News @ M-Media

Blog

  • “ကျောင်းတွေမှာ စာမေးပွဲအောင်ဖို့ပဲ လုပ်နေကြတာ အားကစားကို လှည့်ကို မကြည့်ကြဘူး” ဟု လွှတ်တော်အမတ် ဦးခိုင်မောင်ရည် ပြော

    ဖေဖော်ဝါရီ ၁၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး

    DSC01196

    ရန်ကုန်။ ။ မြန်မာနိုင်ငံတွင် အားကစားလောကကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ပြည်သူ့ လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ အဖွဲ့ဝင် ဦးခိုင်မောင်ရည် က ပြောကြားခဲ့ပါသည်။

    “ယခုခေတ်ကြီးထဲမှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းတွေက စာတွေကိုပဲ ဖိသင်နေတယ်။ ၁၀ တန်းဆိုရင် အဆိုးဆုံးပဲ ကျောင်းသား စာမေးပွဲအောင်ဖို့ပဲ လုပ်နေကြတာ အားကစားကို လှည့်ကိုမကြည့်ကြဘူး။ အားကစားမလုပ်တော့ ကျန်းမာရေး ထိခိုက်တာပေါ့။ ကျောင်းတွေမှာ အားကစားကို ပညာရေးနှင့် ပူးတွဲပေးထားသင့်ပါတယ်။ အခုရေပန်းစားနေတဲ့ FC Club တွေက မြန်မာလို့ပြောပြီး ကပ္ပလီ တွေပါနေတယ်။ အဲဒါမဖြစ်သင့်ပါဘူး။ မူလတန်းကတည်းကနေ လေ့ကျင့်ပေးပြီး ချန်ပီယံလေးတွေ ဖြစ်အောင် ပြုစုပျိုးထောင်ပေးသင့်ပါတယ်။ အခု ၂၈-ကြိမ်မြောက် SEA GAME လူရွေးပွဲလုပ်တော့မယ်။ ကျွန်တော်ပြောချင်တာက လူရွေးတဲ့အခါမှာ တကယ်တော်တဲ့ လူတွေကိုပဲ အားကစားဌာနကနေ ရွေးပေးဖို့ပဲ လိုအပ်ပါတယ်” ဟု ဦးခိုင်မောင်ရည် ကပြောကြားခဲ့ပါသည်။

    ဆက်လက်ပြီး အားကစားကွင်းတွေကို ဆောက်လုပ်ရန် လိုအပ်နေကြောင်း၊ ပျက်ဆီးနေတဲ့ အားကစားရုံတွေကို ပြင်ဆင်ပေးရန်လိုအပ်ကြောင်း၊ အားကစားကွင်းတွေ ဆောက်လုပ်ပြီး နိုင်ငံတကာကို ဖိတ်ခေါ်၍ ယှဉ်ပြိုင်ကစားသင့်ကြောင်း၊ ပညာသင်ကျောင်းတွေကနေ ထူးချွန်တဲ့ ကစားသမားတွေကို မွေးထုတ်ပေးသင့်ကြောင်း၊ ပညာရေးနှင့် ကျန်းမာရေးကိုပေါင်းပြီး ကလေးတွေကို လေ့ကျင့်ပေးစေလိုကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

    မြန်မာနိုင်ငံမှ ထူးချွန်သော အားကစားသမားကောင်းများ မွေးထုတ်ပေးရေး၊ အားကစားအဆောက်အအုံများတည်ဆောက်ပေးရေး တို့ကို ပြုလုပ်ပေးရန် အထူးလိုအပ်နေကြောင်း ၎င်းအနေနှင့် အကြံပြု ပြောကြားခဲ့ပါသည်။

  • ယူကေရှိ နျူစက်ရုံတစ်ခု ဓာတ်ရောက်ခြည် ထုတ်လွှတ်မှုမြင့်မား၊ ၀န်ထမ်းအချို့အား စက်ရုံသို့ မလာရန် ညွှန်ကြားထား

    ဖေဖော်ဝါရီ ၁ ၊ ၂၀၁၄
    M-Media
    201413185211732734_20
    နျူးကလီးယား စွန့်ပစ်ပစ္စည်းများ သိုလှောင်ထားသည့် ယူကေရှိ နျူစက်ရုံတစ်ခုတွင် ဓာတ်ရောက်ခြည် ထုတ်လုပ်မှုမှာ ပုံမှန်ထက် မြင့်တက် လာကြောင့် တွေ့ရှိ ရ၍ အရေးကြီးသော ၀န်ထမ်းများမှ အပ အခြားသောဝန်ထမ်းများအား စက်ရုံသို့မလာရန် ကြေညာထားသည်ဟုသိရသည်။

    အင်္ဂလန်တွင်ရှိသည့် Sellafield နျူးကလီးယား စွန့်ပစ် ပစ္စည်းများပြန်လည် သန့်စင်ရေးစက်ရုံမှ ယမန်နေ့ကထုတ်ပြန်သာ ကြေညာချက်တွင် စက်ရုံ၏ ဓာတ်ရောက်ခြည်ထုတ်လွှတ်မှုမှာ သာမန်ထက် ပိုမိုမြင့်များနေသော်လည်း ၀န်ထမ်းများက လိုအပ်သည်များကို လုပ်ဆောင်ခြင်း၊ သို့မဟုတ် စက်ရုံအား ပိတ်ပစ်ရလောက်အောင်အထိ ဆိုးရွားခြင်းမရှိဟု ဖော်ပြထားသည်။

    “တာဝန်ရှိသူများက လေ့လာ ဆန်းစစ် ဆုံးဖြတ်ချပြီးနောက် Sellafield စက်ရုံဟာ ပုံမှန်လည်ပတ်နေပါတယ်။ ဒါပေမယ့် လုပ်ငန်းလုပ်ဆောင်မှု ကိုတော့ လျှော့ချထားပါတယ်။ စက်ရုံးက ပုံမှန်အခြေနေတွင်ရှိနေပြီး၊ စက် ကိရိယာတွေကိုလည်း စစ်ဆေးမှုတွေလုပ်နေပါတယ်။ စက်ကိရိယာတွေဟာ ဖောက်ပြန်တာမျိုးတွေမရှိဘဲ၊ အားလုံးကောင်းနေပါတယ်” ဟု ထိုကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    ယူကေ၏ နျူးကလီးယား ပိတ်သိမ်းရေး အေဂျင်စီကမူ စက်ရုံအတွင်းမှ ယိုစိမ့်မှုကြောင့် ထိုကဲ့သို့ ဓာတ်ရောက် ထုတ်လွှတ်မှုမြင့် တက်ခြင်း ဖြစ်ရသည်ကို ပြောရန် စောလွန်းနေသေးကြောင်း၊ ပြည်သူလူထုနှင့် ထိုစက်ရုံရှိ လုပ်သားများမှာ အန္တရာယ်ရှိသော အနေအထားတွင် မရှိကြောင်းပြောကြားခဲ့သည်။ သို့သော်လည်း ဗြိတိန်စွမ်းအင် ၀န်ကြီးဌာနကမူ ထိုစက်ရုံ၏ အခြေအနေမှာ သတင်းထုတ်ပြန်သည်ထက် ပိုမိုဆိုးရွားသည်ဟု ပြောကြားခဲ့သည်။

    Sellafield စက်ရုံမှာ ယူကေရှိ အကြီးဆုံးနှင့် အန္တရာယ်အရှိဆုံး နျူးကလီးယား စက်ရုံတစ်ခုဖြစ်ပြီး၊ ထိုစက်ရုံတွင် သိုလှောင်ထားသည့် ရေဒီယို သတ္တိကြွ နျူးကလီးယား စွန့်ပစ်ပစ္စည်းများမှာ တန်ပေါင်းမြောက်များစွာရှိနေသည်။

    ယခင်က ထိုစက်ရုံမှ လျှပ်စစ်ဓာတ်အား ထုတ်ပေးခဲ့သော်လည်း ယခုအချိန်တွင် ပိတ်သိမ်းရန်လုပ်ဆောင်နေကာ ကန်ဒေါ်လာ ၁၁၁ ဘီလီယံကုန်ကျနေပြီး ယခုထက်ပို၍ ကုန်ကျရန်ရှိနေသည်ဟု ပြည်သူ့စာရင်းအင်းကော်မတီက ယမန်နှစ်တွင် ပြောကြားခဲ့သည်။
    Ref: aljazeera

  • တရုတ်နှစ်သစ်ကူး အခမ်းအနား ကမ္ဘာတစ်ဝှမ်း ကျင်းပ

    ဖေဖော်ဝါရီ ၁ ၊ ၂၀၁၄
    M-Media
    666x405
    – ယခုအချိန်အခါမှာ တရုတ်လူမျိုးတို့၏ နှစ်သစ်အခါသမယဖြစ်သည့်အတွက် ကမ္ဘာ့တစ်ဝှမ်းရှိ တရုတ်လူမျိုးများမှာ နှစ်သစ်အား မီးရှူးမီးပန်းများ ပစ်ဖေါက်ခြင်း ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ခြင်းတို့ဖြင့် ကြိုဆိုနေကြပါတယ်။

    နှစ်သစ်မှာ ဇန်န၀ါရီ ၃၀ ရက် ကြာသာပတေးနေ့တွင် စတင်ခဲ့ပြီး၊ နှစ်သစ်တွင် ကံကောင်းစေရန်အတွက် ဘုရားကျောင်းများသို့ သွားရောက်ကာ ဆုတောင်းခြင်းများလည်း ပါဝင်ခဲ့ပါတယ်။

    တရုတ်လူမျိုးတို့၏ လပြက္ခဒိန်တွင် ယခုနှစ်မှာ မြင်းနှစ်ဖြစ်ပြီး အောင်မြင်မှုများကို ယူဆောင်လာပေးသည့် နှစ် တစ်နှစ်အဖြစ် တရုတ်လူမျိုးများက မှတ်ယူကြကာ နှစ်သစ်ကူး အခါသမယမှာ ၁၅ ရက်ကြာမြင့်မှာပါ။ တရုတ်လူမျိုးတို့ရဲ့ လပြက္ခဒိန်ကတော့ ကမ္ဘာ့ပေါ်မှာ သက်တမ်းအရင်းဆုံး ပြက္ခဒိန် တစ်ခုလည်း ဖြစ်ပါတယ်။

    တရုတ်နိုင်ငံ တစ်ဝှမ်းမှာလည်း နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲများကို ခမ်းနားစွာကျင်းပနေကြပြီး၊ နှစ်သစ် အားလပ်ရက် အတွင်း နေရပ်သို့ပြန်သူများကြောင့် မီးရထား ဘူတာရုံ၊ ကားဂိတ်နှင့် လေဆိပ်များမှာလည်း လူများနှင့် စည်းကားလျက်ရှိနေပါတယ်။ ဒါ့အပြင် ဟောင်ကောင်၊ ထိုင်ဝမ်နိုင်ငံများမှ ပြည်သူများမှာလည်း နှစ်သစ်ကို ခမ်းနားစွာ ကြိုဆိုနေကြကြောင်းပါ……….

    Ref: aljazeera

  • မန်စီးတီးအနေဖြင့် ကံကောင်းမှုမှာ ကြာရှည်ခံမည်မဟုတ်ဟု ၀င်းဂါးပြောကြား

    ဖေဖော်ဝါရီ ၁ ၊ ၂၀၁၄
    M-Media
    Manchester-City-vs-Arsenal-2925646
    – ယခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး အားပြိုင်မှုတွင် မန်စီးတီးအသင်းမှာ ကံကောင်းနေသည်ဟု အာဆင်နယ်အသင်း၏ နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    ယခုနှစ် ပရီးမီးယားလိဂ်ဖလားအား မိမိ၏ အာဆင်နယ်အသင်း ဆွတ်ခူးနိုင်မည်ဟု ယုံကြည်ကြောင်း ၀င်းဂါးကပြောဆိုခဲ့ပြီး၊ တနင်္လာနေ့တွင် အီတီဟတ်၌ တွေ့ဆုံမည့် ချယ်ဆီး အသင်းနှင့် မန်စီးတီးအသင်းတို့ပွဲတွင်၊ မန်စီးတီး၏ ကံတရားများ ပြောင်းလဲသွားမည်ဖြစ်ပြီး နည်းပြ ပယ်လီဂရီနီကို ချီးကျူးနေသည့် လူများ၏ အသံများမှာလည်း တိမ်မြုပ် ပျောက်ကွယ်သွားမည်ဟု ယုံကြည်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

    တိုက်စစ်မှူးများ ခြေစွမ်းပြမှုနှင့်အတူ ဂိုးများစွာသွင်းယူနိုင်နေသည့် မန်စီးတီးအသင်းမှာ ပြီးခဲ့သည့် ကြာသာပတေးနေ့ကလည်း စပါးအသင်းအား အဝေးကွင်းတွင် ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဇယားကို အာဆင်နယ်အသင်းအား ၁ မှတ်အသာဖြင့် ဦးဆောင်နေသည်။

    အာဆင်ဝင်းဂါးကမူ ယခုလောလောဆယ်တွင် ၁ မှတ်ကွာဟနေသော်လည်း ကစားရမည့် ပွဲမှာ ၁၅ ပွဲကျန်နေသေးပြီး အပြောင်းအလဲများအား ပြုလုပ်မည့် ပွဲများဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အခွင့်အရေးရှိနေသေးပြီး အရေးအကြီးဆုံးမှာ ယုံကြည်မှုအပြည့်နှင့် ကစားသွားရန်သာဖြစ်ကြောင့် ထပ်လောင်းပြောကြားခဲ့သည်။

  • ဘာနေဗျူးကွင်းအား တိုးချဲ့မှုပြုလုပ်သွားမည်ဟု ရီးယဲလ်ကြေညာ

    ဖေဖော်ဝါရီ ၁ ၊ ၂၀၁၄
    M-Media

    Bernabeu-3097812
    – ရီးယဲလ်မက်ဒရစ်အသင်းက ၎င်းတို့၏ အိမ်ကွင်း ဘာနေဗျူးအား တိုးချဲ့ဆောက်လုပ်မည်ဟု ကြေညာခဲ့ပြီး ပေါင် ၃၂၈ သန်း ကုန်ကျမည်ဟု  ကြေညာ ခဲ့သည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ရီးယဲလ် ဥက္ကဌ ဖလိုရန်တီနိုပီရက်ဇ် က ပြောကြားခဲ့ခြင်းဖြစ်ပြီး ပြင်ဆင်မည့်ကွင်း၏ ပုံသဏ္ဍာန်ကိုလည်း ပြသခဲ့သည်။

    ထိုကွင်းအား တိုးချဲ့ဆောက်လုပ်ရန်အတွက် ဂျာမန်အခြေစိုက် ဗိသုကာကုမ္ပဏီ GMP အား ရွေးချယ်ခဲ့ပြီး ထိုကုမ္ပဏီက ဒီဇိုင်း ၄ ခု ပြသခဲ့သည့်အနက် ပီရက်ဇ်က စိတ်ကြိုက်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ထိုကွင်းသစ်တွင် ဈေးဝယ်စင်တာတစ်ခုနှင့် ဟိုတယ်တစ်ခုလည်း ပါဝင်မည်ဖြစ်ပြီး၊ ၂၀၁၇ ခုနှစ်တွင် အပြီးသတ်နိုင်ရန် ရည်ရွယ်ထားသည်။

    ထို့ပြင် ထိုကွင်းဆောက်လုပ်မှု ကုန်ကျငွေ၏ ထက်ဝက်ကို အသင်းအမည်ရောင်းချပြီး ရှာဖွေရန် ရီးယဲလ်က စီစဉ်ထားပြီး ကမ္ဘာကျော် ကိုကာကိုလာ အချိုရည် ကုမ္ပဏီနှင့် မိုက်ကရိုဆော့ဖ်တို့နှင့် ဆွေးနွေးနေပြီး မိုက်ကရိုဆော့ဖ်နှင့် စာချုပ်ချုပ်ရန် နီးစပ်နေသည်ဟု သိရသည်။
    Ref: mirror