News @ M-Media

Blog

  • မာတာပါတဲ့ မန်ယူတို့ ခြေစွမ်းပြ သုံးမှတ်ရယူနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ ယနေ့မနက်ပွဲစဉ်များ

    ဇန်နဝါရီ ၂၉၊ ၂၀၁၄
    M-Media

    အာဆင်နယ်သရေကျ၊ လီဗာပူးအနိုင်ရခဲ့ပြီး၊ မာတာပါတဲ့ မန်ယူတို့ ခြေစွမ်းပြ သုံးမှတ်ရယူနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ ယနေ့မနက်ပွဲစဉ်များ
    mun-car-1314-280114-ps9
    – ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ ရဲ့ ပွဲ ၆ ကိုတော့ မန်နေ့က ၆ ပွဲကစားခဲ့ပြီး ထိပ်ဆုံးက အာဆင်နယ် သရေကျခဲ့ပါတယ်။ လီဗာပူးလ်ကတော့ ဂိုးပြတ်နဲ့ အနိုင် သုံးမှတ်ရယူနိုင်ခဲ့ပြီး၊ မန်ယူကလည်း အိမ်ကွင်းမှာ အနိုင်ကစားနိုင် ခဲ့ပါတယ်။

    ဆောက်သက်တမ်အသင်းရဲ့ အိမ်ကွင်းမှာ သွားကစားခဲ့တဲ့ အာဆင်နယ်ကတော့ ဒီပွဲမှာ အနိုင်မယူနိုင်ခဲ့ဘဲ ပွဲပြီးကာနီးမှာ ကွင်းလယ်လူ ဖလာမီနီအထုတ်ခံခဲ့ရပါတယ်။ ပွဲအစ ကစားပုံကောင်းခဲ့တဲ့ အိမ်ရှင်တို့က ဦးဆောင်ဂိုးရခဲ့ပြီး အာဆင်နယ်က ဒုတိယပိုင်းအစမှာ ၂ ဂိုးဆက်သွင်းနိုင်ခဲ့ပေမယ့် ဆောက်သက်တမ်ရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရတာကြောင့် ဝေးကွင်းမှာ သရေတစ်မှတ်သာရရှိခဲ့ပါတယ်။

    မာဆေးဆိုဒ်ဒါဘီဖြစ်တဲ့ လီဗာပူးလ်နဲ့ အဲဗာတန်တို့ပွဲမှာတော့ အိမ်ရှင်တို့က အသားစီးရခဲ့ပြီး ပထမပိုင်းမှာတင် ၃ ဂိုးပြတ်ခဲ့ပြီး၊ ဒုတိယပိုင်းမှာ တစ်ဂိုးထပ်ရကာ ၄ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့ပါတယ်။ ထူခြားတာကတော့ ဒဏ်ရာက ပြန်လည်သက်သာလာတဲ့ စတားရစ်ခ်ျ ဂိုးတွေဆက်တိုက်သွင်းနိုင်လာတာပဲဖြစ်ပြီး ယခုပွဲမှာလည်း ၂ ဂိုးသွင်းပေးခဲ့ပါတယ်။

    ဗန်ပါစီဒဏ်ရာက ပြန်လာခဲ့ပြီး မာတာပထမဆုံးပွဲထွက်ခဲ့တဲ့ မန်ယူကတော့ အိမ်ကွင်းမှာ ဇယားအောက်ခြေက ကာဒစ်ဖ်ကို ၂ ဂိုးပြတ်ခဲ့ပါတယ်။ ယခုပွဲမှာ မန်ယူရဲ့ ကစားပုံဟာ စွဲမက်ဖွယ်ဖြစ်ခဲ့ပြီး မာတာကလည်း အသင်းရဲ့ကစားကွက်နဲ့ မြန်မြန်ဆန်ဆန် အံဝင်ခဲ့ပါတယ်။ မန်ယူအသင်းရဲ့ ဂိုးတွေကို ဗန်ပါစီက ၆ မိနစ်နဲ့ အက်ရှ်လေးယန်းက ၅၉ မိနစ်တွေမှာသွင်းယူပေးခဲ့တာပါ။

    နယူးကာဆယ်ကတော့ အဝေးကွင်းမှာနော်ဝစ်ခ်ျကို သရေသာကစားနိုင်ခဲ့ပြီး၊ ဆွမ်ဆီးက ဖူလ်ဟမ်ကို အိမ်ကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်ကတော့ အိမ်ကွင်းမှာ ဟားလ်စီးတီးကို ဂျာဆန် ပန်ချီယွန်ရဲ့ ၁၆ မိနစ်သွင်းဂိုးနဲ့ ၃ မှတ်ရယူနိုင်ခဲ့ပါတယ်။

    ပွဲစဉ် ၂၃ ကစားပြီးခဲ့သမျှ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    မန်ယူ ၂-၀ ကာဒစ်ဖ်
    နော်ဝစ်ခ်ျ ၀-၀ နယူးကာဆယ်
    ဆောက်သက်တမ် ၂-၂ အာဆင်နယ်
    ဆွမ်ဆီး ၂-၀ ဖူလ်ဟမ်
    ခရစ္စတယ်ပဲလေ့စ် ၁-၀ ဟားလ်စီးတီး
    လီဗာပူးလ် ၄-၀ အဲဗာတန်

  • သန်းခေါင်စာရင်း ကောက်ခံရာတွင် လူမျိုးနာမည် ပြည်သူများ ပြောမည့် နာမည် အတိုင်းကောက်ခံမည်

    ဇန်နဝါရီ ၂၉ ၊ ၂၀၁၄
    M-Media

    2014 Census

    *၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းတွင် ပြည်သူလူထုအနေနဲ့ လူမျိုး အမည်လွှဲပြောစရာမလိုဘဲ လူထုပြောမည် လူမျိုးအမည်သာ ထည့်သွင်းမည်ဖြစ်ကြောင်း ၊

    * တိုင်းရင်းသားများအနေဖြင့် နာမည်အရှေ့တွင် ဦး၊ ဒေါ် ၊ စိုင်း၊ ကြိုက်ရာထည့်သွင်းရေးနိုင်ကြောင်း၊

    *တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် သန်းခေါင်စာရင်းကောက်မည့် ကိစ္စ မူအားဖြင့် သဘောတူညီပြီးဖြစ်ကြောင်း၊ လူမျိုးအမည်ပေးတဲ့ ကိစ္စ တောင်းဆိုချက်များရှိကြောင်း၊

    *ဘင်္ဂလီ ၊ အစ္စလာမ်ဘာသာဝင်တွေ များတဲ့ နေရာမှာ သူတို့ ဆီက ပညာတတ် ဆရာ၊ ဆရာမ တွေရွေးထုတ်ပြီး သူလူမျိုးနဲ့ သူ ကောက်သွားမှာဖြစ်ကြောင်း၊

    ဇန်နဝါရီ ၂၅ ရက်ထုတ် ကြေးမုံ သတင်းစာမှ လူဝင်မှုကြိးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန အမျိုးသား သန်းခေါင်စာရင်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချူပ် ဦးမြင့်ကြိုင်၏ ပြောကြားချက်ကို ကောက်နှုတ်ဖော်ပြပါသည်။

  • ဂျပန်တွင် မွတ်စလင် ကျောင်းသားများအတွက် ဟာလာလ် အစားအသောက် စီစဉ်ပေးသည့် တက္ကသိုလ် ၁၉ ခုရှိလာ

    ဇန်နဝါရီ ၂၉၊ ၂၀၁၄
    M-Media

    Japans-Universities-Cater-to-Muslim-Needs

    ကိုင်ရို၊ ဇန်န၀ါရီ ၂၇။ ။ တက္ကသိုလ်များတွင် ပညာသင်ယူနေသော အစ္စလာမ်ဘာသာဝင် ကျောင်းသား၊ ကျောင်းသူများ အစားအသောက် စားသောက်ရာတွင် လွယ်ကူမှုရှိစေရန်အတွက် ဂျပန်တက္ကသိုလ်များရှိ ကန်တင်းများတွင် ဟာလာလ်အစားအသောက်များကို စီစဉ်ပေးမှုများ ရှိလာခဲ့သည်ဟု သိရသည်။

    Yamanashi ပြည်နယ်ရှိ Yamanashi တက္ကသိုလ်ရှိ ကန်တင်းတွင် ဟာလာလ်အစားအသောက် ၁၀ မျိုးကို ထည့်သွင်းပေးထားပြီး၊ ဟင်းလျာ စာရင်းများရှိ အဆိုပါ အစားအသောက်များအား အလွယ်တကူ ရွေးချယ်နိုင်ရန် ဟာလာလ် စတေကာ ကပ်ထားပေးသည်။

    “ဒီအစီအစဉ် ဖြစ်မလာခင်အချိန်အထိ ကျွန်တော်ဟာ ကိုယ့်အစားအသောက်ကို ကိုယ့်ဟာကိုယ် စီစဉ်ရတာပါ။ ဒီအစီအစဉ်ဟာ တကယ့်ကို အကျိုးရှိပါတယ်” ဟု မလေးရှားနိုင်ငံမှ လာရောက်ပညာသင်ယူနေသည့် အသက် ၂၁ နှစ်အရွယ် ကျောင်းသား တစ်ဦးက စားသုံးနေရင်း The Mainichi သတင်းစာသို့ ပြောကြားခဲ့သည်။

    Yamanashi တက္ကသိုလ်တွင် ပညာသင်ယူနေသော နိုင်ငံခြား ကျောင်းသား အရေအတွက်မှာ ၁၈၀ နီးပါးရှိပြီး အစ္စလာမ် ဘာသာဝင် ၅၀ ခန့်ရှိသည်။ ထိုတက္ကသိုလ် အပါအ၀င် ဂျပန်နိုင်ငံတွင်   ဟာလာလ်အစားအသောက် စီစဉ်ပေးသော တက္ကသိုလ်များမှာ ၁၉ ခုရှိသည်ဟု တက္ကသိုလ်များပူးပေါင်းဆောင်ရွက်ရေးအသင်း NFUCA ၏ စစ်တမ်းကောက်ယူမှုမှ တစ်ဆင့် သိရသည်။

    ဂျပန်တက္ကသိုလ်များအား အစားအသောက် ကုန်ကြမ်းများကို ထောက်ပံ့ပေးနေသည့် Tokyo Business Association of University Cooperatives က ၀ယ်ယူတင်သွင်းသော ကြက်သားနှင့် အမဲသားများမှာ မလေးရှားနိုင်ငံမှ ဟာလာလ် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးထားသော အသားများဖြစ်ပြီး၊ တက္ကသိုလ် ကန်တင်းများတွင် ချက်ပြုတ်သည့် အိုးခွက်များ၊ ပန်းကန်များကိုလည်း သီးသန့်ထားရှိသည်ဟု သိရသည်။

    “နိုင်ငံတွေ၊ လူမျိုးတွေအလိုက် သင့်လျော်တဲ့ အစားအသောက်တွေဟာ ပြောင်းလဲနေပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ နိုင်ငံသားကျောင်းသားတွေနဲ့ ဆွေးနွေးမှုတွေ အများကြီး လုပ်ခဲ့ရပါတယ်” ဟု Yamanashi တက္ကသိုလ် ကန်တင်းမှ မန်နေဂျာ တက်ဆုယ တာနာဟာရှီက ပြောကြားခဲ့သည်။

    အစ္စလာမ်ဘာသာဝင် ကျောင်းသားများ စားသုံးနိုင်ရန် ရည်ရွယ်၍ ဟာလာလ် အစားအသောက် စီစဉ်ပေးမှုကို ၂၀၁၀ ခုနှစ်တွင် တိုကျိုရှိ တက္ကသိုလ်တစ်ခုမှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ နောက်ပိုင်းတွင် အခြားသော တက္ကသိုလ်များကလည်း ဆောင်ရွက်လာခဲ့ခြင်းဖြစ်သည်။

    ဂျပန်နိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ယူနေသည့် အစ္စလာမ်ဘာသာဝင် ကျောင်းသားများမှာ ယခုအချိန်တွင် ၁ သိန်း ၄ သောင်းခန့်ရှိနေပြီး အများစုမှာ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ ဖြစ်ကြသည်။

  • “No one Killed Jessica ဂျက်ဆီကာကို ဘယ်သူမှမသတ်ဘူး” (M-Media ရုပ်ရှင်အညွှန်း)

    ဇန်နဝါရီ ၂၈ ၊ ၂၀၁၄
    M-Media
    ရေးသူ- မောင်ခင်

    220px-No_One_Killed_Jessica_Movie

    ၂၀၁၁ ကရုံတင်ပြသသွားတဲ့ နံမည်ကြီး ဘောလိဝုဒ် ရုပ်ရှင်မင်းသမီး ရာနီမုကာဂျီး သတင်းထောက်အဖြစ် ပါဝင်သရုပ်ဆောင်သွားတဲ့ တကယ့်အဖြစ်အပျက်ကို အခြေခံရိုက်တဲ့ရုပ်ရှင်ကားပါ။

    တကယ့်အဖြစ်အပျက်က ၁၉၉၉မှာ ဒေလီ ကလပ် တစ်ခု၌ အသတ်ခံရတဲ့ မော်ဒယ်မလေး ဂျက်ဆီကာ Jessica Lal (1965–1999)ရဲ့ဇာတ်လမ်းပါ။

    သတ်တဲ့သူက Haryana ပြည်နယ်က လွှတ်တော်အမတ်၊ ဝန်ကြီးဟောင်း၊ စီပွားရေးသမား၊ တရားခံရဲ့ အမှုတွဲတွေကလည်း မျက်နှာကြီး အသိုင်းအဝိုင်းဆိုတော့ မျက်မြင်သက်သေတွေ အကုန်လုံးကို နည်းမျိုးစုံ နဲ့သိမ်းသွင်းလိုက်တော့ ၇ နှစ်အကြာ ၂၀၀၆ ဖေဖေါ်ဝါရီမှာ ကွင်းလုံး ကျွတ်လွတ်သွားရော။

    ဂျက်ဆီကာကို ဘယ်သူမှ မသတ်ဖူးဖြစ်ကုန်ရော။

    နောက်ဆုံးမှာ မီဒီယာတွေ တရားလို မိသားစုကို စာနာသူတွေက ကမ်ပိန်း အမျိုးမျိုးလုပ်ပြီး အစိုးရကို ဖိအားပေးလာတော့ အမှုကိုပြန်ဖွင့်ပြီး ၂၅ရက် ဆက်တိုက်ပြန်စစ်ပြီး တရားခံကို ၂၀၀၆ ဒီဇင်ဘာမှာ တစ်သက်တကျွန်း ပြစ်ဒဏ်ချပေးလိုက်ရသည်။

    အချုပ်ကတော့ ငွေနဲ့ အာဏာနဲ့ အနိုင်ကျင့် အမှန်တရားကို ဖုံးကွယ်သူတွေ နောက်ဆုံး အရှက်ကွဲပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ခံသွားရတာပါပဲ။ မတရားမူ့တွေ အားလုံးတနေ့ကျဆုံးရမယ်။

    http://en.wikipedia.org/wiki/No_One_Killed_Jessica

  • မောင်တောမြို့ ဒူချီရာတန်းကျေးရွာ ရိုဟင်ဂျာမွတ်စလင် အိမ်များ မီးရှို့ခံနေရ

    ဇန်န၀ါရီ ၂၈၊ ၂၀၁၄
    ထွန်းတောက်
    M-Media

    Maung-Daw-Buthidaung1
    မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ဒူချီရာတန်းမှ ရိုဟင်ဂျာအိမ်များအား မီးရှို့ခံနေရကြောင်း သိရပါတယ်။

    ယနေ့ည ၈း၃၀-နာရီခန့်က ဒူချီရာတန်းရှိ အိမ်များမီးရှို့ခံနေရပြီး ည ၁၀း၃၀-နာရီခန့်အထိ အိမ် ၅-လုံး မီးရှို့ခံခဲ့ရပြီး နောက်ထပ်လည်း မီးတောက်များ မြင်နေရဆဲဖြစ်တာကြောင့် မီးများ ဆက်လက် လောင်ကျွမ်းနေကြောင်း သိရသော်လည်း အိမ်ခြေ မည်မျှ မီးရှို့ခံရကြောင်း အတည်မပြုနိုင်သေးကြောင်း ဒေသခံတစ်ဦးမှ ပြောပါတယ်။

    ၎င်း မီးရှို့ခံရသည့် အိမ် ၅-အိမ်မှာ ဆက်တိုက်လောင်ကျွမ်းခြင်း မဟုတ်ဘဲ တစ်အိမ်ပြီးမှ တစ်အိမ် ရှို့ခံရခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

    မီးလောင်နေသည့်အတွက် ဒေသခံလူများ စိုးရိမ်ထိတ်လန့်နေကြကြောင်း၊ မောင်တောမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်းက ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့် ဒေသဆိုင်ရာ အာဏာပိုင်များကို အကြောင်းကြားထားပြီး လက်ရှိအခြေအနေမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မောင်တောအခြေစိုက် ရဲမှူးချုပ်ပါ ရောက်ရှိပြီး ယခုအရေးကိစ္စကို ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ဦးရွှေမောင်မှ အတည်ပြု ပြောကြားပါတယ်။

    ဒူချီရာတန်းသည် အိမ်ခြေ ၄၀၀ ခန့်ရှိသည့် ရွာငယ် ၇-ရွာ ပေါင်းစုထားသည့် ဒူချီရာတန်းကျေးရွာအုပ်စု ဖြစ်ပြီး ယခု ဖြစ်နေသည်မှာ အရှေ့ရွာ၊ အလယ်ရွာနှင့် အနောက်ရွာတို့တွင် ဖြစ်နေတယ်လို့လည်း သိရပါတယ်။

    မောင်တောမှာ ဇန်နဝါရီ ၉ရက်နေ့နဲ့ ၁၃ရက်နေ့တွေမှာ ဒူချီရာတန်းကျေးရွာက ဒေသခံ မွတ်ဆလင် အနည်းဆုံး ၄ဝကျော်ကို အစိုးရလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရခိုင်လူမျိုးတွေ တိုက်ခိုက်သတ်ဖြတ်ခဲ့တယ်လို့ ကုလသမဂ္ဂ မှ သတင်းထုတ်ပြန်ခဲ့ပြီး အေပီ သတင်းဌာနနှင့် နိုင်ငံတကာ သတင်းဌာများမှာ ခေါင်းကြီးပိုင်းသတင်းအဖြစ် ဖော်ခဲ့ပြခဲ့ကြတယ်။