News @ M-Media
Blog
  • ၀ါဝါ၀င်းကုမ္မဏီမှ အဖြေတစ်စုံ တစ်ရာ မရရှိပါက သပိတ်စခန်း မပိတ်ဟုဆို
    ဇန်န၀ါရီ ၃၀၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး
    ရန်ကုန် ။       ။   ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် မြန်မာ့ဂုဏ်ရောင်ရပ်ကွက်နေ ပြည်သူများ နစ်နာမှုအတွက် သပိတ်စခန်းဖွင့်ကာ ယနေ့ ဇန်န၀ါရီလ ၃၀-ရက် နံနက်မှ စတင်ကာ သပိတ်စခန်းဖွင့်၍ ဆန္ဒဖော်ထုတ်လျက် ရှိသည်။
    ၁၉၉၄-ခုနှစ်တွင် ရပ်ကွက် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဌ နှင့် ၀ါဝါ၀င်းကုမ္မဏီတို့မှ တပ်မတော်(ရေ)စစ်တန်းလျား ဆောက်လုပ်ရန်ဟု ဆိုကာ မြန်မာ့ဂုဏ်ရောင်ရပ်ကွက် ပြည်သူများနေအိမ်များကို ဖျက်သိမ်းပြီး ဒဂုံဆိပ်ကမ်းသို့ ပြောင်းရွေ့စေခဲ့သည်။ ထိုနေရာတွင် ယခုအခါ မြန်မာ့ ဂုဏ်ရောင်အိမ်ယာများကို တည်ဆောက်ထားလျက်ရှိနေပါသည်။ ထို့ကြောင့် မြန်မာ့ဂုဏ်ရောင် ရပ်ကွက်နေ ပြည်သူများမှ ၀ါဝါ၀င်းကုမ္မဏီအား အခြား ကုမ္မဏီများ နည်းတူ ကျန်ရှိနေသော မြေနေရာပေါ်တွင် အိမ်ခြေ (၇၇၁)လုံး အတွက် အစားထိုး တိုက်ခန်း ပြန်လည် ဆောက်လုပ်ပေးရန် (သို့မဟုတ်) လက်ရှိတိုက်ခန်း တန်ဖိုးနင့် ညီသော တန်ဖိုးပြန်လည်ပေးရန် တောင်းဆိုလျက်ရှိပါသည်။
    “နိုင်ငံတော်ကနေ စစ်တပ်တန်းလျား ရေတန်းလျား ဆောက်မယ်ဆိုပြီး ဖျက်ခိုင်းပါတယ်။ အဲဒါနဲ့ ဒဂုံမြို့သစ် (၈၈) ရပ်ကွက်ကို ပြောင်းခဲ့ရတယ်။ ရေမရှိ မီးမရှိ ကျောင်းမရှိ အဲလို လွင်တီးခေါင်တဲ့နေရာကို ပြောင်းရွေ့ခဲ့ရတယ်။ အန်တီတို့ နောက်ပြန်ကြည့်တော့ နိုင်ငံတော်နဲ့ ပတ်သက်လို့ အစိုးရနဲ့ ပတ်သက် လို့ ဘာအဆောက်အဦးမှ မရှိဘူး။ ဒါပေမယ့် ၀ါဝါ၀င်းကုမ္မဏီက သူတို့ရဲ့ကိုယ်ကျိုးစီးပွားအတွက် အဆင့်မြင့် ကွန်ဒိုကြီးတွေကို ဆောက်ပြီးတော့ တစ်ခန်းကို သိန်း(၁၇၀၀) နဲ့ ရောင်းစားတယ်။ အဲဒါကြောင့် နစ်နာကြေးလိုချင်လို့ အခုလို ဆန္ဒပြတောင်းဆိုနေရခြင်း ဖြစ်တယ်”ဟု ဆန္ဒပြ တောင်းဆို နေသူ တစ်ဦးဖြစ်သည့် ဒေါ်မြင့်မြင့်သိန်းက ပြောကြားခဲ့ပါသည်။
    ဆက်လက်ပြီး ၎င်းမှ “ပထအကြိမ်နဲ့ ဒုတိယအကြိမ် ဆန္ဒပြတုန်းက သက်ဆိုင်ရာအရာရှိတွေက အချိန်ကို ကန့်သတ်ပေးတယ် သူတို့ပေးတဲ့အချိန်က မလုံလောက်ခဲ့ပါဘူး။ အခုလည်း သက်ဆိုင်ရာကို ခွင့်ပြုမိန့်တောင်းတော့ သူတို့က ကန့်သတ်ပေးတယ်။ ဒါပေမယ့် အန်တီတို့က သူတို့ ကန့်သတ်ပေးတာ မလုံလောက်လို့ ခွင့်ပြုမိန့်ကို ပြန်ရုပ်သိမ်းပြီး အန်တီတို့ သပိတ်စခန်းဖွင့်လိုက်တာ ဖြစ်ပါတယ်။ ၀ါဝါ၀င်းနဲ့ကုမ္မဏီနဲ့ ညှိဖို့သွားတော့လည်း သူတို့က မတွေ့ကြဘူး ရှောင်နေကြတယ်။ အခုလည်း အန်တီတို့က ဒီကုမ္မဏီရဲ့ အဖြေတစ်စုံတစ်ရာမရရင် မပြန်ပါဘူး”ဟု ထပ်လောင်း ပြောကြားခဲ့ပါသည်။
    သပိတ်စခန်းကို ဇန်န၀ါရီလ ၃၀-ရက် နံနက် ၈း၀၀-နာရီမှ စတင်ဖွင့်ခဲ့ပြီး လူအင်အား (၆၀၀) ကျော်တို့မှ ဆန္ဒပြတောင်းဆိုနေကြကာ နစ်နာမှုကို ၎င်းတို့အနေနှင့် ရယူလိုကြောင်း သိရှိရပါသည်။
  • လမ်းမတော်မြို့နယ် မီးလောင်မှုဖြစ်ပွား တန်ဖိုး ၃-သိန်းခွဲခန့် ဆုံးရှုံးခဲ့
    လမ်းမတော်မြို့နယ် မီးလောင်မှုဖြစ်ပွား တန်ဖိုး ၃-သိန်းခွဲခန့် ဆုံးရှုံးခဲ့
    ဇန်န၀ါရီ ၃၀၊ ၂၀၁၄
    M-Media
    သီရိ
    ရန်ကုန် ။      ။  ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ် (၁၆)လမ်း အလယ်ဘလောက် အမှတ်(၁၂၃) ၈-လွှာတွင် မီးလောင်ကျွမ်းမှု တစ်ခု ယနေ့ ဇန်န၀ါရီလ ၃၀ ရက်နေ့ နေ့လည် ၃း၁၅-နာရီ တွင် ဖြစ်ပွားခဲ့ပါသည်။
    လျှပ်စစ်မီး အပူလွန်ကဲရာမှ စတင်လောင်ကျွမ်းသည်ဟု မီးသတ်ဌာနမှ ပြောဆိုခဲ့ပါသည်။ အဆိုပါအိမ်တွင် ယူနိုက်တက် ဆောက်လုပ်ရေးမှ ယာဉ်မောင်း ကိုစိုင်းနေဇော်နှင့် မိသားစုနေထိုင်ပြီး မီးလောင်ကျွမ်းချိန်၌ အိမ်တွင် မည်သူမျှရှိမနေကြောင်း သိရပါသည်။
    မီးသတ်ကား ၁၂-စီးဖြင့် မီးငြိမ်းသတ်ခဲ့ပြီး နေ့လည် ၃း၄၅-နာရီ တွင် မီးငြိမ်းသွားခဲ့ပါသည်။ ထိခိုက်ဒဏ်ရာရမှု တစ်စုံတစ်ရာမျှ မရှိခဲ့သော်လည်း နေအိမ်ရှိပစ္စည်းများ ၃ သိန်းခွဲခန့် ဆုံးရှုံးသွားခဲ့ကြောင်း သိရှိရသည်။
  • မာတာက ကစားသမားများ၏ စိတ်ဓာတ်ကို မြင့်တက်စေသည်ဟု ဖီးလ်ဂျုံးဆို
    မာတာက ကစားသမားများ၏ စိတ်ဓာတ်ကို မြင့်တက်စေသည်ဟု ဖီးလ်ဂျုံးဆို
    ဇန်န၀ါရီ ၃၀၊ ၂၀၁၄
    M-Media
    – အသင်းသို့ စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် မာတာရောက်ရှိလာခြင်းက ရုန်းကန်နေရသည့် အသင်း၏ စိတ်ဓာတ်အား မြင့်တက်စေသည်ဟု မန်ယူအသင်း၏ အင်္ဂလန် နောက်ခံလူ ဖီးလ်ဂျုံးက ပြောကြားခဲ့သည်။
    အသက် ၂၅ နှစ်အရွယ် ရှိပြီဖြစ်သည့် မာတာမှာ မကြာသေးခင်က ပြောင်းရွှေ့ကြေး ပေါင် ၃၇.၁ သန်းဖြင့် မန်ယူသို့ ရောက်ရှိလာခဲ့ပြီး ယမန်နေ့က ကစားခဲ့သည့် ကာဒစ်ဖ်အသင်းအား ၂-ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော ပွဲတွင် ဒုတိယဂိုးအား ဖန်တီးပေးခဲ့သည်။
    ပထမဦးဆုံး ကစားခဲ့သည့် ပွဲတွင် မာတာ၏ ခြေစွမ်းပြနိုင်မှုက အသင်း၏ လူစာရင်းတွင် ကြီးမားသော အကျိုးသက်ရောက်မှုရှိလာသည်ဟု ယုံကြည် နေသည့် ဖီးလ်ဂျုံးက
    “ဒီလို အရည်အချင်းရှိတဲ့ ကစားသမား တစ်ယောက်ကို ခေါ်ယူလိုက်တာဟာ အသင်းရဲ့ အ၀တ်လဲခန်းမှာ အကျိုးသက်ရောက်မှုတွေ ဖြစ်စေပါတယ်။ သူ(မာတာ)ဟာ ပါရမီရှင် ကစားသမားတစ်ဦးဖြစ်ပြီး၊ အ၀တ်လဲခန်းနဲ့ အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ အသင်းသားတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ် ” ဟု ဖီးလ်ဂျုံးက အသင်း၏ ၀ဘ်ဆိုဒ်သို့ပြောကြားခဲ့သည်။
    မာတာမှာ ပြီးခဲ့သည်ရာသီက ချယ်ဆီးအသင်း၏ တစ်နှစ်တာအကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပြီး မော်ရင်ဟိုအသင်းသို့ရောက်ရှိလာပြီးနောက် နေရာမရဖြစ်လာခဲ့ကာ နောက်ဆုံးတွင် မန်ယူသို့ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
    Ref : Goal
  • နာဒယ်လ်၏ နောက်ကျော ဒဏ်ရာ စိုးရိမ်ဖွယ်ရာမရှိ၊ လက်ကျန်ပြိုင်ပွဲများ ဝင်ပြိုင်မည်။
    နာဒယ်လ်၏ နောက်ကျော ဒဏ်ရာ စိုးရိမ်ဖွယ်ရာမရှိ၊ လက်ကျန်ပြိုင်ပွဲများ ဝင်ပြိုင်မည်။
    ဇန်န၀ါရီ ၃၀၊ ၂၀၁၄
    M-Media
    – ပြီးခဲ့သည့် တစ်ပါတ်က သြစတေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် နောက်ကျောဒဏ်ရာ ရရှိသွားခဲ့သည့် စပိန်တင်းနစ် အကျော်အမော် ရာဖေးနာဒယ်လ်မှာ၏ ဒဏ်ရာ အခြေအနေမှာ အလွန်ဆိုးရွားခြင်း မရှိသောကြောင့် လာမည့် ပြိုင်ပွဲများအား လွဲချော်မည် မဟုတ်ဟု သိရသည်။
    ဗိုလ်လုပွဲ၏ ပထမပွဲငယ်တွင်ပင် ၀ဲဘက်နောက်ကျော ဒဏ်ရာရရှိသွားခဲ့သည့် နာဒယ်လ်မှာ ဆွစ်ဇလန်တင်းနစ်သမား ၀ါဝရင်ကာအား ၃ ပွဲ ၁ ပွဲဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ထိုပွဲပြီးနောက် ဒဏ်ရာအား စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဒဏ်ရာမှာ မဆိုးရွားသည့်အတွက် လာမည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရီးစ်တွင် ကျင်းပမည့် ပြိုင်ပွဲအား ၀င်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။
    “သူ့ဒဏ်ရာတွေရဲ့ တိုးတက်မှုကို သိရဖို့အတွက် နောက်တစ်ပါတ် တနင်္လာနေ့မှာ စစ်ဆေးမှုတွေ လုပ်ရပါလိမ့်မယ်။ ပြီးတော့ တဖြည်းဖြည်းနဲ့ လေ့ကျင့်မှုတွေ လုပ်နိုင်မလား ဆိုတာ ကျွန်တော်တို့ ကြည့်ပါမယ်” ဟု နာဒယ်လ်၏ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
    နာဒယ်လ်မှာ ဗျူနိုအေရီးစ်တွင်ယှဉ်ပြိုင်ပြီးနောက် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးတွင် ပြုလုပ်မည့် ပွဲကိုလည်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ထို့နောက် အမေရိကန်တွင် ပြုလုပ်မည့် ပွဲစဉ် ၂ ပွဲကိုလည်း ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။
    Ref : SkySports
  • နယူးကာဆယ်ကွင်းလယ်လူ ကာဘာယီ ပီအက်စ်ဂျီသို့ရောက်ပြီ
    နယူးကာဆယ်ကွင်းလယ်လူ ကာဘာယီ ပီအက်စ်ဂျီသို့ရောက်ပြီ
    ဇန်န၀ါရီ ၃၀၊ ၂၀၁၄
    M-Media
    – အသင်းကြီးများက စိတ်ဝင်စားနေသည့် နယူးကာဆယ် အသင်း၏ ကွင်းလယ်လူ ယိုဟန်ကာဘာယီမှာ ပြင်သစ်လိဂ်ဝမ်းကလပ် ပီအက်စ်ဂျီ အသင်းသို့ ပြောင်းရွှေ့သွားခဲ့ဟု သိရသည်။
    ပြောင်ရွှေ့ကြေး ယူရို ၂၄ သန်းဖြင့်၊ သုံးနှစ်ခွဲ စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က ဆေးစစ်ဆေးမှု အောင်မြင်ခဲ့သည်။ ပီအက်စ်ဂျီအသင်းတွင် ကျောနံပါတ် ၄ ဂျာစီ ၀တ်ဆင်ကစားမည့် ကာဘာယီက “ပီအက်စ်ဂျီ အသင်းဟာ ကျွန်တော့်ကို ရည်မှန်းချက်ကြီးစွာနဲ့ ခေါ်ယူခဲ့တာပါ။ အလွန် ကောင်းမွန်တဲ့ ဒီအသင်းမှာ ပါဝင်ကစားရဖို့၊ ပြင်သစ်လိဂ်နဲ့ ဥရောပမှာ အသင်း အောင်မြင်အောင် ကူညီပေးဖို့ ကျွန်တော် မစောင့်နိုင်တော့ပါဘူး။” ဟု ပီအက်စ်ဂျီ အသင်း၏ ၀ဘ်ဆိုဒ်သို့ ကာဘာယီက ပြောကြားခဲ့သည်။
    ပီအက်စ်ဂျီ အသင်းပိုင်းရှင် အလ်ခါလီဖာကလည်း ကာဘာယီမှာ အသင်းကြီးများ၏ ကမ်းလှမ်းမှုများကို ငြင်းဆန်၍ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ရန် ရွေးချယ် ခဲ့သောကြောင့် ပျော်ရွှင်မိကြောင်း၊ ကာဘာယီ၏ အပြောင်းအရွှေ့သည် ပြင်သစ်အခြေစိုက်ကလပ်များက နိုင်ငံခြားသား ကစားသမားများကို ဆွဲဆောင်နိုင်သည့် ပြယုဂ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    Ref : Goal