News @ M-Media
Blog
  • ပါကစ္စတန်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကိုယ်စားလှယ်အဖွဲ့ ပါကစ္စတန်အခြေစိုက် တာလီဘန်အဖွဲ့မှ ဖွဲ့စည်း
    ဖေဖော်ရီ ၂၊ ၂၀၁၄
    M-Media
    karachi_map_360x270
    – နိုင်ငံအတွင်း အကြမ်းဖက်မှုများ ပပျောက်ရန်အတွက် ပါကစ္စတန်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေး ညှိနှိုင်းမှုများပြုလုပ်ရန် ပါကစ္စတန်အခြေစိုက် တာလီဘန် အဖွဲ့က ငြိမ်းချမ်းရေး ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းလိုက်သည်ဟုသိရသည်။
    တာလီဘန်ဗဟိုကောင်စီက ယမန်နေ့တွင် ပြုလုပ်သည့် အစည်းအဝေးတွင် တစ်ညီတစ်ညွတ်တည်း သဘောတူညီခဲ့ခြင်းဖြစ်ပြီး၊ အဖွဲ့ဝင်ငါးဦးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှုအဖွဲ့ကို တစ်ပါတည်း ဖွဲ့စည်းခဲ့သည်ဟု သိရသည်။
    ပါကစ္စတန်နိုင်ငံအတွင်းဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုများအတွက် ပြစ်တင်ပြောဆိုခြင်းခံနေရသည့် တာလီဘန်တို့ဘက်မှ ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးအတွက် လိုလိုလားလားဆောင်ရွက်ချက်လည်းဖြစ်သည်။ တာလီဘန်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရှာဟီဒွလ္လာ ရှာဟစ်က အစိုးရနှင့် ငြိမ်းချမ်ရေးဆွေးနွေးမှုများအားဆက်လုပ်ရန် အဆိုပါအဖွဲ့အား မေတ္တာရပ်ခံခဲ့ပြီး၊ ထိုအဖွဲ့ကလည်း ဆွေးနွေးမှုများပြုလုပ်ရန် အစိုးရနှင့် သဘောတူညီခဲ့သည်ဟု ဆိုသည်။
    ပါကစ္စတန်ဝန်ကြီးချုပ် နာဝပ်ဇ်ရှရစ်ဖ်ကလည်း ၎င်း၏ အထူးအကြံပေး ပုဂ္ဂိုလ်ခေါင်းဆောင်ပြီး အဖွဲ့ဝင်လေးဦးပါသည့် ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းထားကာ တာလီဘန်တို့နှင့် ငြိမ်းချမ်းရေကိစ္စဆွေးနွေးရန် အသင့်ရှိနေသည်ဟု သိရသည်။
    Ref: ဆင်ဟွာ
  • “တမန်တော်မြတ်ကြီးက ဗလီထဲမှာတောင် ခရစ်ယာန်တွေကို ဘုရား ရှိခိုးခွင့်ပေးခဲ့တယ်” လို့ ခရစ်ယာန် ဓမ္မတက္ကသိုလ်မှ ပါမောက္ခဒေါက်တာ စောလှိုင်ဘွား ပြော
    DSC01294aဖေဖော်ဝါရီ ၂၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး
    “တမန်တော်မြတ်ကြီးက ဗလီထဲမှာတောင် ခရစ်ယာန်တွေကို ဘုရား ရှိခိုးခွင့်ပေးခဲ့တယ်” လို့ ခရစ်ယာန် ဓမ္မတက္ကသိုလ်မှ ပါမောက္ခဒေါက်တာ စောလှိုင်ဘွား မဟာတမန်တော်နေ့ မှာ ဟောပြော
    ရန်ကုန်။     ။ အစ္စလာမ်ဘာသာဝင်တို့၏ နှစ်ဘ၀သခင် ကျေးဇူးတော်ရှင်ဖြစ်သော မဟာတမန်တော်မြတ်ကြီး မုဟမ္မဒ်သခင် (ငြိမ်းချမ်းပါစေသား) ဖွားမြင်သန့်စင်သောနေ့ ၁၄၈၈ ကြိမ်မြောက် အထိမ်းအမှတ် ဓမ္မသဘင်နှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနားကို သာကေတမြို့နယ်တွင် ယနေ့ ဖေဖော်ဝါရီလ(၂) ရက် နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီထိ ပြုလုပ်ခဲ့ပါသည်။
    အခမ်းအနားကို ကျမ်းတော်မြတ်ကုရ်အာန်ရွတ်ဖတ် သရဇ္ဈာယ်၍ ဖွင့်လှစ်ပေးခဲ့ပြီးနောက် အစီအစဉ်အတိုင်း တရားဒေသနာများ ဟောကြားခဲ့ကြသည်။  မြို့နယ် သံဃ နာယက ဥက္ကဌ ဘဒ္ဒန္တအဂ္ဂသာမိ၊ တိပိဋကရေ အရှင်သူမြတ်က ” တစ်ဘာသာနဲ့တစ်ဘာသာ မတူညီကြပေမယ့် ချစ်ကြည်နေရမယ့် အချိန်ပဲဖြစ်တယ်။ အခုဒီပွဲကို တက်ရောက်လာတာလည်း ဘာသာပေါင်းစုံဆိုတဲ့ စကားလုံးကို နှစ်သက်လို့ တက်ရောက်လာတာပါ။ လောကကြီးကို သာယာချင်ရင်တော့ ငြိမ်းချမ်းချင်ရင်တော့ သည်းခံမှုနဲ့ ခွင့်လွှတ်မှု ရှိဖို့ပဲလိုအပ်ပါတယ်” ဟု  မိန့်ကြားခဲ့သည်။
    ဆက်လက်၍ မြန်မာနိုင်ငံ ခရစ်ယာန် ဓမ္မတက္ကသိုလ်မှ ပါမောက္ခဒေါက်တာ စောလှိုင်ဘွားမှ “တစ်ယောက်ထဲ ငြိမ်းချမ်းရေးကို တည်ဆောက်လို့ မရပါဘူး အားလုံးညီညွတ်မှ ဖြစ်မဲ့အချိန်ပါ။ သူ့ဘာသာ ကိုယ့်ဘာသာကို ကောင်းကောင်း မသိကြတဲ့အချိန်မှာ ဒီလိုပွဲတွေ ကျင်းပတာဟာ အရမ်းကို ကောင်းမွန် ပါတယ်။ ဂျီဟာဒ်နဲ့ ပတ်သက်ပြီးလဲ အားလုံးက အစ္စလာမ်ဘာသာဝင်တွေကို အထင်မှားနေကြပါတယ်။ တမန်တော်မြတ်ကြီး ကပြောခဲ့တယ် မတရားတဲ့ အုပ်ချုပ်သူတွေရဲ့ `ရှေ့မှာ အမှန်တရားကို ပြောခြင်းဟာ အကောင်းဆုံးသော ဂျီဟာဒ်ပဲလို့ ပြောခဲ့ပါတယ်။ တမန်တော်မြတ်ကြီးက ဗလီထဲမှာတောင် ခရစ်ယာန် ဘာသာဝင်တွေကို ဘုရား ရှိခိုးခွင့်ပေးခဲ့ပါတယ်။ တမန်တော်မြတ်ကြီးက လူသားအချင်းချင်းကိုလေးစားတဲ့အတွက်ပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
    “ကိုယ့်ကိုယ်ကို လိမ်မှာအောင်စိတ်ထိန်းနိုင်ရပါ့မယ်။ စလာမ်ပေးတယ်ဆိုတာလည်း အင်မတန်ချစ်စရာကောင်းတဲ့ ဓလေ့ပါပဲ။ ငြိမ်းချမ်းပါစေလို့ မေတ္တာပို့တာ အရမ်းကောင်းမွန်တဲ့စကားလေးပါ။ ကောင်းတာကိုပဲ လုပ်ခိုင်းတာ တရားဓမ္မပါပဲ” ဟု ဟိန္ဒူပညာရှင် ဦးအောင်နိုင်မှ ငြိမ်းချမ်းရေးတရား တိုက်ကျွေးခဲ့သည်။
    ဆက်လက်ပြီး အလ်ဟာဂ်ျ ခလီဖွာဆရာ ဦးအေးလွင်မှ “သူ့အကြောင်း ကိုယ့်အကြောင်းသိဖို့ ဒီအခမ်းအနားတွေကို ကျင်းပနေရတာပါ။ အစ္စလာမ်မှာ မိန့်ဆိုထားတာက ပတ်ဝန်းကျင်ကို အသံနဲ့၊ အနံ့ နဲ့တောင် ဒုက္ခပေးလို့မရပါဘူး။ တမန်တော်ကို ဓားကိုင်ပြီး သာသနာပြုတယ်လို့ပြောနေကြတယ်။ အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမ ဂန္နီက ပြောကြားခဲ့တာရှိတယ်။ တမန်တော်က ဓားကိုင်ပြီး သာနာပြုရင် အဲ့ဒီဓားဟာ မေတ္တာဓား ဖြစ်တယ်လို့ ပြောကြားခဲ့တယ်” ဟု ဟောပြောခဲ့ပါသည်။
    ထို့နောက် တမန်တော် မုဟမ္မဒ်သခင်(ဆွ) အား ဂုဏ်ပြုသည့် ဓမ္မတေး လင်္ကာများရွတ်ဆိုပြီး အခမ်းအနားကို ဆုမွန်ဒိုအာဖြင့် ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ ဘာသာပေါင်းစုံမှ ညီအကိုမောင်နှမ များတက်ရောက်ခဲ့ကြပါသည်။
  • ကမ္ဘာ့ဟီဂျဘ်နေ့အား ကမ္ဘာတစ်ဝှမ်းတွင် ကျင်းပခဲ့
    ဖေဖော်ဝါရီ ၁၊ ၂၀၁၄
    M-Media
    World-Hijab-Day-Cover-Up-Before-You-Judges
    ဖေဖော်ဝါရီ ၁ ရက်နေ့ ကျရောက်သည့် ကမ္ဘာ့ဟီဂျဘ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာဝင်များက ဟီဂျဘ်နှင့် ပက်သက်သည့်ပြပွဲများ အခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
    တက္ကသိုလ်ကျောင်းများ၊ အထက်တန်းကျောင်းများ ဗလီဝတ်ကျောင်းတော်များတွင် ပြုလုပ်ကြသည့် ထိုအခမ်းအနားများတွင် အစ္စလာမ်က သတ်မှတ်ထားသည့် အမျိုးသမီးများ ဟီဂျဘ် ၀တ်ဆင်ခြင်းအပေါ် အထင်အမြင် လွဲများမှုများအား ရှင်းလင်းခြင်းများနှင့် အစ္စလာမ်ဘာသာဝင် မဟုတ်သည့် အမျိုးသမီးများကို တစ်ရက်တာ ဟိဂျဘ်စမ်းသပ် ၀တ်ဆင်စေခြင်းတို့လည်း ပါဝင်သည်။
    ကနေဒါနိုင်ငံ အလ်ဘာတာပြည်နယ် Fort McMurray မြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် ယနေ့၌ ဟိဂျဘ်နှင့်ပက်သက်သည့် ပြပွဲတစ်ခုပြုလုပ်ခဲ့ပြီး မွတ်စလင် မဟုတ်သူ အများအပြားတက်ရောက်ခဲ့ကြသည်။
    ပါကစ္စတန်နိုင်ငံတွင်လည်း ကမ္ဘာ့ ဟိဂျဘ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ချီတက် လမ်းလျှောက်မှု တစ်ခုပြုလုပ်ခဲ့ကြသည်။ အစ္စလာမ်ဘာသာဝင် အမျိုးသမီး များစွာပါဝင်ခဲ့သည့် အဆိုပါချီတက် လမ်းလျှောက်မှုအတွင်း “ဟီဂျဘ်သည် ကျွန်ုပ်၏ အခွင့်အရေး၊ ကျွန်ုပ်၏ ဂုဏ်သိက္ခာ” ဟု အဓိပ္ပါယ်ရသည့် စာတမ်းများကို ကိုင်ဆောင်ချီတက်ခဲ့ကြခြင်းဖြစ်သည်။
    နိုက်ဂျီးရီးယားနိုင်ငံတွင်လည်း အစ္စလာမ်ဘာသာဝင် ကျောင်းသူများမှာ ကမ္ဘာ့ဟီဂျဘ်နေ့အား ဂုဏ်ပြုသည့်လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြသည်။
    “ဒီနှစ် ကမ္ဘာ့ဟီဂျဘ်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကမ္ဘာတစ်ဝှမ်းမှာ အခမ်းအနားတွေပြုလုပ်သလို ကျွန်မတိုလည်း ပြုလုပ်တာပါ။ ဟီဂျဘ်ဝတ်ဆင်ခြင်းဟာ ဂုဏ်သိက္ခာပါ၊ လေးစားမှုပါ။ ပြီးတော့ ဟီဂျဘ်ဟာ အမျိုးသမီးထုအတွင်းမှာ စိမ့်ဝင်ပျံ့နှံ့နေတဲ့ မကောင်းမှုတွေကို ကာကွယ်ပေးတဲ့ ဒိုင်းတစ်ခုပါပဲ” ဟု နိုက်ဂျီးရီးယား မွတ်စလင်ကျောင်းသားများအသင်း၏ အကြီးအကဲ ဟာဂျီယာ ဟက်ဖ်ဆာ ဘဒ်ရူက ပြောကြားခဲ့သည်။
    ကမ္ဘာ့ဟီဂျဘ်နေ့ကို ယမန်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ၂ နှစ်မြောက်ဖြစ်လာခဲ့ကာ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၆ နိုင်ငံတွင် ကျင်းပလျက်ရှိနေသည်ဟု သိရသည်။
    Ref: Saudi Gazette
  • မန်ယူ၊ နယူးကာဆယ် ရှုံးနိမ့်ခဲ့သော ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ စနေနေ့ည ပွဲများ
    ဖေဖော်ဝါရီ ၂၊ ၂၀၁၄
    M-Media
    STK-MUN-010214-1314-ps13
    – ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ ကိုတော့ စနေနေ့မှာ ၇ ပွဲကစားခဲ့ပြီး နယူးကာဆယ်၊ မန်ယူတို့ရှုံးနိမ့်ခဲ့ကာ အဲဗာတန်အသင်းက သရေကျခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပါတ်က မန်စီးတီးအင်းကို ၅ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့တဲ့ စပါးအသင်းကတော့ ဒီတစ်ပါတ်မှာလည်း အဝေးကွင်းမှာ သရေကျခဲ့ပါတယ်။
    အဝေးကွင်းမှာ စတုတ်စီးတီးအသင်းနဲ့ ကစားရတဲ့ မန်ယူကတော့ မာတာ၊ ရူနီ၊ ဗန်ပါစီတို့ကို ပွဲထုတ်ခဲ့ပြီး အိမ်ရှင်အသင်းကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၃၈ မိနစ်မှာအိမ်ရှင်တို့ ပြစ်ဒဏ်ဘောရခဲ့ပြီး ချာလီအဒမ်က ကန်သွင်းချိန်မှာ မိုက်ကယ်ကာရစ်နဲ့ ထိကာလမ်းကြောင်းပြောင်း ဂိုးဝင်သွား ခဲ့တာကြောင့် အိမ်ရှင်တို့ ဦးဆောင်ဂိုးရခဲ့ပါတယ်။ ဒုတိယပိုင်းစစချင်းပဲ မန်ယူတို့ တိုက်စစ်စင်ကစားခဲ့ပြီး မာတာရဲ့ ဖန်တီးမှုကတစ်ဆင့် ဗန်ပါစီက ၄၇ မိနစ်မှာ ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ၅၂ မိနစ်မှာ အဒမ်ကပဲ ဧရိယာအပြင်ဘက်ကနေ အိမ်ရှင်အတွက် အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။ စတုတ်စီးတီးရဲ့ အခုအနိုင်ဟာ ၁၉၈၄ ခုနှစ်နောက်ပိုင်း မန်ယူကို ပထမဦးဆုံးနိုင်တာဖြစ်ပြီး၊ မန်ယူအသင်းကတော့ ဒီရာသီမှာ ပရီးမီးယားလိဂ် ၈ ပွဲမြောက် ရှုံးပွဲကို ကြုံတွေ့ခဲ့ခြင်းလည်းဖြစ်ပါတယ်။
    အားထားရတဲ့ ကွင်းလယ်ကစားသမား ကာဘာယီကို လက်လွှတ်လိုက်ရတဲ့ နယူးကာဆယ်ကတော့ အိမ်ကွင်း စိန့်ဂျိမ်းစ်ပါ့ခ်မှာ ဆန်းဒါးလန်းအသင်းကို ၃ ဂိုး ပြတ်နဲ့ အရှုံးပေးခဲ့ရပါတယ်။ ဆန်းဒါးလန်းဟာ ၅ ပွဲမြောက် ရှုံးပွဲမရှိတဲ့ မှတ်တမ်းရခဲ့ပေမယ့် နယူးကာဆယ်ကတော့ နောက်ဆုံး ၆ ပွဲမှာ ၄ ပွဲအထိ ရှုံးနိမ့်ခဲ့ခြင်းပါ။
    အဲဗာတန်အသင်းဟာလည်း အိမ်ကွင်းမှာ အက်စတွန်ဗီလာကို ၁ ဂိုးအရှုံးနဲ့ နောက်ကလိုက်ကစားခဲ့ရပေမယ့် နောက်ကျဂိုး ၂ ဂိုးပြန်သွင်းနိုင်ခဲ့တာကြောင့် အဖိုးတန် ၃ မှတ်ရရှိခဲ့ပြီး၊ တန်းဆင်းဇုံထဲက ကာဒစ်ဖ်အသင်းကလည်း နော်ဝစ်ခ်ျကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့ပါတယ်။
    ဟားလ်စီးတီးနဲ့ အဝေးကွင်းမှာ ကစားခဲ့ရတဲ့ တင်ရှားဝုဒ်ရဲ့ စပါးက ၁ ဂိုးစီသရေနဲ့ တစ်မှတ်ရခဲ့ပြီး၊ ဆောင်းရာသီအပြောင်းအရွှေ့မှာ လူအင်အား များစွာ ဖြည့်တင်းမှုပြုလုပ်ထားတဲ့ ဖူလ်ဟမ်အသင်းက အိမ်ကွင်းမှာ ဆောက်သက်တမ်ကို ၃ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ ၀က်စ်ဟမ်းအသင်းကတော့ ကီဗင်နိုလန်ရဲ့ ပထမပိုင်း သွင်းဂိုးတွေနဲ့ ဆွမ်ဆီးကို အနိုင်ရခဲ့ပါတယ်။
    ပရီးမီးယားလိဂ် စနေနေ့ညရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    နယူးကာဆယ် ၀-၃ ဆန်းဒါးလန်း
    ကာဒစ်ဖ် ၂-၁ နော်ဝစ်ခ်ျ
    အဲဗာတန် ၂-၁ အက်စတွန်ဗီလာ
    ဖူလ်ဟမ် ၀-၃ ဆောက်သက်တမ်
    ဟားလ်စီးတီး ၁-၁ စပါး
    စတုတ်စီးတီး ၂-၁ မန်ယူ
  • ကောက်ကျစ်မှုနှင့် ပြစ်ဒဏ်ရှောင် မူဟန်ပုံစံများ
    ဖေဖော်ဝါရီ ၁ ၊ ၂၀၁၄
    M-Media
    ရိုဟင်ဂျာမွတ်စ်လင်မ်များအပေါ် ထပ်မံနှိပ်စက်မှုများ မကျူးလွန်မီ ကုလသမဂ္ဂကြီးကြပ်သော စုံစမ်းစစ်ဆေးရေးတစ်ရပ် လိုအပ်နေပါပြီ။
    2014124153359927734_20
    အကြမ်းဖက်တိုက်ခိုက်မှုများကို ခံစားနေရဆဲ မြန်မာနိုင်ငံမှ လူနည်းစုဝင် ရိုဟင်ဂျာမွတ်စ်လင်မ်များ (ရိုက်တာသတင်းဓာတ်ပုံ)
    များမကြာသေးမီက မြန်မာနိုင်ငံရှိ အဖိနှိပ်ခံ လူနည်းစုဝင် ရိုဟင်ဂျာတို့အပေါ် ဆိုးဆိုးဝါးဝါးတိုက်ခိုက်မှု တစ်ရပ်ဖြစ်ခဲ့ကြောင်း နောက်ထပ် သတင်းတစ်ရပ် ထွက်လာခဲ့သည်။ ဤတစ်ကြိမ်မှာ ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး ရခိုင်ပြည်နယ်မှ ဒုချီရာတန်းကျေးရွာတွင် ဖြစ်ပွားခဲ့၏။ ၎င်းမှာ အဓိကအားဖြင့် ရိုဟင်ဂျာ အများစုနှင့် တစ်ကွ ပြည်တွင်းနေ မွတ်စ်လင်မ်များ အပေါ် ဗုဒ္ဓဘာသာဝင်အုပ်စုများ၏ ၁၈ လအတွင်း ကျူးလွန်လာခဲ့သော အကြမ်းဖက်ဖြစ်စဉ်များ အနက် နောက်ဆုံးဖြစ်ပါသည်။
    ထိုသတင်းနှင့်အတူ ကြမ်းကြုတ်ရက်စက်စွာ ထိုးခုတ် လှီးဖြတ်ပုံထွက်ပေါ်လာပြီး မရှေးမနှောင်းမှာပင် ကျွန်ုပ်သည် ယုံကြည်ကိုးစားလောက်သည့် NGO များနှင့်ညှိနှိုင်းတိုင်ပင်၍ မျက်မြင် သက်သေအချို့နှင့် အင်တာဗျူး ပြုလုပ်ခဲ့ပါသည်။ ဒေသခံရခိုင်လူမျိုး အာဏာပိုင် အားကိုးဖြင့် ဆက်တိုက် ကျူးလွန်မှုမျိုး အတိုင်း ရိုဟင်ဂျာ အမျိုးသမီး ၈ ဦးကို အဓမ္မခေါ်ဆောင်သတ်ဖြတ်လိုက်ခြင်း၏နောက်တွင် ရွာသားများမှ ရဲဝန်ထမ်းတစ်ဦးအား လက်စားချေ သတ်ဖြတ်လိုက်ကြသည်ဟု ဆိုသည်။
    မုဒိန်းမှု၊ လူသတ်မှု၊ ရုပ်ပျက် ဆင်းပျက် အလောင်းဖျက်မှုများရှိကြောင်း ရိုဟင်ဂျာမီဒီယာမှ သတင်းဖော်ပြချက်များကို အလွတ်တန်းစောင့်ကြည့်သူ အသီးသီးမှ လက်ခံခြင်းသော် လည်းကောင်း၊ ငြင်းပယ်ခြင်းနှင့် စာရင်းမသွင်းခြင်းသော် လည်းကောင်း ရှိနေကြ၏။ သို့တစေ လူတို့အား ကြိုးများဖြင့် ချည်နှောင်၍ နှိပ်စက် ညှင်းပန်းခံရသည့် အကြောင်း ကျွန်ုပ်ကို အတည်ပြုပေးနိုင်သည့် အခိုင်အမာ သတင်းအရင်းအမြစ်လည်း ရှိနေပြန်ပါသည်။
    ဤစာရေးသားနေစဉ်မှာတော့ ၎င်းရွာထဲမှ ဖြစ်စဉ် အတိအကျကို ရှင်းလင်းစွာ မသိရသေးချေ။ သို့သော် များမကြာမီ ပြည့်စုံသော အချက်အလက်များ ပေါ်ထွက်လာ လိမ့်မည်ဟု မျှော်လင့်ရပေသည်။ မရေရာမှုများရှိနေလင့် ကစား သေချာစွာ ရရှိလိုက်သည့် အချက်တစ်ချက်မှာ ကျွန်ုပ်နှင့်တွေ့ဆုံပြောကြား သူများသည် ၎င်းတို့မျက်မှောက်မှာပင် ဒုချီရာတန်း တိုက်ခိုက်မှုအတွင်း လုံထိန်းနှင့် စစ်သားများ ဗြောင်ကျကျ ပါဝင်ခဲ့ကြောင်း ဖော်ထုတ်မှုဖြစ်ပါသည်။
    လူ့အခွင့်အရေးကို အသိအမှတ်ပြုထားသူများမည်သူမဆို ဤအဆိုအပေါ် အလေးထားအပ်ပေသည်။ ဤအချက်က ရည်ရွယ်ချက်ရှိရှိ ရက်စက် သတ်ဖြတ်မှု အတွင်း နိုင်ငံ့လုံခြုံရေး အင်အားစုများ ပါဝင်နေခြင်းဖြစ်စဉ်အား ဖျောက်ဖျက်သော နောက်ထပ် ဥပမာတစ်ရပ်ကို တင်ပြနိုင်စေမည်ဖြစ်သည်။
    မရပ်တန့်သည့် အကြမ်းဖက်မှု
    ——————————
    ၂၀၁၂ ဇွန် နှင့် အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သော လူမျိုးရေးအကြမ်းဖက်မှုနှစ်ရပ်က လူပေါင်းရာ ဂဏန်းကို သေဆုံးစေခဲ့သည်၊ အခင်းဖြစ်နေရာများမှာ မီးလောင်ပြင်ဖြစ်၍ လူပေါင်း တစ်သိန်းလေးသောင်းကျော်အား အိုးမဲ့အိမ်မဲ့ ဖြစ်သွားစေခဲ့သည်။ အဓိက ဓားစာခံများမှာ ရိုဟင်ဂျာများ ဖြစ်ကြသည်။ လူ့အခွင့်အရေးစောင့်ကြည့်မှု အဖွဲ့အဆိုအရ မျိုးသုဉ်းရှင်းလင်းခြင်း၏အစိတ်အပိုင်း တစ်ရပ်ဖြစ်သော လူသားချင်း စာနာထောက်ထားမှုမဲ့ ဒုစရိုက်မှုများ အမှန်ရှိနေကြောင်း၊ ညှင်းဆဲစော်ကားမှုများ အတွက် အဓိကတာဝန်ရှိသည့် စီမံ ဦးဆောင်သူများမှာ ဒေသခံနိုင်ငံရေးနှင့် ဘာသာရေး အဖွဲ့အစည်းများ ဖြစ်ကြကြောင်း၊ အချို့သော အဆိုးရွားဆုံး ရက်စက်မှုများ၌ လုံခြုံရေးတပ်သားတို့မှ မဖွယ်မရာ ပါဝင် ကျူးလွန်ခဲ့သည်ကိုလည်း တွေ့ရကြောင်း သိရပါသည်။
    ၂၀၁၃ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့၌ ရွှေဆိုင်အငြင်းပွားမှုမှစတင်ကာ ဆူပူသောင်းကျန်းမှု တစ်ရပ်ဖြစ်ပွားခဲ့သည်။ ၎င်းက လူမျိုးရေးအကြမ်းဖက်မှုသို့ ဦးတည်သွားပြီး လူရမ်းကားအုပ်စုတို့မှ မွတ်စ်လင်မ်တို့အား တိုက်ခိုက်ခဲ့ကြသည်။ ဗလီဝတ်ကျောင်းများ၊ ဈေးဆိုင်များ၊ မွတ်စ်လင်မ်ရပ်ဝန်းများ မီးလောင်တိုက် သွင်းခံခဲ့ရသည်။ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းတစ်ခုမှ ကျောင်းသားများ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသည်။ မွတ်စ်လင်မ်များမှာ မျက်စေ့ရှေ့မှောက်၌ ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်ခံနေရပါသော်လည်း ရဲများက မည်သည့် ၀င်ရောက်တားမြစ်မှု မရှိခဲ့။ ၎င်းနောက်ရှေ့ဆက်၍ အခြားဒေသများတွင် မွတ်စ်လင်မ်တို့၏ အိုးအိမ်စည်းစိမ်များ မီးရှို့ဖျက်ဆီးခံရသည်။ လူနည်းစုဘာသာဝင်များမှာ ဗမာအာဏာပိုင်များရှေ့မှောက်၌မှာပင် ပြောင်ပြောင်တင်းတင်း စော်ကားခံကြရသည်။ မကောင်းမှုဒုစရိုက်များ၌ ပါဝင်နေသည့် အထောက်အထားရှိနေသော်လည်း အစိုးရသည် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးတစ်ယောက်ကိုမျှ အရေးယူခြင်း မရှိသေးချေ။
    ဒုချီရာတန်းဖြစ်စဉ်တွင်လည်း အလားတူ ပုံဟန်မျိုးဖြင့် ရှေ့ဆက်ခဲ့ကြောင်း တွေ့ရသည်။ ဤအဆင့်တွင်တော့ တိုက်ဆိုင်မှုအဖြစ် အလွယ်တကူ ထမင်းရည်လျှာပူလွှဲလိုက်၍ မရတော့ပါ။ အကြမ်းဖက်ဖြစ်စဉ် မပေါ်ပေါက်မီလေးတင် မောင်းတောမြို့အနီးတစ်ဝိုက်သို့ မွတ်စ်လင်မ်ဆန့်ကျင်ရေးအစွန်းရောက် ၉၆၉ ဂိုဏ်းမှ ဘုန်းတော်ကြီးများ ရောက်ရှိလာပြီး လူမျိုးရေးအမုန်းတရားများကို လှုံ့ဆော်ခဲ့ကြသည်။ ၎င်းတို့က ရိုဟင်ဂျာမှန်သမျှ အမြစ်လှန်ရှင်းလင်းလိုက်ရန် အသံချဲ့စက်များဖြင့် ပြောဆိုတွန်းအားပေးခဲ့ကြောင်း Associated Press – အေပီသတင်းဌာနမှ ဖော်ပြခဲ့သည်။
    ၉၆၉ ဂိုဏ်းသားတို့ရောက်ရှိခဲ့ကြသည့် နိုင်ငံတစ်ဝှမ်း မြို့ရွာများတွင် မွတ်စ်လင်မ်ဆန့်ကျင်ရေးတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်မှာ မှတ်တမ်းတင်အထောက်အထားများက ဆိုနေပါသည်။ ဖြစ်တည်နေသောတင်းမာမှုများအား အရှိန်မြှင့်တင်နေခြင်းဖြစ်သည်ကို သံသယ၀င်စရာပင် မလိုတော့ချေ။ လားရှိုး၊ သံတွဲ နှင့် မိတ္ထီလာဖြစ်စဉ်များတွင် အကြမ်းဖက်မှုမပွင့်အံမီ ဤကဲ့သို့ပင် အတိအကျ ဖြစ်ခဲ့သည်။ မွတ်စ်လင်မ်တို့သည် ဆော်ဒီ၏လက်အောက်ခံဖြစ်ကာ မြို့ရွာများကို ဒုက္ခပေးကြလိမ့်မည် ဟူသော စွပ်စွဲချက်ပါ လက်ကမ်းစာစောင်များကို ဗုဒ္ဓဘာသာဝင်အကြီးအကဲတို့အကြား ဖြန့်ချိခဲ့ကြသည်။
    ၂၀၁၂ ခုနှစ် အောက်တိုဘာလ ရခိုင်ပြည်နယ်အကြမ်းဖက်မှုမတိုင်မီကလည်း ဗုဒ္ဓဘာသာဝင်အုပ်စုများမှ မွတ်စ်လင်မ်တို့အား မျိုးဖြုတ်ရှင်းလင်းရေးအတွက် ပြောင်ပြောင်တင်းတင်း လှုံ့ဆော်ခဲ့ကြပေသည်။
    ကောက်ကျစ်၍ (အခြားဘာသာတရားများကို)လက်မခံနိုင်သော အစိုးရ
    ——————————————————————–
    အာဏာပိုင်အစိုးရသည် နိုင်ငံတကာပြစ်တင်ဝေဖန်မှုကိုမျက်ကွယ်ပြုကာ ကြမ်းကြုတ်ရက်စက်မှုများနှင့် ချိတ်ဆက်နေကြသော လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးတို့အား အခိုင်အမာ အကာအကွယ်ပေးထားကြသည့်အပြင် ၎င်းတို့၏ရှေ့ဆက်သောင်းကျန်းမှုများအား ကောက်ကျစ်စွာ ခွင့်ပြုလျက်ရှိနေ၏။ ဘာသာရေးဆိုင်ရာ အမုန်းတရားဖော်ဆောင်မှုကို ခွင့်မပြုသည့်ဥပဒေရှိနေပါသော်လည်း  အာဏာပိုင်အစိုးရသည် ၉၆၉ ဂိုဏ်း၏ သောင်းကျန်းချက်များကို လိုအပ်ချက်နှင့်အညီ ထိန်းသိမ်းရပ်ဆိုင်းစေခြင်း အလျဉ်းမပြုယုံသာမက၊ မွတ်စ်လင်မ်ဆန့်ကျင်ရေးမှိုင်းတိုက်အုပ်စု၏ဘာသာရေးခေါင်းဆောင် အရှင် ၀ီရသူမှ တစ်စထက်တစ်စ ထိုးဆွနေခြင်းကိုပင်လျှင် ခွင့်ပြုထားပါသည်။ ထိန်းသိမ်းရပ်ဆိုင်းစေခြင်းပြုလုပ်ရမည့်အစား သမ္မတဖြစ်သူကိုယ်တိုင်ကပင် ၎င်းမီဒီယာစတား ဘုန်းတော်ကြီးကို လူသိရှင်ကြား အားပေးထောက်ခံထား၏။
    ဒုချီရာတန်းဖြစ်စဉ်သတင်းပွင့်အံလာရာဝယ် ယခင်လက်စွဲပုံဟန်အတိုင်း စုပြုံသတ်ဖြတ်မှု လုံးဝမရှိကြောင်း နေပြည်တော်မှ တင်းမာလှစွာဖြင့် အကြောက်အကန်ငြင်းဆိုချက် ထုတ်ပြန်ခဲ့သည်။ သမ္မတဦးသိန်းစိန်၏ပြောခွင့်ရပုဂ္ဂိုလ် မှူးဇော်က မွတ်စ်လင်မ်များစွာ အနိုင်ကျင့်သတ်ဖြတ်ခံရသည် ဟူသော အေပီ၏သတင်းကို ပြင်းပြင်းထန်ထန် ပယ်ချခဲ့ပြီး ပဋိပက္ခမီးမွှေးနေသည့် သတင်းမှားဖြစ်သည်ဟုပင် ကြေငြာမောင်းခတ်ခဲ့ပေသည်။
    ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က “သတ်ဖြတ်ခြင်းနှင့်ပတ်သက်သော မည်သည့်သတင်းအချက်အလက်ကိုမျှ ကျွန်ုပ်တို့ မရရှိခဲ့ပါ” ဟု သတင်းဌာနများသို့ ပြောဆိုခဲ့သည်။ ၎င်းနောက်တွင် ယင်းအကြမ်းဖက်သတင်းများမှာ “ ရဲအရာရှိတစ်ဦးအား သတ်ဖြတ်လိုက်သည့်သတင်းကို ဖုံးလို၍ ရိုဟင်ဂျာများက လုပ်ကြံကြိုးပမ်းချက်ဖြစ်မည် ” ဟု ပြောကြားပြန်ပါသည်။
    ထိုစကားများကို ဖတ်ရှုခြင်းဖြင့် ထိုသို့လျှပ်တစ်ပြက်တုန့်ပြန်ချက်များမှာ ယင်းကောက်ကျစ်ယုတ်မာမှုအတွင်း အာဏာပိုင်အစိုးရပိုင်းကပူးပေါင်းပါဝင်နေသည်ဟူသော သံသယအား ချေဖျက်ရန် မလွယ်ကူတော့ကြောင်း ၎င်းတို့မှ ခံစားနေသိရှိနေခြင်းကို မြင်သာသွားစေပါသည်။
    ယင်းသို့ပြင်းထန်စွာထုတ်ဖော်ပြောကြားခြင်းမှာ ယခင်အစိုးရဟောင်း၏ထုတ်ပြန်ကြေငြာချက်များနည်းတူ ရိုဟင်ဂျာဆန့်ကျင်ရေးအပေါ် အားပေးအားမြှောက်ပြုချက်များကို အထင်းသားပေါ်လွင်နေပေသည်။ ဇွန်လက ပထမဆုံး ရိုဟင်ဂျာဆန့်ကျင်ရေးအကြမ်းဖက်မှုဖြစ်ပွားစဉ်ကာလအတွင်း “ ရိုဟင်ဂျာအကြမ်းဖက်သမားတို့သည် နယ်စပ်ကို ဖြတ်ကျော်ပြီး ရခိုင်ပြည်နယ်ထဲသို့ ၀င်ရောက်လာပြီ၊ ကျွန်ုပ်တို့မှ ဆုံးခန်းတိုင်သည်အထိ အမြစ်လှန်ချေမှုန်းသွားမည်။ တရားမျှတမှု ဆိုသည့် စကားကို အလျဉ်းမကြားချင်၊ ဆုံးမသွန်သင်မည့် မည်သည့်သူတော်ကောင်းကိုမျှ အလိုမရှိ ” ဟူ၍ အဓိပ္ပာယ်ထွက်စကားများကို မှူးဇော်က သူ၏ဖေ့စ်ဘွတ်စာမျက်နှာပေါ် ရေးတင်ထုတ်ပြန်ခဲ့သည်။ သူ့ပရိသတ်၏မှတ်ချက်များက သူ့အား အမျက်ထွက်စေသည်ဖြစ်၍ ၄င်းတို့အား နောင်တွင် သူကိုယ်တိုင်မှ ဖယ်ရှားခဲ့လေသည်။
    ယခုနောက်ဆုံးဖြစ်ရပ်အပေါ် “ရိုဟင်ဂျာတို့၏ကြံစည်မှု” ဟူသော ရဲထွဋ်၏ တွန်းအားပေးစကားက နိုင်ငံပိုင်သတင်းစာ မြန်မာ့အလင်းတွင် “  ရခိုင်ပြည်နယ်၌်ဖြစ်ပွားသည့် အကြမ်းဖက်မှုသတင်းမှာ အေပီ နှင့် ဧရာဝတီသတင်းဌာနတို့မှ လုပ်ကြံတင်ပြချက်ဖြစ်ကြောင်း ” ခေါင်းစဉ်တပ်၍ သတင်းအဖြစ် ရုပ်လုံးပေါ်လာခဲ့ပါသည်။
    ယင်းမှတ်တမ်းအပေါင်းက ထိုသို့သောအမူအကျင့်သည် – နိုင်ငံတွင်း ဘာသာရေးအကြမ်းဖက်မှုများနှင့် ပါဝင်ပတ်သက်မှု မရှိကြောင်း၊ မိမိတို့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုသာ ကြားနေ၍ ဖော်ဆောင်နေကြောင်း ဟူသော နေပြည်တော်၏အဆိုနှင့်ဆန့်ကျင်နေခြင်းက ထင်ရှားပေါ်လွင်လာပါသည်။
    တာဝန်ယူရှင်းလင်းရန် လိုပေပြီ
    ———————————
    အထက်ပါဖြစ်စဉ်လမ်းကြောင်းများကို အနုစိတ်သုံးသပ်ကြည့်သည့်အခါ လွန်ခဲ့သော တစ်နှစ်ခွဲကျော်ကာလတစ်လျှောက် ထင်ရှားများပြားလှသော မွတ်စ်လင်ဆန့်ကျင်ရေးစော်ကားချက်များမှာ လူအချို့မှ ကြိုးကိုင်ထားသော မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအစိုးရ၏ အတွင်းလှိုက်ထုတ်ကုန်တစ်ရပ် ဖြစ်ကောင်းဖြစ်ပေမည်။ အကြောင်းမှာ အာဏာပိုင်အစိုးရသည် မိမိတို့မှ ထိန်းချုပ်ရပ်တန့်စေလိုသည်ဟုဆိုထားသော ပြစ်မှုဆက်လက်ကျူးလွန်မှုများကို ထင်ထင်ရှားရှားအရေးမစိုက်ခြင်း သို့တည်းမဟုတ် သွယ်ဝိုက်အားဖြင့် အလိုတူအလိုပါဖြစ်နေခြင်းအား ထိုအချက်များက ညွှန်ပြနေသောကြောင့်ဖြစ်သည်။
    ရိုဟင်ဂျာလူမျိုးပပျောက်ရေး ရှေ့ဆက်နေခြင်းနှင့်ပတ်သက်၍လည်း အလားတူပင်တွေ့ရ၏။ ရိုဟင်ဂျာတို့မှာ အပြင်းထန်ဆုံး မျိုးဖြုတ်သုတ်သင်မှုအန္တရာယ်ကို ရင်ဆိုင်နေရကြောင်း၊ ၎င်းမှာ နိုင်ငံတော်မူဝါဒအရ သာမန် အပရိက အစိတ်အပိုင်းတစ်ခု မဟုတ်ကြောင်း ကျွမ်းကျင်သူများမှ ညီညွတ်စွာသုံးသပ်ထားကြပါသည်။ ဤသည်မှာ လူနည်းစုဝင်တို့အား ကာလရှည်တစ်လျှောက်လုံး အလေးမထားမှုကို မဖုံးနိုင်မဖိနိုင်အောင် သိမြင်နားလည်သွားစေလေသည်။
    နေပြည်တော်ကော်မရှင်၏အမြင်များအပေါ် စိတ်ချယုံကြည်နိုင်ရန် ခက်ခဲလွန်းရကား ဤပြဿနာများအတွက် လိုအပ်ချက်ကို အရိုးစင်းဆုံးဆိုရပါလျှင် –  ကုလသမဂ္ဂ၏အာဏာကုန်လွှဲအပ်ခံရသည့် အပြည့်အ၀စုံစမ်းစစ်ဆေးရေးအဖွဲ့အား အရေးပေါ်စေလွှတ်ရန် အချိန်တန်နေလေပြီ။
    အချုပ်အားဖြင့် ကျွန်ုပ်၏အမြင်အရ မေးခွန်းတစ်ခုကိုသာ အပြတ်သားဆုံးမေးမြန်းလိုပါသည်။
    “ မြန်မာနိုင်ငံ၏ နိုင်ငံတကာအသိုင်းအ၀ိုင်းမိတ်ဆွေသစ်များသည် မတွေးရက်စရာ ဆိုးသွမ်းရက်စက်သည့် ဒုစရိုက်ဖြစ်အင်များ ပိုမိုမဖြစ်ပွားလာမီ အလျဉ်မီ ဖိအားပေးရဲသောသတ္တိ ရှိကြပါမည်လော ? ”။
    xxxxxxxxxxxxxxxxxxxxxxxxxxxx
    အလ်ဂျဇီးရား တွင် ဖော်ပြသော ဆောင်းပါးရှင် – Emanuel Stoakes ၏  Patterns of impunity and deceit in Myanmar  ဆောင်းပါးကို  မြင့်မိုရ်မောင်မောင် ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
    **  ဆောင်းပါးရှင် Emanuel Stoakes သည် အလွတ်တန်း ဂျာနယ်လစ် တစ်ဦးဖြစ်သည့် အပြင်၊ လူ့အခွင့်အရေးနှင့် ပဋိပက္ခများဆိုင်ရာ အဓိက သုတေသီတစ်ဦးလည်း ဖြစ်သည်။ သူ၏ လက်ရာများကို အများအားဖြင့် Al Jazeera ၊ The Guardian ၊ The Daily Telegraph ၊ The Independent ၊ The New Statesman နှင့် Souciant Magazine တို့တွင် တွေ့ကြရပါမည်။ ဤဆောင်းပါးမှာ အလ်ဂျဇီးရား၏အယ်ဒီတာအာဘော် မဟုတ်ပါ၊ စာရေးသူ၏ကိုယ်ပိုင်အမြင်များသာဖြစ်သည်။ သူ့အား Twitter: @EmanuelStoakes မှ ဆက်သွယ်နိုင်ပါသည်  **
    ——————————————————
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများ၊ ဘာသာပြန် များကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    M-Media ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြခြင်းများ လုံးဝ ခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]