News @ M-Media

Blog

  • ရိုဟင်ဂျာ အရေး ကူညီရန် အမေရိကန်အတည်ပြု

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၄
    M-Media
    annecrichardus_19965
    ရိုဟင်ဂျာဒုက္ခသည်များအရေး နှင့် ဘင်္ဂလားဒေ့ရှ်ရှိ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ဆိုင်ရာ ပထမဆုံး အမျိုးသားစီမံကိန်း စတင်နိုင်ရေးအတွက် အပြည့်အ၀ အကူအညီပေးရန် အမေရိကန်ပြည်ထောင်စုမှ ကြာသပတေးနေ့တွင် အတည်ပြုလိုက်သည်။

    Bureau of Population, Refugee and Migration (PRM)၏ လက်ထောက် အတွင်းရေးမှူး Anne C Richard နှင့် မြန်မာဒုက္ခသည်များ ဆိုင်ရာ ဒါကာ၏ အကူအညီ တိုးမြှင့်ရေးကြိုးပမ်းသူ နိုင်ငံခြားရေးဝန်ကြီး ရှဟီးဒုလ် ဟပ်က် Shahidul Haque တို့၏ တွေ့ဆုံမှုအပြီးတွင် ယင်းသို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

    Ref: The Financial Express

  • စစ်တွေတွင် မလေးနိုင်ငံသား စေတနာ့ ဝန်ထမ်း သုံးဦး လူအုပ်ဖြင့် ခြိမ်းခြောက်ခံရမှု မိခင်အဖွဲ့အစည်း MAPIM မှ သတင်းထုတ်ပြန်

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၄
    M-Media
    MAPIM
    ဖေဖော်ဝါရီလ (၂၀) ရက်နေ့က ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်ခံ ပြည်သူများကို လူမှု ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ရန် အတွက် ရောက်ရှိနေသော မလေးရှားနိုင်ငံသား စေတနာ့ ဝန်ထမ်း (၃) ဦးကို ရခိုင် လူမျိုးများမှ လူအုပ်ဖြင့် ဝိုင်းကာ စစ်တွေမြို့မှ ထွက်သွားရန် ခြိမ်းခြောက် ဖိအားပေး လုပ်ဆောင်ခဲ့မှုဖြစ်ပွား ခဲ့ပါသည်။ အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး စေတနာ့ဝန်ထမ်း(၃) ဦး၏ မိခင် အဖွဲ့အစည်းဖြစ်သော မလေးရှား အစ္စလာမ့် အဖွဲ့အစည်းဆိုင်ရာ အတိုင်ပင်ခံကောင်စီ (MAPIM) မှ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နေ့စွဲဖြင့် သတင်းကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။ အဆိုပါကြေညာချက် အပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်ပါသည်။

    မလေးရှား အစ္စလာမ့် အဖွဲ့အစည်းဆိုင်ရာ အတိုင်ပင်ခံကောင်စီ (MAPIM)
    သတင်းထုတ်ပြန်ချက်
    ၂၁ ဖေဖော်ဝါရီ ၂၀၁၂

    မြန်မာနိုင်ငံရှိ အရေးပေါ်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့၏ အခြေအနေ

    – မလေးရှားနိုင်ငံ အစ္စလာမ့်မစ်အဖွဲ့ အတိုင်ပင်ခံကောင်စီ MAPIM မှ အဖွဲ့ဝင် ၇ ဦးပါဝင်သော ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံတွင် အရေးပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား ဖေဖော်ဝါရီ ၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဆောင်ရွက်ပေးရန် အစီအစဉ် တစ်ခုကို ပြုလုပ်ခဲ့ပါသည်။

    အစားအသောက်များ၊ ဆေးဝါးများနှင့် ပညာရေး အထောက်အကူပြုပစ္စည်းများ ပေးပို့ခြင်းတို့ အပြင် IDP (နေရပ်စွန့်ခွါ ထွက်ပြေးရသူများ) ကမ့်အတွင်းရှိ “Asean Peace Village” ပရောဂျက်၏ တိုးတက်မှုကို စောင့်ကြည့်ရန်လည်း ပါဝင်ပါသည်။ အဆိုပါ ပရောဂျက်မှာ MAPIM နှင့် ပြည်တွင်း အန်ဂျီအိုများ ပူးပေါင်းကာ ၂၀၁၂ ခုနှစ် ဇွန်လကဖြစ်ပွားခဲ့သည့် လူမျိုးရေး ပဋိပက္ခကြောင့် အတိ ဒုက္ခရောက်နေကြသည့် ဒုက္ခသည်များ အတွက် အိုးအိမ်များ၊ နေရာထိုင်ခင်းများ စီစဉ်ဆောင်ရွက်ပေးရာတွင် အစိုးရအား ကူညီထောက်ပံ့နေသော ပရောဂျက်ဖြစ်ပါသည်။

    သို့သော်လည်း လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဤဆောင်ရွက်မှုအား သံသယဖြစ်၍၊ လူအများက နားလည်မှု လွဲမှားခြင်းကြောင့် အနှောက်အယှက် အနည်းငယ် ကြုံတွေ့ခဲ့ရပါသည်။

    ကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင်ရှိနေစဉ် ဖေဖော်ဝါရီ ၂၀ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က MAPIM မှ စေတနာ့ဝန်ထမ်း ကိုယ်စားလှယ် ၃ ဦး တည်းခိုသည့် အိမ်များသို့ ဗုဒ္ဓဘာသာ အစွန်းရောက် အဖွဲ့က လာရောက်ကာ MAPIM ကိုယ်စားလှယ်အဖွဲ့အား စစ်တွေမှ မောင်းထုတ်ရန်ကြိုးစားခဲ့ပြီး၊ ထိုအချင်းအရာက ကိုယ်စားလှယ်အဖွဲ့၏ လုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်ခဲ့ပါသည်။

    ဇူဟာနစ်ဘင်ဇိုင်နယ်လ် ဦးဆောင်သည့် အဆိုပါ ကိုယ်စားလှယ်အဖွဲ့မှာ ရဲတပ်ဖွဲ့အား ချက်ချင်း အကြောင်းကြားခဲ့ပြီး၊ အကူအညီ ရယူခဲ့ကာ၊ ရဲတပ်ဖွဲ့က ၎င်းတို့အား စစ်တွေ အနီးတွင်ရှိသည့် ရဲစခန်းသို့ခေါ်ဆောင်ကာ နေရာထိုင်ခင်းပြုလုပ်ပေးခဲ့ပါသည်။

    ထိုအဖွဲ့အား ကယ်ဆယ်ရန် အတွက် ယခုအချိန်တွင် ကျွန်ုပ်တို့မှာ ပြည်တွင်း အန်ဂျီအိုများ၊ ရခိုင်ပြည်နယ် အစိုးရတို့နှင့် ညှိနှိုင်းမှုများပြုလုပ်နေပြီး၊ တစ်ချိန်တည်းမှာပင် နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း ရန်ကုန်မြို့ရှိ မလေးရှားသံရုံးမှ တစ်ဆင့် စစ်တွေတွင်ရှိနေသည့် အဆိုပါ ကိုယ်စားလှယ် အဖွဲ့ဝင်များအား ရခိုင်ပြည်နယ် စစ်တွေမှ ပြန်လည်ခေါ်ဆောင်ရန် ကြိုးစားလျက်ရှိပါသည်။

    ကိုယ်စားလှယ်အဖွဲ့ဝင် အားလုံးမှာ မည်သည့်ထိခိုက်မှုမှ မရှိဘဲ ရန်ကုန်သို့ပြန်လာနေပြီး များ မကြာမီအချိန်မှာပင် ကွာလာလမ်ပူသို့ ပြန်လည်ရောက် ရှိမည်ဟု မျှော်လင့်ရပါသည်။ MAPIM မှလည်း လက်ရှိဖြစ်စဉ်နှင့် ကိုယ်စားလှယ်အဖွဲ့၏ အခြေအနေများကို မီဒီယာများသို့ တင်ပြရန် စင်တာ တစ်ခုကိုလည်း ဖွင့်လှစ်ထားရှိပါသည်။

    မိုဟာမက် အဇ်မီ အက်ဗဒူလ် ဟာမစ်ဒ်
    MAPIM အဖွဲ့ ဥက္ကဌ
    Tel 0194744856

    Photo- MAPIM  FB

  • ဆိုချီအိုလံပစ်တွင် ဆေးကျသူနှစ်ဦးထွက်ပေါ်

    ဆိုချီအိုလံပစ်တွင် ဆေးကျသူနှစ်ဦးထွက်ပေါ်

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၄
    M-Media

    Untitled

    – ရုရှားနိုင်ငံ၌ လက်ရှိကျင်းပလျက်ရှိနေသည့် ၂၀၁၄ ဆိုချီအိုလံပစ်ပြိုင်ပွဲတွင် ဆေးကျသော ကစားသမားများ ပထမဆုံးထွက်ပေါ်လာခဲ့သည်ဟု သိရသည်။

    ယမန်နေ့က စစ်ဆေးမှုတွင် ဂျာမနီ ဘိုင်အသလွန် အမျိုးသမီးကစားသမား အီဗီ ရှန်ဘာချာ စတီလီနှင့် အီတလီ နှင်းကားမောင်းကစားသမား ၀ီလီယံ ဖရူလာနီတို့မှာ တားမြစ်ဆေးဝါးများ သုံးစွဲထားကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    ပြီးခဲ့သည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ ခု ဆွတ်ခူးရရှိခဲ့သည့် စတီလီကလည်း ၎င်းမှာ ဆေးကျကြောင်း ၀န်ခံခဲ့ပြီး စဉ်းစား၍မရသည့် အိပ်မက်ဆိုးဖြစ်သည်ဟု ပြောကြားခဲ့သည်။ အီတလီ အိုလံပစ်ကော်မတီကမူ ၎င်းတို့၏ ကစားသမား ဖရူလာနီ ဆေးကျကြောင်း အတည်ပြုခဲ့ပြီး ဆိုချီအိုလံပစ်မှ နှုတ်ထွက်ခဲ့ပြီဟု ကြေညာခဲ့သည်။

    တားမြစ်ဆေးသုံးစွဲမှုအား နှစ်ပေါင်းများစွာ ဆန့်ကျင်တိုက်ခိုက်လာခဲ့သူဟု လူသိများသည့် စတီလီ ဆေးကျခဲ့သည့်ဖြစ်ရပ်က ဂျာမနီ အားကစား လောကအတွက် တုန်လှုပ်စရာဖြစ်ခဲ့သည်။

    ၂၀၁၀ ခုနှစ်က ကနေဒါတွင်ပြုလုပ်ခဲ့သည့် ဗန်ကူးဗား ဆောင်းရာသီအိုလံပစ်တွင် ဆေးကျသူတစ်ဦးသာရှိခဲ့သည်။ ဖေဖော်ဝါရီ ၇ ရက်နေ့က စတင်ခဲ့ သည့် ဆိုချီအိုလံပစ်ပြိုင်ပွဲမှာ ၂၃ ရက်နေ့တွင်ပြီးဆုံးမည်ဖြစ်ပြီး ယခုအချိန်အထိ နော်ဝေနိုင်ငံက ရွှေ ၁၀ခု၊ ငွေ ၄ ခု၊ ကြေး ၈ ခုနှင့် နိုင်ငံအလိုက် ပထမ နေရာတွင် ရှိနေသည်။

    Ref : ChannelNewsAsia

  • ရူနီအား အင်္ဂလန် ဘောလုံးလောက၏ အမြင့်ဆုံးလစာဖြင့် မန်ယူသက်တမ်းတိုး

    ရူနီအား အင်္ဂလန် ဘောလုံးလောက၏ အမြင့်ဆုံးလစာဖြင့် မန်ယူသက်တမ်းတိုး

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၄
    M-Media

    – အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် နှောင့်နှေးနေခဲ့သည့် မန်ယူအသင်း၏ အင်္ဂလန်တိုက်စစ်မှူး ၀ိန်းရူနီမှာ မန်ယူအသင်းနှင့် ယမန်နေ့က စာချုပ်သစ် ချုပ်ဆိုခဲ့ပြီဟု သိရသည်။

    ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က အသင်းမှ ပြောင်းရွှေ့ချင်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည့် ၀ိန်းရူနီမှာ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းဖြင့် လေးနှစ် သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇွန်လအထိ အသင်းတွင် ရှိနေမည်ဖြစ်သည်။ ထို့ပြင် ရူနီမှာ ဘောလုံးလောကမှ အနားယူ သွားပါက မန်ယူအသင်း၏ သံတမန်လည်း ဖြစ်လာမည်ဖြစ်သည်။

    စာချုပ်သစ်ကြောင့် ရူနီ၏ တစ်နှစ်လုပ်ခမှာ ပေါင် ၁၅ သန်းရှိမည်ဖြစ်ပြီး အင်္ဂလိပ်ဘောလုံးလောကတွင် လုပ်ခအမြင့်ဆုံး ကစားသမားဖြစ်လာကာ၊ ခရစ္စ တီယာနို ရော်နယ်ဒို၊ လီယွန်နယ် မက်ဆီတို့၏ လုပ်ခများထက်လည်း ပိုမိုများပြားသည်။ စာချုပ်သစ် ချုပ်ဆိုပြီးနောက် ရူနီက “နွေရာသီမှာ ကောလဟလ တွေအများကြီးထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဒေးဗစ်မိုယက်စ် အသင်းကိုရောက်လာတဲ့အခါ ကျွန်တော် တော်တော်ကျေနပ်မိပါတယ်။ သူနဲ့ကျွန်တော်ဟာ ဆက်ဆံရေးကောင်းတစ်ခုရှိပြီး၊ သူကလည်း ကျွန်တော်အပေါ် ယုံကြည်မှု တော်တော်လေးရှိပါတယ်” ဟု ပြောကြားခဲ့သည်။

    ထို့ပြင် မန်ယူအသင်းမှာ ကမ္ဘာ့အကောင်းဆုံးအသင်းများမှ တစ်သင်းဖြစ်ပြီး၊ မိမိ၏ ကစားသမားဘ၀ အချိန်တော်တော်များများကို မန်ယူအသင်းတွင် ကစားခဲ့ကြောင်း၊ ယခုအချိန်တွင် အားလုံးပြီးဆုံးသွားပြီဖြစ်သည့်အတွက် ပျော်ရွှင်မိကြောင်း၊ အလုပ်တွင် အာရုံစူးစိုက်၍ ရှေ့သို့ ဆက်လျှောက်သွားမည် ဖြစ်ကြောင်း ရူနီက ထည့်သွင်းပြောကြားခဲ့သည်။

    ရူနီအား စာချုပ်သက်တမ်းတိုးနိုင်ခဲ့ခြင်းတွက် ပျော်ရွှင်မိသည်ဟု နည်းပြ မိုယက်စ်က ပြောကြားခဲ့ပြီး ရူနီကိုလည်း ချီးကျုးခဲ့သည်။ ပြီးခဲ့သည့်နွေရာသီက ချယ်ဆီးအသင်းမှ ရူနီအား ခေါ်ယူရန် နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့သော်လည်း မန်ယူအသင်းက ငြင်းပယ်ခဲ့သည်။

    Ref : Dailymail

  • နိုင်ငံရဲ့ အနာဂတ်က လူငယ်တွေရဲ့လက်ထဲမှာ ရှိတယ်လို့ မြန်မာမွတ်စလင် Youth Forum တွင် ကိုဒီငြိမ်းလင်းပြော

    နိုင်ငံရဲ့ အနာဂတ်က လူငယ်တွေရဲ့လက်ထဲမှာ ရှိတယ်လို့ မြန်မာမွတ်စလင် Youth Forum တွင် ကိုဒီငြိမ်းလင်းပြော

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန် ။        ။ လူငယ်များ ခေါင်းဆောင်မှု အရည်အသွေး မြင့်မားလာစေရန်၊ လူငယ်များအချင်းချင်း ချိတ်ဆက်မှု အားကောင်းလာစေရန်၊ လူငယ်များ၏ အခက်အခဲ များ၊ စိတ်ကူးစိတ်သန်းများ၊ အကြံညဏ်များနှင့် နည်းပညာဆိုင်ရာကျွမ်းကျင်မှုများကို ဆွေးနွေးနှီးနှော ဖလှယ်ခြင်းအားဖြင့် စွမ်းဆောင်ရည် ပြည့်ဝသော လူငယ်များပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြန်မာမွတ်စလင်လူငယ်များမှ ၂-ရက်တာကာလ Muslim Youth Forum ကို ပထမဆုံး အကြိမ်အဖြစ် ယနေ့ ဖေဖော်ဝါရီ ၂၂-ရက်နေ့မှာ စတင်ကျင်းပခဲ့သည်။

    နယူးယောက်မှာ ကုလသမဂ္ဂရုံးမှာ ချိတ်ဆွဲထားတဲ့ ဦးသန့်ရဲ့ ဓာတ်ပုံကိုမြင်ရတိုင်း စိတ်ထဲမှာ အတိုင်းမသိဝမ်းသာမိကြောင်း၊ မြန်မာ့လူ့ဘောင်နဲ့ တစ်သားတဲ့ဖြစ်နေတဲ့ အစ္စလာမ်လူငယ်များသည်လည်း တိုင်းပြည်အကျိုးကို သယ်ပိုးဆောင်ရွက်တဲ့နေရာမှာ စံပြထိုက်လောက်တဲ့ ပုဂ္ဂိုလ်မျိုးတွေကို အတုယူသင့်စေလိုကြောင်း၊ တိုင်းပြည်ရဲ့ကောင်းရာ ကောင်းကြောင်းတွေကို ပါဝင်လုပ်ဆောင်သင့်ကြောင်း တက်ရောက်လာသော သံတမန်တစ်ဦးက ပြောကြားခဲ့သည်။

    “နိုင်ငံအနှံ့အပြားမှာလည်း အခုလို ဖိုရမ်တွေလုပ်နေကြပါတယ်။ အခုလည်း ဒီမှာ ဘာတွေဆွေးနွေးကြမလည်း ဆိုတာလည်း သိချင်တာနဲ့ လာခဲ့တာပါ။ ကျွန်တော့်အနေနဲ့လည်း ၀င်ရောက်ဆွေးနွေးသွားမှာပါ။ နိုင်ငံရဲ့ အနာဂတ်က လူငယ်တွေရဲ့လက်ထဲမှာ ရှိပါတယ်။ လူငယ်တွေအနာဂတ်မှာ ကောင်းမွန်မှ တိုင်းပြည်သာယာမှာပါ။ ဒီပွဲကနေ ရလဒ်ကောင်းတွေးအသိပညာတွေရလာမယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်” ဟု ကျောင်းသားသမဂ္ဂမှ ကိုဒီငြိမ်းလင်းက ပြောခဲ့သည်။

    လူငယ်တွေဦးဆောင်နိုင်တဲ့အရာတွေကို လုပ်နိုင်သလောက်လုပ်ရမယ်။ လူကြီးမဖြစ်ခင် အားလုံးဟာ လူငယ်ဘ၀ကိုဖြတ်သန်းခဲ့ရတာဖြစ်တယ်၊ လူငယ်တွေဆိုတာ လူကြီးတွေရဲ့ ဖခင်တွေပါပဲဟု ဥပမာပေးကာ ဟု Muslim Youth Forum 2014 MYANMAR တွင် အစ္စလာမ့်ဓမ္မဗိမာန်မှ ဦးဆောင်ဆော်သြရေးမှူး အလ်ဟာဂ်ျ ဦးအေးလွင်က ပြောကြားခဲ့သည်။

    “၁၁ ရာစု အနော်ရထာမင်းကြီး ပုဂံနေပြည်တော်ကိုတည်ထောင်ချိန်မှာ မြန်မာမွတ်စလင်များက နန်းတော်ထဲတွင် အမှုတော်ထမ်းလျက်ရှိကြောင်း ပုဂံကျောက်စာများတွင် ပါရှိပါတယ်။ မိမိချက်မြုပ်ရာနေရာမှာ တာဝန်ကျေပွန်ခဲ့ကြတယ်။ ဒီတိုင်းပြည်မှာမွေးဖွားပြီး ဒီတိုင်းပြည်ရဲ့ သားကောင်း ဖြစ်တယ်ဆိုတာ ပြသရမှာဖြစ်တယ်။ အရည်အသွေးပြည့်ဝတဲ့ လူသားရင်းမြစ်တွေကိုလိုအပ်ပါတယ်။ ဒီဖိုရမ်ကနေ အရည်အချင်းရှိတဲ့လူငယ်တွေကို မွေးထုတ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ အနာဂတ်မြန်မာနိုင်ငံအတွက် မွတ်စလင်လူငယ်များမှ တတ်နိုင်သမျှပါဝင်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

    ယခုကဲ့သို့ လူငယ်များတွေ့ဆုံခြင်းဖြင့် တစ်ယောက်နှင့်တစ်ယောက် အတွေးအမြင်များကို ဖလှယ်ကြပြီး ဒေသအသီးသီးရှိ လူငယ်များ မိမိတို့၏ မြို့ရွာများ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာတွင် ပိုမိုချိတ်ဆက်နိုင်ပြီး အာဆီယံနှင့် နိုင်ငံတကာ လူငယ် ဖိုရမ်များသို့ မြန်မာနိုင်ငံကိုယ်စားပြု လူငယ်များတက်ရောက်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

    Muslim Youth Forum 2014 MYANMAR ကို နှစ်ရက်တိုင် သန်လျင်မြို့ ငါးပါးသခင်ဒါရ်ဂါတော်ဝင်းအတွင်းကျင်းပမည် ဖြစ်ပါသည်။ အခမ်းအနားဖွင့်ပွဲကို ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၉ နာရီတွင် နိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာပြည်တစ်ဝန်းမှ ကြွရောက်လာကြသော အစ္စလာမ် ညီအကိုမောင်နှမများမှ နှစ်ရက်တိုင်တိုင် Muslim Youth Forum တွင် ပါရှိသည့် အကြောင်းအရာများကို ဆွေးနွေးသွားကြမည် ဖြစ်သည်။