ဧပြီ ၁၈ ၊ ၂၀၁၄
M-Media
– ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့ PFA မှ ထုတ်ပြန်သော တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမား ဇကာတင် ၆ ဦးစာရင်းတွင် လီဗာပူးလ် တိုက်စစ်မှူး စတားရစ်ခ်ျနှင့် ချယ်ဆီး အလယ်တန်း ကစားသမား ဟာဇာ့ဒ်တို့ ပါဝင်သည်ဟု သိရသည်။
အသက် ၂၄ နှစ်အရွယ်ရှိ လီဗာပူလ်း တိုက်စစ်မှူး စတားရစ်ခ်ျမှာ ယခုရာသီတွင် ကစားခဲ့သည့် ပရီးမီးယားလိဂ် ၂၆ ပွဲတွင် ဂိုးပေါင်း ၂၀ သွင်းယူနိုင်ခဲ့သည် အထိ ခြေစွမ်းပြနိုင်ခဲ့ပြီး ဥရုဂွေး တိုက်စစ်မှူး ဆွာရစ်ဇ်နှင့် တွဲဖက်ညီစွာ လီဗာပူးလ် တိုက်စစ်အား ဦးဆောင်နိုင်ခဲ့သည်။ ထို့ပြင် အသင်း၏ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး မျှော်လင့်ချက် အကောင်အထည်ဖော်ရာတွင် စတားရစ်ခ်ျမှာ အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။
အေဒင်ဟာဇာဒ့်မှာလည်း မော်ရင်ဟိုလက်ထက်တွင် ချယ်ဆီးအသင်း၏ အရေးပါသော ကစားသမားဖြစ်လာခဲ့ပြီး ရံဖန်ရံခါ တိုက်စစ်မှူးအဖြစ်ကစားခဲ့ရကာ အသင်းအတွက် အရေးပါသောဂိုးများကို သွင်းယူပေးနိုင်သူဖြစ်သည်။
၎င်းတို့ နှစ်ဦးအပြင် အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေး၊ လီဗာပူးလ် ကွင်းလယ်လူ ရဟီမ်းစတာလင်နှင့် အင်္ဂလန် လူငယ်ကစားသမားဖြစ်ကြသည့် လုခ်ရှော၊ ရို့စ်ဘာကလေတို့လည်း အဆိုပါ ဇကာတင်စာရင်းထဲတွင် ပါဝင်နေသည်။
PFA ၏ တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆု ချီးမြှင့်ပွဲအခမ်းအနားကို ဧပြီလ ၂၇ ရက်နေ့တွင် Grosvenor House ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။
Leave a Reply
You must be logged in to post a comment.