News @ M-Media

ပြည်တွင်းစစ် နလံထ လစ်ဗျားမှ နာမည်ကြီး ဂါနာအားအနိုင်ယူကာ အာဖရိကနိုင်ငံများ ဖလားသိမ်းပိုက်

ဖေဖော်ရီ ၃၊ ၂၀၁၄
M-Media

2014222140275734_20
– တောင်အာဖရိကနိုင်ငံ  ကိတ်ပ်တောင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဖရိကနိုင်ငံများလား ဘောလုံးပြိုင်ပွဲတွင် လစ်ဗျားအသင်းက အနိုင်ရ ဗိုလ်စွဲခဲ့သည်ဟု သိရသည်။

ဗိုလ်လုပွဲကို ယမန်နေ့က ကစားခဲ့ပြီး ပြိုင်ပွဲတွင် ဗိုလ်စွဲရန်ရေပန်းစားနေသော အာဖရိက ဘောလုံးအင်အားကြီး ဂါနာအား အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ပုံမှန်ပွဲကစားချိန် အပါအ၀င် အချိန်ပိုအထိ ဂိုးမရှိ သရေကျနေသောကြောင့် ပင်နယ်တီအဆုံးဖြတ်ခံယူခဲ့ရာ လစ်ဗျားက ၄ ဂိုး ၃ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။

ထိုဆုဖလားမှာ လစ်ဗျားနိုင်ငံသမိုင်း တစ်လျှောက် ပထမဆုံး နိုင်ငံတကာဆုဖလားဖြစ်ပြီး၊ ၁၉၈၂ ခုနှစ် လစ်ဗျားမြေတွင် ကျင်းပခဲ့သည့် ထိုပြိုင်ပွဲဗိုလ်ပွဲတွင် ပင်နယ်တီဖြင့် ရှုံးနိမ့်ခဲ့သော ဂါနာအား ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ထိုကဲ့သို့ ဗိုလ်စွဲခဲ့ပြီးနောက် လစ်ဗျားနိုင်ငံ မြို့တော်ထရီပိုလီအပါအ၀င် အခြားသော မြို့များရှိ လစ်ဗျားပြည်သူများမှာ လမ်းပေါ်သို့ထွက်၍ အောင်ပွဲခံခဲ့ကြပြီး၊ ကိတ်ပ်တောင်းရှိ ဟိုတယ်သို့ ပြန်လာသော လစ်ဗျား အသင်းကိုလည်း ရာချီသော ပရိတ်သတ်များက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
Ref:aljazeera

Comments

Leave a Reply