News @ M-Media

Blog

  • အေစီမီလန်အသင်း၏ ရလဒ်ဆိုးများကြောင့် ပရိတ်သတ်များ ဆန္ဒပြ

    မတ် ၁၆၊ ၂၀၁၄
    M-Media
    379232_heroa
    – တစ်ချိန်တစ်ခါက စီးရီးအေ၏ အသင်းကြီးဖြစ်ခဲ့သော်လည်း ယခုလက်ရှိ စွမ်းဆောင်ရည် ကျဆင်းနေမှုကို မကျေနပ်သောကြောင့် အေစီမီလန်အသင်း ပရိတ်သတ်များက ဆန်စီရိုကွင်းရှေ့တွင် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    ရာပေါင်းများစွာသော မီလန်ပရိတ်သတ်များမှာ ယနေ့တွင်ကစားမည့် ပါးမားအသင်းနှင့် စီးရီးအေပွဲမတိုင်ခင် ဆန်စီရိုကွင်းအား ၀န်းရံကာ အသင်းနှင့် အသင်းသားများအား ရှုံ့ချသော ကျွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

    ယခုနှစ်ဘောလုံးရာသီတွင် အေစီမီလန်အသင်း၏ ရလဒ်များမှာ ဆိုးရွားနေခဲ့သောကြောင့် နည်းပြဟောင်း အယ်လီဂရီအား ထုတ်ပယ်ကာ ကစားသမားဟောင်း ဆီးဒေါ့ဖ်ကို နည်းပြအဖြစ် ခန့်အပ်ထားသော်လည်း ရလဒ်များကောင်းလာခြင်းမရှိပဲ၊ ယခုလတ်တလောတွင်လည်း ၃ ပွဲဆက်တိုက်ရှုံးနိမ့်ထားပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှလည်းထွက်ခဲ့ရသည်။

  • al-Aqsa ဗလီအား ကျူးကျော်မှုကို ဆန္ဒပြသည့် ပါလက်စတိုင်း လူငယ်များကို အစ္စရေး တိုက်ခိုက်

    မတ် ၁၆၊ ၂၀၁၄
    M-Media

    – ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်ရှိ အလ်အက်ဆာ ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်းသို့ ၀င်ရောက်ကျူးကျော်မှုအား ဆန့်ကျင် ဆန္ဒပြခဲ့ကြသည့် ပါလက်စတိုင်းလူငယ်များကို အစ္စရေး စစ်တပ်မှ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

    354891_Israel-clash

    အဆိုပါဆန္ဒပြသူများ လူစုကွဲစေရန် အစ္စရေးစစ်တပ်က မီးခိုးဗုံးများအသုံးပြုကာ တိုက်ခိုက်ခဲ့သောကြောင့် ပါလက်စတိုင်းတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး၊ ဆန္ဒပြသူများကလည်း အစ္စရေးစစ်သားများအား ခဲများ၊ မီးပန်းများဖြင့် ပြန်လည်ပစ်ပေါက်ခဲ့သည်။

    လွန်ခဲ့သည့်လများမှအစပြုကာ အစ္စရေးစစ်တပ်နှင့် အစွန်းရောက်များက အလ်အက်ဆာ ဗလီဝတ်ကျောင်းတော်အတွင်းသို့ ၀င်ရောက်ဝတ်ပြုသော ပါလက်စတိုင်းများအားတိုက်ခိုက်ခဲ့ကြသည်။ ထို့ကြောင့် ပါလက်စတိုင်းများနှင့် အစ္စရေးစစ်တပ်တို့အကြားတွင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

    ထို့ပြင် အစ္စလာမ်ဘာသာဝင်များ အလ်အက်ဆာ ဗလီဝတ်ကျောင်းတော်အတွင်းသို့ ၀င်ရောက်ဝတ်ပြုခြင်းအတွက် တင်းကြပ်သောကန့်သတ်မှုများလည်း ပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့က အက်ဆာဗလီဝတ်ကျောင်းတော်အား သိမ်းပိုက်ရေးအစီအစဉ်တစ်ခုကို အစ္စရေးပါလီမန်တွင် ဆွေးနွေးခဲ့ကြသော်လည်း မဲခွဲမှု၊ လက်တွေ့ဆောင်ရွက်မှုများ မပြုလုပ်ခဲ့ပေ။

    အစ္စလာမ့်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကမူ အစ္စရေးပါလီမန်၏ ထိုလုပ်ရပ်အား အန္တရယ်ရှိသော လုပ်ရပ်အဖြစ် ရှုတ်ချခဲ့ပြီး ထိုလုပ်ရပ်က ဂျေရုစလင်အား ဂျူးဝါဒ လွှမ်းမိုးရန် ဆောင်ရွက်မည့် အစ္စရေး၏ ရည်ရွယ်ချက်မှ အစိတ်အပိုင်းတစ်ခုဟု ပြောဆိုခဲ့သည်။

    ပါလက်စတိုင်းအာဏာပိုင်များနှင့် လွတ်လပ်ရေး လှုပ်ရှားမှု ဆောင်ရွက်နေသော ဟားမတ်စ်အဖွဲ့ကလည်း အဆိုပါဗလီဝတ်ကျောင်းတော်အား အစ္စရေးနိုင်ငံအတွင်းသို့သွတ်သွင်းရန် အစီအစဉ်နှင့်ပတ်သက်၍ သတိပေးခဲ့သည်။

    လွန်ခဲ့သောဆယ်စုနှစ်ပေါင်းများစွာမှစ၍ ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်တွင် တရားမ၀င် အခြေချအိမ်ရာများ တည်ဆောက်ခြင်း၊ သမိုင်းဝင်နေရာများအား ဖျက်ဆီးခြင်းနှင့် ဒေသခံပါလက်စတိုင်းများအား မောင်းထုတ်ခြင်း စသည်တို့ကိုဆောင်ရွက်၍ ပါလက်စတိုင်းလူ့အဖွဲ့အစည်းဖွံ့ဖြိုးမှုကို ပြောင်းလဲရန် အစ္စရေးက ကြိုးစားခဲ့သည်။

    ဂျူများက Mount ဘုရားကျောင်းဟု ခေါ်ဆိုကြသည့် အက်ဆာဗလီဝတ်ကျောင်းတော်မှာ အစ္စရေးက သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် ဂျေရုစလင်မြို့ဟောင်းတွင်တည်ရှိသည်။ ထိုကျောင်းတော်မှာ အစ္စလာမ်ဘာသာဝင်တို့၏ တတိယမြောက် အထွဋ်မြတ်ဆုံး ကျောင်းတော်ဖြစ်ပြီး၊ ဂျူးများက ၎င်းတို့၏ မြင့်မြတ်သော ဌာနအဖြစ် မှတ်ယူကြသည်။

    DB/HSN

  • သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ဟုရေးခွင့် မပြုရန် ရခိုင်လူမျိုးများ ဆန္ဒပြ ၊

    သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ဟုရေးခွင့် မပြုရန် ရခိုင်လူမျိုးများ ဆန္ဒပြ ၊

    မတ် ၁၆၊ ၂၀၁၄
    M-Media
    ဇာဏီ

    1622738_273896506107855_1535347958_n 1926911_273896519441187_1557145024_n

    စစ်တွေ ။ ။ ၂၀၁၄-ခု ပြည်လုံးကျွတ် သန်းခေါင်းစာရင်းကောက်ယူရာတွင် ရိုဟင်ဂျာ လူမျိုး အမည် မပါဝင်စေရန် ကန့်ကွက်ဆန္ဒပြမှုအား ယနေ့ မတ်လ ၁၆-ရက်နေ့တွင် စစ်တွေမြို့၌ ရခိုင်လူမျိုးများမှပြုလုပ်ခဲ့ရာ ဘုန်းကြီးများအပါအ၀င် လူသောင်းချီ၍ ဆန္ဒပြခဲ့ကြောင်း သိရသည်။

    ၂၀၁၄-ခု သန်းခေါင်စာရင်းကောက်ယူရာတွင် Code နံပါတ် ၉၁၄ တွင်  ရိုဟင်ဂျာဟု ရေးသားခွင့် မပေးရန် အတွက် ရခိုင်များက တောင်းဆို ဆန္ဒပြကြခြင်းဖြစ်သည်။

    ဆန္ဒပြသူများက  သန်းခေါင်စာရင်းတွင် ကုတ်နံပါတ် ၉၁၄ – ရိုဟင်ဂျာဟု သုံးရခြင်းမှာ အမေရိကန်ဒေါ်လာ သန်း ၆၀ ထောက်ပံ့ထားသည့် အတွက် အစိုးရမှ ၉၁၄ – ရိုဟင်ဂျာ ထည့်သွင်း ခွင့်ပေးသည့်ဟု အစိုးရအားစွပ်စွဲလိုက်ပြီး  ၎င်းအား ပြန်ဖျက်ပေးရန် အစိုးရအား ဆန္ဒပြခြင်းဖြစ်ကြောင်း၊ ရိုဟင်ဂျာရေးသား ခွင့်ပေးပါက သန်းခေါင် စာရင်းကောက်ယူခြင်းကို ရခိုင်ပြည်နယ် တစ်ခုလုံး အတိုင်းအတာဖြင့် သပိတ်မှောက် သွားမည်ဟု ခြိမ်းခြောက်လိုက်သည်။

    ၎င်းအကြောင်းအရာဖြင့် ဘူးသီးတောင်၊မင်းပြား၊ မြေပုံ၊ ရသေ့တောင် စုစုပေါင်း ရခိုင်ပြည်နယ် ၁၀ နေရာတွင် ဆန္ဒပြမှုများရှိခဲ့ကြောင်း သိရသည်။

    သန်းခေါင်စာရင်းကောက်ခံမယ့် အစီအစဉ်ဟာ ကိန်းဂဏန်းတွေကို သိရှိလိုတာကြောင့် ကောက်ခံတာဖြစ်တဲ့ အတွက် နိုင်ငံသား၊ တိုင်းရင်းသားဖြစ်ခွင့် ကိစ္စရပ်တွေနဲ့ မည်သို့မျှ သက်ဆိုင်မှု မရှိကြောင်းကိုလည်း ဝန်ကြီးဦးခင်ရီက လွန်ခဲ့သည့် ၃ ရက်အရင် စစ်တွေမြို့မှ မွတ်စလင် ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်က ပြောကြားခဲ့သည်။

    ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းတွင် ပြည်သူလူထုအနေနဲ့ လူမျိုး အမည်လွှဲပြောစရာ မလိုဘဲ လူထုပြောမည် လူမျိုးအမည်သာ ထည့်သွင်းမည်ဖြစ်ကြောင်း ၊လူဝင်မှုကြိးကြပ်ရေးနှင့် ပြည်သူအင်အား ဝန်ကြီးဌာန အမျိုးသား သန်းခေါင်စာရင်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချူပ် ဦးမြင့်ကြိုင် ပြောကြားချက်ကို ဇန်နဝါရီ ၂၅ ရက်ထုတ် ကြေးမုံ သတင်းစာ တွင်ဖော်ပြပါရှိသည်။

    ဓါတ်ပုံ- FB

  • Nokia ၏ ပထမဆုံး Android စနစ်သုံး Nokia X တရုတ်နိုင်ငံတွင် ကြိုတင်အမှာစာ ၁ သန်းရှိ

    မတ် ၁၆၊ ၂၀၁၄
    M-Media
    elop-nokia-1
    ကမ္ဘာ့ မိုဘိုင်းညီလာခံတွင် Nokia X မိုဘိုင်းအား Nokia ကုမ္ပဏီ၏ ပထမဆုံး Android စမတ်ဖုန်းအဖြစ် စတင်မိတ်ဆက်လိုက်သည်။

    Nokia X မိုဘိုင်းသည် အိန္ဒိယ နှင့် မလေးရှားနိုင်ငံများတွင် ရောင်းတန်းဝင်လျက်ရှိပြီး၊ တရုတ်နိုင်ငံမှ ကြိုတင်မှာယူ နေသောဖုန်းဖြစ်လာသည်။

    Nokia  ကုမ္ပဏီသည် တရုတ်နိုင်ငံတွင် လူသုံးများသော Weibo ဆိုရှယ်မီဒီယာ မှတဆင့်ရောင်းချခဲ့ရာ တရုတ်နိုင်ငံတွင် လေးရက်အတွင်း ၄င်းစမတ်ဖုန်း ကြိုတင်မှာယူမှုမှာ ၁ သန်း အထိ ရောက်ရှိလာခဲ့သည်။

    ဖင်လန်ကုမ္ပဏီတစ်ခုက တရုတ်နိုင်ငံအတွင်းမည်မျှရောင်းရမည်ကို မခန့်မှန်းနိုင်သော်လည်း တရုတ်နိုင်ငံဈေးကွက်အတွင်းတွင်  အသက်သာဆုံးဈေးနှင့် ရောင်းရလိမ့်မည်ဟု ယုံကြည်လျက်ရှိသည်။

    Nokia X မိုဘိုင်းသည် မတ်လ (၂၅) ရက်နေ့တွင် စတင် တင်သွင်းမည်ဖြစ်ပြီး၊ မဖြန့်ချီမီ ယခုအပတ်များအတွင်း မည်မျှကြိုတင်မှာယူမှုများရှိသည်ကို ဆက်လက် စောင့်ကြည်ရမည်ဖြစ်သည်။            ။

  • ချယ်ဆီးခြေချော်၊ မန်စီးတီးတို့ အမှားမရှိခဲ့ဘဲ ဇယားအောက်ခြေက ဖူလ်ဟမ် နိုင်ပွဲ ရခဲ့တဲ့ EPL ပွဲစဉ် ၃၀ စနေနေ့ညပွဲများ

    မတ် ၁၆၊ ၂၀၁၄
    M-Media

    – ပရီးမီးယားလိဂ် ပွဲစဉ် ၃၀ ရဲ့ ၈ ပွဲကို စနေနေ့ညမှာ ကစားခဲ့ပြီး ဇယားထိပ်ဆုံးမှာ ရှိနေတဲ့ ချယ်ဆီး ချန်ပီယံဆုကို စိန်ခေါ်နေတဲ့ မန်စီးတီးတို့ အနိုင်ရခဲ့ပြီး၊ အဲဗာတန်၊ ဆောက်သက်တမ်၊ စတုတ်တို့လည်းနိုင်ခဲ့ကာ ဇယားအောက်ဆုံးက ဖူလ်ဟမ်လည်း အိမ်ကွင်းမှာ သုံးမှတ်ရခဲ့ပါတယ်။

    original

    အစောဆုံးကစားခဲ့တဲ့ မန်စီးတီးနဲ့ ဟားလ်စီးတီးပွဲမှာ မန်စီးတီးက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ FA ဖလားမှာ ၀ီဂန်ကိုရှုံး၊ ချန်ပီယံလိဂ်မှာ ဘိုင်ယန်ကို ရှုံးပြီး ဖလား ၂ လုံးလက်လွှတ်ခဲ့ရတဲ့ ပယ်လီဂရီနီ ဒီပွဲမှာတော့ အသေချာပြင်ဆင်ခဲ့ပြီး ပွဲအစပိုင်းမှာလည်း မန်စီးတီးက ကစားပုံကောင်းခဲ့ပါတယ်။

    ဒါပေမယ့် ၁၀ မိနစ်မှာတော့ အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပြီး ကွန်ပနီက ဂျာလဗစ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့အတွက် တိုက်ရိုက်အနီကဒ်နဲ့ အထုတ်ခံခဲ့ရပါတယ်။ ပထမဆုံး ကျူးလွန်တဲ့ပြစ်ဒဏ်ဖြစ်ပြီး ဒိုင်လူကြီးရဲ့ အရေးယူမှု ပြင်းထန်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ၁၄ မိနစ်မှာ မန်စီးတီးတို့ ဦးဆောင်ဂိုးရခဲ့ပြီး ဆေးလ်ဗားက အနီးကပ် ကန်သွင်းယူခဲ့တာပါ။ ဒီဂိုးဟာ သူရဲ့ ၁၇ ပွဲမြောက် ဂိုးမိုးခေါင်မှုကို အဆုံးသတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

    နောက်ပိုင်းမှာတော့ ၁ ယောက်အသာရထားတဲ့ အိမ်ရှင်တို့ ပွဲကိုစိုးမိုးခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်းရခဲ့ပါတယ်။ မေလာ၊ လစ်ဗာမိုးတို့ရဲ့ကန်ချက်၊ လူစားဝင်လာတဲ့ ဆုန်းအလူကိုရဲ့ ဖရီးကစ် ဂိုးပေါက်နဲ့လွဲခဲ့လို့သာ မန်စီးတီးတို့ကံကောင်းသွားခဲ့တာပါ။ မန်စီးတီးအတွက် အနိုင်သေချာစေမယ့်ဂိုးကိုတော့ ဇက်ကိုက ဒုတိယပိုင်း နောက်ဆုံးမိနစ်မှာ သွင်းယူပေးခဲ့တာပါ။

    အက်စတွန်ဗီလာအသင်းရဲ့ကွင်းမှာ သွားကစားခဲ့ရတဲ့ချယ်ဆီးတို့ ဘောလုံးပိုင်ဆိုင်မှုအသာရခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ရခဲ့ပေမယ့် ဂိုးမ၀င်ခဲ့ရတာကတာ့ ကံတရားကိုပဲ အပြစ်ပုံချရမယ်ထင်ပါတယ်။ ဗီလာတို့ အိမ်ရှင်ဆိုပေမယ့် ချယ်ဆီးရဲ့ စိုးမိုးမှုကိုခံခဲ့ရပြီး တန်ပြန်တိုက်စစ်ကနေသာ ဂိုးရဖို့ ကြိုးစားခဲ့ရတာပါ။ ပထမပိုင်းမှာ အော်စကာ၊ တောရက်စ်နဲ့ ဟာဇာ့ဒ်တို့ရဲ့ ကန်သွင်းချက်တွေဂိုးမ၀င်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာလည်း ချယ်ဆီးကသာ ဖိကစားနိုင်ခဲ့ပေမယ့် ၆၈ မိနစ်မှာ ၀ီလီယံ ၂ ၀ါ တစ်နီနဲ့ အထုတ်ခံလိုက်ရပါတယ်။ တစ်ယောက်လျော့သွားတဲ့ ချယ်ဆီးကို ဗီလာတို့ ဒုက္ခပေးနိုင်ခဲ့ပြီး ၈၂ မိနစ်မှာတော့ ဒီပွဲရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကိုရရှိခဲ့ပါတယ်။ တန်ပြန်တိုက်စစ်ကနေ မာ့ခ် အလ်ဘရင်တန်ရဲ့ ဘယ်ခြမ်းကဖြတ်တင်ဘောကို ဖာဘီယံ ဒဲလ်ဖ် နောက်ခြေနဲ့ လှလှပပ ပိတ်ပေးခဲ့တာပါ။ သိပ်မကြာခင်မှာပဲ ဒဲလ်ဖ် ဒုတိယဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် ကန်ချက် ဘားတန်းထိထွက်ခဲ့လို့ ချယ်ဆီးတို့ သက်သာရာရခဲ့တာပါ။ နောက်ဆုံးမိနစ်မှာ ချယ်ဆီးက ရာမီးရက်စ် ၂ ၀ါတစ်နီနဲ့ ထပ်ပြီး အထုတ်ခံခဲ့ရပါတယ်။ မော်ရင်ဟိုကတော့ ဗီလာကွင်းမှာလာကစားတိုင်း အနိုင်မရတဲ့စံချိန်ကို ဆက်လက်ထိန်းသိမ်းသွားပါတယ်။

    အိမ်ကွင်းနောက်ဆုံး သုံးပွဲဆက်နိုင်ထားတဲ့ အဲဗာတန်တို့ ကာဒစ်ဖ်နဲ့ကစားတဲ့ ဒီပွဲမှာလည်း နာကျင်အချိန်ပို နောက်ကျဂိုးနဲ့ အိမ်ကွင်းမှာ ၃ မှတ် အရယူနိုင်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု အပြတ်အသတ်နဲ့ ကစားနိုင်ခဲ့ပြီး အပိုင်ဂိုးသွင်းခွင့် ၁၀ ကြိမ်လောက်ရခဲ့ပေမယ့် အဆုံးသတ်မသေချာတာကြောင့် မိနစ် ၉၀ အတွင်းမှာ ၁ ဂိုးသာရခဲ့တာပါ။ အဲဗာတန်အသင်းအတွက် ဂိုးတွေကိုတော့ ၅၉ မိနစ်နဲ့ ဒုတိယပိုင်း နာကျင်အချိန်ပိုတို့မှာ ဒူလိုဖူနဲ့ ကိုးလ်မန်းတို့က သွင်းပေးခဲ့တာဖြစ်ပြီး ကာဒစ်ဖ်အတွက် ချေပဂိုးကို ကလာက ၆၈ မိနစ်မှာ သွင်းယူပေးခဲ့တာပါ။

    ဆောက်သမ်တမ်ကလည်း အိမ်ကွင်းမှာ နော်ဝစ်ခ်ျကို ဂိုးပြတ်ခဲ့ပြီး၊ စတုတ်စီးတီးအသင်းကလည်း ၀က်စ်ဟမ်းကို ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် နောက်က ၃ ဂိုးလိုက်သွင်းပြီး ၃ မှတ်ရခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲမရှိထားတဲ့ ဆွမ်ဆီးတို့ ဒီတစ်ပါတ်ပွဲမှာလည်း ပွဲအစ ၂ မိနစ်မှာ ဦးဆောင်ဂိုး စသွင်းနိုင်ခဲ့ပေမယ့် ထိန်းမထားနိုင်ခဲ့တာကြောင့် ၀က်စ်ဘရွန်းအသင်းကို ၂ ဂိုးပြန်ပေးခဲ့ရပြီး အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ရပါတယ်။

    ဇယားအောက်ခြေမှာ ကျောက်ချနေတဲ့ ဖူလ်ဟမ်တို့ကတော့ အိမ်ကွင်းမှာ နယူးကာဆယ်ကို အက်ရှ်ကန် ဒီဂျာဂါရဲ့ ၆၈ မိနစ်ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဆောင်းရာသီအပြောင်းအရွှေ့မှာ ကစားသစ်တော်တော်များများနဲ့ အသင်းကိုအားဖြည့်ထားတဲ့ ဖူလ်ဟမ်တို့ရဲ့ ကစားပုံ အနည်းငယ်တိုးတက်လာတာကို တွေ့ခဲ့ရပါတယ်။ ဆန်းဒါးလန်းတို့ကတော့ အိမ်ကွင်းမှာ ကစားပုံကောင်းခဲ့ပေမယ့် ခရစ္စတယ်ပဲလေ့စ်ကို ဂိုမသွင်းနိုင်ခဲ့တာကြောင့် သရေတစ်မှတ်သာ ရခဲ့ပါတယ်။

    စနေနေ့ပွဲစဉ်တွေအပြီးမှာတော့ ဗီလာကို ရှုံးခဲ့တဲ့ချယ်ဆီးက ၃ ပွဲပိုပြီး ဒုတိယနေရာက မန်စီးတီးကို ၇ မှတ်ဖြတ်ကာ ဇယားကို ဦးဆောင်နေပါတယ်။

    စနေနေ့ ကစားပြီးသမျှ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ဟားလ်စီးတီး ၀-၂ မန်စီးတီး
    အဲဗာတန် ၂-၁ ကာဒစ်ဖ်
    ဖူလ်ဟမ် ၁-၀ နယူးကာဆယ်
    ဆောက်သက်တမ် ၄-၂ နော်ဝစ်ခ်ျ
    စတုတ်စီးတီး ၃-၁ ၀က်စ်ဟမ်း
    ဆန်းဒါးလန်း ၀-၀ ခရစ္စတယ်ပဲလေ့စ်
    ဆွမ်ဆီး ၁-၂ ၀က်စ်ဘရွန်း
    အက်စတွန်ဗီလာ ၁-၀ ချယ်ဆီး