News @ M-Media

လီဗာပူးလ်အား ရှုံးနိမ့်ခဲ့သောပွဲမှာ မိမိ၏ အဆိုးဝါးဆုံးနေ့ရက်များမှ တစ်ခုဖြစ်သည်ဟု ရူနီဆို

မတ် ၁၇ ၊ ၂၀၁၄
M-Media

Manchester-United-v-Liverpool-Premier-League-3249706

– ယမန်နေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးလ်အသင်းအား ရှုံးနိမ့်ခဲ့ခြင်းမှာ အိပ်မက်ဆိုးတစ်ခုဖြစ်ပြီး မိမိ၏ဘ၀တွင် အဆိုးဝါးဆုံးနေ့ရက်ထဲမှ တစ်ရက်ဖြစ်သည်ဟု မန်ယူတိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားခဲ့သည်။

နည်းပြမိုယက်စ်၏ ပထမဆုံးရာသီတွင်ပင် မန်ယူအသင်း၏ အခြေအနေမှာ ဆိုးရွားနေခဲ့ပြီး၊  ယမန်နေ့ကပွဲတွင်လည်း ခါးသီးသောပြိုင်ဘက် လီဗာပူးလ်အသင်းအား ဂိုးပြတ်ခြေပြတ်ဖြင့် ရှက်ဖွယ် ရှုံးနိမ်ခဲ့သည်။

ထိုပွဲတွင် မန်ယူအသင်းမှာ ပင်နယ်တီ ၃ လုံးအထိပေးခဲ့ရပြီး နောက်ခံလူဗီဒစ်မှာလည်း ၂ ၀ါ ၁ နီဖြင့် အထုတ်ခံခဲ့ရသည်။

“ဒါဟာ အိပ်မက်ဆိုးပါ။ ဘောလုံးလောကမှာ ကျွန်တော်ကြုံခဲ့တဲ့ အဆိုးဝါးဆုံးနေ့ရက်တွေထဲက တစ်နေ့ပါပဲ။ လက်ခံဖို့ ခက်ပါတယ်။ ကစားပုံကောင်းတဲ့ လီဗာပူးလ်ကို ချီးကျူးရပါမယ်။  အိမ်ကွင်းမှာ ဒီလိုမျိုး ဘယ်သူမှတော့ မရှုံးချင်ပါဘူး။ ဒါဟာကောင်းတဲ့ အရာမဟုတ်ပါဘူး” ဟု ရူနီက ပြောကြားခဲ့သည်။

မန်ယူအသင်းမှာ ယခုနှစ်ပရီးမီးယားလိဂ်ရာသီတွင် ရှုံးနိမ့်ခဲ့သည့်ပွဲမှာ ၉ ပွဲအထိရှိခဲ့ပြီး ၂၀၀၁-၀၂ နောက်ပိုင်း ပထမဦးဆုံးအကြိမ်ဖြစ်သည်။ ထို့ပြင် ၂၁ အတွင်းအနိမ့်ဆုံးအမှတ်ဖြင့် ရာသီသိမ်းခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် ကျန်ရှိနေသည့် ၈ ပွဲစလုံးကို အနိုင်ကစားရန် လိုအပ်နေသည်။

Comments

Leave a Reply