News @ M-Media

Blog

  • အီရန်သမ္မတရွေးကောက်ပွဲတွင် အီဘရာဟင် ရိုင်စီ အနိုင်ရရှိ

    အီရန်သမ္မတရွေးကောက်ပွဲတွင် အီဘရာဟင် ရိုင်စီ အနိုင်ရရှိ

    ဇွန် ၁၉၊ ၂၀၂၁
    M-Media

    -မနေ့ကကျင်းပတဲ့ အီရန်သမ္မတရွေးကောက်ပွဲမှာ သဘောထားတင်းမာတဲ့ လက်ယာဝါဒီ အီဘရာဟင် ရိုင်စီ အနိုင်ရသွားပြီလို့ ကနဦး မဲရလဒ်တွေကို ကိုးကားပြီး အီရန် ပြည်တွင်း မီဒီယာတွေ ကဖော်ပြပါတယ်။

    မဲပေါင်း ၂၈.၆ သန်း ရေတွက်ပြီးတဲ့အချိန်မှာ ရိုင်စီက ထောက်ခံမဲ ၁၇.၈ သန်းနဲ့ အပြတ်အသတ်အနိုင်ရထားကြောင်း အီရန်ဒုတိယပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

    အလယ်အလတ်သမား လက်ရှိသမ္မတ ဟာဆန်ရူဟာနီက ပြည်သူတွေရဲ့ ရွေးချယ်မှုကို ဂုဏ်ပြုကြိုဆိုတယ်လို့ ပြောကြားခဲ့ပါတယ်။ ရူဟာနီဟာ ရိုင်စီကို လူချင်းတွေ့ပြီး ဂုဏ်ပြုခဲ့ပါတယ်။

    ရိုင်စီရဲ့ ပြိုင်ဘက်တစ်ချို့ဟာ စနေနေ့မနက် အစောပိုင်းကတည်းက သူတို့ ရှုံးနိမ့်ကြောင်း အတည်ပြုပြောကြားခဲ့ကြတာပါ။

    အီရန်ရဲ့ တရားရေးဌာနမှာ အချိန်အတော်ကြာ ကျင်လည်ခဲ့ပြီး ၂၀၁၉ ခုနှစ်က တရားရေးဌာန အကြီးအကဲဖြစ်လာတဲ့ ရိုင်စီဟာ အီရန်အဓိပတိ အယာတိုလာ အလီခါမေနီက သမ္မတအဖြစ် လျာထားထားသူ ဖြစ်ပါတယ်။

    ရိုင်စီက အီရန်ပြည်သူတွေရဲ့ လူမှုဘ၀အပေါ် သက်ရောက်မှုရှိနေတဲ့ ပြဿနာအားလုံးကို ​ဖြေရှင်းဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ ​ပါဝင်ခဲ့မှုကို အဓိပတိ ခါမေနီက ချီးကျူးခဲ့ပါတယ်။

    Ref: Aljazeera

  • ပြည်တွင်းစစ် အကြီးအကျယ်ဖြစ်မည့် အန္တရာယ်အတွက် ကုလကိုယ်စားလှယ် သတိထပ်ပေး

    ပြည်တွင်းစစ် အကြီးအကျယ်ဖြစ်မည့် အန္တရာယ်အတွက် ကုလကိုယ်စားလှယ် သတိထပ်ပေး

    ဇွန် ၁၉၊ ၂၀၂၁
    M-Media

    FILE PHOTO: Myanmar’s military junta leader, General Min Aung Hlaing, speaks in a media broadcast in Naypyitaw, Myanmar February 8, 2021 in this still image taken from video. MRTV/Reuters TV via REUTERS

    -မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် အကြီးအကျယ်ဖြစ်မယ့် အန္တရာယ် အမှန်တကယ် ရှိနေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှာရ်နာ ဘာဂီနာက ပြောကြားလိုက်ပါတယ်။

    မြန်မာ့အရေး မနေ့က လုံခြုံရေးကောင်စီရဲ့ ဆွေးနွေးမှုမှာ ဘာဂီနာတက်ရောက်ပြီး မြန်မာနိုင်ငံက အခြေအနေကို တင်ပြခဲ့ပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံကလည်း စစ်ကောင်စီကို လက်နက်ရောင်းချမှု ပိတ်ပင်ရေး တိုက်တွန်းတဲ့ ဆုံးဖြတ်ချက်တစ်ခုကို မနေ့က အတည်ပြုခဲ့ပါတယ်။

    ဘာဂီနာက မြန်မာ့အရေးမှာ အချိန်ဆွဲနေလို့မရဘဲ စစ်တပ်ရဲ့ အာဏာသိမ်းမှု နောက်ပြန်ဆုတ်ရေး ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်း နည်းလာပြီလို့ ထည့်သွင်း သတိပေးခဲ့ပါတယ်။

    ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်မှာ စစ်ကောင်စီတပ်တွေက အရပ်သားတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုကို ရပ်တန့်ဖို့၊ ဖမ်းဆီးထားသူတွေကို ချက်ခြင်းပြန်လွှတ်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

    ကုလ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က အာဏာသိမ်း စစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ အဖွဲ့ဝင်နိုင်ငံအားလုံးကို တိုက်တွန်းခဲ့ပါတယ်။

    “ကျွန်တော်တို့နေတဲ့ ကမ္ဘာကြီးမှာ စစ်အာဏာသိမ်းမှုဟာ ရိုးရာတစ်ခု ဖြစ်လာတာမျိုး လက်ခံလို့ မရပါဘူး”

  • သက်တမ်းလွန်တော့မည့် ကိုဗစ်ကာကွယ်ဆေး လက်ခံရန် ပါလက်စတိုင်းကို အစ္စရေးက အကြပ်ကိုင်

    သက်တမ်းလွန်တော့မည့် ကိုဗစ်ကာကွယ်ဆေး လက်ခံရန် ပါလက်စတိုင်းကို အစ္စရေးက အကြပ်ကိုင်

    ဇွန် ၁၉၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကာကွယ်ဆေးရယူဖို့ အစ္စရေးနဲ့ သဘောတူညီမှုကို ဖျက်သိမ်းလိုက်တယ်လို့ ပါလက်စတိုင်းအစိုးရက ထုတ်ပြန်ပါတယ်။

    အစ္စရေးအစိုးရသစ်ဟာ Pfizer ကာကွယ်ဆေး အလုံးရေ ၁ သန်းကို လွှဲပေးဖို့ ပါလက်စတိုင်း အာဏာပိုင်တွေနဲ့ သဘောတူညီချက် ရခဲ့တာပါ။

    ဒါပေမယ့် ဒီကာကွယ်ဆေးတွေဟာ မကြာခင် သက်တမ်းကုန်မယ့် ဆေးတွေ ဖြစ်နေပြီး ပါလက်စတိုင်းပြည်သူတွေက သဘောတူညီချက်အတွက် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ကို ပြင်းပြင်းထန်ထန် ၀ေဖန်ခဲ့ပါတယ်။

    ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် မဲလ်ဟမ်က အစ္စရေးက ပထမဆုံးပို့ပေးတဲ့ ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၉ သောင်းဟာ သဘောတူညီချက်ပါ အချက်တွေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် ပြန်ပို့ပေးဖို့ စီစဥ်နေပြီး သဘောတူညီချက်ကိုလည်း ဖျက်သိမ်းလိုက်တယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    သက်တမ်းကုန်တော့မယ့် ကိုဗစ်ကာကွယ်ဆေး ၁ သန်းကို လက်ခံမှ အခုနှစ်နှောင်းပိုင်းမှာ ကိုဗစ်ကာကွယ်ဆေးအသစ် ၁ သန်း ပို့ပေးမယ်ဆိုတဲ့ အချက်နဲ့ အစ္စရေးက ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ကို အကြပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

    ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကတော့ ဒီသဘောတူညီချက်ကို Pfizer ရဲ့ တိုက်တွန်းမှုနဲ့ ရယူခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

    အစ္စရေးဟာ သူ့နိုင်ငံသားတွေအတွက် ကိုဗစ်ကာကွယ်ဆေး လုံလုံလောက်လောက်ရအောင် ဆောင်ရွက်ထားပေမယ့် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က ကာကွယ်ဆေးရဖို့ ကြိုးစားမှုကို ဟန့်တားတာတွေ ရှိနေပါတယ်။

    Ref : Aljazeera

  • အမေရိကန်နှင့် ရင်ဆိုင်ရန် အဆင်သင့်ပြင်ထားမည်ဟု မြောက်ကိုရီးယားပြော

    အမေရိကန်နှင့် ရင်ဆိုင်ရန် အဆင်သင့်ပြင်ထားမည်ဟု မြောက်ကိုရီးယားပြော

    ဇွန် ၁၈၊ ၂၀၂၁
    M-Media

    -အမေရိကန်နဲ့ ထိပ်တိုက်တွေ့ဖို့ ဒါမှမဟုတ် ဆွေးနွေးဖို့ ရာနှုန်းပြည့် ပြင်ဆင်ထားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ပြောကြားလိုက်ပါတယ်။

    ဒါဟာ သမ္မတသစ် ဂျိုးဘိုင်ဒန် တက်လာပြီးနောက်ပိုင်း မြောက်ကိုရီးယားရဲ့ ပထမဆုံး အမေရိကန်ကို ရည်ညွှန်းပြောဆိုမှုဖြစ်ပါတယ်။

    သမ္မတဟောင်း ထရမ့်လက်ထက်က ကင်ဂျုံအွန်နဲ့ ၂ ကြိမ်တွေ့ဆုံကာ ကိုရီးယားကျွန်းဆွယ် နျူကင်းရှင်းရေး ဆွေးနွေးခဲ့ပေမယ့် ထင်သာမြင်သာတဲ့ အောင်မြင်မှုမျိုး မရခဲ့ပါဘူး။

    ဒီနေ့ မြို့တော်ပြုံယမ်းမှာ အစိုးရထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ အကျိုးစီးပွား၊ ငြိမ်းချမ်းတဲ့ အသိုင်းအ၀ိုင်း၊ လုံခြုံရေးတို့ကို ကာကွယ်ဖို့အတွက် ရာနှုန်းပြည့် ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ကင်ဂျုံအွန်က ပြောကြားခဲ့ပါတယ်။

    ကိုရီးယားကျွန်းဆွယ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းချုပ်ထားဖို့အတွက် မိမိတို့ဟာ သတိဝိရိယရှိရှိ တုန့်ပြန်ဆောင်ရွက်သွားမယ်လို့လည်း သူက ဆိုပါတယ်။

    ကင်ဂျုံအွန်ဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကလည်း တိုင်းပြည်မှာ စားနပ်ရိက္ခာပြတ်လပ်မှု ဖြစ်နေတာကို ဝန်ခံခဲ့ပြီး အလွန်အမင်း စိုးရိမ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က မြောက်ကိုရီးယားအနေနဲ့ နျူနဲ့ ဒုံးကျည်စီမံကိန်းကို ရပ်တန့်ပြီး စားပွဲ၀ိုင်းကိုပြန်လာဖို့ ပြီးခဲ့တဲ့တစ်ပတ် G7 အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    Ref: BBC

  • စစ်ကောင်စီကို လက်နက်မရောင်းရေး ဆုံးဖြတ်ချက် ကုလသမဂ္ဂ အထွေထွေညီလာခံက ချမှတ်မည်

    စစ်ကောင်စီကို လက်နက်မရောင်းရေး ဆုံးဖြတ်ချက် ကုလသမဂ္ဂ အထွေထွေညီလာခံက ချမှတ်မည်

    ဇွန် ၁၈၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုကို ရှုတ်ချပြီး လက်နက်ရောင်းချမှု ပိတ်ပင်ရေး တိုက်တွန်းမယ့် ဆုံးဖြတ်ချက်တစ်ခုကို ကုလသမဂ္ဂ အထွေထွေညီလာခံက ဒီကနေ့ ချမှတ်ဖို့ ရှိနေပါတယ်။

    လုံခြုံ​ရေးကောင်စီကလည်း မြန်မာ့အရေး ဆွေးနွေးမှုတစ်ခုကို ဒီကနေ့ ပြုလုပ်မှာဖြစ်ပြီး ကုလအထူးကိုယ်စားလှယ် ခရစ္စတင်း ရှာရ်နာ ဘာဂီနာလည်း ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံအခြေအနေကို တင်ပြမှာ ဖြစ်ပါတယ်။

    ကုလအထွေထွေညီလာခံက ချမှတ်မယ့် ဆုံးဖြတ်ချက်မူကြမ်းအတွက် ပြီးခဲ့တဲ့ သီတင်းပတ်အနည်းအငယ်ကတည်းက အနောက်နိုင်ငံတွေ၊ အရှေ့တောင်အာရှ နိုင်ငံတွေအကြား အပြန်အလှန် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

    ​ဒီကနေ့ အစည်းအဝေးမှာ မဲနဲ့မဟုတ်ဘဲ အဖွဲ့ဝင်နိုင်ငံအားလုံး တစ်ညီတစ်ညွတ်တည်းသဘောထားနဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ်လို့ သံတမန်တစ်ဦးက ပြောပါတယ်။

    မြန်မာ့အရေး ဖြေရှင်းဖို့ ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုတွေကို တောက်လျှောက် ဟန့်တားလာတဲ့ တရုတ်က အခုထွက်လာမယ့် ဆုံးဖြတ်ချက်ကို ထောက်ခံမလား၊ ကန့်ကွက်မလားဆိုတာ မသဲကွဲသေးပါဘူး။

    ဆုံးဖြတ်ချက်မူကြမ်းမှာ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး ဆောင်ရွက်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူ​တွေကို ပြန်လွှတ်ပေးဖို့၊ ပြည်သူအပေါ် အကြမ်းဖက်မှုကို ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။

    ဧပြီလ အာဆီယံထိပ်သီးအစည်းအဝေးမှာ သဘောတူခဲ့တဲ့ အချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့၊ ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှာရ်နာ ဘာဂီနာကို မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခွင့်ပေးဖို့လည်း ဆုံးဖြတ်ချက်မူကြမ်းမှာ တိုက်တွန်းထားပါတယ်။

    Ref: Reuters