News @ M-Media

မြေထဲပင်လယ်တွင် အီဂျစ်က ရေတပ်စခန်းတစ်ခု ဖွင့်လှစ်

ဇူလိုင် ၄၊ ၂၀၂၁
M-Media

-မြေထဲပင်လယ်က အရေးပါတဲ့ ရေတပ်စခန်းတစ်ခုကို အီဂျစ်က မနေ့မှာ ဖွင့်လှစ်လိုက်ပါတယ်။

အလက်ဇန်းဒရီးယားမြို့ အနောက်ပိုင်း လစ်ဗျားနယ်စပ်နားမှာရှိတဲ့ အဲဒီ ရေတပ်စခန်းဟာ ဖြတ်သန်းသွားလာတဲ့သင်္ဘောတွေကို ပိုမိုစောင့်ရှောက်ပေးနိုင်မှာဖြစ်ပြီး နိုင်ငံရဲ့ မြောက်ဖက်နဲ့ အနောက်ဖက် ရေပိုင်နက်တွေကို လုံခြုံစေလိမ့်မယ်လို့ အီဂျစ်သမ္မတရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ရေတပ်စခန်း ဖွင့်ပွဲအခမ်းအနားကို အီဂျစ် သမ္မတ ဖာတာ အလ်စီစီ ယူအေအီး အိမ်ရှေ့မင်းသား ရှိခ် မိုဟာမက် ဘင် ဇယက် အလ်နဟ်ယန်၊ လစ်ဗျားသမ္မတကောင်စီ ဥက္ကဌ မိုဟာမက် အလ် မန်ဖီတို့ တက်ရောက်ခဲ့ပါတယ်။

အလ်စီစီဟာ စခန်းက စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ စစ်ဖက်ဆိုင်ရာ ပစ္စည်းတွေကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။

ရေတပ်စခန်းကို July 3 လို့ အမည်ပေးထာပြီး နိုင်ငံရဲ့ ပထမ​ဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတ မိုဟာမက် မော်စီအစိုးရကို အလ်စီစီဦးဆောင်တဲ့ စစ်တပ်က ဖြုတ်ချအာဏာသိမ်းလိုက်တဲ့နေ့ကို မှည့်ခေါ်တာ ဖြစ်ပါတယ်။

အီဂျစ်ဟာ မြေထဲပင်လယ်မှာ ရေတပ်စခန်း ၃ ခု၊ ပင်လယ်နီမှာ ၁ ခု ရှိနေပါတယ်။

Ref: Aljazeera