News @ M-Media

Blog

  • ဘန်ကောက် စားသောက်ဆိုင်တွင် ကျွန်ပြုခံနေရသော မြန်မာသုံးဦး လွတ်မြောက်လာ

    ဖေဖော်ဝါရီ ၂၂ ၊ ၂၀၁၄
    M-Media
    Untitled
    ဘန်ကောက် ပင်လယ်စာ စားသောက်ဆိုင်တစ်ခု၌ ကျွန်ပြုထားသည်ဟု ယူဆဖွယ်ရာရှိသည့် မြန်မာလူငယ်သုံးဦးကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ထိုင်းရဲတပ်ဖွဲ့မှ ကယ်ထုတ်နိုင်ခဲ့သည်။

    ထိုသူတို့မှာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ အသက် ၁၈ နှင့် ၂၀ နှစ်အတွင်းရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးဖြစ်ကာ အလုပ်ပွဲစား တစ်ဦးထံမှတဆင့် ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

    Pratunam ဈေးမှ Feel Pratunam ပင်လယ်စာ စားသောက်ဆိုင်တွင် သုံးလတိုင်တိုင် လစာမဲ့ဖြင့် အဓမ္မစေခိုင်းခံ ခဲ့ရသည်ဟု မသင်ဇာနိုင်က ပြောပြသည်။

    “ နေ့စဉ်အလုပ်ပြီးရင် အလုပ်ရှင်က ကျွန်မတို့ကို အခန်းထဲ သော့ခတ် ပိတ်လှောင်ထားတယ်။ စားကြွင်းစားကျန်တွေကို ရေခဲသေတ္တာတစ်ခုထဲ ထည့်ပေးထားတယ်။ နောက်တစ်နေ့ညနေ ငါးနာရီအချိန် သူပြန်ရောက်လာတဲ့အထိ ကျွန်မတို့ကို နံနက်စာစားခွင့်တောင် မပေးခဲ့ပါဘူး ”။

    သူတို့၏အရေးအရာများကို ထိုင်းနိုင်ငံရှိ မြန်မာ အဖွဲ့အစည်းနှင့် ရဲတပ်ဖွဲ့မှ ဆက်သွယ်ဆောင်ရွက်လျက်ရှိသည်။

    Ref: DVB English

  • အော့ဇ၀စ်ဇ် အကျဉ်းစခန်းတွင် အစောင့်လုပ်ခဲ့သူ နာဇီတပ်သားဟောင်း သုံးဦးအား ဂျာမန် အာဏာပိုင်များဖမ်းဆီး

    ဖေဖော်ဝါရီ ၂၁ ၊ ၂၀၁၄
    M-Media
    Auschwitz
    – ဂျာမနီရှိ ပြည်နယ် ၃ ခု တွင် ပြုလုပ်ခဲ့သည့် စီးနင်းမှုများအတွင်း ဒုတိယကမ္ဘာစစ်က အော့ဇ၀စ်ဇ် အကျဉ်းစခန်းတွင် တာဝန်ထမ်းဆောင်ခဲ့သည်ဟု သံသယရှိသူ SS တပ်သားဟောင်း သုံးဦးအား ဖမ်းဆီးရမိခဲ့သည်ဟု စတုဂတ်မြို့ရှိ တရားသူကြီးများက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    နိုင်ငံအနောက်တောင်ပိုင်း Baden-Württemberg ပြည်နယ်မှ အသက် ၈၈၊ ၉၂ နှင့် ၉၄ နှစ်အရွယ်ရှိ အဆိုပါ တပ်သားဟောင်း သုံးဦးကို ဗုဒ္ဓဟူးနေ့တွင် ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်း ဖြစ်ပြီး၊ ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီတို့ သိမ်းပိုက်ထားသော ပိုလန်နိုင်ငံ အကျဉ်းစခန်းရှိ လူသတ်မှုများတွင် ပါဝင်ခဲ့သည်ဟု သံသယ ရှိနေသူများဖြစ်သည်။ ဒုတိယကမ္ဘာစစ်က ပိုလန်ရှိ ထိုအကျဉ်းစခန်း အတွင်း လူပေါင်း ၁ သန်းကျော် အသတ်ခံခဲ့ရသည်။

    ၁၉၄၂ နှင့် ၁၉၄၄ ခုနှစ်များ အတွင်း အော့ဇ၀စ်ဇ် အကျဉ်းစခန်းတွင် အစောင့်များအဖြစ် တာဝန်ထမ်းဆောင်ကြသူများဟု သံသရှိနေသည့် ၎င်းတို့ သုံးဦးအား ဆေးစစ်မှုများ ပြုလုပ်ခဲ့ကာ၊ ထောင်အတွင်းရှိ ဆေးရုံ၌ ထိန်းသိန်းထားရန် တရားသူကြီးက အတည်ပြုခဲ့သည်ဟု တရားရုံးမှထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    Baden-Württemberg ပြည်နယ်ရှိ အခြားသောနေရာများနှင့် နိုင်ငံအနောက်ပိုင်း Hesse နှင့် North Rhine-Westphalia ပြည်နယ်များတွင်လည်း ရဲတပ်ဖွဲ့က စီးနင်းမှုများ ပြုလုပ်ခဲ့သည်။

    “နာဇီခေတ်က မှတ်တမ်းများနှင့် စာရွက်စာတမ်းများကို သိမ်းဆည်းရမိခဲ့ပြီး၊ စစ်ဆေးမှုများအား ဆက်လက်လုပ်ဆောင်လျက်ရှိသည်” ဟု Baden-Württemberg ပြည်နယ်တွင်ပြုလုပ်ခဲ့သည့် နေအိမ် ၆ လုံးအား စီးနင်းမှုနှင့်ပတ်သက်၍ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ၁၉၄၀နှင့် ၁၉၄၅ ခုနှစ်အတွင်း အော့စ၀စ်ဇ် အကျဉ်းစခန်းတွင် အသတ်ခံရသူများမှာ ၁.၅ သန်းခန့်ရှိပြီး အများစုမှာ ဂျူးများဖြစ်ကြသည်။ ထို့ပြင် ရောမ၊ ပိုလန်နှင့် အခြားသော လူမျိုးများလည်းပါဝင်သည်။ ဒုတိယကမ္ဘာစစ်ပြီးကတည်းက ဂျူးလူမျိုး ၆ သန်းအသတ်ခံခဲ့ရသည့် Holocaust အစီအစဉ်တွင် ပါဝင်ပတ်သက်ခဲ့သော ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးကာ တရားစွဲဆိုခဲ့ပြီး၊ ကျန်ရှိနေသူများကိုလည်း ယခုအချိန်အထိ ဂျာမန်အာဏာပိုင်များက လိုက်လံစုံစမ်းလျက်ရှိနေသည်။
    Ref: The Guardian

  • ယူကရိန်းတောင်ဘက် မြို့တစ်မြို့တွင် အစ္စလာမ့် ယဉ်ကျေးမှုစင်တာ တည်ဆောက်မည်

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၄
    M-Media

    herson– ယူကရိန်းနိုင်ငံ တောင်ပိုင်းရှိ Kherson မြို့တွင် အစ္စလာမ့် ယဉ်ကျေးမှု စင်တာတစ်ခု တည်ဆောက်ရန်အတွက် နေရာသတ်မှတ်ပေးရန် မြို့တော်ကောင်စီက စဉ်းစားနေသည်ဟု သိရသည်။

    အစ္စလာမ့် ယဉ်ကျေးမှုစင်တာ တည်ဆောက်ရေး ပရောဂျက်အား မြို့အတွင်းရှိ စက်မှုလုပ်ငန်းများ၊ အခြေခံအဆောက်အဦးများ၊ ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး စသည်တို့နှင့် ပတ်သက်၍ မကြာမီ ပြုလုပ်မည့် အစည်းအဝေးတွင် ကြေညာသွားမည်ဟု မြေယာ စီမံခန့်ခွဲရေး အကြီးအကဲ ရူဘန် စတီပန်ယန်က ဆိုသည်။

    “Kherson မြို့မှာ အခြားသော အယူဝါဒ အမျိုးမျိုးနဲ့ ဘာသာရေး အဆောက်အအုံ အမျိုးမျိုးရှိပေမယ့် အစ္စလာမ့်နဲ့ ပတ်သက်တဲ့ အဆောက်အုံ မရှိသေးတဲ့ အတွက်ကြောင့် ဖေဖော်ဝါရီ ၂၈ ရက်မှာပြုလုပ်မယ့် အစည်းအဝေးမှာ ဒီ (အစ္စလာမ့်ယဉ်ကျေးမှု စင်တာဆောက်လုပ်မည့်) ပရောဂျက်ကို မြို့တော်ကောင်စီက ထောက်ခံပေးသွားမှာပါ” ဟု စတီပန်ယန်က ပြောကြားခဲ့သည်။

    ထို့ပြင် အခြားသောမြို့များရှိ တူညီသော အတွေ့အကြုံများကို ဆန်းစစ်သွားမည်ဖြစ်ပြီး မတူညီသော မူကွဲများ လုပ်ဆောင်ရန် စဉ်းစားနေကြောင်း၊ မွတ်စလင်များ အနေဖြင့် ဗလီဝတ်ကျောင်းတော်တင် မဟုတ်ဘဲ ပတ်ဝန်းကျင် ဒေသများအား ပြောင်းလဲပေးသည့် အဆောက်အဦးများကိုလည်း ဆောက်လုပ်သည်ကို သိရှိရခြင်းမှာ အဖိုးတန်ကြောင်း ၎င်းက ထည့်သွင်းပြောကြားသွားခဲ့သည်။

    ယူကရိန်းနိုင်ငံတွင် အစ္စလာမ်ဘာသာကို သက်ဝင် ယုံကြည်ကြသူများမှာ ၅ သိန်းခန့်ရှိမည်ဟု ခန့်မှန်းရပြီး အများစုမှာ ခရိုင်းမီးယားဒေသတွင် နေထိုင်ကြသူများဖြစ်သည်။

    Ref: Islam.ru

  • ဝေဖန်ခံနေရသည့် အိုဇေးလ် အတွက် အသင်းဖော် ပိုဒေါစကီး ကာကွယ်ပြောဆို

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၄
    M-Media
    371446_heroa
    – ဘိုင်ယန်အသင်းနှင့် ချန်ပီယံလိဂ်ပွဲတွင် ပင်နယ်တီလွဲချော်ခဲ့ပြီး ခြေစွမ်းမပြနိုင်မှုကြောင့် အပြင်းအထန် ဝေဖန်ခံနေရသည့် အာဆင်နယ်အသင်း၏ ဂျာမန်ကွင်းလယ်လူ အိုဇေးလ် အတွက် အသင်းဖော် လူးကပ်စ်ပိုဒေါစကီးက ကာကွယ်ပြောဆိုခဲ့သည်။

    ပြီးခဲ့သည့် နွေရာသီက ကလပ် စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် အာဆင်နယ်အသင်းသို့ ရောက်ရှိလာသည့် အိုဇေးလ်မှာ ယခုနောက်ပိုင်းတွင် ပုံမှန်ခြေစွမ်းပျောက်ဆုံးလျက်ရှိပြီး ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

    ယမန်နေ့နံနက်က ကစားခဲ့သည့် ဘိုင်ယန်မြူးနစ်အား ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော ချန်ပီယံလိဂ် ပွဲစဉ်တွင် အိုဇေးလ်မှာ ပင်နယ်တီလွဲချော်ခဲ့ပြီး၊ ကစားချိန်အတွင်း အသင်းဖော် ဖလာမီနီနှင့် စကားအခြေအတင် ဖြစ်ခဲ့သည်။

    ထို့ကြောင့် ဘောလုံးလောကတွင် အိုဇေးလ်အား ဝေဖန်မှုများစွာ ထွက်ပေါ်လာခဲ့ပြီး၊ ပိုဒေါစကီးကမူ အိုဇေးလ်မှာ မကြာမီ အကောင်းဆုံး အနေအထားကို ပြန်လည်ရောက်ရှိလာမည်ဟု ကာကွယ်ပြောကြားခဲ့သည်။

    “မနေ့က(ကြာသာပေးနေ့က) ချန်ပီယံလိဂ် ရလဒ်ကြောင့် လူတိုင်းက စိတ်ပျက်နေကြပါတယ်။ ဒါပေမယ့် ဒါဟာ ဘောလုံးပါ။ မီဆု(အိုဇေးလ်)ကို မကောင်းပြောတာဟာ မမျှပါဘူး။ ဝေဖန်တယ်ဆိုတာ အားကစားလောကရဲ့ အစိတ်အပိုင်းဖြစ်ပြီး၊ ကောင်းတဲ့အရာပါ။ ဒါပေမယ့် ထိုးနှက် တိုက်ခိုက်တာမျိုးတော့ မလုပ်ရပါဘူး” ဟု ပိုဒေါစကီးက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

    ထို့ပြင် ကစားသမားတစ်ဦးအား ပစ်ပယ်လိုက်ခြင်းမှာ အသင်းသားများနှင့် အသင်းတစ်ခုလုံးအတွက် အကျိုး မဖြစ်ထွန်းကြောင်း၊ အိုဇေးလ်မှာ ၎င်းတို့အားလုံးအား ပျော်ရွှင်အောင် လုပ်ဆောင်သူဖြစ်ပြီး ပင်နယ်တီမ၀င်ခြင်းက ထိုအရာများကို ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း၊ သူငယ်ချင်းများအားလုံး အိုဇေးလ်ဘက်မှ အတူတကွ ရပ်တည်မည်ဖြစ်ကြောင်း ထည့်သွင်းရေးသားခဲ့သည်။

    ဘိုင်ယန်အသင်းနှင့် ချန်ပီယံလိဂ်ပွဲတွင် ခြေစွမ်းမပြနိုင်မှုနှင့် ပတ်သက်၍လည်း အိုဇေးလ်က ၎င်း၏ Facebook စာမျက်နှာတွင် တောင်းပန်ခဲ့သည်။

    Ref: Goal

  • မြန်မာနယ်စပ်၌ အိန္ဒိယ ကုန်သည်နှစ်ဦး၏ အလောင်းများ တွေ့ရှိ

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၄
    M-Media

    19TH_BORDER_TRADE_1761666f
    အင်မ်ဖာလ်။    ။ မြန်မာနိုင်ငံ တမူးမြို့အတွင်း ပျောက်ဆုံးနေသည်ဆိုသော အိန္ဒိယ ကုန်သည်နှစ်ဦးကို မြန်မာ-မဏိပူရ နယ်စပ်တွင် သေဆုံးနေသည့် အလောင်းများအဖြစ်နှင့် ပြန်လည်တွေ့ရှိခဲ့ကြသည်။ သူတို့၏ခန္ဓာကိုယ်များပေါ်တွင် မီးလောင်ကွက် အပါအ၀င် ဒဏ်ရာ အများအပြား ရရှိထားကြသည်။

    သေဆုံးသူများမှာ ဥတ္တားပရာဒက်ရှ်မှ Sanvendar Singh (၃၀ နှစ်) နှင့် မွမ်ဘိုင်းမှ Daljeet Singh (၃၃ နှစ်) တို့ဖြစ်ကြပြီး ၎င်းတို့သည် အိမ်သုံးနှင့်ကျောင်းသုံး ပစ္စည်းများရောင်းချရန် မိုရေးသို့ရောက်လာကြသည်။ တစ်လအကြာ မိုရေးမြို့နယ် မဏိပူရနယ်စပ်နှင့် ၁၀ မိနစ် ခရီးတာအကွာရှိ တမူးသို့ ၀င်ရောက်ပြီးနောက် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ပျောက်ဆုံးသွားသည်ဟု ရဲတပ်ဖွဲ့မှ ပြောကြားသည်။

    သူတို့က မြန်မာအာဏာပိုင်များထံမှ ၀င်ခွင့်တောင်းခံပြီးနောက် အမှတ် ၂ နယ်စပ်ဝင်ပေါက်မှ တမူးမြို့ထဲ ၀င်ရောက်သွားခြင်း ဖြစ်ကြောင်း၊ ချန်ဒဲလ်ခရိုင် မိုရေးတောင်ဖက် ၄၅ မီတာအကွာ မဏိပူရနယ်စပ် အခြမ်းရှိ  Jangnomphai ရွာအနီး၌ ရွာသားတို့၏အကြောင်းကြားချက်အရ သူတို့၏ အလောင်းများကို ပြန်တွေ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သတင်များက ဆိုသည်။

    ယမန်နှစ် ဧပြီလ ၁၀ ရက်တွင် မိုရေးမှ ရဲကွန်မန်ဒို တစ်ဦးနှင့် အရပ်သားတစ်ဦးတို့သည် ၆ ကီလိုမီတာအကွာရှိ မြန်မာဖက်သို့ ငါးဖမ်းထွက်ခဲ့ရာ ဖမ်းခေါ် သတ်ဖြတ်ခံခဲ့ရသည်။ မိုရေး နှင့် တမူးသည် အိန္ဒိယ-မြန်မာ နယ်စ ပ်ကုန်သွယ်ရေး၏ တံခါးဝများဖြစ်ရာ နှစ်ဖက်ကုန်သည်များက နံနက် ၇ နာရီမှ ညနေ ၄ နာရီအတွင်း အပြန်အလှန် ကူးသန်းသွားလာလေ့ရှိ၏။

    မဏိပူရ အာဏာပိုင်တို့သည် မိုရေး၌ နယ်စပ် စစ်ဆေးရေးဌာနတစ်ခုကို မကြာသေးမီကပင် တည်ဆောက်လိုက်ကြသည်ဟု သတင်းများ၌ ဖော်ပြသည်။ အမှတ် ၁ နှင့် ၂ ၀င်ပေါက်အကြားရှိ ယင်းဌာနနေရာမှာ မိမိတို့၏ ပိုင်နက်ထဲဖြစ်နေကြောင်း မြန်မာဖက်က ဆိုထားပါသည်။
    Ref: Telegraph India