတဲ့ ဘာဂရမ် လေတပ်စခန်းကို အမေရိကန်တပ်ဖွဲ့ဝင် ၁ သိန်းလောက် လာရောက် တာဝန်ထမ်းဆောင်ခဲ့တာပါ။ အာဖဂန်မှာ နောက်ဆုံးကျန်နေတဲ့ စစ်သည်အင်အားကို အခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့မှာ နောက်ဆုံးထား ပြန်ခေါ်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားထားပါတယ်။

    ဘာဂရမ်လေတပ်စခန်း လွှဲပြောင်းရယူပွဲအခမ်းအနားကို အာဖဂန်အစိုးရက ဒီကနေ့မှာ ကျင်းပဖို့ ရှိနေပါတယ်။

    အာဖဂန်မှာရှိနေတဲ့ ဥရောပတပ်ဖွဲ့​ဝင်အများစုဟာ ဆုတ်ခွာသွားပြီ ဖြစ်ပါတယ်။ အမေရိကန်က​ ကဘူးလ်မှာရှိတဲ့ သံရုံးကို ကာကွယ်ဖို့အတွက် တပ်ဖွဲ့ဝင် ၆၅၀၀ ကိုသာ ထားရှိမှာ ဖြစ်ပါတယ်။

    Ref: Aljazeera