News @ M-Media

Blog

  • နှစ် ၂၀ ကြာလွတ်မြောက်နေသည့် နာမည်ကျော် ကျားမုဆိုးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

    နှစ် ၂၀ ကြာလွတ်မြောက်နေသည့် နာမည်ကျော် ကျားမုဆိုးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

    ဇွန် ၁၊ ၂၀၂၁
    M-Media

    -ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်တောင်ပိုင်းမှာ နာမည်ကျော်တဲ့ ကျားမုဆိုးတစ်ယောက်ကို နှစ်ပေါင်း ၂၀ ကျော်ကြာမှ အာဏာပိုင်တွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။

    ဟာဘစ် တာလွတ်ဒါဆိုတဲ့ အသက် ၅၀ အရွယ် အဲဒီအမျိုးသားဟာ အိန္ဒိယနိုင်ငံအထိ ကျယ်ပြန့်တဲ့ လမုတောထဲမှာ ကျက်စားပြီး ဘန်ဂေါလ်ကျားပေါင်း အနည်းဆုံး ၇၀ လောက်ကို အမဲလိုက်ခဲ့သူပါ။

    တောထဲမှာ ပျားရည်ရှာဖွေစုဆောင်းသူဘ၀ကနေ ဟာဘစ်ဟာ ကျားလိုက်မုဆိုးအဖြစ် နာမည်ကျော်ခဲ့တာ ဖြစ်ပါတယ်။ အာဏာပိုင်တွေရဲ့ လိုက်လံဖမ်းဆီးမှုကိုလည်း နှစ်ပေါင်း ၂၀ ကျော်ကြာ ရှောင်ရှားနိုင်ခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ်အနောက်တောင်ပိုင်း ဘာဂရတ်ခရိုင် ရဲတပ်ဖွဲ့အကြီးအကဲ ဆိုင်ဒွရ်ရဟ်မန်က ဟာဘစ်ကို သဘာ၀ပတ်ဝန်းကျင်၊ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေနဲ့ အလိုရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။

    သားရိုင်းတိရစ္ဆာန်တွေကို အမဲလိုက်နေတဲ့ ဒေသတွင်း တရားမဝင်ဂိုဏ်းတစ်ခုနဲ့ ဟာဘစ်တစ်ယောက် ဆက်နွယ်ဖွယ်ရှိတယ်လို့လည်း သူက ပြောပါတယ်။

    ဟာဘစ်ဟာ အသက် ၂၀ ကျော်အရွယ်က စတင်ကာ ကျားတွေကို အမဲလိုက်လာတာပါ။ ဒေသခံတွေက ဟာဘစ်ဟာ ကျားနဲ့ တစ်ယောက်ချင်း ပြန်ချနိုင်ပြီး၊ လူတွေက သူ့ကို ချစ်ကြောက်လေးစားတယ်လို့ ပြောကြားခဲ့ပါတယ်။

    ကျားအပါအဝင် သားရိုင်းတိရစ္ဆာန်တွေကို ဖမ်းဆီးသတ်ဖြတ်ပြီးနောက် သားရေ၊ အရိုး၊ အသား၊ အစွယ် စတာတွေကို ​တရုတ်အပါအဝင် တစ်ခြားနိုင်ငံတွေကို တင်ပို့ရောင်းချတဲ့စျေးကွက်ဟာ ဘင်္ဂလားဒေ့ရှ်မှာ အကြီးအကျယ်ရှိနေတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • တစ်ကျော့ပြန် ကိုဗစ်ကြောင့် မလေးရှားတွင် တစ်နိုင်ငံလုံး လော့ဒေါင်းချမည်

    တစ်ကျော့ပြန် ကိုဗစ်ကြောင့် မလေးရှားတွင် တစ်နိုင်ငံလုံး လော့ဒေါင်းချမည်

    မေ ၃၀၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကူးစက်မှု ပြန်လည် မြင့်တက်လာတဲ့ မလေးရှားမှာ ဇွန်လ ၁ ရက်နေ့ကစပြီး တစ်နိုင်ငံလုံးကို လော့ဒေါင်းချသွားမှာ ဖြစ်ပါတယ်။

    ၂ ပတ်တာကြာမြင့်မယ့် အဲဒီ လော့ဒေါင်းမှာ ကျန်းမာရေး၊ နည်းပညာနဲ့ မီဒီယာ၊ အစားအသောက်နဲ့ ကုန်ထုတ်လုပ်ငန်းအချို့ အပါအဝင် မရှိမဖြစ် လုပ်ငန်း ၁၇ ခုက လွဲလို့ ကျန်တဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံး ပိတ်ထားရမှာဖြစ်ပါတယ်။ လုပ်ကိုင်ခွင့်ရတဲ့ လုပ်ငန်းတွေကလည်း လုပ်သားအင်အားရဲ့ ၆၀ ရာခိုင်နှုန်းကိုသာ လုပ်ငန်းခွင်မှာ အသုံးပြုရမှာပါ။

    မလေးရှာ းလုံခြုံရေးနဲ့ ကာကွယ်ရေးဝန်ကြီး အစ္စမာအီလ် ဆာဘရီ ယာကွတ်က လုပ်သားအင်အား ၆၀ ရာခိုင်နှုန်းထက် ကျော်လွန်လုပ်ကိုင်သူတွေကို အရေးယူသွားမယ်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    အိမ်မှာ မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူဖို့နဲ့ ကျန်းမာရေးဝန်ဆောင်မှုရယူဖို့အတွက် တစ်အိမ်ကို နှစ်ဦးသာ ထွက်ခွင့်ရမှာ ဖြစ်ပါတယ်။ ပြည်နယ်ကျော်နဲ့ ခရိုင်ကျော်သွားလာမှုတွေကို ပိတ်ပင်ထားပြီး၊ လမ်းပိတ်စစ်ဆေးမှုကိုလည်း တိုးမြှင့်ပြုမယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

    မလေးရှားမှာ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကစလို့ ကိုဗစ်ကူးစက်မှု မြင့်တက်လာပြီး အခုတစ်ပတ်မှာ တစ်နေ့ကို ကူးစက်သူ ၉ ထောင်ကျော်အထိ ရှိတာလာဖြစ်ပါတယ်။ ကူးစက်မှုနဲ့အတူ သေဆုံးမှုလည်း သိသိသာသာ မြင့်တက်လာပါတယ်။

    အခု လော့ဒေါင်း ပထမအဆင့်ဟာ ၂ ပတ် ကြာမြင့်မှာဖြစ်ပြီး အခုထက်ပိုပြီး လျှော့ပေါ့ပေးမယ့် ဒုတိယအဆင့်က ၄ ပတ်၊ အဲဒီနောက်၊ လော့ဒေါင်း တတိယအဆင့်အဖြစ် လှုပ်ရှားသွားလာမှု ကန့်သတ်မိန့် MCO စသဖြင့် အဆင့်ဆင့်လုပ်ဖို့ မလေးရှားက စီစဉ်ထားတာ ဖြစ်ပါတယ်။

    ကာကွယ်ဆေးတိုးမြှင့်မယ်

    မလေးရှားမှာ နိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေ အားလုံးကို ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးပေးနေတာပါ။

    နည်းပညာနှင့် ထီထွင်ကြံဆရေးဆိုင်ရာ ဝန်ကြီး ခိုင်ရီ ဂျမာလွတ်ဒင်က ကာကွယ်ဆေးထိုးမှုလုပ်ငန်းကို အရှိန်မြှင့်ဖို့အတွက် ကာကွယ်ဆေးစင်တာတွေကို နိုင်ငံတစ်ဝှမ်း တိုးမြှင့် ဖွင့်လှစ်သွားမယ်လို့ ဒီကနေ့မနက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

    မလေးရှားဟာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရေး သီးသန့်စင်တာတွေ ဖွင့်လှစ်ထားရှိပြီး နောက်ပိုင်း ဆေးရုံ၊ ဆေးခန်းတွေမှာပါ ထိုးပေးနိုင်အောင် စီစဉ်နေပါတယ်။

    Ref: CNA

  • စစ်အာဏာရှင်အောက်တွင် မြန်မာနိုင်ငံက လူသန်းချီ ငတ်မွတ်တော့မည်

    စစ်အာဏာရှင်အောက်တွင် မြန်မာနိုင်ငံက လူသန်းချီ ငတ်မွတ်တော့မည်

    မေ ၃၀၊ ၂၀၂၁
    M-Media

    -လာမယ့်လတွေမှာ မြန်မာနိုင်ငံက လူသန်းချီ ငတ်မွတ်မှု ကြုံတွေ့ရနိုင်တယ်လို့ WFP က သတိပေးထားပါတယ်။

    ရန်ကုန်မြို့က မအေးမာတစ်ယောက် နေအိမ် မီးဖိုဆောင်မှာ သားသမီး ၇ ယောက်နဲ့အတူ ထိုင်နေပြီး ထမင်းနဲ့ ခပ်နွမ်းနွမ်းအရွက်ဟင်းက ကလေးတွေရဲ့ ဆာလောင်မှုကို ပြေပျောက်စေပါ့မလားဆိုတာ စိုးရိမ်နေပါတယ်။ စစ်အာဏာသိမ်းမှုနောက်ပိုင်း သူမဟာ ဒီလို ဟင်းမျိုးလောက်ပဲ စားနိုင်ပါတော့တယ်။

    ဖေဖော်၀ါရီလက အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဖြုတ်ချအာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဘဏ်လုပ်ငန်းဟာ အားနည်း​ရပ်ဆိုင်းသွားခဲ့ပါတယ်။

    သပိတ်မှောက်ဆန္ဒပြမှု၊ စက်ရုံအလုပ်ရုံတွေ ပိတ်ပစ်ရမှု၊ ဓာတ်ဆီစျေးနှုန်းတွေ မြင့်တက်မှုတွေကြောင့် ပြည်သူ့ဘ၀တွေ ပျက်ခဲ့ရပြီး၊ ဘဏ်မှာ ငွေစုထားကြသူတွေကလည်း ဒီငွေကိုထုတ်ဖို့ တစ်နေကုန်တစ်နေခန်း တန်းစီကြရတာတွေ ဖြစ်လာပါတယ်။

    စစ်တပ်က သူတို့နဲ့ သဘောထားမတိုက်ဆိုင်သူတွေကို တွေ့ရာမြင်ရာ အကြမ်းဖက်နေတာကြောင့် ဝင်ငွေရဖို့ အပြင်ထွက်အလုပ်လုပ်ရတာကလည်း ကြမ္မာတွင်းထဲ ဆင်းရသလို ဖြစ်လာပါတယ်။ စစ်ကောင်စီလက်ချက်ကြောင့် လူပေါင်း ၈၀၀ ကျော် သေဆုံးခဲ့ပြီလို့ ပြည်တွင်း စောင့်ကြည့်အဖွဲ့တစ်ခုက ထုတ်ပြန်ထားပါတယ်။

    သာမန်အချိန်မှာ ဆန်၊ ပဲနဲ့ အသီးအနှံတွေ နိုင်ငံခြားတင်ပို့ရတဲ့ တိုင်းပြည်မှာ လာမယ့်လအနည်းငယ်အတွင်း လူသန်းချီ ဆာလောင်မွတ်သိပ်မှုနဲ့ ကြုံတွေ့ရတော့မယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က သတိပေးထားပါတယ်။

    “ကလေးတွေ မငတ်အောင်တော့ ကျွန်မတို့ ရှာဖွေကျွေးမွေးရမှာပါ” လို့ ဖိနပ်မပါဘဲ ထိုင်ကာ ပုခက်ထဲကကလေးကို လွှဲပေးနေတဲ့ မအေးမာက ပြောပါတယ်။

    အသက် ၃၃ နှစ်အရွယ် သူမဟာ အလုပ်မရှိပါဘူး။ ခင်ပွန်းသည်ကတော့ ​ရေမြောင်းတူးတာလို အလုပ်အမျိုးအပါအဝင် ကြုံရာကျပန်း လုပ်နေရပါတယ်။

    ထမင်းဆိုင်ဖွင့်ထားတဲ့ အသက် ၃၇ နှစ်အရွယ် မဝါဝါက အာဏာသိမ်းပြီးနောက်ပိုင်း ကုန်စျေးနှုန်း ထိုးတက်နေတာကြောင့် စျေးဝယ်သူတွေဟာ ငါးခြောက်ဟင်းတစ်ခွက်တောင်မှ အနိုင်နိုင်ဖြစ်လာတယ်လို့ ပြောပါတယ်။

    “ငါးခြောက်ဟင်းတစ်ခွက် ၅၀၀ ရောင်းပေမယ့် မဝယ်တော့တဲ့အတွက် မရောင်းရပါဘူး။ အလုပ်မရှိကြတာကြောင့် လူတိုင်းက ငွေကို ချွေချွေတာတာနဲ့ စီစစ်ပြီး သုံးနေကြပါတယ်။ ဘာဖြစ်လာမလဲဆိုတာမသိဘဲ အကြောက်တရားနဲ့ ကျွန်မတို့ နေထိုင်နေရတာပါ”

    ဒုက္ခရောက်နေ

    ကလေးသုံးယောက်ဖခင် အသက် ၂၆ နှစ်အရွယ် ကိုဝင်းနိုင်က အရင် ဝက်သားဟင်းကို ပုံမှန်စားနေရတဲ့သူတို့ဟာ အခုတော့ ငါးပိရည်နဲ့တို့စရာ ပြောင်းစားနေရပြီလို့ ပြောပါတယ်။

    အရင်က ချွေတာစားသောက်နေရသူတွေဟာ အခုအချိန်မှာ ထမင်းကို ဆားနဲ့စားနေရပြီလို့လည်း သူက ဆိုပါတယ်။

    ကုန်စျေးနှုန်းမြင့်တက်မှုဟာ ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ ပိုဆိုးပါတယ်။ တရုတ်နဲ့ကပ်နေတဲ့ ကချင်ပြည်နယ်မှာဆိုရင် ဆန်စျေးက ၅၀ ရာခိုင်နှုန်းလောက်အထိ ခုန်တက်သွားတယ်လို့ WFP က ပြောပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း လောင်စာဆီစျေး ၃၀ ရာခိုင်နှုန်းလောက် မြင့်တက်သွားတာကြောင့် လယ်ယာလုပ်ငန်းတွေကနေ မြို့ကြီးတွေကို ကုန်စည်ပို့ရတဲ့ ကုန်ကျစားရိတ်ကလည်း တက်လာပါတယ်။

    နောက်ထပ် ၆ လအတွင်း မြန်မာနိုင်ငံမှာ လူ ၃.၄ သန်းလောက် ငတ်မွတ်ခေါင်းပါးမှုနဲ့ ကြုံတွေ့ရနိုင်တယ်လို့ WFP က ခန့်မှန်းထားပြီး သူတို့ရဲ့ အကူအညီပေးမှုကို ၃ ဆအထိမြှင့်သွားဖို့လည်း ရှိနေပါတယ်။

    စီးပွားရေးမြို့တော် ရန်ကုန်ရဲ့ အောက်ခြေလူ့အဖွဲ့အစည်းမှာ အစားအသောက် လှူဒါန်းမှုကို မှီခိုနေရသူအရေအတွက် များပြားလာပါတယ်။

    “ကျွန်တော်တို့ အစားအစာတွေလှူရင် သူတို့ တော်တော်ပျော်ကြတယ်။ တစ်ချို့ဆို ငိုတောင်ငိုပါတယ်” လို့ စေတနာ့ဝန်ထမ်းလုပ်နေတဲ့ မေ(အမည်လွှဲ) က ပြောပါတယ်။

    အသက် ၅၁ နှစ်အရွယ် ဒေါ်နီအေးက သူမနဲ့ အမျိုးသားတို့ဟာ လက်ရှိမှာ ဝင်ငွေလုံး၀မရှိဘဲ လာရောက်လှူဒါန်းတဲ့ အစားအသောက်တွေပေါ်မှာပဲ မှီခိုနေရတယ်လို့ ပြောပါတယ်။

    “ဒုက္ခရောက်နေကြပြီး ဒီလိုသာဆက်သွားနေရင် ကျွန်မတို့ ငတ်တော့မှာ”

    အသက် ၄၇ နှစ်အရွယ် ဦးအောင်ကျော်မိုးကတော့ သူအလုပ်လုပ်တဲ့စက်ရုံ ပိတ်လိုက်ရပြီးတဲ့နောက် ရွာပြန်ဖို့ စဉ်းစားနေပါတယ်။

    စုထားဆောင်းထားတာ မရှိဘဲ၊ ကျူးကျော်အိမ်ယာမှာ သူနဲ့အတူနေထိုင်နေတဲ့ မိသားစုဝင် ၉ ဦးကို ဘယ်လိုထောက်ပံ့ရမလဲဆိုတာ မျှော်လင့်ချက်မဲ့နေတယ်လို့လည်း သူက ပြောပါတယ်။

    “ကျွန်တော်တို့လုပ်နိုင်တာ ဘာမှမရှိပါဘူး”

    Ref: AFP

  • ဖမ်းဆီးထားသည့် ဂျာနယ်လစ်ကို ချက်ခြင်းပြန်လွှတ်ပေးရေး စစ်ကောင်စီကို အမေရိကန် ဖိအားပေး

    ဖမ်းဆီးထားသည့် ဂျာနယ်လစ်ကို ချက်ခြင်းပြန်လွှတ်ပေးရေး စစ်ကောင်စီကို အမေရိကန် ဖိအားပေး

    မေ ၂၉၊ ၂၀၂၁
    M-Media

    -Frontier Myanmar သတင်းဌာနက အမေရိကန်နိုင်ငံသား ဂျာနယ်လစ်ကို ဖမ်းဆီးထားမှုအတွက် အလွန်အမင်း စိုးရိမ်မိတယ်လို့ အမေရိကန်ကအစိုးရက မနေ့မှာ ပြောကြားခဲ့ပြီး ချက်ခြင်းပြန်လွှတ်ပေးဖို့လည်း စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

    Frontier Myanmar ဟာ လွတ်လပ်တဲ့ သတင်းဌာနတစ်ခုဖြစ်ပြီး ဂျာနယ်လစ် ဒန်နီယဲလ် ဖန်စတာက အယ်ဒီတာအဖြစ် တာဝန်ယူထားတာပါ။ တနင်္လာနေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူကိုသွားဖို့ စီစဉ်နေစဉ် ရန်ကုန်လေဆိပ်မှာ အဖမ်းခံလိုက်ရတာ ဖြစ်ပါတယ်။

    အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံး တာဝန်ရှိသူတွေ ဖန်စတာကိုတွေ့ခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် စစ်ကောင်စီက တွေ့ခွင့်မပြုဘူးလို့ ဆိုပါတယ်။

    အသက် ၃၇ နှစ်အရွယ် ဖန်စတာကို စစ်ကောင်စီက ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ကို ပို့ထားပြီး ဘာ့ကြောင့်ဖမ်းဆီးလဲဆိုတာ မသိသေးသလို၊ အဆက်အသွယ်လည်းမရသေးဘူးလို့ Frontier Myanmar က တနင်္လာနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

    ဖန်စတာနဲ့ အခြားဂျာနယ်လစ်တွေကို ဖမ်းဆီးမှု၊ အကြမ်းဖက်မှုတွေဟာ စာနယ်ဇင်းလွတ်လပ်ခွင့်အပေါ် လက်မခံနိုင်ဖွယ်ရာ တိုက်ခိုက်မှုဖြစ်တယ်လို့ အမေရိကန်အစိုးရက ပြောကြားခဲ့ပါတယ်။

    “ဒီဖမ်းဆီးမှုအပေါ် အလွန်အမင်း စိုးရိမ်မိပါတယ်။ သူ့ကို လွှတ်ပေးဖို့အတွက် စစ်ကောင်စီကို ကျွန်တော်တို့ ဖိအားပေးထားပြီး၊ မိသားစုထံကို အန္တရာယ်ကင်းစွာ ပြန်မရောက်မချင်း ဒီလိုဖိအားပေးမှုကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ် ” လို့ အစိုးရတာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။

    ထိန်းသိမ်းထားစဉ်အတွင်းမှာ ဖန်စတာကို ကောင်းမွန်စွာ ထားရှိရေး၊ သံရုံးတာဝန်ရှိသူတွေကို ဖန်စတာနဲ့တွေ့ခွင့်ပေးရေး စစ်ကောင်စီကို အမေရိကန်အစိုးရက တိုက်တွန်းထားပါတယ်။

    Ref: Reuters

  • အဓမ္မလုပ်အားခိုင်းစေသည့် တရုတ်ငါးဖမ်းကုမ္ပဏီတစ်ခုကို အမေရိကန်က တင်သွင်းခွင့်ပိတ်

    အဓမ္မလုပ်အားခိုင်းစေသည့် တရုတ်ငါးဖမ်းကုမ္ပဏီတစ်ခုကို အမေရိကန်က တင်သွင်းခွင့်ပိတ်

    မေ ၂၉၊ ၂၀၂၁
    M-Media

    -အဓမ္မလုပ်အားခိုင်းစေတဲ့ တရုတ်ငါးဖမ်းသင်္ဘောတွေက ပင်လယ်စာတင်သွင်းခွင့် ပိတ်ပင်လိုက်တယ်လို့ အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်ရေးရာဌာနက မနေ့မှာ ထုတ်ပြန်ပါတယ်။

    ငါးဖမ်းသင်္ဘေဘာ ၃၂ စီးနဲ့ ပင်လယ်စာတင်ပို့မှုလုပ်ငန်း လုပ်နေတဲ့ Dalian Ocean Fishing ကို တင်သွင်းခွင့် ပိတ်လိုက်တာပါ။ ရေထွက်ပစ္စည်းတွေအပြင် ငါးသေတ္တာဘူးတွေနဲ့ အိမ်မွေးတိရစ္ဆာန်စာတွေလို ကုန်ချော ပစ္စည်းတွေလည်း ပိတ်ပင်မှုမှာ ပါဝင်ပါတယ်။

    အရင်က ငါးဖမ်းသင်္ဘောတစ်ခုချင်းစီကိုသာ ပိတ်ပင်လေ့ရှိပေမယ့် ငါးဖမ်းလုပ်ငန်းတစ်ခုလုံးကို ပိတ်ပင်တာဟာ ဒါ ပထမဆုံးဖြစ်တယ်လို့ အမေရိကန် ပြည်ထဲရေးဝန်ကြီး အလက်ဂျန်ဒရို မာယော်ကက်စ်က ပြောပါတယ်။

    Dalian Ocean Fishing လုပ်ငန်းက ပိုင်ဆိုင်တဲ့ ငါးဖမ်းသင်္ဘောတွေပေါ်မှာ အင်ဒိုနီးရှားလုပ်သားတွေဟာ ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရမှု၊ လုပ်ခလစာမရရှိမှု၊ အကြွေးနွံနစ်မှု၊ ဆိုးရွားတဲ့ အခြေအနေမှာ နေထိုင်လုပ်ကိုင်ရမှု စတာတွေကို ကြုံတွေ့နေတယ်ဆိုတာ စုံစမ်းမှုတွေအရ သိရှိရတယ်လို့ အမေရိကန် အကောက်ခွန်ဌာနက ပြောပါတယ်။

    အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ နဒ်ပရိုက်စ်က ကိုယ်ကျိုးအတွက် လူတွေကို ခေါင်းပုံဖြတ်အမြတ်ထုတ်ကာ အဓမ္မလုပ်အားခိုင်းစေသူတွေကို အရေးယူဖို့၊ အသံထွက်ခွင့်မရသူတွေရဲ့ အသံကို ကြားအောင်နားထောင်ကာ သူတို့ကိုကာကွယ်ပေးဖို့ ပိုမိုအားထုတ်လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera