News @ M-Media

Blog

  • ဘော်စတွန် ဗုံးကွဲခဲ့သည့်နေရာတွင် ဗုံးထောင်သည့်ပုံစံ လုပ်ကြံသော လူတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထား

    ဧပြီ ၁၇၊ ၂၀၁၄
    M-Media

    – ယမန်နှစ်က ဗုံးပေါက်ကွဲခဲ့သည့် ဘော်စတွန်မာရသွန်ပြိုပ်ပွဲ ပန်းဝင်သည့်နေရာတွင် ဗုံးထောင်သော ပုံစံ လုပ်ကြံသည့် လူတစ်ဦးကို ဖမ်းဆီးလိုက်သည်ဟု ဘော်စတွန် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    201441641525691734_20

    ပြီးခဲ့သည့်နှစ် ဧပြီ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သော ဘော်စတွန်ဗုံးပေါက်ကွဲမှု တစ်နှစ်ပြည့် ၀မ်းနည်းခြင်းအခမ်းအနားပြီးနောက် ယမန်နေ့ ညပိုင်းတွင် ဗုံးပေါက်ကွဲခဲ့ရာ ပန်းဝင်သည့်နေရာ၌ လူတစ်ဦးက ကျောပိုးအိတ်တစ်လုံးကို ပစ်ချခဲ့ပြီး ရဲအရာရှိတစ်ဦးက မသင်္ကာသောကြောင့် ထိုသူအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ရဲမှူး ရန်ဒဲလ် ဟဲလ်စတီဒ်က ပြောကြားခဲ့သည်။ ထိုကျောပိုးအိတ်ထဲတွင် ထမင်းပေါင်းအိုးတစ်လုံးကို တွေ့ရှိခဲ့သည်။

    လူသုံးဦးသေဆုံးပြီး ၂၆၀ ခန့် ဒဏ်ရာရရှိခဲ့သည့် ယမန်နှစ်က ဗုံးပေါက်ကွဲမှုတွင် ပြစ်မှုကျူးလွန်သူများမှာ ထမင်းပေါင်းအိုးထဲသို့ သံတိုသံစများ၊ ချွန်ထက်သော အရာတ္ထုများကို ထည့်သွင်း၍ ဗုံးကဲ့သို့ ပြုလုပ်ကာ ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဗုံးပုံစံ လုပ်ကြံထားသည့် ထိုသူမှာ ငြိမ်းချမ်းရေးကို နှောက်ယှက်ခြင်း၊ မငြိမ်မသက်ဖြစ်အောင် ပြုလုပ်ခြင်း စသည့်စွဲချက်များဖြင့် တရားစွဲဆိုခြင်းကို ရင်ဆိုင်ရမည်ဖြစ်သည်ဟု ဟဲလ်စတီဒ်က ဆိုသည်။

ုထိုကျောပိုးအိတ်အား ကြိုတင်ကာကွယ်သည့်အနေဖြင့် ဖောက်ခွဲခဲ့ပြီး အခြားသော ကျောပိုးအိတ်တစ်ခုကိုလည်း အနီးအနားတွင် ထပ်မံတွေ့ရှိခဲ့သည်။ ဒုတိယကျောပိုးအိတ်အား မည်သူပိုင်ဆိုင်သည်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိဘဲ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေသည်ဟု သိရသည်။ ထိုဖြစ်ရပ်ကြောင့် ဘောစတွန်ဗုံးပေါက်ကွဲမှု နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်လာကြသည့် လူပေါင်း ၂၅၀၀ ခန့်မှာ  ထိတ်လန့်ခဲ့ကြသည်။

    ပြီးခဲ့သည့်နှစ် ဘော်စတွန်ဗုံးပေါက်ဖောက်ခွဲမှုအား ကျူးလွန်သူမှာ ညီအကိုနှစ်ဦးဖြစ်ပြီး ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးစဉ် အကိုဖြစ်သူမှာ သေနတ်မှန်၍ သေဆုံးခဲ့သည်။ ညီဖြစ်သူမှာ ယခုလက်ရှိတွင် တရားရင်ဆိုင်နေရပြီး သေဒဏ်ကျဖွယ်ရှိနေသည်။

  • နျူ ထုတ်နိုင်သည့် ကုန်ကြမ်းအဆင့်သို့ ပြောင်းလဲနိုင်သော ပြည့်ဝ ယူနေရနီယံ သတ္ထုအချို့ကို အီရန်ဖျက်ဆီး

    ဧပြီ ၁၇၊ ၂၀၁၄
    M-Media

    – နျူကလီးယားလက်နက် ထုတ်လုပ်နိုင်သည့် လောင်စာအဆင့်သို့ အချိန်တိုအတွင်း ပြောင်းလဲနိုင်သော ပြည့်ဝယူရေနီယံ ပမာဏ ထက်ဝက်ကို အီရန်က ဖျက်ဆီးပစ်ခဲ့သည်ဟု သိရသည်။

    2014312183016195734_20

    အီရန်တွင် နျူကလီးယားဗုံး လောင်စာအဖြစ် အချိန်တိုအတွင်း ပြုလုပ်နိုင်သည့် ပြည့်ဝယူရေနီယံ ၂၀ ရာခိုင်နှုန်းရှိနေပြီး ထိုထဲမှထက်ဝက်ကို ဖျက်ဆီးလိုက်ကာ နိုင်ငံတကာ အဏုမြူအေဂျင်စီ IAEA က သတင်းထုတ်ပြန်လိမ့်မည်ဖြစ်ကြောင်း သံတမန် ၂ ဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ထိုလုပ်ရပ်မှာ အီရန် အပေါ်ထားရှိသည့် စီးပွားရေး ပိတ်ဆို့မှုအချို့ကို ရုပ်သိမ်းပေးရေးအတွက် နျူလက်အစီအစဉ် အလျှော့ပေးမည်ဟူသော ကတိက၀တ်၏ အစိတ်ပိုင်း တစ်ခုလည်းဖြစ်သည်။ အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့မှာ နျူကလီးယား ကိစ္စသဘောတူညီချက်ရရန် အတွက် ဆွေးနွေးနေကြသည်။

    ထို့ပြင် အီရန်က အသစ်ခန့်အပ်လိုက်သည့် ကုလသမဂ္ဂဆိုင်ရာ သံတမန် ဟာမစ် အဘူတာလီဘီကို ၁၉၇၉ ခုနှစ် အီရန်ရှိ အမေရိကန် သံရုံးအား စီးနင်းသိမ်းပိုက်မှုတွင် ပါဝင်သည်ဟု စွပ်စွဲကာ အမေရိကန်က ပြည်ဝင်ခွင့် ဗီဇာ ထုတ်မပေးမှုအတွက်လည်း အီရန်က တရားဝင်ဆန္ဒပြခဲ့ပြီး ထိုကဲ့သို့ ဆောင်ရွက်မှုက နိုင်ငံတကာ သံတမန်ဆက်ဆံရေးကို ပျက်ဆီးစေပြီး၊ အန္တရာယ်ရှိသည့် ထုံးစံတစ်ခုကို သတ်မှတ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    AP

  • ဂွာဒီယိုလာအား ပြန်ခေါ်ခြင်းက ဘာကာအတွက် အကောင်းဆုံးဟု ဂျိုဟန်ခရိုက်ဖ်ဆို

    ဧပြီ ၁၇ ၊ ၂၀၁၄
    M-Media

    – ဘာစီလိုနာအသင်းအနေဖြင့် အကောင်းဆုံး လုပ်ဆောင်နိုင်သည့်အရာမှာ နည်းပြဟောင်း ဂွာဒီယိုလာအား ပြန်လည်ခေါ်ယူခြင်းပင်ဖြစ်သည်ဟု ဘာကာ၏ ဂန္တ၀င်ကစားသမား ဂျိုဟန်ခရိုက်ဖ်က ပြောကြားလိုက်သည်။

    389446_heroa

    နည်းပြဟောင်း ဂွာဒီယိုလာ အသင်းမှထွက်ခွာသွားသည့် ယခုနှစ်ရာသီအစကတည်းက ဘာစီလိုနာမှာ ယခင်ပုံစံကောင်းကိုပြန်ရရန် ရုန်းကန်နေရပြီး ချန်ပီယံလိဂ်တွင် ကွာတားအဆင့်မှ ထွက်ခွာခဲ့ရကာ လာလီဂါတွင်လည်း ထိပ်ဆုံးမှ အက်သလက်တီကိုနှင့် လေးမှတ်အကွာ အဆင့် ၃ နေရာတွင်ရှိနေသည်။

    ထို့ကြောင့် ဘာစီလိုနာအနေဖြင့် ဘောလုံးလောကတွင် လူရိုသေရှင်ရိုသေအနေအထားသို့ ပြန်ရောက်လိုပါက အကောင်းဆုံးနည်းလမ်းမှာ ဂွာဒီယိုလာအား ပြန်လည်ခေါ်ယူခြင်းပင်ဖြစ်သည်ဟု ဂျိုဟန်ခရိုက်ဖ်က ဆိုသည်။

    “ဘာစီလိုနာအတွက် အကောင်းဆုံးအရာက ဂွာဒီယိုလာ ပြန်ရောက်လာဖို့ပါ” ဟု ခရိုက်ဖ်က Mundo Deportivo သတင်းစာသို့ ပြောကြားခဲ့သည်။

    ထို့ပြင် ဘာစီလိုနာအသင်း၏ လက်ရှိ စီမံခန့်ခွဲရေးပိုင်းကိုလည်း ခရိုက်ဖ်က ဝေဖန်ခဲ့ပြီး အသင်းအား ဘောလုံးလောကမှ လူကသာလျှင် တာဝန်ယူကြီးကြပ်သင့်သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    ယခုလက်ရှိ ဘိုင်ယန်မြူးနစ်အသင်းအား ကိုင်တွယ်နေသော ဂွာဒီယိုလာမှာ ဘာစီလိုနာအား လေးနှစ်ကြာ တာဝန်ယူကိုင်တွယ်ခဲ့ပြီး ချန်ပီယံလိဂ်ဖလား နှစ်ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလားတစ်ကြိမ်၊ ကလပ်အသင်းကမ္ဘာ့ဖလားနှင့် Copa del Rey တစ်ကြိမ်စီနှင့် လာလီဂါချန်ပီယံ သုံးကြိမ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

  • လီဗာပူးလ်အား ရှုံးနိမ့်ခဲ့သော်လည်း မန်စီးတီး ချန်ပီယံဖြစ်ရေး မထိခိုက်ဟု ပယ်လီဂရီနီဆို

    ဧပြီ ၁၇ ၊ ၂၀၁၄
    M-Media

    – လီဗာပူးလ်အသင်းအား ရှုံးနိမ့်ခဲ့သော်လည်း မန်စီးတီးအသင်းအတွက် ချန်ပီယံဖြစ်ရေး ရည်မှန်းချက်မှာ ထိခိုက်မှုမရှိဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။

    390084_heroa

    ပြီးခဲ့သည့်တစ်ပတ်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် မန်စီးတီးအသင်းမှာ လီဗာပူးလ်အား အကြိတ်အနယ်ကစားကာ ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရပြီး လီဗာပူးလ်အသင်းကမူ ထိုပွဲအနိုင်ကြောင့် ၂၄ နှစ်ကြာ စောင့်စားခဲ့ရသည့် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေးမျှော်လင့်ချက်မှာ ပိုမိုခိုင်မာလာခဲ့သည်။

    သို့သော်လည်း ပယ်လီဂရီနီကမူ လီဗာပူးလ်အား တတ်နိုင်သလောက် ဖိအားပေးရန် အသင်းအား တိုက်တွန်းခဲ့သည်။

    “အသင်းဟာ သူတို့ဘာလုပ်ရမယ်ဆိုကာ ကောင်းကောင်းသိတယ်လို့ ကျွန်တော်ထင်ပါတယ်။ (လီဗာပူးလ်နဲ့ပွဲမှာ) ကျွန်တော်တို့ ရှုံးခဲ့တယ်။ ဒါပေမယ့် ကစားဖို့ ၆ ပွဲကျန်ပါသေးတယ်။ ဖလားရဖို့အတွက် နောက်ဆုံးအထိ ကျွန်တော်တို့ တိုက်ပွဲဝင်သွားမှာပါ” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။

    လီဗာပူးလ်အသင်းမှာ ကျန်ရှိသည့် လေးပွဲစလုံး အနိုင်ရရှိပါက ပရီးမီးယားလိဂ်ဖလားအား ဆွတ်ခူးနိုင်မည်ဖြစ်သည်။

  • တောင်ကိုရီးယားတွင် ခရီးသည်တင် သင်္ဘောတစ်စီးနစ်မြုပ် ၊ လူ ၃၀၀ ကျော်ပျောက်ဆုံးနေ

    ဧပြီ ၁၆၊ ၂၀၁၄
    M-Media

    – ကိုရီးယားကျွန်းဆွယ် တောင်ဘက်ပိုင်းတွင် ခရီးသည် ၄၀၀ ကျော် တင်ဆောင်လာသည့် ခရီးသည်တင် သင်္ဘောတစ်စင်း တိမ်းမှောက်သွားသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ပြုလုပ်နေရသည်ဟု သိရသည်။

    8531A5F2-7FAA-413C-80A7-A1083EDE7008_mw1024_mh1024_s

    ယနေ့နံနက်က စတင်ပြုလုပ်နေသော ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကျောင်းသားများအပါအ၀င် လူပေါင်း ၁၈၀ ခန့်ကို ကယ်တင်နိုင်ခဲ့ပြီး ကျန်ရှိသည့် လူ ၃၀၀ ကျော်၏ အခြေအနေကို အတည်ပြု၍ မရသေးကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း တောင်ကိုရီးယားအာဏာပိုင်များက ယနေ့တွင် ပြောကြားခဲ့သည်။ သင်္ဘောထဲမှ သေဆုံးနေသူတစ်ဦးအား တွေ့ရှိခဲ့ရပြီး၊ အခြားတစ်ဦးမှာလည်း ဆေးရုံးသို့ ရောက်စဉ် သေဆုံးခဲ့သည်ဟု ကမ်းခြေစောင့်တပ်ဖွဲ့များက နောက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

    သင်္ဘောနစ်မြုပ်နေကြောင်း ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက အကြောင်းကြားခဲ့သောကြောင့် တောင်ကိုရီးယား ကမ်းခြေစောင့်တပ်များက သင်္ဘောများ၊ ရဟတ်ယာဉ်များဖြင့် သွားရောက်ကယ်တင်နေခြင်းဖြစ်သည်။

    Sewol အမည်ရသည့် အဆိုပါ သင်္ဘောမှာ ခရီးသည်နှင့် ရေယာဉ်ဝန်ထမ်း ၄၇၅ ဦး၊ ယာဉ်အစီးရေ ၁၅၀ ကို တင်ဆောင်ကာ ဆိုလ်းမြို့အနောက်ဘက် ကီလိုမီတာ ၃၀ အကွာတွင်ရှိသည့်  Incheon ဆိပ်ကမ်းမှ တနင်္ဂနွေနေ့က ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ဂျဲဂျူးကျွန်းနားအရောက်တွင် တိမ်းမှောက်ကာ နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ သင်္ဘော တိမ်းမှောက်ရသည့် အကြောင်းအရင်းကို မသိရှိရသေးသော်လည်း မျက်မြင်သက်သေ တစ်ဦးကမူ သင်္ဘောမမှောက်ခင် ကျယ်လောင်သော အသံကြားခဲ့ရသည်ဟုဆိုသည်။

    Al Jazeera and agencies