News @ M-Media

Blog

  • SMS မဲပေးစနစ်ဖြင့် တစ်နှစ်တာ အကောင်းဆုံး ဗလီ ရှေ့ဆောင်ဆရာ ရွေးပွဲကို ရုရှားရှိ ပြည်နယ်တစ်ခုတွင် ပြုလုပ်မည်

    ဖေဖော်ဝါရီ ၂၂ ၊ ၂၀၁၄
    M-Media

    imami
    – ရုရှားနိုင်ငံ Tatarstan ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တွင် တစ်နှစ်တာအကောင်းဆုံး ရှေ့ဆောင်ဆရာတော် (အီမာမ်) ရွေးချယ်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်သွားမည်ဟု ပြည်နယ်မွဖ်သီ ကမီးလ် ဆာမီဂူလ်လင်က ပြောကြားခဲ့သည်။

    ပြည်နယ်အတွင်းရှိ ခရိုင်တစ်ခုချင်းစီမှ တစ်နှစ်တာအတွင်း အကောင်းဆုံး အီမာမ်များကို အဆိုပြုတင်သွင်းရမည်ဖြစ်ပြီး၊ ပြည်သူများမှ SMS ပေးပို့၍ မဲပေးရွေးချယ်ရမည်ဖြစ်သည်။ တစ်နှစ်တာ အကောင်းဆုံး အီမာမ်အဖြစ် ရွေးချယ်ခြင်းခံရသူအား ဟဂ်ျဘုရားဖူးခရီးသွားရန် ဆော်ဒီအာရေဗျ နိုင်ငံသို့ စေလွှတ်သွားမည်ဟု မွဖ်သီ ဆာမီဂူလင်က Interfax  သတင်းဌာနသို့ ပြောကြားခဲ့သည်။

    “ဒီလို နွေးထွေးစွာယှဉ်ပြိုင်မှုရဲ့ စွမ်းအားကနေ ကျွန်တော်တို့ အီမာမ်တွေ တိုးတက်စေဖို့ အကျိုးကျေးဇူးအချို့ရပါလိမ့်မယ်” ဟု မွဖ်သီချုပ်ကဆိုသည်။

    Tatarstan ပြည်နယ်အတွင်း ဗလီဝတ်ကျောင်းတော်ပေါင်း ၁၅၂၃ လုံးရှိပြီး ရှေ့ဆောင်ဆရာတော် အီမာမ်ပေါင်း ၁၃၇၃ ဦးရှိသည်ဟု ပြည်နယ်ရှိ အစ္စလာမ်ရေးရာဌာနက ပြောကြားခဲ့သည်။

    တစ်နှစ်တာအတွင်း အကောင်းဆုံး အီမာမ်ရွေးချယ်ပွဲကို ရုရှားရှိ Bashkiria ပြည်နယ်တွင် ယခုနှစ်အတွင်း ပထမဆုံးပြုလုပ်ခဲ့သည်။ ပြည်သူများ မဲပေးရွေးချယ်မှုမှတစ်ဆင့် တစ်နှစ်တာအကောင်းဆုံး အီမာမ်ကို အစ္စလာမ်ရေးရာဌာနက ဆုံးဖြတ်သွားမည်ဖြစ်သည်။

    Ref: islam.ru

  • ဆီးစစ်ရန် ငြင်းပယ်ခဲ့မှုကြောင့် မော်လ်ဒိုက် ပါလီမန် အမတ် တစ်ဦး ထောင်ဒဏ်တစ်နှစ် ချမှတ်ခံရ

    ဖေဖော်ဝါရီ ၂၂ ၊ ၂၀၁၄
    M-Media

    0_139290269446d2f9ee0fb0b05bf58e2e56a1ad1e15c674bc5d12f6b39885a4806b0ca1bc79_news

    – အရက်သောက်သုံးသည်ဟု သံသယရှိ၍ အဖမ်းခံခဲ့ရပြီးနောက် ရဲတပ်ဖွဲ့၏ ဆီးစစ်ရန် စီစဉ်မှုကို ငြင်းဆန်ခဲ့သော ပါလီမန်အမတ်တစ်ဦးအား မော်လ်ဒိုက် တရားရုံးက ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့သည်ဟု ပြည်တွင်းမီဒီယာများက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    အဗ်ဒူလာ ဂျာဘီရ်ဟုအမည်ရသည့် ပါလီမန်အမတ်တစ်ဦးအား အရက်သောက်သုံးသည် ဟူသော စွဲချက်ဖြင့် ၂၀၁၂ ခုနှစ်တွင်  Haa Dhaal Atoll Hondaidhoo ကျွန်း၌ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး၊ ဆီးစစ်ရန် စီစဉ်ခဲ့သည်။  သို့သော်လည်း အတိုက်အခံ မော်လ်ဒိုက်ဒီမိုကရပ်တစ်ပါတီ MDP မှ ပါလီမန်အမတ် ဂျာဘီရ်မှာ ငြင်းဆန်ခဲ့သောကြောင့် မော်လ်ဒိုက် ရာဇ၀တ်ခုံရုံးက ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

    ဂျာဘီရ်မှာ လာမည့်မတ်လ ၂၂ ရက်နေ့တွင်ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အစီအစဉ်ရှိနေသည်။ မော်လ်ဒိုက်နိုင်ငံ၏ ဥပဒေအရ ရာဇ၀တ်မှုကျူးလွန်ပြီး ထောင်ဒဏ် ၁ နှစ်အထက် ချမှတ်ခြင်းခံရသော သူတစ်ဦးမှာ ပါလီမန်အမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခွင့်မရှိသော်လည်း ဂျာဘီရ်မှာ ပါလီမန်တွင် ဆက်လက်ရှိနေမည်ဖြစ်ပြီး၊ လာမည့်ရွေးကောက်ပွဲတွင်လည်း ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်ဟု ဒေသတွင်းမီဒီယာ Haveeru က ဖော်ပြခဲ့သည်။

    ထို့ပြင် ဂျာဘီရ်မှာ အရက်သောက်သုံးမှုနှင့် ဆေးခြောက်သုံးစွဲမှု စသည့် အမှုနှစ်ခုကိုလည်း ရင်ဆိုင်နေရပြီး၊ အရက်သောက်သုံးကြောင်း ပြစ်မှု ထင်ရှားပါကာ ထောင်ဒဏ် တစ်နှစ်မှ သုံးနှစ် သို့မဟုတ် ပြည်နှင်ဒဏ်နှင့် ဆေးခြောက် သုံးစွဲမှုအတွက် ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၁၅နှစ်နှင့် ငွေဒဏ်ချမှတ်ခံရမည်ဖြစ်သည်။
    Ref: ဆင်ဟွာ

    PHOTO/ MOHAMED WAHEED

  • တိရစ္ဆာန် အခွင့်အရေး ချိုးဖောက်မှုအား ပြစ်မှုအဖြစ် တူရကီသတ်မှတ်

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၄
    M-Media

    တိရစ္ဆာန် အခွင့်အရေး ချိုးဖောက်မှုအား ပြစ်မှု အဖြစ် တူရကီသတ်မှတ်၊ ပြစ်မှုကျူးလွန်သောသူများ ဒဏ်ငွေပေးဆောင်ရမည်

    Turkey to fine animal rights abusers

    – တိရစ္ဆာန်များ၏ အခွင့်အရေးများကို ချိုးဖောက်မှု၊ တိရစ္ဆာန်များအပေါ် ရက်စက်စွာ ပြုမူဆက်ဆံမှုများနှင့် ပတ်သက်၍ ပြစ်ဒဏ်အသစ်များကို တူရကီသစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက သတ်မှတ်ခဲ့သည်ဟုသိရသည်။

    ဆေးကုသမှုဆိုင်ရာ လိုအပ်ချက်ကြောင့်မဟုတ်ဘဲ တိရစ္ဆာန်များ၏ အစိတ်အပိုင်းများအား ဖြတ်တောက်သူများမှာ ဒဏ်ကြေး လီရာ ၁၈၂၅ (ကန်ဒေါ်လာ ၈၀၀) ပေးဆောင်ရမည်ဟု တိရစ္ဆာန် အခွင့်အရေး ချိုးဖောက်မှုများအတွက် တူရကီအစိုးရက အသစ်ပြဌာန်းလိုက်သော အဆိုပါဥပဒေတွင် ဖော်ပြထားသည်။ တူရကီနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေသည့် ခွေးအမြီး၊ နားရွက်များ ဖြတ်တောက်မှုအတွက် တုံ့ပြန်ခြင်းလည်းဖြစ်သည်။

    ထို့ပြင် တိရစ္ဆာန် မျိုးစိတ်များ မျိုးတုန်းသွားစေနိုင်သည့် မည်သည့် အပြုအမူကိုမဆို ပြုလုပ်မှုအတွက် တူရကီ လီရာ ၁၅၂၂၆ (ကန်ဒေါ်လာ ၇၀၀၀) ပေးဆောင် ရမည်ဖြစ်ပြီး၊ တိရစ္ဆာန်များအပေါ် ပြုလုပ်သည့် ဆိုးရွားသော အပြုအမူ ၂၁ ခုကိုလည်း ပြစ်မှုမြောက်သည်ဟု သတ်မှတ်ထားသည်။

    ထိုပြစ်မှုများထဲတွင် တရားဝင်လက်မှတ်မရှိဘဲ တိရစ္ဆာန်များအား ခွဲစိတ်ကုသခြင်း၊ ကိုယ်ပိုင်မဟုတ်သော တိရစ္ဆာန်များ၊ ချည့်နဲ့သော တိရစ္ဆာန်များအား၊ တိရစ္ဆာန်စောင့်ကြည့်ရေး ဥပဒေကိုချိုးဖောက်၍ သတ်ပစ်ခြင်းနှင့်၊ သိပ္ပံနည်းမကျသော စမ်းသပ်မှုများအတွက် တိရစ္ဆာန်များကို အသုံးပြုခြင်းတို့မှာလည်း ထိုပြစ်မှုများတွင် ပါဝင်သည်။

    ထိုဥပဒေသစ်တွင် တိရစ္ဆာန်များ၏အခွင့်အရေးနှင့် ပတ်သက်၍ လေလှိုင်းမှ ပညာပေးရေးအစီအစဉ်လည်း ပါဝင်ပြီး နိုင်ငံပိုင်ရုပ်သံ TRT မှ တစ်လလျှင် ၂ နာရီ ထုတ်လွှင့်သွားမည်ဖြစ်သည်။

  • ပဋိပက္ခများ အဆုံးသတ်နိုင်ရန် သဘောတူညီချက်တစ်ခု ယူကရိန်းသမ္မတနှင့် အတိုက်အခံများ လက်မှတ်ရေးထိုး

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၄
    M-Media

    Ukraine rivals sign deal in bid to end crisis

    – ယူကရိန်းနိုင်ငံအတွင်းဖြစ်ပွားနေသည့် နိုင်ငံရေး ပဋိပက္ခများအား အဆုံးသတ်ရန်အတွက် သမ္မတ၏ လုပ်ပိုင်ခွင့် လျော့ချခြင်းနှင့် အတိုက်အခံခေါင်းဆောင် ယူလီယာတိုင်မိုရှန်ကိုအား လွှတ်ပေးရန်တို့ ပါဝင်သည့် သဘောတူညီချက်တစ်ရပ်ကို ယူကရိန်းသမ္မတနှင့် အတိုက်အခံခေါင်းဆောင်တို့က ယမန်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

    သမ္မ ဗစ်တာ ယာနူကိုဗစ်ခ်ျနှင့် အတိုက်အခံခေါင်းဆောင် ၃ ဦးတို့က လက်မှတ်ထိုးခဲ့ကြခြင်းဖြစ်ပြီး ရွေးကောက်ပွဲ စောစီးစွာကျင်းပရန်နှင့် နိုင်ငံရေး ပါဝါအား ပါလီမန်သို့ လွှဲပြောင်းရေးတို့အတွက် လမ်းခင်းပေးခြင်းလည်းဖြစ်သည်။

    ထိုသဘောတူညီချက်နှင့်အတူ ပါလီမန်အရေးပေါ်အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပြီး ချစားမှုစွဲချက်ဖြင့် ၂၀၁၁ ခုနှစ်က ထောင် ၇ နှစ်ချမှတ်ခံခဲ့ရသည့် အတိုက်အခံခေါင်းဆောင် တိုင်မိုရှန်ကိုအား လွှတ်ပေးရန် ဥပဒေတစ်ခုကိုလည်း ပြင်ဆင်ခဲ့သည်။

    ထိုပါလီမန်အစည်းအဝေးတွင် သမ္မတ၏လုပ်ပိုင်ခွင့်ကို ကန့်သတ်ထားပြီး၊ နိုင်ငံရေးသမားများက အဓိက၀န်ကြီးများကို ခန့်အပ်နိုင်မည့် ၂၀၀၄ နှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည် ကျင့်သုံးရန်ကိုလည်း သဘောတူညီခဲ့ကြသည်။

    ဆန္ဒပြသူများအား ပတ်ခတ်ရန် အမိန့်ပေးမှုကြောင့် အပြစ်တင်ခြင်းခံနေရသည့် ပြည်ထဲရေးဝန်ကြီး ဗစ်တာလီ ဇက်ဟာချန်ကို အား ထုတ်ပယ်ရန်နှင့် ညွန့်ပေါင်းအစိုးရအား ၁၀ ရက်အတွင်း ဖွဲ့စည်းရန်ကိုလည်း အတိုက်အခံနှင့် သမ္မတတို့ သဘောတူညီခဲ့ကြသည်။

    သို့သော်လည်း ဆန္ဒပြသူများက ယာနူကိုဗစ်ခ်ျအား ချက်ချင်းနှုတ်ထွက်ရန် အလိုရှိနေပြီး၊ သမ္မတအား မယုံကြည်သူ ထောင်ပေါင်းများစွာတို့မှာ ကိဗ်မြို့ရှိ လွတ်လပ်ရေးရင်ပြင်တွင် ဆက်လက်စခန်းချလျက်ရှိနေသည်။

    နိုင်ငံရေးအကျပ်အတည်းများ အဆုံးသတ်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို လာမည့်စက်တင်ဘာတွင် အပြီးသတ်မည်ဖြစ်ပြီး၊  ရွေးကောက်ပွဲအသစ်အား လာမည့် ဒီဇင်ဘာလနောက်ဆုံးထား၍ ကျင်းပရမည်ဖြစ်သည်။ ထို့ပြင် လက်ရှိဖြစ်ပွားခဲ့သည့် အကြမ်းဖက်နှိမ်နင်းမှုများအား စုံစမ်းစစ်ဆေးရန်အတွက် အစိုးရနှင့် အတိုက်အခံနှင့် အစိုးရတို့ပါဝင်သည့် ကော်မရှင်တစ်ရပ်ကိုလည်း ဖွဲ့စည်းသွားမည်ဟု သိရသည်။

    ယခုတစ်ပါတ် အင်္ဂါနေ့မှစ၍ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ဖြစ်ပွားခဲ့သော ထိပ်တိုက်တွေ့ဆုံမှုများအတွင်း ရဲတပ်ဖွဲ့၏ပစ်ခတ်နှိမ်နင်းမှုကြောင့် အနည်းဆုံး အရပ်သား ၇၀ ကျော် သေဆုံးခဲ့သည်။
    Ref: Al Jazeera and agencies

  • စစ်ဘေးရှောင် ကချင် ပြည်သူများသို့ တရုတ်မှ လူသားချင်းစာနာ ထောက်ထားရေး အကူအညီပေးပို့

    စစ်ဘေးရှောင် ကချင် ပြည်သူများသို့ တရုတ်မှ လူသားချင်းစာနာ ထောက်ထားရေး အကူအညီပေးပို့

    ဖေဖော်ဝါရီ ၂၂ ၊ ၂၀၁၄
    M-Media

    ဘေဂျင်း။    ။ တရုတ်ကြက်ခြေနီအသင်းမှ မြန်မာနိုင်ငံ ကချင်ပြည်နယ်ရှိ အိုးအိမ်မဲ့မိသားစုပေါင်း တစ်သောင်းအတွက် လူသားချင်းစာနာထောက်ထားရေး အထောက်အပံ့ကို ပေးပို့လိုက်သည်။

    ယူနန်ပြည်နယ်မြို့တော် ခွန်းမင်(ကူမင်း)မှ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် စတင်ထွက်ခွာလာသည့် ၎င်းထောက်ပံ့ပစ္စည်းများ၌ ဆန်၊ ဟင်းချက်ဆီ၊ ဆား နှင့် အိပ်ယာခင်း ခန်းဆီးများ စသည်တို့ ပါဝင်သည်ဟု ကူညီရေး စီမံချက်ကြီးကြပ်သူနှင့် ကြက်ခြေနီအသင်း အဖွဲ့ဝင် Sun Shuopeng က ကြာသပတေးနေ့က ပြောကြားသည်။

    မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ အကူအညီတောင်းခံမှုကိုအပေါ် တရုတ်ပြည်မှပေးပို့လာသော ယင်းထောက်ပံ့ပစ္စည်းတို့မှာ ယခု ရက်သတ္တပတ်အကုန်တွင် ကချင်ပြည်နယ်သို့ ရောက်လာမည်ဟု ခန့်မှန်းထားကြောင်း ဆင်ဟွာသတင်းဌာနမှ ဆိုသည်။