News @ M-Media

Blog

  • မြန်မာအိမ်အကူအား နှိပ်စက်သတ်ဖြတ်ခဲ့သူကို စင်ကာပူက ထောင် နှစ် ၃၀ ချ

    မြန်မာအိမ်အကူအား နှိပ်စက်သတ်ဖြတ်ခဲ့သူကို စင်ကာပူက ထောင် နှစ် ၃၀ ချ

    ဇွန် ၂၂၊ ၂၀၂၁
    M-Media

    -မြန်မာအိမ်အကူတစ်ဦးကို ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခဲ့တဲ့ အမျိုးသမီးတစ်ဦးကို စင်ကာပူက ဒီကနေ့မှာ ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်ပါတယ်။

    ကျူးလွန်ခဲ့သူ အသက် ၄၀ အရွယ် ဂိုင်ယာသီရိ မူရူဂါယန်ဟာ ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ ဇနီးပါ။ တရားသူကြီးတွေက မူရူဂါယန်ဟာ ‘ရက်စက်ယုတ်မာပြီး လူမဆန်တဲ့လုပ်ရပ်ကို’ လုပ်ဆောင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ချင်းပြည်နယ်က အသက် ၂၄ နှစ်အရွယ် Piang Ngaih Don ဟာ ၂၀၁၅ ခုနှစ်​မေလမှာ စင်ကာပူနိုင်ငံကို ရောက်ရှိလာခဲ့ပြီး ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

    စတင်​ရောက်ရှိချိန် ကိုယ်အလေးချိန် ၃၉ ကီလိုဂရမ်ရှိတဲ့ Piang Ngaih Don ဟာ မူရူဂါယန်နဲ့ မိခင်ဖြစ်သူတို့ရဲ့ ညှင်းပမ်းနှိပ်စက်ရိုက်နှက်မှု၊ အစာအငတ်ထားမှုတွေကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီးတဲ့နောက် ကွယ်လွန်ချိန်မှာ ၂၄ ကီလိုဂရမ်သာ ရှိပါတော့တယ်။

    “ကျူးလွန်သူရဲ့ ရက်စက်မှုတွေ၊ ကမ်းကုန်အောင်ယုတ်မာမှုတွေအတွက် ပြောစရာစကားကို မရှိတော့ပါဘူး” လို့ တရားသူကြီး စီကီအွန်က အမိန့်ချမှတ်မှုမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Piang Ngaih Don ဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဆိုးဆိုးရွားရွား နှိပ်စက်ညှင်းပမ်းမှုကို မသေဆုံးခင် အချိန်အတော်ကြာ ခံစားသွားခဲ့ရကြောင်း၊ ဒါဟာ နိုင်ငံသမိုင်းက အဆိုးရွားဆုံး လူသတ်မှုတွေထဲက တစ်ခုဖြစ်ကြောင်း တရားသူကြီးက ဆိုပါတယ်။

    မူရူဂါယန်ရဲ့ မိခင်ဖြစ်သူလည်း ညှင်းပမ်းနှိပ်စက်မှုမှာ ပါဝင်ပါတယ်။ မသေဆုံးခင်တစ်လလောက်မှာ Piang Ngaih Don တစ်ယောက် နှိပ်စက်မှုဒဏ်ကို အဆိုးဆုံးခံစားခဲ့ရပြီး နောက်ဆုံးမှာ လည်ပင်းညှစ်အသတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

    တရားလိုရှေ့နေတွေက မူရူဂါယန်ကို ထောင်ဒဏ်တစ်သက်ချဖို့ တောင်းဆိုခဲ့တာပါ။ ဒီကိစ္စနဲ့ဆက်စက်ပြီး သူမရဲ့ ​ခင်ပွန်း ရဲတပ်ဖွဲ့ဝင်ဟာ ရာထူးကနေ ရပ်ဆိုင်းခံရပြီး ခင်ပွန်းနဲ့ မိခင် ၂ ယောက်စလုံး တရားစွဲခံထားရပါတယ်။

    Ref: CNA

  • ကနေဒါရှိ တိုင်းရင်းသားဒေသတွင် ခရစ်ယာန်ဘုရားကျောင်းနှစ်ခု မီးလောင်

    ကနေဒါရှိ တိုင်းရင်းသားဒေသတွင် ခရစ်ယာန်ဘုရားကျောင်းနှစ်ခု မီးလောင်

    ဇူလိုင် ၂၂၊ ၂၀၂၁
    M-Media

    -ကနေဒါနိုင်ငံအနောက်ပိုင်း ဌာနေလူမျိုးစုတွေနေတဲ့ ဘရစ်တစ်ရှ် ကိုလံဘီယာ​ပြည်နယ်မှာ မနေ့က ခရစ်ယာန်ကက်သလစ် ဘုရားကျောင်းနှစ်ခု မီးလောင်ခဲ့ပြီး ရဲတပ်ဖွဲ့က ရှို့မီးလို့ သတ်မှတ်ထားပါတယ်။

    ၁၉ ရာစုနဲ့ ၂၀ ရာစုက ခရစ်ယာန်ကက်သလစ်အဖွဲ့တွေဟာ သူတို့ရဲ့ သာသနာပြုကျောင်းတွေမှာ ဌာနေလူမျိုးစု ကလေးငယ်တွေကို ခရစ်ယာန်ဇာတ်ထဲ အဓမ္မသွတ်သွင်းခဲ့ပြီး၊ ညှင်းပမ်းနှိပ်စက်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ကာ ဌာနေလူမျိုးစုတွေအကြား မကျေနပ်ချက်တွေ ရှိနေတဲ့အချိန် ဒီမီးလောင်မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

    နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိတဲ့ Sacred Heart ဘုရားကျောင်းနဲ့ Gregory’s ဘုရားကျောင်းတို့ဟာ တနင်္လာနေ့မနက် အစောပိုင်းမှာ တစ်ချိန်တည်းလိုလို မီးလောင်ပြာကျခဲ့တာပါ။

    ရဲတပ်ဖွဲ့ကတော့ လောင်စာအရည်ကိုသုံးပြီး မီးရှို့ခဲ့တာဖြစ်တယ်လို့ သံသယရှိကြောင်း ထုတ်ပြန်ထားပါတယ်။ အခင်းဖြစ်ပွားခဲ့တဲ့ တနင်္လာနေ့ဟာ ကနေဒါက ‘ဌာနေလူမျိုးစုများနေ့’ လည်း ဖြစ်ပါတယ်။

    ဘရစ်တစ်ရှ် ကိုလံဘီယာပြည်နယ် ကမ်လုပ်မြို့က ကက်သလစ်သာသနာပြုကျောင်းတစ်ခုမှာ ဌာနေကလေးငယ် ၂၁၅ ဦးရဲ့ ရုပ်အလောင်းကို မေလအတွင်းက တွေ့ခဲ့ရပါတယ်။ အခုမီးလောင်ခဲ့တဲ့ ဘုရားကျောင်းနှစ်ခုဟာ ကမ်လုပ်မြို့နဲ့ ကီလိုမီတာ ၁၀၀ ပျော့ပျော့ ဝေးပါတယ်။

    ခရစ်ယာန်သာသနပြုအဖွဲ့တွေဟာ ၁၈၆၇ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်အတွင်း ဌာနေ​က​လေးငယ် တစ်သိန်းခွဲကျော်ကို သူတို့ရဲ့ သာသနာပြုကျောင်းတွေမှာ တက်စေပြီး ဌာနေလူမျိုးစုတွေရဲ့ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား၊ ဓလေ့ထုံးတမ်းတွေ ပပျောက်အောင် အဓမ္မလုပ်ဆောင်တာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာ၊ ညှင်းပမ်းနှိပ်စက်တာတွေ ရှိခဲ့ကြောင်း ကနေဒါအစိုးရရဲ့ စုံစမ်းစစ်ဆေးမှုမှာ တွေ့ခဲ့ရပါတယ်။ လစ်လျူရှုမှု၊ ရောဂါဘယဒဏ်တွေကိုလည်း ကလေးတွေ အကြီးအကျယ် ခံစားခဲ့ရပါတယ်။

    အဲဒီစနစ်ကြောင့် သေဆုံးသူဟာ ၃၂၁၃ ဦးရှိတယ်လို့ စာရင်းတွေက ဆိုပေမယ့် အမှန်တကယ်အရေအတွက်က အခုထက် ပိုများနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။

    တနင်္လာနေ့က ကက်သလစ်ဘုရားကျောင်းနှစ်ခု မီးလောင်မှုမှာ ကနဦးစစ်ဆေးမှုတွေအရ ရှို့မီးဆိုတာကို တွေ့ရကြောင်း၊ ဘာ့ကြောင့် ဒီလိုရှို့တယ်ဆိုတာ ဆက်လက်စုံစမ်းနေကြောင်း၊ ခရစ်ယာန်သာသနာပြုကျောင်းကိစ္စ လတ်တလော ပြဿနာတွေကို သိထားပေမယ့် မီးလောင်တဲ့အကြောင်းအရင်းက ဒီကိစ္စကြောင့်ဖြစ်တယ်လို့ မစွပ်စွဲလိုသေးကြောင်း ကနေဒါရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

    Ref: BBC, The Guardian

  • ဥရောပသမဂ္ဂက စစ်ကောင်စီကို ၃ ကြိမ် ပိတ်ဆို့အရေးယူမှု ပြုလုပ်

    ဥရောပသမဂ္ဂက စစ်ကောင်စီကို ၃ ကြိမ် ပိတ်ဆို့အရေးယူမှု ပြုလုပ်

    ဇွန် ၂၂၊ ၂၀၂၁
    M-Media

    -အာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ လုပ်ငန်းတွေအပေါ် ဥရောပသမဂ္ဂက တတိယအကြိမ် ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်လိုက်ပါတယ်။

    အခုစာရင်းထဲမှာ စစ်ကောင်စီက ဝန်ကြီးနဲ့ ဒုတိယဝန်ကြီး စုစုပေါင်း ၈ ဦး၊ စစ်ခေါင်းဆောင်တွေ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်လုပ်ငန်း ၃ ခု၊ စစ်ခေါင်းဆောင်တွေကို ကူညီပေးနေတဲ့ အောက်ခြေအဖွဲ့အစည်း ၁ ခုတို့ ပါဝင်လာပါတယ်။

    စစ်ကောင်စီက ခန့်ထားတဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ စစ်ကောင်စီမှာ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ ရေတပ်အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး တင်အောင်ဆန်း၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနိုင်၊ ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စက်မှုဝန်ကြီး ဦးဝင်းရှိန်၊ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ကြီး ဦးခင်မောင်ရီ၊ ရှေ့နေချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့မှုစာရင်းထဲမှာ ပါဝင်လာပါတယ်။

    စာရင်းထဲမှာပါဝင်တဲ့သူတွေဟာ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေမှာ ပိုင်ဆိုင်မှုတွေရှိရင် သိမ်းဆည်းခံရမှာဖြစ်ပြီး၊ ဒီလူတွေနဲ့ စီးပွားရေး ဆက်သွယ်ဆောင်ရွက်တာကို တားမြစ်မှာဖြစ်ပါတယ်။

    စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ မြန်မာ့ ကျောက်မြတ်လုပ်ငန်း၊ သစ်လုပ်ငန်း၊ သစ်တောထွက်ပစ္စည်း ဖက်စပ် ကော်ပိုရေးရှင်း လီမိတက်၊ စစ်ကောင်စီကို ကူညီထောက်ပံ့ပေးနေတဲ့ စစ်မှူထမ်းဟောင်းများအဖွဲ့တို့လည်း ပိတ်ဆို့အရေးယူခံရတဲ့ စာရင်းထဲမှာ ပါဝင်လာပါတယ်။

    ကျောက်မြတ်နဲ့ သစ်လုပ်ငန်းတို့ကို ပစ်မှတ်ထား အရေးယူလိုက်တာဟာ စစ်ခေါင်းဆောင်တွေ နိုင်ငံရဲ့ သယံဇာတ အမြတ်ထုတ်နေမှုကို ကန့်သတ်လိုက်တာဖြစ်တယ်လို့ ဥရောပသမဂ္ဂရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဥရောပသမဂ္ဂဟာ ဖေဖော်ဝါရီလနဲ့ မတ်လတို့က အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို နှစ်ကြိမ်တိတိ ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့ကြောင် ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုခံရတဲ့ စစ်ခေါင်းဆောင်အရေအတွက်ဟာ ၄၃ ဦးရှိလာပြီး၊ သူတို့ပိုင်တဲ့ လုပ်ငန်းက ၆ ခု ရှိလာပါပြီ။

    ဒီလူတွေနဲ့ အဖွဲ့အစည်းတွေဟာ တိုင်းပြည်မှာ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေး ပျက်ပြားအောင် လုပ်ဆောင်နေပြီး လူ့အခွင့်အရေးကိုလည်း ဆိုးဆိုးရွားရွား ချိုးဖောက်နေတယ်လို့ ဥရောပသမဂ္ဂက ပြောကြားထားပါတယ်။

    ဗြိတိန်ကလည်း မနေ့က အာဏာသိမ်းစစ်ကောင်စီအပေါ် ၆ ကြိမ်မြောက် ပိတ်ဆို့အရေးယူမှု ပြုလုပ်ခဲ့ပြီး အခုစာရင်းထဲမှာ မြန်မာ့သစ်လုပ်ငန်းနဲ့ ပုလဲလုပ်ငန်းတွေ ပါဝင်လာပါတယ်။

    Ref: UPI

  • ဒုက္ခသည်များကို ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် မလေးရှားစီစဉ်

    ဒုက္ခသည်များကို ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် မလေးရှားစီစဉ်

    ဇွန် ၂၁၊ ၂၀၂၁
    M-Media

    ကိုဗစ်ကာကွယ်ဆေးစီမံကိန်းရဲ့ ညှိနှိုင်းဆွေးနွေးရေးဆိုင်ရာဝန်ကြီး ခိုင်ရီ ဂျမာလွတ်ဒင်

    -နိုင်ငံအတွင်းက ဒုက္ခသည်လူ့အဖွဲ့အစည်းတွေကို တစ်ကြိမ်သာထိုးရတဲ့ CanSino ကိုဗစ်ကာကွယ်ဆေး ထိုးပေးမယ်လို့ မလေးရှားက ပြောကြားလိုက်ပါတယ်။

    CanSino ကာကွယ်ဆေးကို ဇူလိုင်လနှောင်းပိုင်းမှာ ဖြန့်ဖြူးပေးနိုင်အောင် မလေးရှားအစိုးရက စီစဉ်နေတာ ဖြစ်ပါတယ်။

    မလေးရှား ကိုဗစ်ကာကွယ်ဆေးစီမံကိန်းရဲ့ ညှိနှိုင်းဆွေးနွေးရေးဆိုင်ရာဝန်ကြီး ခိုင်ရီ ဂျမာလွတ်ဒင်က ဒုက္ခသည်လူ့အဖွဲ့အစည်းတွေအနေနဲ့ လွယ်လွယ်ကူကူ ထိုးနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    “သူတို့နဲ့ ဆက်သွယ်ဆောင်ရွက်ရတာ ခက်ခဲတာကြောင့် တစ်ကြိမ်တည်းထိုးရတဲ့ ကာကွယ်ဆေးက ဒုက္ခသည်လူ့အဖွဲ့အစည်းတွေအတွက် ပိုမို လွယ်ကူစေမှာပါ”

    နေထိုင်ခွင့် စာရွက်စာတမ်းမရှိတာကြောင့် ကိုဗစ်ကာကွယ်ဆေး လာမထိုးတာမျိုး အဖြစ်ခံလို့မရဘူးလို့လည်း ခိုင်ရီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “စာရွက်စာတမ်း ရှိလား၊ မရှိဘူးလားဆိုတဲ့ကိစ္စက နောက်ပိုင်း ဖြေရှင်းလို့ရတယ်ဗျ။ ကာကွယ်ဆေးထိုးဖို့က ပိုပြီးအရေးကြီးပါတယ်”

    မလေးရှားဟာ နိုင်ငံခြားသားတွေအပါအဝင် တစ်နိုင်ငံလုံးမှာရှိနေတဲ့သူတွေ ကာကွယ်ဆေးထိုးပေးရေးစီမံကိန်းကို ဖေဖော်ဝါရီလမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

    ချင်း၊ ကရင်နဲ့ ရိုဟင်ဂျာတို့အပါအဝင် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်အဆက်ဆက် ဖိနှိပ်ညှင်းပမ်းမှုကြောင့် ထွက်ပြေးလာရတဲ့ ဒုက္ခသည်အများအပြား မလေးရှားမှာ ရှိနေပါတယ်။

    Ref: The Star

  • ဆော်ဒီနှင့်ပြေလည်ရန် မည်သည့်အဟန့်အတားမှ ရှိမနေဟု အီရန်သမ္မတသစ် ပြော

    ဆော်ဒီနှင့်ပြေလည်ရန် မည်သည့်အဟန့်အတားမှ ရှိမနေဟု အီရန်သမ္မတသစ် ပြော

    ဇွန် ၂၁၊ ၂၀၂၁
    M-Media

    -ဆော်ဒီအာရေဗျနဲ့ ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့မှာ ဘာအတားအဆီးမှ မရှိဘူးလို့ အီရန်သမ္မတသစ် အီဘရာဟင် ရိုင်စီက ပြောကြားလိုက်ပါတယ်။

    ရိုင်စီဟာ ပြီးခဲ့တဲ့သောကြာနေ့ သမ္မတရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို အနိုင်ရခဲ့တာပါ။ ဒီနေ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာတော့ ဒေသတွင်းရန်ဘက် ဆော်ဒီနဲ့ ဆက်ဆံရေးကိစ္စ အပါအဝင် သူ့ရဲ့ အစီအစဉ်တစ်ချို့ကို ထုတ်ပြောခဲ့ပါတယ်။

    “သံရုံးတွေပြန်ဖွင့်ဖို့ အီရန်ဖက်က ဘာအတားအဆီးမှ မရှိသလို၊ ဆော်ဒီအာရေဗျနဲ့ ဆက်ဆံရေးပြန်တည်ဆောက်ဖို့လည်း အဟန့်အတား မရှိပါဘူး”

    ဆော်ဒီက ရှီအာ ဘာသာရေးခေါင်းဆောင်တစ်ဦးကို ကွပ်မျက်လိုက်တဲ့ နောက်ဆက်တွဲအဖြစ် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ တီဟီရန်က ဆော်ဒီသံရုံးကို ဆန္ဒပြသူတွေက တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေး ပြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။

    ဒါပေမယ့် ပြီးခဲ့တဲ့လအနည်းငယ်အတွင်း အီရန်နဲ့ ဆော်ဒီတို့ဟာ ဆက်ဆံရေးပြန်လည်​တည်ဆောက်ဖို့အတွက် ဆွေးနွေးမှု ပြုလုပ်နေတယ်လို့ သတင်းတွေထွက်ခဲ့ပြီး နှစ်ဖက်စလုံးက အတည်ပြုခဲ့ပါတယ်။

    သမ္မတထရမ့်လက်ထက်မှာ ပျ​က်ပြယ်လုနီးပါးဖြစ်ခဲ့တဲ့ ၂၀၁၅ နျူသဘောတူညီချက်ကို ပြန်လည်အသက်သွင်းဖို့ အီရန်နဲ့ အမေရိကန်တို့ ကြိုးစားနေကြတာပါ။

    သမ္မတ ရိုင်စီက အီရန်ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် နိုင်ငံခြားရေးပေါ်လစီကို နျူသဘောတူညီချက်နဲ့ ကန့်သတ်မထားဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အီရန်ရဲ့ ဒုံးကျည်စီမံကိန်းကို ဆွေးနွေးညှိနှိုင်းမယ့်အထဲမှာ ထည့်သွင်းမထားဘူးလို့လည်း သူက ဆိုပါတယ်။

    Ref: Press TV