News @ M-Media

Blog

  • လေယာဉ်စင်းလုံးငှား မင်္ဂလာပွဲကို ကိုဗစ်ဖောက်ဖျက်မှုဖြင့် အိန္ဒိယ စစ်ဆေး

    လေယာဉ်စင်းလုံးငှား မင်္ဂလာပွဲကို ကိုဗစ်ဖောက်ဖျက်မှုဖြင့် အိန္ဒိယ စစ်ဆေး

    မေ ၂၅၊ ၂၀၂၁
    M-Media

    -လေယာဉ်စင်းလုံးငှားပြီး ဧည်သည့် ၁၆၀ ကျော်နဲ့ လေပေါ်မှာပြုလုပ်ခဲ့တဲ့ မင်္ဂလာပွဲတစ်ခုကို ကိုဗစ်ဖောက်ဖျက်မှုနဲ့ အိန္ဒိယအာဏာပိုင်တွေက စစ်ဆေးနေပါတယ်။

    အမည်မထုတ်ပြန်တဲ့ စုံတွဲနှစ်ဦးဟာ SpiceJet လေယာဉ်ကို စင်းလုံးငှားပြီး တမီလ်နာဒူးပြည်နယ် မာဒူရိုင်မြို့ကနေ ကာနာတာကာပြည်နယ် ဘန်ဂလူမြို့ကို သမိုင်းဝင် Meenakshi Amman ဘုရားကျောင်းပေါ် ပျံသန်းကာ မင်္ဂလာပွဲ ကျင်းပခဲ့တာပါ။

    မိသားစုနဲ့ သူငယ်ချင်းမိတ်ဆွေတွေအပါအဝင် လူပေါင်း ၁၆၁ ဦး လေယာဉ်ပေါ်မှာ လိုက်ပါခဲ့ပြီး ဓာတ်ပုံတွေရိုက်ကာ ဆိုရှယ်မီဒီယာတွေမှာ တင်ခဲ့ကြပါတယ်။ ကိုဗစ်ကူးစက်မှု အကြီးအကျယ်ဖြစ်နေတာကြောင့် လူ ၅၀ ထက်ပိုမစုဖို့ အိန္ဒိယအစိုးရက အမိန့်ထုတ်ထားတာ ဖြစ်ပါတယ်။

    နှာခေါင်းစည်းတပ်တာ၊ ခပ်ခွာခွာထိုင်တာ စတဲ့ လေကြောင်းစည်းမျဉ်းစည်းကမ်းတွေကိုလည်း တစ်ဦးမှ လိုက်နာခြင်းမရှိတာကို ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။

    အိန္ဒိယ အရပ်ဖက်လေကြောင်းဌာနက ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးမှုလုပ်ဖို့ SpiceJet ကို အမိန့်ပေးထားပြီး၊ လေယာဉ်ဝန်ထမ်းတွေကိုလည်း ရာထူးကနေ ရပ်ဆိုင်းထားပါတယ်။

    မင်္ဂလာမောင်နှံနဲ့ မင်္ဂလာပွဲကို တက်ရောက်သူတွေအားလုံး လေယာဉ်စီးနင်းမှု ပိတ်ပင်ခံရနိုင်တယ်လို့ လေကြောင်းလိုင်းတာဝန်ရှိသူတစ်ဦးက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    Ref: AFP

  • ပြုပြင်ပြောင်းလဲရေးသမား မပါသည့် အီရန်သမ္မတလောင်းစာရင်း ထွက်လာ

    ပြုပြင်ပြောင်းလဲရေးသမား မပါသည့် အီရန်သမ္မတလောင်းစာရင်း ထွက်လာ

    မေ ၂၅၊ ၂၀၂၁
    M-Media

    သမ္မတဖြစ်မည်ဟု ရေပန်းစားနေသည့် လက်ရှိတရားရေးအကြီးအကဲ အီဘရာဟင် ရိုင်စီ

    -လာမယ့်ဇွန်လ ၁၈ ရက်နေ့ သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမယ့် သမ္မတလောင်းစာရင်းကို အီရန်ပြည်ထဲရေးဝန်ကြီးဌာနက ဒီကနေ့မှာ ထုတ်ပြန်လိုက်ပြီး အဲဒီအထဲမှာ ပြုပြင်ပြောင်းလဲရေးသမား တစ်ဦးမှ မပါဝင်ပါဘူး။

    အီရန်အဓိပတိ အယာတိုလာ အလီခါမေနီက ကွပ်ကဲတဲ့ အဖွဲ့အဝင် ၁၂ ဦးပါ နိုင်ငံတော်စောင့်ရှောက်ရေးကောင်စီက သမ္မတဝင်ပြိုင်လိုသူတွေကို စီစစ်ပြီး ဇကာတင် ၇ ဦးစာရင်းကို မနေ့က ပြည်ထဲရေးဝန်ကြီးဌာနကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

    အဲဒီစာရင်းထဲမှာ လက်ရှိတရားရေးအကြီးအကဲ အီဘရာဟင် ရိုင်စီ၊ ကြီးကြပ်ရေးကောင်စီ အတွင်းရေးမှူး မိုဟ်ဆန် ရီဇိုင်၊ နျူကလီးယားညှိနှိုင်းဆွေးနွေးရေးမှူးဟောင်း စအီဒ်ဂျာလီလီ၊ လွှတ်တော်ဒုတိယဥက္ကဌ အမီရ် ဟိုစိန် ဂါဇီဇာဒါဟ် ဟာရှီမီ၊ ဒုတိယသမ္မတဟောင်း မိုရှန် မဲဟ်ရာလီဇာဒါ၊ ဗဟိုဘဏ်အကြီးအကဲ အဘ်ဒွလ်နဆာရ် ဟမ်မာတီနဲ့ လွှတ်တော်အမတ် အလီရီဇာ ဇာကာနီတို့ ပါဝင်ပါတယ်။

    တရားရေးအကြီးအကဲ အီဘရာဟင် ရိုင်စီက နောက်တက်မယ့်သမ္မတအဖြစ် ရေပန်းစားနေတာ ဖြစ်ပါတယ်။ သမ္မတတာဝန် နှစ်ကြိမ်ဆက်ထမ်းဆောင်ခဲ့တဲ့ မဟ်မူဒ် အဟ်မဒ်ဒီနီဂျဒ် သမ္မတလောင်းအဖြစ် စာရင်းတင်ခဲ့ပေမယ့် ရွေးချယ်ခြင်း မခံရပါဘူး။

    အဓိပအတိ ခါမေနီရဲ့ အကြံပေးဖြစ်ပြီး လွှတ်တော်ဥက္ကဌဟောင်းလည်းဖြစ်တဲ့ အလီလာရီဂျာနီလည်း ဇကာတင်စာရင်းမှာ ပါမလာပါဘူး။ သူဟာ ကွန်ဆာဗေးတစ်တစ်ဦးဖြစ်ပေမယ့် ပြုပြင်ပြောင်းလဲရေးသမားအဖြစ် သတ်မှတ်ခံရသူ ဖြစ်ပါတယ်။

    အီဘရာဟင် ရိုင်စီ ပိုအသာရဖို့အတွက် သမ္မတလောင်းအမည်စာရင်းပေးထားသူတွေဟာ စာရင်းကနေ နှုတ်ထွက်သွားတာမျိုးရှိခဲ့ပြီး၊ ရွေးကောက်ပွဲမတိုင်ခင် အခု ၇ ယောက်စာရင်းကနေ နှုတ်ထွက်မယ့်သူတွေ ရှိမယ်လို့ မျှော်လင့်ထားပါတယ်။

    ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မှု ပြင်းထန်စေဖို့အတွက် ပြုပြင်ပြောင်းလဲရေးသမားတွေ၊ အလယ်အလတ်ကျတဲ့သူတွေကို သမ္မတလောင်းစာရင်းမှာ ထည့်သွင်းပေးဖို့အတွက် လက်ရှိသမ္မတ ဟာဆန်ရူဟာနီက အဓိပတိ အယာတိုလာ အလီခါမေနီကို စာရေးသားပေးပို့ခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

    Ref: Aljazeera

  • ကုလအထူးကိုယ်စားလှယ် မြန်မာနိုင်ငံဝင်ခွင့်ရရေး မျှော်လင့်နေဆဲ

    ကုလအထူးကိုယ်စားလှယ် မြန်မာနိုင်ငံဝင်ခွင့်ရရေး မျှော်လင့်နေဆဲ

    မေ ၂၅၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံကို လာရောက်ပြီး သက်ဆိုင်သူတွေနဲ့ ဆွေးနွေးဖို့ မျှော်လင့်နေဆဲပဲလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှာနာရ် ဘာဂီနာက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    ဘာဂီနာဟာ မြန်မာ့အရေး ကြားဝင်ဖြေရှင်းပေးနိုင်ဖို့အတွက် ထိုင်းနိုင်ငံကိုရောက်ရှိနေတာ သီတင်းပတ် ၇ ပတ်ရှိသွားပြီ ဖြစ်ပါတယ်။

    ဧပြီလနှောင်းပိုင်း အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာပြုလုပ်တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် ဘာဂီနာဟာ အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သလို၊ အစည်းအဝေးကို တက်ရောက်လာတဲ့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့လည်း သီးခြား တွေ့ဆုံခဲ့ပါတယ်။

    အဲဒီတွေ့ဆုံမှုအတွင်း စစ်ကောင်စီဥက္ကဌက သင့်တော်တဲ့အချိန်ကျရင် မြန်မာနိုင်ငံကို ဝင်ရောက်ခွင့်ပေးမယ်လို့ ဘာဂီနာကို ပြောခဲ့တာပါ။ ဒါပေမယ့် အခုအချိန်အထိ ဝင်ရောက်ခွင့်မပြုသေးဘဲ ဘာဂီနာကတော့ လာရောက်ခွင့်ရဖို့ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။

    ဘာဂီနာဟာ ဒီကနေ့ ဂျပန်နိုင်ငံကို သွားရောက်ပြီး တာဝန်ရှိသူတွေနဲ့တွေ့ဆုံကာ မြန်မာ့အရေးကို ဆွေးနွေးမှာပါ။ တရုတ်အစိုးရနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိကြောင်း သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ဒေသတွင်းက နိုင်ငံတိုင်းအတွက် တော်တော်ကို မတည်ငြိမ်တဲ့ အနေအထားမျိုးပါ။ နိုင်ငံအားလုံးနဲ့ ဆွေးနွေးဖို့ လိုအပ်တယ်လို့ ကျွန်မထင်တဲ့အတွက် ဘယ်နေရာမှာပဲဖြစ်ဖြစ် တရုတ်အစိုးရနဲ့ ​ဆွေးနွေးဖို့ ကျွန်မ အဆင်သင့်ပါပဲ”

    စစ်ကောင်စီအပေါ် လက်နက်ပိတ်ဆို့ရေးရည်ရွယ်တဲ့ ဆုံးဖြတ်ချက်မူကြမ်းတစ်ခုကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မေလ ၁၈ ရက်နေ့မှာ မဲခွဲဆုံးဖြတ်ဖို့ စီစဉ်ထားပေမယ့် အာရှနိုင်ငံတစ်ချို့ရဲ့ ထောက်ခံမှုကို မရတဲ့အတွက် ရပ်ဆိုင်းထားရပါတယ်။

    အာရှနိုင်ငံတွေက စစ်ကောင်စီကို လက်နက်ရောင်းချ၊ ပေးပို့မှု ပိတ်ပင်ရေးနဲ့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စ ဆုံးဖြတ်ချက်မူကြမ်းမှာ ဖော်ပြထားတာကို ဖယ်ရှားစေချင်နေတာ ဖြစ်ပါတယ်။

    ဆုံးဖြတ်ချက်ဟာ ထိထိရောက်ရောက်ဖြစ်ဖို့နဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ စည်းလုံးမှုကိုပြဖို့ အရေးကြီးတယ်လို့လည်း ဘာဂီနာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: AFP

  • ရေနံမှရငွေ ဒေါ်လာ ဘီလီယံ ၁၅၀ ခိုးထုတ်ခံခဲ့ရဟု အီရတ်သမ္မတပြော

    ရေနံမှရငွေ ဒေါ်လာ ဘီလီယံ ၁၅၀ ခိုးထုတ်ခံခဲ့ရဟု အီရတ်သမ္မတပြော

    မေ ၂၄၊ ၂၀၂၁
    M-Media

    -အာဏာရှင် ဆက်ဒမ်ဟူစိန် ပြုတ်ချခဲ့တဲ့ ၂၀၀၃ ခုနှစ်နောက်ပိုင်း ရေနံကရတဲ့ ငွေပေါင်း ကန်ဒေါ်လာ ၁၅၀ ဘီလီယံလောက် တိုင်းပြည်အပြင်ကို ခိုးထုတ်ခံခဲ့ရတယ်လို့ အီရတ် သမ္မတ ဘာရ်ဟမ် ဆာလေဟ်က ပြောပါတယ်။

    ခြစားမှု တိုက်ဖျက်ရေး၊ အခိုးခံငွေများပြန်ရရေးနဲ့ ကျူးလွန်သူတွေကို အရေးယူအပြစ်ပေးရေးအတွက် လွှတ်တော်ကို သမ္မတက တင်သွင်းတဲ့ ဥပဒေမူကြမ်းတစ်ခုမှာ ဒီလို ဖော်ပြထားတာပါ။

    ခြစားတဲ့အမူအကျင့်တွေဟာ တစ်နိုင်ငံလုံးမှာ ပြန့်နှံ့နေပြီး ဒါကိုတားဆီးရေး တင်သွင်းတဲ့ဥပေဒကို အတည်ပြုဖို့လည်း ဆာလေဟ်က တိုက်တွန်းခဲ့ပါတယ်။

    နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Transparency International က ထုတ်ပြန်တဲ့ ကမ္ဘာ့ခြစားမှုအများဆုံးနိုင်ငံစာရင်းမှာ အီရတ်လည်း ပါဝင်နေပါတယ်။

    “၂၀၀၃ ခုနှစ်ကတည်းက ရေနံကနေ ဒေါ်လာ ၁ ထရီလီယံနီးနီးလောက် ဝင်ငွေရပေမယ့် ၁၅၀ ဘီလီယံလောက်ဟာ တိုင်းပြည်ပြင်ပကို ခိုးထုတ်ခံခဲ့ရပါတယ်” လို့ သမ္မတ ဆာလေဟ်က ပြောပါတယ်။

    အစိုးရအတွင်း လှိုက်စားနေတဲ့ ခြစားမှုကို ဆန့်ကျင်တဲ့အနေနဲ့ ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်တွေမှာ အီရတ်ပြည်သူတွေ အကြီးအကျယ် ဆန္ဒပြခဲ့ကြပါတယ်။

    Ref: Alarabiya

  • ‘ဂါဇာ’ အမည်ရှိ ပြည်တွင်းဖြစ်ဒရုန်းကို အီရန်ထုတ်ပြ

    ‘ဂါဇာ’ အမည်ရှိ ပြည်တွင်းဖြစ်ဒရုန်းကို အီရန်ထုတ်ပြ

    မေ ၂၄၊ ၂၀၂၁
    M-Media

    -ပါလက်စတိုင်းပြည်သူတွေကို ဂုဏ်ပြုပြီး ‘ဂါဇာ’ လို့ အမည်ပေးထားတဲ့ ပြည်တွင်းဖြစ် တာဝေးဒရုန်းတစ်ခုကို ပြီးခဲ့တဲ့တစ်ပတ်မှာ အီရန်က ထုတ်ပြခဲ့ပါတယ်။

    ဒီဒရုန်းဟာ မိုင်ပေါင်း ၁၂၅၀ အထိ၊ နာရီပေါင်း ၃၅ နာရီ ဆက်တိုက်ပျံသန်းနိုင်ကာ၊ ဗုံး ၁၃ လုံး၊ လျှပ်စစ်ပစ္စည်း ပေါင် ၁၁၀၀ သယ်ဆောင်နိုင်တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပြောပါတယ်။

    အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုကို ကြံ့ကြံ့ခံကာကွယ်နေတဲ့ ပါလက်စတိုင်းပြည်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပါလက်စတိုင်းပိုင်နက်ဖြစ်တဲ့ ‘ဂါဇာ’ အမည် ပေးထားတာလို့ တော်လှန်ရေးအစောင့်တပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ် ဟိုစိန် ဆာလာမီက ပြောပါတယ်။

    ဂါဇာဒရုန်းဟာ နိုင်ငံရဲ့ ထောက်လှမ်းရေးစွမ်းအားနဲ့ ရန်သူတွေရဲ့ ခြိမ်ခြောက်မှု တားဆီးနိုင်စွမ်းကို ပိုမိုအားကောင်းလာစေမယ်လို့လည်း ဆိုပါတယ်။

    အီရန်ဟာ ပြည်တွင်းဖြစ် Qods ရေဒါစနစ်အပြင်၊ ခရုဇ်ဒုံးကျည်၊ လေယာဉ်ကချတဲ့ဗုံးနဲ့ ဒရုန်းတွေကို ဖျက်ဆီးနိုင်မယ့် ပြည်တွင်းဖြစ် ဒုံးခွင်းစနစ် 9th of Dey ကိုလည်း ထုတ်ပြခဲ့ပါတယ်။

    ကာကွယ်ရေးနယ်ပယ်မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင် အီရန်က ကြိုးစားနေတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ပြည်တွင်းဖြစ် ဒုံးကျည်တွေ၊ ဒုံးခွင်းစနစ်တွေ၊ ဒရုန်းတွေနဲ့ အခြား စစ်လက်နက်ပစ္စည်းတွေကို အဆက်မပြတ် ထုတ်ပြလာပါတယ်။

    Ref: Press TV