News @ M-Media

Blog

  • ဘာစီလိုနာအား ကျော်ဖြတ်ရန် မိမိတို့တွင် လက်နက်ရှိသည်ဟု မန်စီးတီး လက်ထောက် နည်းပြဆို

    မတ် ၁၂၊ ၂၀၁၄
    M-Media
    371391_heroa

    – ယနေ့ညတွင်ကစားမည့် ဘာစီလိုနာအသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အနိုင်ရအောင်ဆောင်ရွက်နိုင်မည့် လက်နက်များ မိမိတို့တွင်ရှိသည်ဟု မန်စီးတီးအသင်း၏ လက်ထောက်နည်းပြ ရူဘန် ကော်စီလက်စ်က ဘာစီလိုနာအသင်းအား သတိပေးပြောကြားလိုက်သည်။

    ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့မကစားခင် နူးကမ့်ကွင်း၌ ယမန်နေ့ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲသို ရူဘန်တက်ရောက်ခဲ့ပြီး ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ မန်စီးတီးနည်းပြ ပယ်လီဂရီနီမှာ ပထမအကျော့ အိမ်ကွင်း၌ ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော ပွဲစဉ်တွင် ဒိုင်လူကြီးအား ဝေဖန်ခဲ့သောကြောင့် ၂ ပွဲပယ် ပြစ်ဒဏ်ခံခဲ့ရပြီး သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်နိုင်ခြင်း မရှိပေ။

    မန်စီးတီးအသင်းမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့ကလည်း ချန်ပီယံရှစ်အသင်းဖြစ်သည့် ၀ီဂန်အား ၂ ဂိုး ၁ ဂိုးဖြင့်ရှုံးနိမ့်ကာ FA ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရပြီး၊ ဘာစီလိုနာနှင့် ချန်ပီယံလိဂ်ပွဲတွင် ရုန်းကန်ရဖွယ် ရှိနေသော်လည်း၊ မိမိတို့နောက်တစ်ဆင့်တက်ရောက်နိုင်ရေး မည်သည့် သံသယမှ မရှိဟု ရူဘန်ကဆိုသည်။

    “ကျွန်တော်တို့ ဒီပွဲကို ကြိုးစားပြောင်းလဲရပါမယ်။ အဲဒီအတွက် ကျွန်တော်တို့မှာ လက်နက်တွေရှိပါတယ်။ ဒီလက်နက်နဲ့ပဲ ကျွန်တော်တို့ဟာ ကြိုးစားသွားမှာဖြစ်ပြီး၊ ရေကုန်ရေခန်း ရင်ဆိုင်သွားမှာပါ” ဟု ရူဘန်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် FA ဖလားအရှုံးကို မေ့ပစ်ရန်နှင့် ဘာစီလိုနာအား အနိုင်ကစားကာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို ပထမဆုံးအကြိမ်တက်ရောက်နိုင်ရန်အတွက် ကြိုးစားသွားကြရန် ကစားသမားများအား ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

  • တိုဟိုကူး ငလျင်နှင့် ဆူနာမီ (၃) နှစ်မြောက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ဂျပန်မှာကျင်းပ (ဓါတ်ပုံ သတင်း)

    မတ် ၁၂ ၊ ၂၀၁၄
    M-Media
    1921087_798055493555113_2038007538_o
    ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့က ဂျပန်နိုင်ငံ တိုဟိုကူကျွန်းမှာ လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် သေဆုံး သွားခဲ့ရသူတွေ အတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် တစ်မိနစ်ခန့် ငြိမ်သက် ဆုတောင်းနေတာဖြစ်ပါတယ်။

    ငလျင်လှုပ်ခတ်သွားခဲ့တဲ့ နေ့လည် ၂ နာရီ ၄၆ မိနစ်တိတိ အချိန် မြို့တော်တိုကျိုရဲ့ ပန်းခြံမှာ ပြလုပ်ခဲ့ကြတာပါ။ ငလျင်ပြင်းအား ၉.၀  ရှိတဲ့ အဲဒီငလျင်နဲ့ ဆူနာမီဒဏ်ကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး၊ ဂျပန်နိုင်ငံ သမိုင်းမှာ အဆိုးရွားဆုံး နျူကလီးယား ပြဿနာနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီဆူနာမီ ငလျင်လှုပ်ခတ်ခဲ့တာ မနေ့က သုံးနှစ်ပြည့်ခဲ့ပါတယ်။

    Reuters photo

  • စင်ကာပူမှ မဒရ်ဆာ စာသင်ကျောင်းများတွင် အဆင်မြင့် သင်ရိုးဖြင့် သင်နိုင်အောင် အစိုးရ ထောက်ပံ့မည်။

    မတ် ၁၂၊ ၂၀၁၄
    M-Media
    madrasah-532371– စင်ကာပူနိုင်ငံ၏  အစ္စလာမ်ဘာသာရေး စာသင်ကျောင်း (မဒရ်ဆာ) များအတွက် အဆင့်မြှင့်တင်ထားသော သင်ရိုးညွှန်းတန်းများအား သင်ကြားနိုင်ရန်အတွက် ဆရာများအား သတင်ပေးသွားမည်ဟု စင်ကာပူနိုင်ငံ မွတ်စလင်ရေးရာဌာန ၀န်ကြီး ယာကွဘ် အီဗရာဟင်မ်က ပြောကြားခဲ့သည်။

    စင်ကာပူရှိ မဒရ်ဆာ ကျောင်းများ၏သင်ရိုး အဆင့်မြှင့်တင်ရေးအစီအစဉ်ကို ၂၀၀၈ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး၊ ထိုစနစ်တွင် ဘာသာရပ် မျိုးစုံပါဝင်ပြီး မဒရ်ဆာ ပညာရေးစနစ် အတွက် ပုံသေ သတ်မှတ်ထားသည့် သင်ရိုးလည်းဖြစ်သည်။

    ယခုနှစ်တွင် စင်ကာပူရှိ မဒရ်ဆာ ၃ ခုမှာ ထိုသင်ရိုးအတိုင်း သင်ကြားမည်ဖြစ်ပြီး၊ ထိုကဲ့သို့ သင်ကြားနိုင်ရန်အတွက် ဆရာများ လိုအပ်မည်ဟု ၀န်ကြီး အီဗရာဟင်မ်ကဆိုသည်။

    အချိန်ပိုင်းနှင့် အချိန်ပြည့်သင်ကြားသော အစ္စလာမ့်ဓမ္မ ပညာရေးစနစ်အား အကျိုးဖြစ်ထွန်းရေအတွက် စင်ကာပူ အစ္စလာမ်သာသနာရေးကောင်စီ MUIS မှ ပညာရေး အလှူငွေ စင်ကာပူ ဒေါ်လာ ၆.၃ သန်း မတည်သွားဖြစ်သည်။

    အဆိုပါ ပညာရေးစနစ်၏ မြင့်တက်လာသော ကုန်ကျမှုများမှ မိဘများအား သက်သာစေရန်၊ မဒရ်ဆာ ကူညီထောက်ပံ့ရေး ရန်ပုံငွေတိုးမြှင့်မှု အစီအစဉ် PROMAS သို့ MUIS မှ ပေးအပ်နေသည့် ငွေများကိုလည်း ယခုနှစ်မှ စတင်ကာ ၅ ရာခိုင်နှုန်းတိုးမြှင့်သွားမည်ဟု သိရသည်။ ထို့ပြင် မဒရ်ဆာ ကျောင်းသားများ အတွက် စင်ကာပူ ပညာရေးဝန်ကြီးဌာန MOE ၏ ပညာရေးရန်ပုံငွေ Edusave Fund မှ စင်ကာပူဒေါ်လာ ၇ သိန်းနီးပါး ရရှိမည်ဟု ယာကွဘ်က ထည့်သွင်းပြောကြားခဲ့သည်။ ထိုငွေများကို ကလေးငယ်များ ပညာရေး အတွက် မိဘများက သုံးစွဲနိုင်မည်ဖြစ်သည်။

    “MUIS ဟာ MOE နဲ့ နီးနီးကပ်ကပ်အလုပ် လုပ်သွားမှာဖြစ်ပြီး၊ အခုနှစ် ဒုတိယနှစ်ဝက်မှာ မဒရ်ဆာ  ၆ ခုအတွက် ဒီ ပညာရေးထောက်ပံ့မှု အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ကိုလည်း ဆောင်ရွက်သွားမှာပါ။ မဒရ်ဆာ တွေအကြား အာရုံစိုက် လုပ်ရမယ့် အလုပ်တွေအတွက် အားထုတ်ရာမှာ ကူညီဖို့နဲ့၊ ဒီရန်ပုံငွေတွေကို စနစ်တကျ အသုံးပြုဖို့အတွက် MUIS ကို ကျွန်တော်တောင်း ဆိုထားပြီး ပါပြီ။ ဥပမာအားဖြင့် ကျွန်တော်တို့ ကလေးတွေ အားနည်းတဲ့ သင်္ချာနဲ့ သိပ္ပံပညာရပ်တွေမှာ ပိုစိတ်ဝင်စားလောင်အောင် ဆောင်ရွက်ပေးတဲ့အစီအစဉ်တွေပေါ့” ဟု အီဗရာဟင်မ်က ထပ်လောင်းပြောကြားခဲ့သည်။
    CNA
    Photo-(AFP/Roslan Rahman)

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    မတ် ၁၂၊ ၂၀၁၄
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    လက်ညှိုး အမူအယာ ပြသရုံနဲ့ ညွှန်ကြားခိုင်းစေနိုင်တဲ့ “Ring”

    ဂျပန်လူမျိုး Takuro Yoshida ဦးဆောင်တဲ့ Logbar ကုမ္ပဏီဟာ “Ring” လို့ အမည်ပေးထားတဲ့ လက်စွပ်တစ်မျိုးကို ထုတ်လုပ်လိုက်ပါတယ်။

    အခြား နည်းပညာသုံး ကိရိယာများနဲ့ bluetoothကနေ ချိတ်ဆက်ပြီး လက်ညှိုး အမူအရာပြသရုံနဲ့ ညွှန်ကြားခိုင်းစေနိုင် မှာ ဖြစ်ပါတယ်။  ဥပမာ− smart ဖုန်းမှာ စာရေးတာကို လက်ညှိုးက လေထဲမှာ စာလုံးပုံ ဆွဲပြခြင်း။ smart TV မှာ ချယ်နယ်လ်ပြောင်း ဖို့ လက်ညှိုးအမူအရာပြသနိုင်ခြင်းတွေ ဖြစ်ပါတယ်။

    အခုနောက်ပိုင်း ပေါ်ထွက်လာတဲ့ Google glass လို ကစားစရာ drone လေယာဉ်ငယ်လို program လုပ်ပြီး ဆက်သွယ်လုပ်ဆောင်နိုင်တဲ့ ကိရိယာတွေ အများကြီး ရှိလာနိုင်ပါတေယ်။ လက်ရှိတော့ ၁၄၅ ဒေါ်လာလောက် နဲ့ရောင်းဖို့ စီစဉ်ထားပေမယ့် နောက်ပိုင်းမှာ ၁၀၀ ဒေါ်လာလောက်ထိ လျှော့ချသွားမယ်လို့ Takuro Yoshida ကပြောဆိုပါတယ်။

    ring
    _______________________________
    အိုဇုန်းအလွှာကို ပျက်စီးစေတဲ့ ဓါတ်ငွေ့ အသစ်လေးမျိုး

    အိုဇုန်းအလွှာကို ပျက်စီးစေတဲ့ စက်မှုလုပ်ငန်းတွေက ထုတ်လွှတ်တဲ့ ဓါတ်ငွေ့ အသစ်လေးမျိုး ကို University of East Anglia က သုတေသီတွေက လေ့လာတွေ့ရှိထားပါတယ်။

    CFC (chlorofluorocarbon) ဓါတ်ငွေ့ သုံးစွဲမှုကို ၂၀၁၀ ခုနှစ်ကစပြီး လုံးဝ ပိတ်ပင်ခဲ့တဲ့အတွက် သိသာစွာလျှော့ကျသွားပေမယ့် အခု တွေရှိတဲ့ ဓါတ်ငွေ့ အသစ်တွေက CFC အမျိုးအစား သုံးမျိုး နဲ့ hydrochlorofluorocarbon (HCFC) တစ်မျိုး ဖြစ်ပြီး ဒီဓါတ်ငွေ့တွေဟာ ပြိုကွဲချိန်ကြာရှည်တာကြောင့် ပိုမို အန္တရာယ် ရှိတယ်လို့ သိရပါတယ်။

    ozone
    _______________________________
    သွေးစစ်ခြင်းဖြင့်dementia ဖြစ်နိုင်ခြေကို သိရှိနိုင်

    University of Oxford က အာရုံကြောသိပ္ပံပညာရှင် Simon Lovestone ဦးဆောင်တဲ့ သုတသနအရ သွေးရည်ကြည်ထဲက lipid metabolites ၁၀မျိုးကို စစ်ဆေးခြင်းဖြင့် နှစ်နှစ်လောက် အတွင်းမှာ dementia ရောဂါ ဖြစ်နိုင်ခြေ ရှိမရှိ ၉၀ ရာခိုင်နှုန်း မှန်ကန်တဲ့ ရလဒ်ကို သိရှိနိုင်တယ် လို့ ဆိုပါတယ်။

    (dementia ဆိုတာ ကတော့ မှတ်ဉာဏ်ပျက်စီးခြင်း၊ စဉ်းစားနိုင်မှု မရှိတော့ခြင်း၊ ကဲ့သို အာရုံကြောလုပ်ဆောင်မှု ပျက်စီးတဲ့ ရောဂါမျိုး ဖြစ်ပါတယ်။)

    brain
    _______________________________
    နှစ်ပေါင်းသုံးသောင်းက အေးခဲနေတဲ့ ပိုးမွှားပြန်လည် နိုးထ

    P. sibericum လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးဟာ ဆိုက်ဘေးရီးယားက အနုတ် ၁၃.၄’ဒီဂရီအေးခဲ နေတဲ့ မြေလွှာ ထဲမှာ အနှစ် သုံးသောင်းကြာ အေးခဲနေရာကနေ ပြန်လည်း နိုးထစေပြီး အမီဘာ ဘက်တီးရီးယားကို စမ်းသပ် ကူးစက်ကြည့်နိုင်ခဲ့ခြင်းဖြင့် ဗိုင်းရပ်စ်များရဲ့ ရှင်သန်နိုင်စွမ်းကို လေ့လာနိုင်ခဲ့ပါတယ်။ P. sibericum ဗိုင်းရပ်စ် ဟာ သာမန်ဗိုင်းရပ်စ်တွေထက် ထူးထူးခြားခြား ကြီးမားပြီး သာမန် အဏုကြည့် မှန်ပြော့င်းနဲ့ မြင်နိုင်တဲ့ ၁.၅ μm အရွယ်အစား ဖြစ်ပါတယ်။

    virus

    ————————–————————–——-
    ** Print Media များတွင် M-Media ခွင့်ပြုချက်မရှိဘဲ အသုံးပြုခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]

  • အဝေးကွင်း သရေကျပြီး ဖျာလိပ်တဲ့ အာဆင်နယ်၊ ၁၇ နှစ်ကြာမှ ကွာတားဖိုင်နယ် ပြန်တက်လာတဲ့ အက်သလက်တီကိုတို့ရဲ့ ချန်ပီယံလိဂ်ည

    မတ် ၁၂၊ ၂၀၁၄
    M-Media

    အဝေးကွင်း သရေကျပြီး ဖျာလိပ်တဲ့ အာဆင်နယ်၊ ၁၇ နှစ်ကြာမှ ကွာတားဖိုင်နယ် ပြန်တက်လာတဲ့ အက်သလက်တီကိုတို့ရဲ့ ချန်ပီယံလိဂ်ည

    376965hp2

    – ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ ပွဲ ၂ ပွဲကို ယနေ့နံနက်က ကစားခဲ့ရမှာတော့ ဂွာဒီယိုလာရဲ့ ဘိုင်ယန်မြူးနစ် အခက်အခဲမရှိဘဲ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီး လာလီဂါ ချိန်ပီယံဘွဲ့ကို စိန်ခေါ်နေတဲ့ အက်သလက်တီကိုကလည်း အိမ်ကွင်းမှာ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။

    ပထမအကျော့ အိမ်ကွင်းမှာ ဂိုးသမား ရှက်ဇက်နီအထုတ်ခံခဲ့ရခြင်းနဲ့အတူ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့တဲ့ အာဆင်နယ်အသင်းကတော့ ဘိုင်ယန်မြေမှာလည်း ၁ ဂိုးစီသရေသာ ရခဲ့တာကြောင့် ချန်ပီယံလိဂ်ကို လက်ပြနှုတ်ဆက်သွားခဲ့ရပြီဖြစ်ပါတယ်။

    အာဆင်ဝင်းဂါးဟာ ဒီပွမှာ လူစုံထုတ်ခဲ့ပြီး ရှေ့၊ လယ်၊ နောက် ညီမျှနေတဲ့ ဘိုင်ယန်ကတော့ ပထမအကျော့က အနိုင်ကိုထိန်းပြီး တန်ပြန်တိုက်စစ်ကနေ ဂိုးရဖို့ကြိုးစားခဲ့ပါတယ်။ ပြီခဲ့တဲ့နှစ်က ဒီအဆင့် ဒီကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ ဘိုင်ယန်ကို အနိုင်ကစားနိုင်ခဲ့တဲ့ အာဆင်နယ်တို့ ဒီပွဲမှာတော့ ဘိုင်ယန်ကို မယှဉ်နိုင်ခဲ့ပါဘူး။ ဦးဆောင်ဂိုးကို ၅၅ မိနစ်မှာ ဘိုင်ယန်က အရင်စသွင်းခဲ့ပြီး ဂိုးသွင်းခွင့်ကိုလည်း ဘိုင်ယန်က ပိုရခဲ့တာပါ။ ဦးဆောင်ဂိုးပေးလိုက်ရပြီး ၂ မိနစ်အကြာမှာ ပိုဒေါစကီးက ချေပဂိုးပြန်သွင်းပေးခဲ့ပေမယ့် လိုအပ်တဲ့ အနိုင်ဂိုးတွေကိုတော့ ရရှိခဲ့ခြင်းမရှိပါဘူး။ နောက်ဆုံးမိနစ်မှာ ဘိုင်ယန်တို့ပင်နယ်တီရခဲ့ပြီး မူလာကန်သွင်းချက် ဂိုးမ၀င်တာကြောင့် အာဆင်နယ်တို့ မရှုံးခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်ဟာ နှစ်ကျော့ပေါင်း ရလဒ် ၃ ဂိုး ၁ ဂိုးနဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပြီး ၁၉၉၀ က အေစီမီလန်အသင်းချန်ပီယံလိဂ်ဘွဲ့ကို ကာကွယ်နိုင်ခဲ့ပြီးတဲ့နောက် ချန်ပီယံလိဂ်ဘွဲ့ကို ပထမဆုံးကာကွယ်နိုင်ရေးအတွက် မျှော်လင့်ချက်တွေ တောက်ပလာခဲ့ပြီဖြစ်ပါတယ်။

    ချန်ပီယံလိဂ်သမိုင်းမှာ အစဉ်အလာကြီးခဲ့တဲ့ အေစီမီလန်တို့ကတော့ စပိန်မြေမှာ အက်သလက်တီကိုအသင်းကို ထိုက်ထိုက်တန်တန် အရှုံးပေးခဲ့ရပါတယ်။ ပထမအကျော့ ဆန်စီရိုမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူနိုင်ခဲ့တဲ့ အက်သလက်တီကိုတို့ ဒီပွဲမှာလည်း အကေားင်းဆုံးခြေစွမ်းကို ပြသသွားခဲ့ပြီး၊ ပထမပိုင်းမှာ ၂ ဂိုးနဲ့ ဒုတိယပိုင်းမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့တာပါ။ ပွဲအစ ၃ မိနစ်မှာရခဲ့တဲ့ အက်သလက်တီကိုရဲ့ ဦးဆောင်ဂိုးကို ၂၇ မိနစ်မှာ မီလန်တို့ ပြန်ချေပနိုင်ခဲ့ပေမယ့် နောက်ပိုင်းဂိုးတွေကိုတော့ ပြန်လည်ချေပနိုင်ခြင်းမရှိခဲ့ပါဘူး။ အက်သလက်တီကိုအတွက် ဂိုးတွေကို ဒီယေဂိုကော်စတာက ၂ ဂိုး၊ အန်ဒရာ သူရန်နဲ့ ရာအူးလ် ဂါစီယာတို့က ၁ ဂိုးစီ သွင်းယူပေးခဲ့တာပါ။ မီလန်အတွက် ချေပဂိုးကိုတော့ ကာကာက သွင်းယူပေးခဲ့တာပါ။ နှစ်ကျော့ပေါင်း ၅ ဂိုး ၁ ဂိုးနဲ့ အက်သလက်တီကိုတို့ ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့တာဟာ ၁၇ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။

    ယနေ့နံနက် ချန်ပီယံလိဂ်ရလဒ်များ

    ဘိုင်ယန်မြူးနစ် ၁-၁ အာဆင်နယ် (နှစ်ကျော့ပေါင်း ၃-၁ ဖြင့် ဘိုင်ယန် နောက်တစ်ဆင့်တက်)
    အက်သလက်တီကို ၄-၁ အေစီမီလန် (နှစ်ကျော့ပေါင်း ၅-၁ ဖြင့် အက်သလက်တီကို နောက်တစ်ဆင့် တက်)