News @ M-Media

Blog

  • MH370: ပျောက်ဆုံးနေသည့် မလေးလေယာဉ်ပေါ်တွင် မသင်္ကာစရာ လူနှစ်ဦး ပတ်စ်ပို့အတုဖြင့် စီးနင်းလိုက်ပါသွားခဲ့

    မတ်လ ၉ ရက်၊ ၂၀၁၄
    M-Media
    1902068_499074543536583_2055487554_n

    ပျောက်ဆုံးနေသည့် မလေးလေကြောင်းလိုင်းပိုင် လေယာဉ် MH 370 ၊ မလေး-ဘေဂျင်း သွားလေယာဉ်ပေါ်ရှိ ခရီးသည်များအထဲ၌ ပတ်စ်ပို့ အတုဖြင့် တရားမ၀င် စီးနင်းလိုက်ပါလာသူ နှစ်ဦး ပါဝင်နေကြောင်း သိရ သည်။ MH 370 တွင် စီးနင်းလိုက်ပါသွားသူဟု အစောပိုင်း က ဖော်ပြခြင်း ခံရသူ အီတလီလူမျိုး လူဂျီမာရယ်ဒီမှာ တကယ်တမ်းတွင် မူ လေယာဉ် ခရီးစဉ်အတွင်း လိုက်ပါသွားခြင်းမရှိဘဲ ထိုင်းနိုင်ငံတွင် အသက်ရှင်လျက် ရှိနေသေးကြောင်း စင်ကာပူအခြေဆိုက် straitstimes သတင်း က ဖော်ပြသည်။

    သတင်းအချက်အလက်များအရ လူဂျီမာရယ်ဒီ၏ ပတ်စ်ပို့အတုဖြင့် အခြားသူတစ်ယောက်က စီးနင်းလိုက်ပါသွားခြင်းသာဖြစ်ကြောင်း၊ မာရယ်ဒီမှာ လွန်ခဲ့သည့်နှစ် သြဂုတ်လကတည်းက အီတလီတွင် ပတ်စ်ပို့အခိုးခံရသည့်ကိစ္စအား အမှုဖွင့်ထားခဲ့ကြောင်း၊ လန်ဒန်အခြေဆိုက် daily mirror သတင်းစာကမူ မာရယ်ဒီအပြင် အခြားတစ်ဦးကလည်း ပတ်စ်ပို့အတုဖြင့် စီးနင်းလိုက်ပါသွားသည်ဟု ဖော်ပြထားကြောင်း၊ ထိုသူကိုင်ဆောင်သွားသည့် ပတ်စ်ပို့မှာ သြစတြေးလျလူမျိုး ခရစ်တီယန် ကိုဇဲဆိုသူ၏ ပတ်စ်ပို့ဖြစ်ပြီး ကိုဇဲမှာ အသက်ရှင်လျက် ရှိနေသေးကြောင်း စသဖြင့် သိရှိရသည်။ မလေးအာဏာပိုင်များကမူ ထိုသူနှစ်ဦးအကြောင်းကို အသေအချာစုံစမ်းစစ်ဆေးသွားမည်ဟု ဆိုသည်။ စီစီတီဗွီကင်မရာမှတ်တမ်းများအရ ခရီးသည်များ၏ ခရီးဆောင်အိတ်များ စစ်ဆေးသည့်အခါ မသင်္ကာဖွယ်တစ်စုံတစ်ရာမျှ တွေ့ရှိခြင်း မရှိခဲ့ကြောင်း သိရသည်။

    တရုတ်လူမျိုး ကလေးငယ်တစ်ဦးအပါအ၀င် စုစုပေါင်း ကလေး ငယ်နှစ်ဦးပါဝင်သည့် ပျောက်ဆုံးနေသော အဆိုပါ မလေးလေယာဉ်ကို ရှာဖွေရန်အတွက် အမေရိကန်ရေတပ်က စစ်သင်္ဘောကိုလည်းကောင်း၊ စင်ကာပူ ကာကွယ်ရေးဝန်ကြီး အန်အန်းဟန်မှ ရေငုပ်သင်္ဘော ကိုလည်းကောင်း ကူညီမည်ဟု ကြေညာထားကြသည်။

    နောက်ဆုံးရရှိသည့် သတင်းများအရ အမေရိကန်စစ်သင်္ဘော၊ ဗီယက်နမ် ရေပိုင်နက်သို့ စတင်ထွက်ခွာလာပြီဖြစ်ကြောင်း သိရသည်။

  • ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရန် ၉၅ ရက်သာ လိုသော်လည်း ဘောလုံးကွင်း တစ်ကွင်းမှာ မေလထိ မပြီးနိုင်

    မတ် ၈ ၊ ၂၀၁၄
    M-Media
    376256_heroa
    – ကမ္ဘာ့ဖလားကျင်းပရန်အတွက် ပြင်ဆင်နေသည့် ဘရာဇီးနိုင်ငံရှိ Arena Pantanal ဘောလုံးကွင်းမှာ လာမည့်မေလအထိ အပြီးသတ်နိုင်မည် မဟုတ်ကြောင်း ထိုဘောလုံးကွင်း တည်ဆောက်ရာမြို့ရှိ မြို့တော်ဝန်က ပြောကြားခဲ့သည်။

    ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမည့် ဘောလုံးကွင်း အားလုံး၏ နောက်ဆုံးအပြီးသတ်ရက်ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အဖြစ် ဖီဖာက သတ်မှတ်ထားသော်လည်း ဘောလုံးကွင်း ၆ ကွင်းမှာ အချိန်မီ ပြီးစီးခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ဖီဖာမှ ထပ်မံ၍ ရက်တိုးပေးထားပြီး ပြိုင်ပွဲကျင်းပရေး ကော်မတီအား ဖိအားပေးထားသည်။

    သို့သော်လည်း နိုင်ငံအလယ်ပိုင်း Cuiaba မြို့ရှိ Arena Pantanal ဘောလုံးကွင်း၏ ထိုင်ခုံ တပ်ဆင်မှုမှာ ဇွန် ၁၂ ရက် ပြိုင်ပွဲမစခင် ၁ လအလိုခန့်တွင်မှ ပြီးစီးဖွယ်ရှိနေသည်။ ထိုမြို့၏ အုပ်ချုပ်ရေးမှူး ဆီလ်ဗာ ဘာဘိုဆာကမူ အဆိုပါ ဘောလုံးကွင်း မပြီးစီးခြင်းအတွက် တာဝန်ယူတည်ဆောက်နေသည့် Kango Brasil ကုမ္ပဏီအား အပြစ်တင်ခဲ့ပြီး အဆိုပါ ဘောလုံးကွင်းမှာ ဖီဖာမှ သတ်မှတ်ထားသည့် ပြိုင်ပွဲမတိုင်ခင် ငါးပတ်အရင် ပြီးစီးလိမ့်မည်ဟု ပြောကြားခဲ့သည်။

    “ဘောလုံးကွင်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေအားလုံး ဒီလအကုန်လောက်မှာ ရောက်မယ်လို့ ကုမ္ပဏီက ကျွန်တော့်ကို ပြောပါတယ်။ တကယ်လို့ မတ်လမှာ ပြီးအောင်လုပ်ဖို့ အချိန်မရဘူးဆိုရင် နောက်ဆုံး သတ်မှတ်ရက်ဖြစ်တဲ့ မေလ ၆ ရက်မှာ အပြီးတပ်ဆင်ရမှာပါ” ဟု ဘာဘိုဆာက ပြောကြားခဲ့သည်။

    ထို့ကြောင့် ဧပြီလ ၂ ရက်နေ့ ဖီဖာမှ စစ်ဆေးမည်ချိန်တွင် ထိုင်ခုံအားလုံး တပ်ဆင်ပြီးစီးမှု ရှိမည် မဟုတ်သေးပေ။ ပရိတ်သတ်ပေါင်း ၄၂၉၆၈ ၀င်ဆံ့နိုင်မည်ဖြစ်ပြီး ကမ္ဘာ့ဖလားပွဲ လေးပွဲကစားမည့် အဆိုပါ Pantanal ဘောလုံးကွင်းမှာ ၂၀၁၃ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် အချိန်မီမပြီးခဲ့သောကြောင့် ရပ်ထပ်မံတိုးပေးခဲ့ရပြီး ထိုအချိန်က ဖီဖာ၏ အထွေထွေအတွင်းရေးမှူး ဂျီရိုမီ ဗာလက်ကီမှ ထိုကွင်းမှာ ၂၀၁၄ ဖေဖော်ဝါရီလတွင် ပြီးစီးလိမ့်မည်ဟု ပြောကြားခဲ့သော်လည်း လက်တွေ့တွင် ဖြစ်မလာခဲ့ပေ။

  • မလေး လေကြောင်းလိုင်းက လေယာဉ် ပျောက်ဆုံးမှု နောက်ဆက်တွဲ သတင်း

    မတ်လ ၈ ရက်၊ ၂၀၁၄
    M-Media

    1947646_671576499551490_619391686_n

    မလေးလေကြောင်းလိုင်းပိုင် မလေး-ဘေဂျင်းသွား MH 370 ခရီးသည်တင်လေယာဉ်ပျောက်ဆုံးနေတာကြောင့် အရှေ့တောင်အာရှနိုင်ငံသားတွေ အားလုံး ရင်တမမနဲ့ သတင်း ထူးခြားချက်တွေကို စောင့်မျှော်ဖတ်ရှုနေကြပါတယ်။

    ဗီယက်နမ်အာဏာပိုင်တွေကတော့ ပင်လယ်ပြင်မှာ ဆီအကွက်တွေ တွေ့ရှိရတာကြောင့် တောင်တရုတ် ပင်လယ်ထဲ လေယာဉ် ပျက်ကျသွားတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

    မလေးဝန်ကြီးချုပ် နာဂျစ်ရာဇတ်ကတော့ လေယာဉ်ပေါ်မှာ လိုက်ပါစီးနင်းသွားတဲ့ ခရီးသည်များရဲ့ မိသားစုတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းများက ဆိုပါတယ်။ နာဂျစ်က မီဒီယာ သမားများနဲ့ တွေ့ဆုံခဲ့ရာမှာတော့ သူ့အနေနဲ့ တစုံတရာကိုမျှ အတိအကျ မပြောနိုင်တဲ့အကြောင်း၊ ဗီယက်နမ် ဘက်ကတော့ သူတို့ရေပိုင်နက်မှာ လေယာဉ်ပျက်ကျ သွားတယ်လို့ ပြောပေမယ့် ဘယ်နေရာမှာ လေယာဉ်ပျက်ကျသွားသလဲဆိုတာ အတိအကျ မထောက်ပြနိုင်သလို လေယာဉ်ပျက်ကျထား တဲ့ အရိပ်လက္ခဏာမျိုးလည်း ပင်လယ်ပြင်မှာ မတွေ့ရတဲ့အကြောင်း စသဖြင့် ပြောဆိုသွားပါတယ်။ ဒါ့ပြင် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းရဲ့ ဖုန်းဆက်ပြီး အကူ အညီပေးဖို့ ကမ်းလှမ်းတာကိုလည်း လက်ခံရရှိပါတယ်လို့ နာဂျစ်က ပြောဆိုသွားခဲ့ပါတယ်။

    မလေးကနေ တရုတ်ပြည် ဘေဂျင်းကို ထွက်ခွာသွား ခဲ့တဲ့ လေယာဉ်ဟာဆိုရင် အမြင့်ပေ ၃ သောင်းခွဲ အရောက်မှာ မြေပြင်နဲ့ အဆက်အသွယ် ပြတ်တောက်ခဲ့တာဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာတော့ တရုတ်လူမျိုး ၁၅၃ ယောက် (ကလေးငယ်တဦး)၊ မလေးလူမျိုး ၃၈ ယောက်၊ အင်ဒို ၁၂ ယောက်၊ ပြင်သစ် ၃ ယောက်၊ နယူးဇီလန် ၂ ယောက်၊ အမေရိကန် ၄ ယောက်၊ယူကရိန်း ၃ ယောက်၊ ရုရှ ၂ ယောက်၊ အီတလီ ၁ယောက်၊ ထိုင်ဝမ် ၁ ယောက်၊ နယ်သာလန် ၁ ယောက်နဲ့ သြစတြီးယား ၁ ယောက်တို့ ပါဝင်တယ်လို့ သိရပါတယ်။

    ဘေဂျင်းလေယာဉ်ကွင်းမှာတော့ လေယာဉ်အတက်အဆင်းပြဇယားမှာ ဆိုက်ရောက်ချိန်ထက် နောက်ကျနေတဲ့ မလေးလေကြောင်းလိုင်းပိုင် ဘိုရင်း ၇၇၇ အမျိုးအစား MH 370 လေယာဉ် အတွက် Delayed (နောက်ကျ) လို့သာ အသိပေးထားပြီး သတင်းလည်း အချိန်တော်တော်ကြာတဲ့အထိ မသိရသေးတာကြောင့် ခရီးသည်များရဲ့ မိသားစုဝင်တွေ မျက်ရည်စက်လက်နဲ့ ဒေါသဖြစ်နေကြရတယ်လို့ ဆိုပါတယ်။

    လေယာဉ်ရှာဖွေရေးအတွက်တော့ မလေး၊ ဗီယက်နမ်နဲ့ စင်ကာပူတို့ပါ ပူးပေါင်းဆောင်ရွက်နေကြဆဲဖြစ်ပါတယ်။

    ဓါတ်ပုံ – ဘေဂျင်းလေဆိပ်က လေယာဉ်အ၀င်အထွက်ပြ ဇယား

  • ရလဒ်များဆိုးဝါးနေသော်လည်း အသင်းသားများက ၎င်းအား ထောက်ခံဟု မန်ယူနည်းပြပြောကြား

    မတ် ၈ ၊ ၂၀၁၄
    M-Media
    373116_heroa
    – ယခုနှစ်ဘောလုံးရာသီတွင် အသင်း၏ရလဒ်များ ဆိုးရွားနေသောကြောင့် နည်းပြမိုယက်စ်မှာ မန်ယူကစားသမားများ၏ ယုံကြည်မှုကို ဆုံးရှုံးနေသည် ဟူသောသတင်းအား မိုယက်စ်က ငြင်းဆိုလိုက်ပြီး အသင်းရှိ ကစားသမားအားလုံးမှာ မိမိအား အားပေးထောက်ခံကြသည်ဟု ပြောကြားလိုက်သည်။

    ဂန္တ၀င်နည်းပြ ဖာဂူဆန်၏နေရာကို ဆက်ခံခဲ့ပြီးနောက် ပထမဦးဆုံးရာသီတွင်ပင် မိုယက်စ်မှာ အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး ဝေဖန်မှုများကိုလည်း ခံနေရသည်။ မိုယက်စ်ကိုင်တွယ်သည့် မန်ယူအသင်းမှာ ပရီးမီးယားလိဂ်တွင် အဆင့် ၇ နေရာ၌ရှိနေပြီး၊ နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည့် ချန်ပီယံလိဂ်ဖလား ၁၆ သင်းအဆင့် ပထမအကျော့တွင် အိုလံပီယာကော့စ်အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ထားသည်။

    မိုယက်စ်၏ စွမ်းဆောင်ရည်များကြောင့် အသင်းရှိကစားသမားများကလည်း မိုယက်စ်အပေါ်ယုံကြည်မှုမရှိဘဲ အင်တိုက်အားတိုက်ကစားခြင်းမရှိဟု သတင်းများလည်းထွက်ပေါ်လာခဲ့ပြီး၊ မိုယက်စ်ကမူ ယင်းသတင်းအား ငြင်းဆိုခဲ့သည်။

    “သူတို့(အသင်းသားများ) အားလုံးဟာ ကျွန်တော်ခိုင်းသလိုမကစားဘူးဆိုတဲ့ ပြောဆိုမှုတွေဟာ ဟုတ် မဟုတ်ဆိုတာတော့ ကျွန်တော်မသိပါဘူး။ သူတို့အားလုံး ကျွန်နော်ပြောသလို ကစားကြတယ်လို့တော့ ကျွန်တော်ထင်ပါတယ်။ ဒါ့ကြောင့် ဒီကောလဟာလတွေကို လက်မခံပါဘူး” ဟု မိုယက်စ်က ဆိုသည်။

    ထို့ပြင် မိမိတို့အသင်းအနေဖြင့် ကစားပုံ ပိုကောင်းဖို့ လိုအပ်ကြောင်း၊ အိုလံပီယာကော့စ်နှင့်ပွဲတွင် မိမိတို့၏ ကစားပုံမှာ အဆိုးဝါးဆုံးဖြစ်ပြီး အလွန်စိတ်ပျက်စရာကောင်းကြောင်း၊ သို့ရာတွင် မိမိတို့အနေဖြင့် တိုးတက်လာပြီး ပိုကောင်းလာမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • စစ်ခေါင်းဆောင်ဟောင်းအား လုပ်ကြံမှုကြောင့် တောင်အာဖရိကနှင့် ရ၀မ်ဒါတို့ ဆက်သွယ်ရေး တင်းမာ

    မတ် ၈ ၊ ၂၀၁၄
    M-Media
    Kayumba_0
    – တောင်အာဖရိကနိုင်ငံတွင် ခိုလှုံနေသည့် ရ၀မ်ဒါ စစ်တပ်အကြီးအကဲဟောင်း၏ အိမ်အား တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ တောင်အာဖရိကနှင့် ရ၀မ်ဒါနိုင်ငံတို့ အကြား တင်းမာမှုများဖြစ်ပေါ်နေသည်ဟု သိရသည်။

    ထိုတိုက်ခိုက်မှုအား ရ၀မ်ဒါသံရုံးမှ ပြုလုပ်ခဲ့သည်ဟု ဆိုကာ ရ၀မ်ဒါသံတမန် ၃ ဦးအား ၄၈ နာရီအတွင်း တိုင်းပြည်မှ ထွက်ခွာသွားရန် တောင်အာဖရိကနိုင်ငံက ယခုသီတင်းပတ် အတွင်း မောင်းထုတ်ခဲ့ပြီး ရ၀မ်ဒါနိုင်ငံကလည်း တောင်အာဖရိက သံတမန် ၆ ဦးအား ယမန်နေ့က တိုင်းပြည်မှ နှင်ထုတ်ခဲ့သည်။

    “တောင်အာဖရိကရဲ့ လုပ်ရပ်အတိုင်း ကျွန်တော်တို့ကလည်း တောင်အာဖရိက သံတမန် ၆ ဦးကို မောင်းထုတ်လိုက်ပါပြီ။ ပြီးတော့ ရ၀မ်ဒါက အကြမ်းဖက် တိုက်ခိုက်မှုတွေ အတွက် တာဝန်ရှိသူ တစ်ဦးကို တောင်အာဖရိကနိုင်ငံက လက်ခံထားတဲ့ အတွက်လည်း စိုးရိမ်ပါတယ်” ဟု ရ၀မ်ဒါ နိုင်ငံခြားရေး ၀န်ကြီး  Louise Mushikiwabo က သူမ၏ Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    တောင်အာဖရိက သံတမန်များမှာ ပြန်လာနေပြီဟု သံတမန် အသိုင်းအ၀ိုင်း သတင်းများကဆိုပြီးထိုကိစ္စနှင့်ပတ်သက်၍ တောင်အာဖရိကဘက်မှ မည်သည့်မှတ်ချက်မှ ပေးခဲ့ခြင်း မရှိခဲ့ဘဲ၊ နောက်ပိုင်းတွင် ကြေညာချက် ထုတ်ပြန်မည်ဟုသာ သိရသည်။

    ယခုတပတ် တနင်္လာနေ့ ညပိုင်းက ဂျိုဟန်နစ္စဘတ်ရှိ ရ၀မ်ဒါ စစ်တပ် အကြီးအကဲဟောင်း Faustin Kayumba Nyamwasa ၏ နေအိမ်အား လက်နက် ကိုင်ဆောင်ထားသူများက တိုက်ခိုက်ခဲ့ကြပြီး၊ Nyamwasa မှာ ထိုအချိန်တွင် အိမ်၌ မရှိခဲ့ပေ။ Nyamwasa မှာ ရ၀မ်ဒါ သမ္မတ  Paul Kagame နှင့် ပြဿနာဖြစ်ပွားမှုကြောင့် တောင်အာဖရိက နိုင်ငံတွင် ခိုလှုံနေရသူဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင်လည်း လုပ်ကြံခြင်း ခံရကာ အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။

    ဗဟိုအာဖရိကနိုင်ငံ ငြိမ်းချမ်းရေး သဘောတူညီချက် အတွက် ပါဝင်လှုပ်ရှားနေသည့် တောင်အာဖရိကနှင့် ရ၀မ်ဒါနှစ်နိုင်ငံ အတွက် ထိုပြဿနာမှာ တင်းမာမှုများကို ဖြစ်ပေါ်စေသည်။ ဗဟိုအာဖရိကရှိ သူပုန်များနှင့် တိုက်ခိုက်နေသည့် ကုလ၏ ငြိမ်းချမ်းရေးတပ်တွင် တောင်အာဖရိက စစ်သားများပါဝင်နေပြီး၊ သူပုန်များအား ရ၀မ်ဒါမှ ထောက်ပံ့နေသည်ဟု ကုလမှ ကျွမ်းကျင်သူများက ပြောဆိုထားသည်။ သို့သော်လည်း ရ၀မ်ဒါကမူ ထိုသတင်းအား ငြင်းဆိုခဲ့သည်။

    Agencies