News @ M-Media

Blog

  • အာဏာသိမ်းရန်ကြံစည်မှုကိစ္စ ဂျော်ဒန်က ပထမဆုံး ကြားနာစစ်ဆေး

    အာဏာသိမ်းရန်ကြံစည်မှုကိစ္စ ဂျော်ဒန်က ပထမဆုံး ကြားနာစစ်ဆေး

    ဇွန် ၂၁၊ ၂၀၂၁
    M-Media

    အိမ်ရှေ့မင်းသားဟောင်း ဟမ်ဇာ

    -ဘုရင် အဘ်ဒူလာ ၂ ကို ဖြုတ်ချ အာဏာသိမ်းဖို့ ကြိုးစားတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ လူ ၂ ဦးကို ဂျော်ဒန်က တရားစွဲဆိုပြီး ဒီကနေ့မှာ ပထမဆုံး ကြားနာ စစ်ဆေးပါတယ်။

    တရားစွဲခံရသူတွေဟာ ဘုရင် အဘ်ဒူလာရဲ့ ဆွေမျိုး ရှရစ်ဖ် ဟာဆန် ဘင် ဇိုက်နဲ့ နန်းတွင်းဆိုင်ရာ အကြီးအကဲဟောင်း ဘာဆမ် အာဝါဒွလ္လာဟ်တို့ ဖြစ်ပါတယ်။ သူတို့တွေဟာ ဘုရင် အဘ်ဒူလာရဲ့ ဖအေတူ အမေကွဲညီ မင်းသား ဟမ်ဇာနဲ့ ပေါင်းကာ နိုင်ငံခြားအကူအညီ ရယူပြီး အာဏာသိမ်းဖို့ ကြံတယ်လို့ စွပ်စွဲခံထားရတာပါ။

    ဒါဟာ ဂျော်ဒန်နိုင်ငံသမိုင်းမှာ အကြီးမားဆုံး တရားစွဲဆိုမှုလည်း ဖြစ်ပါတယ်။

    အိမ်ရှေ့မင်းသားဟောင်းဖြစ်ခဲ့တဲ့ မင်းသားဟမ်ဇာက သူဟာ နေအိမ်အကျယ်ချုပ် ချခံထားရတယ်လို့ ဧပြီလက ဗီဒီယိုရိုက်ကာ အွန်လိုင်းမှာ လွှင့်တင်ခဲ့တဲ့နောက် ဂျော်ဒန်နန်းတွင်းအရှုပ်တော်ပုံ လူသိရှင်ကြား ဖြစ်လာတာပါ။

    ဂျော်ဒန်အစိုးရကလည်း ဒီသတင်းကို အတည်ပြုခဲ့ပြီး ဘုရင်ဖြစ်ချင်နေတဲ့ ဟမ်ဇာဟာ ရှရစ်ဇ်ဟာဆန်၊ ဘာဆမ် အာဝါဒွလ္လာဟ်တို့နဲ့ပေါင်းကာ နိုင်ငံခြားအကူအညီရယူပြီး အာဏာသိမ်းဖို့၊ တိုင်းပြည်မတည်မငြိမ်ဖြစ်အောင်လုပ်ဖို့ ကြံစည်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

    ဟမ်ဇာကတော့ အာဏာသိမ်းဖို့ကြိုးစားတယ်ဆိုတဲ့ သတင်းတွေကို ငြင်းပြီး အစိုးရအတွင်း ခြစားမှုတွေ၊ စီမံခန့်ခွဲမှု အမှားတွေကို ထောက်ပြတဲ့အတွက် ပစ်မှတ်ထားခံရတာလို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

    ဘုရင် အဘ်ဒူလာဟာ ၂၀၀၄ ခုနှစ်မှာ ဟမ်ဇာကို အိမ်ရှေ့အရာကနေချပြီး သူ့ရဲ့သား အကြီးဆုံးကို အရာအပ်နှင်းခဲ့တာ ဖြစ်ပါတယ်။

    အိမ်ရှေ့မင်းသားဟောင်း ဟမ်ဇာကတော့ တရားစွဲဆိုခြင်း မခံရပါဘူး။

    Ref: Aljazeera

  • ရုရှားနှင့် ဆက်ဆံရေးတိုးမြှင့်ရန် စစ်ကောင်စီက စိတ်ပိုင်းဖြတ်ထား

    ဇွန် ၂၁၊ ၂၀၂၁
    M-Media

    FILE PHOTO: Myanmar’s military junta leader, General Min Aung Hlaing, speaks in a media broadcast in Naypyitaw, Myanmar February 8, 2021 in this still image taken from video. MRTV/Reuters TV via REUTERS

    -နှစ်နိုင်ငံဆက်ဆံရေးခိုင်မာအောင် ဆောင်ရွက်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ မြန်မာ အာဏာသိမ်းစစ်ကောင်စီအကြီးအကဲက ပြောကြားခဲ့ကြောင်း ရုရှား လုံခြုံရေးဆိုင်ရာ အကြီးအကဲ နီကိုလိုင်း ပက်ထရူးရှက်ဗ်က ပြောပါတယ်။

    စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မော်စကိုမှာ ၃ ရက်ကြာကျင်းပမယ့် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ညီလာခံကို တက်ဖို့ မနေ့က ရုရှားနိုင်ငံကို သွားရောက်ခဲ့ပါတယ်။

    ပက်ထရူးရှက်ဗ်က စစ်ကောင်စီဥက္ကဌနဲ့ တွေ့ဆုံမှုအတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်ကတော့ စစ်ကောင်စီဥက္ကဌနဲ့ တွေ့ဆုံဖို့ မရှိဘူးလို့ သမ္မတပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ထုတ်ပြန်ပါတယ်။

    စစ်ကောင်စီဥက္ကဌရဲ့ ဒီခရီးစဉ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဒုတိယမြောက် နိုင်ငံခြားခရီးစဉ် ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဧပြီလက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာလုပ်တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။

    Ref: RT

  • လူသားချင်းစာနာစိတ်ရှိရန်နှင့် ဘာသာရေးနေရာများကို လေးစားရန် စစ်ကောင်စီကို ပုပ်ရဟန်းမင်းကြီး မေတ္တာရပ်ခံ

    လူသားချင်းစာနာစိတ်ရှိရန်နှင့် ဘာသာရေးနေရာများကို လေးစားရန် စစ်ကောင်စီကို ပုပ်ရဟန်းမင်းကြီး မေတ္တာရပ်ခံ

    ဇွန် ၂၀၊ ၂၀၂၁
    M-Media

    -ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို အကူအညီပေးနိုင်ရေး လမ်းကြောင်းတစ်ခု ဖော်ဆောင်ပေးဖို့ အာဏာသိမ်းစစ်ကောင်စီကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မေတ္တာရပ်ခံလိုက်ပါတယ်။

    အာဏာသိမ်းမှုဆန့်ကျင်တာကို စစ်ကောင်စီက အကြမ်းဖက်တုန့်ပြန်တာကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းက ပြည်သူတွေဟာ ရရာလက်နက်စွဲကိုင်ပြီး တော်လှန်တိုက်ထုတ်နေကြတာပါ။

    စစ်ကောင်စီတပ်တွေကလည်း လေယာဉ်တွေ၊ လက်နက်ကြီးအပါအဝင် အင်အားအများအပြားသုံးပြီး အရပ်သားတွေနေထိုင်တဲ့ နေရာပါမကျန် တုန့်ပြန်တိုက်ခိုက်တာကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူအရေအတွက်ဟာ သိန်းချီရှိလာပြီ ဖြစ်ပါတယ်။

    ဒီကနေ့ စိန့်ပီတာရင်ပြင်က ဝတ်ပြုဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က လူသားချင်းစာနာထောက်ထားဖို့၊ ဘာသာရေးအဆောက်အဦးတွေကို လေးစားဖို့ မြန်မာနိုင်ငံ ကက်သလစ်ရဟန်းတော်များအသင်းရဲ့ ပြီးခဲ့တဲ့တစ်ပတ်က မေတ္တာရပ်ခံမှုအတိုင်း မိမိလည်း စစ်ကောင်စီကို ထပ်လောင်း မေတ္တာရပ်ခံလိုတယ်လို့ ပြောကြားခဲ့ပါတယ်။

    မတည်ငြိမ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ မြန်မာနိုင်ငံက ထောင်နဲ့ချီတဲ့သူတွေဟာ ဆာလောင်မွတ်သိပ်မှုလို ကြေကွဲစရာ အခြေအနေတွေနဲ့ ကြုံတွေ့နေရတယ်လို့ ပုပ်ဖရန်စစ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဒါ့အပြင် အကြမ်းဖက်မှုတွေ ရပ်တန်ဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

    လတ်တလောဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေအတွင်း စစ်ကောင်စီတပ်တွေဟာ ကယားပြည်နယ်မှာ ခရစ်ယာန်ဘုရားကြောင်းကို လက်နက်ကြီးနဲ့ ထုခဲ့တဲ့အတွက် ဘုရားကျောင်းပျက်ဆီးကာ အထဲမှာ ခိုလှုံနေသူတစ်ချို့ သေဆုံးဒဏ်ရာရတာတွေ ဖြစ်ပွားခဲ့ပါတယ်။

    Ref: The Star

  • ထင်ရှားသည့် ယူအေအီး လူ့အခွင့်အရေးလှုပ်ရှားသူ လန်ဒန်ကား မတော်တဆမှုတွင် ကွယ်လွန်

    ထင်ရှားသည့် ယူအေအီး လူ့အခွင့်အရေးလှုပ်ရှားသူ လန်ဒန်ကား မတော်တဆမှုတွင် ကွယ်လွန်

    ဇွန် ၂၀၊ ၂၀၂၁
    M-Media

    -အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က ထင်ရှားတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အဲလာ အလ်-ဆစ်ဒစ်ဟာ လန်ဒန်မြို့က ကားမတော်တဆမှုမှာ ကွယ်လွန်သွားခဲ့ပါတယ်။

    အဲလာဟာ ယူအေအီးနဲ့ ပင်လယ်ကွေ့ဒေသမှာ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေး ပိုမိုထွန်းကားအောင် တိုက်တွန်းဆော်ဩတဲ့ အကျိုးအမြတ်မယူတဲ့ ယူကေအခြေစိုက်အဖွဲ့ ALQST ရဲ့ အမှုဆောင် ဒါရိုက်တာ ဖြစ်ပါတယ်။

    “ချစ်ခင်လေးစားရတဲ့ အမှုဆောင်ဒါရိုက်တာ အဲလာ အလ်-ဆစ်ဒစ် ၂၀၂၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ ရုတ်တရက်ကွယ်လွန်သွားမှုအတွက် ဝမ်းနည်းကြေကွဲရပါတယ်။ ငြိမ်းချမ်းစွာ အနားယူပါတော့” လို့ ALQST အဖွဲ့က သူတို့ရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဖခင်ဖြစ်သူ မိုဟာမက် အလ်-ဆစ်ဒစ်ကလည်း ထင်ရှားတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ၂၀၁၃ ခုနှစ်ကတည်းက ယူအေအီးမှာ ဖမ်းခံထားရတာပါ။

    ယူအေအီးအာဏာပိုင်တွေက ဖမ်းဆီးဖို့ ကြိုးစားတာကြောင့် အဲလာနဲ့ ခင်ပွန်းဖြစ်သူတို့ဟာ ၂၀၁၂ ခုနှစ်က ကာတာနိုင်ငံမှာ ခိုလှုံခွင့်လျှောက်ထားပြီး နေထိုင်ခဲ့ရပါတယ်။ အဲလာကို လွှဲပေးဖို့ ယူအေအီးက တောင်းဆိုခဲ့ပေမယ့် ကာတာက ပယ်ချခဲ့ပါတယ်။

    Ref: Aljazeera

  • လုံခြုံရေးကောင်စီတွင် တရုတ်က စစ်ကောင်စီကို ထပ်မံကာကွယ်ပေး

    လုံခြုံရေးကောင်စီတွင် တရုတ်က စစ်ကောင်စီကို ထပ်မံကာကွယ်ပေး

    ဇွန် ၂၀၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံပြဿနာဖြေရှင်းရာမှာ သက်ဆိုင်သူတွေအားလုံး နိုင်ငံရေးဆွေးနွေးမှုကနေ ညှိနှိုင်းတာမျိုး မျှော်လင့်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် ကျန်းကျွင်းက ပြောပါတယ်။

    စစ်ကောင်စီအပေါ် လက်နက်ရောင်းချမှု တားဆီးရေး တိုက်တွန်းတဲ့ ဆုံးဖြတ်ချက်တစ်ခုကို သောကြာနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အတည်ပြုနိုင်ခဲ့ပါတယ်။

    သောကြာနေ့မှာပဲ လုံခြုံရေးကောင်စီကလုပ်တဲ့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးမှုမှာ တရုတ်သံအမတ် ကျန်းကျွင်းက မြန်မာနိုင်ငံရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး၊ သက်ဆိုင်သူတွေအားလုံးနဲ့ ဆက်သွယ်တောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    လုံခြုံရေးကောင်စီက တစ်ညီတစ်ညွတ်တည်း တုန့်ပြန်ဆောင်ရွက်မှုတွေမှာ မိမိတို့က တက်ကြွစွာ ပါဝင်နေကြောင်း၊ အာဆီယံအဖွဲ့က ကြားဝင်ဆောင်ရွက်နေတဲ့ အစီအစဉ်ကို ထောက်ခံကြောင်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    တရုတ်ဟာ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေကို ခေတ်အဆက်ဆက် အကာအကွယ်ပေးလာတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းမှု နောက်ကွယ်မှာလည်း ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေတယ်လို့ သတင်းတွေ ထွက်နေတာပါ။

    ကျန်းကျွင်းက မြန်မာနိုင်ငံပြဿနာဟာ ပြည်တွင်းရေးဖြစ်ပြီး၊ စစ်ကောင်စီအပေါ် ပိတ်ဆို့မှုတွေက အခြေအနေကို ပိုမိုတင်းမာ ရှုပ်ထွေးစေမှာဖြစ်တယ်လို့လည်း သောကြာနေ့ လုံခြုံရေးကောင်စီရဲ့ အလွတ်သဘော ဆွေးနွေးမှုမှာ ပြောကြားခဲ့ပါတယ်။

    နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပြဿနာဖြေရှင်းရေး ကြိုးပမ်းမှုကို ထောက်ခံကူညီဖို့လည်း ကျန်းကျွင်းက တိုက်တွန်းခဲ့ပါတယ်။

    Ref: CGTN