News @ M-Media

မက္ကဆီကိုတွင် ကလေးများ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်း ထုတ်ယူရောင်းချသည့် ဂိုဏ်းသား တစ်ဦးအား ဖမ်ဆီး

မတ် ၁၈ ၊ ၂၀၁၄
M-Media

201431824411557734_20
– ကလေးများ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများအား ထုတ်ယူရောင်းစားသည်ဟူသော သံသယဖြင့် ဒုစရိုက်ဖွဲ့တစ်ခုမှ အဖွဲ့ဝင်တစ်ဦးအား မက္ကဆီကို အနောက်ပိုင်း မီချိုအာကန် ရဲတပ်ဖွဲ့က ယမန်နေ့တွင် ဖမ်းဆီးခဲ့သည်ဟု သိရသည်။

Knights Templar အဖွဲ့မှ အဖွဲ့ဝင်ဖြစ်သူ မန်နျူယဲလ် ပလန်ကာတီ ဂက်စ်ပါအား ခန္ဓာကိုယ် အစိတ်အပိုင်းရောင်းချသည့် ဂိုဏ်းတွင် ပါဝင်သည်ဟူသော စွဲချက်ဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။  ရောင်းစားရန် ခန္ဓာကိုယ် ကလီဇာ အစိတ်အပိုင်း ဖြတ်ထုတ်ခြင်းကြောင့် ကလေးငယ်များသေဆုံးမှု အတွက် မီချိုအာကန်ပြည်နယ်၏ တရားရေးဌာနက ၎င်းအား စုံစမ်းစစ်ဆေးနေသည်ဟု ပြောကြားခဲ့သည်။

အဆိုပါဂိုဏ်းမှာ ကလေးငယ်များအား ဖမ်းဆီး၍ ဆေးဘက်ဆိုင်ရာ ကိရိယာများ တပ်ဆင်ထားသည့် နေရာတစ်ခုတွင် ထားရှိကာ ကိုယ်အင်္ဂါ အစိတ်အပိုင်းများအား ထုတ်ယူရောင်းစားကြသည်ဟု ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ အတွင်းရေးမှူး ဘီဆာရာက ဆိုသည်။ အချို့သော ကလေးငယ်များအား စောင်ဖြင့်ပတ်ကာ အအေးပေးထားသည့် ကွန်တိန်နာထဲတွင် ထည့်၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်းများလည်း ရှိသည်ဟု သိရသည်။

လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက ဖြစ်ပွားခဲ့သော အဖြစ်အပျက်များအတွက် တိုင်ကြားမှုများလည်း ရရှိထားကြောင်း၊ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နေသောကြောင့် အသေးစိတ် ပြောကြားရန် မဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။

ကိုယ်အင်္ဂါအစိတ်အပိုင်းများ ရောင်းစားသည့် အဆိုပါဂိုဏ်းနှင့် Knights Templar အဖွဲ့တို့ ပတ်သက်မှု ရှိနေကြောင်း ကလေးများအား ကယ်ဆယ်စဉ် ကတည်းက သတိထားမိခဲ့သည်ဟု ဒေသတွင်း စေတနာ့ဝန်ထမ်း ကင်းအဖွဲ့ ခေါင်းဆောင် ဂျိုဆေး မန်နျူယဲလ် မီရီးလက်စ်က ပြောကြားခဲ့သည်။

Knights Templar အဖွဲ့မှာ မက္ကဆီကိုရှိ ဒုစရိုက်ဂိုဏ်း တစ်ခုဖြစ်ပြီး၊ ယခင်က မူးယစ်ဆေးဝါး လုပ်ငန်းများကို လုပ်ကိုင်ခဲ့သော်လည်း လက်ရှိတွင် လုပ်ကိုင်ခြင်းမရှိတော့ပေ။ ထိုအဖွဲ့၏ အဓိက၀င်ငွေများမှာ တရားမ၀င် သတ္ထုတူးခြင်း၊ သစ်ခုတ်ခြင်းနှင့် ခြိမ်းခြောက်ငွေညှစ်ခြင်းတို့မှ ရရှိခြင်းဖြစ်သည်ဟု မက္ကဆီကို အာဏာပိုင်များက ပြောကြားခဲ့သည်။

AP

Comments

Leave a Reply