News @ M-Media

Blog

  • ဗြိတိန် အကျဉ်းထောင်များတွင် မိမိကိုယ်ကို သတ်သေမှုများ မြင့်တက်လာ

    ဇန်နဝါရီ ၂၁၊ ၂၀၁၄
    M-Media

    346854_UK-prison
    – ဗြိတိန်ရှိအကျဉ်းထောင်များတွင် အကျဉ်းသားများ မိမိကိုယ်ကို သတ်တေမှုများမှာ အမြင့်ဆုံးအဆင့်သို့ရောက်ရှိလာခဲ့သည်ဟု စစ်တမ်းများအရ သိရသည်။

    အကျဉ်းထောင်များ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်သည့် အဖွဲ့တစ်ခုဖြစ်သည့် PRT မှ စစ်တမ်းကောက်ယူခဲ့ပြီး၊ တရားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းများအရ အင်္ဂလန်နှင့် ဝေးလ်တို့ရှိ အကျဉ်းထောင်များတွင် လူသတ်မှုများမှာ ၂၀၁၃ ခုနှစ်တွင် ၄ မှုရှိခဲ့ကာ ၁၉၉၈ ခုနှစ်နောက်ပိုင်း အများဆုံးဖြစ်လာခဲ့သည်။ ထို့ပြင် ကိုယ့်ကိုယ်ကို သတ်သေမှုမှာလည်း ၇၀ အထိရှိလာပြီး ၂၀၀၈ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးလည်းဖြစ်သည်။

    ထောင်းအတွင်းရှိ အမျိုးသားအကျဉ်းသားများအကြား မိမိကိုယ်သတ်သေမှုမှာ တစ်နှစ်ထက် တစ်နှစ် မြင့်တက်လာခဲ့ပြီး၊ အမျိုးသမီး အကျဉ်းသားများ သတ်သေမှုများမှာ ထောင်၏ လုံခြုံရေးဆိုင်ရာ ထပ်မံဖြည့်စွက်ခဲ့သည့် ၂၀၀၇ ခုနှစ်နောက်ပိုင်းတွင် လျှော့ကျခဲ့သည်။

    နိုင်ငံအတွင်းရှိ အဖွဲ့အစည်းများ တစ်ချို့က လွန်ခဲ့သည့် နှစ် ၂၀ ကထက် အကျဉ်းသားများ များပြားလာသည့် ယခုအချိန်တွင် ထောင်အသုံး စားရိတ်အား လျှော့ချခဲ့သည့် အစိုးရအား ဝေဖန်ခဲ့ပြီး၊ ယခုကဲ့သို့ ကိုယ့်ကိုကိုယ် သတ်သေမှုများ မြင့်တက်လာခြင်းမှာလည်း အသုံးစားရိတ်လျှော့ ချခြင်းကြောင့် ဖြစ်သည်ဟု ထောက်ပြပြောဆိုခဲ့သည်။

    ဗြိတိန်ရှိ အကျဉ်းထောင်များတွင် စိတ်ရောဂါခံစားရသူများလည်းရှိနေပြီး အမျိုးသားအကျဉ်းသားများ၏ ၆၂ ရာခိုင်နှုန်းနှင့် အမျိုးသမီး အကျဉ်းသားများ၏ ၅၄ ရာခိုင်နှုန်းမှာ စိတ်ရောဂါ ကုသရမည့်သူများဖြစ်ကြသည်။

    Ref: Press TV

  • စပါးအသင်းအား ပျက်ရယ်ပြုသည့် စာတန်းကိုင်ဆောင်ခဲ့မှု ကာဇိုလာ ပြန်လည်တောင်းပန်

    ဇန်နဝါရီ ၂၁၊ ၂၀၁၄
    M-Media
    CAZORLA-MAIN-3042045
    – စပါအသင်းအား ပျက်ရယ်ပြုသောသဘောဖြင့် ရေးသားထားသော စာတမ်းတစ်ခုအား ကိုင်ဆောင်ကာ ဓာတ်ပုံရိုက်ခံခဲ့သည့်အတွက် ဆင်နယ်အသင်း၏တိုက်စစ်မှူး ကာဇိုလာက ပြန်လည်တောင်းပန်လိုက်သည်ဟု သိရသည်။

    စပါးအသင်းမှာ အာဆင်နယ်အသင်း၏ ခါးသီးသောပြိုင်ဘက်ဖြစ်ပြီး ကာဇိုလာနှင့် အာဆင်နယ်ကစားသမားဟောင်း ရောဘတ်ပီရက်ဇ်တို့က အမျိုးသမီးပရိတ်သတ် တစ်ဦးနှင့်အတူ စပါးအသင်းအား ပျက်ရယ်ပြုသော စာတန်းကို ကိုင်ဆောင်ကာ ဓာတ်ပုံရိုက်ခံခဲ့ခြင်းဖြစ်သည်။

    “တော့တင်ဟမ်(စပါး)ကို ငါတို့ဘာထင်လဲသိလား။ ဒါ****ပဲ!။ ***** ကိုငါတို့ ဘာထင်လဲသိလား။ တော့တင်ဟမ်!” ဟု ရေးသားထားသော စာတန်းဖြစ်ပြီး ထိုဓာတ်ပုံအား Frech TV တွင် ဖော်ပြခဲ့သည်။ ထို့ပြင် Twitter စာမျက်နှာတွင်လည်း ထိုဓာတ်ပုံမှာ ပေါ်ပြူလာဖြစ်လာခဲ့ကာ ရာပေါင်းများစွာအထိ ထပ်မံမျှဝေခဲ့ကြပြီး ကာဇိုလာကိုလည်း ပြစ်တင်ပြောဆိုမှုများလည်း ရှိခဲ့သည်။

    မာလာဂါအသင်းမှ  အာဆင်နယ်သို့ပြောင်းရွှေ့လာခဲ့သည့် ၂၀၁၂ ခုနှစ်ကတည်းက အင်္ဂလိပ်ဘာသာစကားကို သင်ယူနေသည့် ကာဇိုလာက ၎င်းအနေဖြင့် ထိုစာရွက်တွင် မည်သည့်အကြောင်းအရာ ရေးထားသည်ကို မသိကြောင်း ဖွင့်ဟခဲ့သည်။

    “တော့တင်ဟမ်အသင်း ပရိတ်သတ်တွေကို ကျွန်တော်တို့တောင်းပန်ပါတယ်။ ကျွန်တော်တို့ အဲဒီစာရွက်ကို မကြည့်မိခဲ့ပါဘူး” ဟု ၎င်း၏ Twitter စာမျက်နှာတွင် ကာဇိုလာက တောင်းပန်စကား ရေးသားခဲ့သည်။

    ယခုလအစောပိုင်းက ကစားခဲ့သည့် FA ဖလားပွဲစဉ်တွင်လည်း အာဆင်နယ်အသင်း၏ တိုက်စစ်မှူး သီယိုဝေါလ်ကော့က စပါးအသင်း ပရိတ်သတ်များအား လှောင်ပြောင်သည့် အပြုအမူတစ်ခု ပြုလုပ်ခဲ့သေးသည်။
    Ref: .mirror

  • အနယ်လ်ကာ၏ ဂျူးဆန့်ကျင်ရေး အမူအယာကြောင့် ၀က်စ်ဘရွန်း စပွန်ဆာ ရပ်ဆိုင်းတောမည်

    ဇန်နဝါရီ ၂၁၊ ၂၀၁၄
    M-Media
    354628_heroa
    – ၀က်စ်ဘရွန်းတိုက်စစ်မှူး အနယ်လ်ကာ၏ ဂျူးဆန့်ကျင်ရေး အမူအယာကြောင့် အသင်းအား အဓိက စပွန်စာပေးနေသည့် အိမ်ခြံမြေကုမ္ပဏီ Zoopla က ယခုနှစ်ဘောလုံးရာသီအကုန်တွင် ၎င်းတို့၏ စပွန်စာပေးခြင်းအား ရပ်ဆိုင်းတော့မည်ဟု ကြေညာခဲ့သည်။

    တနင်္လာနေ့ည (ယနေ့နံနက်) ကစားမည့် အဲဗာတန်အသင်းနှင့်ပွဲစဉ်တွင် အနယ်လ်ကာဝတ်ဆင်မည့် အင်္ကျီမှ ၎င်းတို့၏ လိုဂိုတံဆိပ်ကို ဖြုတ်ပစ်ရန် အသင်းအား တောင်းဆိုထားသည့် Zoopla ကုမ္ပဏီမှာ ဂျူးလူမျိုးပိုင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ၀က်စ်ဘရွန်းအသင်းနှင့် ၂ နှစ်စပွန်စာ စာချုပ် ချုပ်ဆိုထားသည်။

    ‘quenelle’ ခေါ်သည့် အဆိုပါ ဂျူးဆန့်ကျင်ရေးသင်္ကေတအား ဒီဇင်ဘာ ၂၈ ရက်နေ့က ကစားခဲ့သည့် ၀က်စ်ဟမ်းအသင်းအား အနိုင်ရခဲ့သောပွဲတွင် ဂိုးသွင်းပြီးနောက် အနယ်လ်ကာက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    အနယ်လ်ကာက ထိုအပြုအမူမှာ ၎င်း၏ သူငယ်ချင်း ပြင်သစ်လူရွှင်တော်  Dieudonne M’bala M’bala အား ရည်ညွှန်းကာ ပြုလုပ် ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း ထိုလုပ်ရပ် အတွက် ကမ္ဘာတစ်ဝှမ်းမှ ဝေဖန်မှုများ ပေါ်ထွက်လာခဲ့ပြီး အင်္ဂလိပ်ဘောလုံး အဖွဲ့ချုပ် FA ကလည်း အရေးယူရန် ပြင်ဆင်နေသည်။

  • ဒီမိုကရေစီခေတ်မှာ ဒီမိုကရေစီ ပညာရေးပဲ ဖြစ်သင့်ကြောင်း ဒေါက်တာ စိုင်းခိုင်မျိုးထွန်း ပြောကြား

    ဒီမိုကရေစီခေတ်မှာ ဒီမိုကရေစီ ပညာရေးပဲ ဖြစ်သင့်ကြောင်း ဒေါက်တာ စိုင်းခိုင်မျိုးထွန်း ပြောကြား

    ဇန်န၀ါရီ ၂၁၊ ၂၀၁၄
    M-Media
    သီရိ

    ရန်ကုန်    ။     ။     ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ (တ.က.သ)က ဦးစီးပြီး ဒီမိုကရေစီ ပညာရေး ဟောပြောဆွေးနွေးပွဲ တစ်ခုကို ရန်ကုန် စီးပွားရေး တက္ကသိုလ်(ရွာသာကြီး) ၌ ယနေ့ ဒီဇင်ဘာ ၂၁-ရက်နေ့ နေ့လည် တွင် ရန်ကုန်တက္ကသိုလ် ဆရာများသမဂ္ဂမှ ဒေါက်တာ စိုင်းခိုင်မျိုးထွန်း (လက်ထောက် ကထိက) မှ ဟောပြောဆွေးနွေးခဲ့ရာ ဆရာဆရာမများနှင့် ကျောင်းသူ ကျောင်းသားများ တက်ရောက်ခဲ့ကြသည်။

    “ပညာဆိုတာ နေရာတိုင်းမှာ လိုအပ်နေတာပါ၊ ဒီမိုကရေစီခေတ်မှာ ဒီမိုကရေစီ ပညာရေးပဲ ဖြစ်ရမယ်၊ ကျောင်းသားတွေကို စာသင်ကြားနေတဲ့ ဆရာ/ဆရာမတွေ ဟာလည်း ကျောင်းသူ ကျောင်းသားတွေနဲ့ အပြန်အလှန် ဆွေးနွေးရမယ်၊ ဆရာတွေ ပြောတာကိုပဲ ကျောင်းသား နားထောင်နေတာမျိုး မဖြစ်စေရဘူး၊ ကျောင်းသူ ကျောင်းသားတွေကို ပညာသင်ခွင့် ရွေးချယ်တဲ့အခါမှာလည်း ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် ရသင့်တယ်၊ ကျောင်းသားတွေ အားလုံးလည်း တန်းတူ အခွင့်အရေး ရသင့်ပါတယ်” ဟု ဒေါက်တာ စိုင်းခိုင်မျိုးထွန်း မှ ပြောကြားခဲ့ပါသည်။

    ထို့နောက် ၎င်းမှ ဆက်လက်ပြီး ကျောင်းသူ ကျောင်းသားများကို တစ်ဦးနှင့် တစ်ဦး စေ့စပ် ဆွေးနွေးခြင်းသည် ဒီမိုကရေစီ၏ စံနှုန်းဖြစ်ကြောင်း၊ ပညာရေးမှာ နောက်ကျနေတယ် ဆိုတာ မရှိသင့်ကြောင်း၊ ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ အရာရာကို ဖြေရှင်းရမည် ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများသည် ဘာသာရပ်များကို လွတ်လပ်စွာ ရွေးချယ်နိုင်ခွင့်ရှိပြီး အသင်းဖွဲ့စည်းများ ကိုလည်း လွတ်လပ်စွာ ဖွဲ့စည်းနိုင်ရမည် ဖြစ်ကြောင်း၊ ကျူရှင် ဆိုသည်မှာလည်း ကျောင်းသူ ကျောင်းသားများကို အမြတ်ထုတ်သည့် ကျူရှင်မျိုး မဖြစ်သင့်ကြောင်း၊ ကျောင်းသူ ကျောင်းသားများ ယခုလက်ရှိ အနာဂတ်တွင် ဖြစ်ပေါ် ကြုံတွေ့နေရသည့် ကိစ္စအ၀၀ တို့ကို အလေးပေး ဟောပြော ဆွေးနွေးခဲ့ပါသည်။

    “ယခုလို ဟောပြောပွဲကို လာရောက်တဲ့ ကျောင်းသားတွေရဲ့ ရင်ထဲမှာလည်း အရာတစ်ခုကို စွဲထင် ကျန်သွားမယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်။ သူတို့တွေ မသိသေးတာတွေလဲ သိရှိသွားတယ်။ သိနေတာတွေကိုလည်း ဒီမှာ ဖလှယ်လို့ ရနိုင်ခဲ့တယ်။ နောက်ကိုလည်း ဒီပွဲမျိုးတွေကို မကြာခဏ လုပ်သွားနိုင်ဖို့ ကြိုးစားသွားမှာပါ” ဟု ကျောင်းသားသမဂ္ဂ (တ.က.သ) မှ အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ကိုစည်သူမောင်မှလည်း ပြောကြားခဲ့ပါသည်။

  • အီရန်အပေါ်ထားရှိသည့် ပိတ်ဆို့မှု အချို့ အမေရိကန်နှင့် ဥရောပသမဂ္ဂ တို့မှ လျှော့ချ

    ဇန်နဝါရီ ၂၁၊ ၂၀၁၄
    M-Media

    EU and US ease some sanctions against Iran
    – နျူးကလီးယားအစီအစဉ်အား ရပ်တန့်ရန် ကိစ္စကို အီရန်နိုင်ငံ စတင်အကောင်အထည်ဖော်ခဲ့ပြီးနောက် ဥရောပသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့က အီရန်အပေါ်ထားရှိသည့် ပိတ်ဆို့မှုအချို့အား ဖြေလျှော့ပေးခဲ့သည်ဟု သိရသည်။

    ထိုဖြေလျှော့မှုများတွင် ရေနံနှင့် ပတ်သက်သည့် ဓာတုပစ္စည်းများနှင့် အဖိုးတန် ဓာတ်သတ္တုများ ကုန်သွယ်မှု၊ ရေနံပို့ဆောင်ရေးလုပ်ငန်းများအပေါ် အာမခံထားခြင်းများ ဆောင်ရွက်နိုင်မှုတို့ ပါဝင်သည်။

    အီရန်အနေဖြင့် နျူးကလီးယားအစီအစဉ်ရပ်တန့်ရန် ပဏာမ သဘောတူညီချက်အား အကောင်ထည်ဖော်ခဲ့သောကြောင့် အီရန်နိုင်ငံ၏ ရေနံတင်ပို့မှုကဏ္ဍအတွက် ပြုလုပ်ထားသော ပိတ်ဆို့မှုများအား ဖြေလျှော့ပေးရန် လိုအပ်သော လုပ်ငန်းများကို စီမံရေးဌာနမှ လုပ်ဆောင်ပြီးပြီဟု အမေရိကန် ဘဏ္ဍာရေးဌာနမှ ပြောကြားခဲ့သည်။

    ထို့ပြင် ယမန်နေ့က ထုတ်ပြန်ခဲ့သော ဥရောပသမဂ္ဂ၏ ကြေညာချက်တွင်လည်း အီရန်အပေါ်ထားရှိသည့် သောပိတ်ဆို့မှုအချို့အား ဖယ်ရှာခဲ့ပြီး စောင့်ကြည့် ကာလ ၆ လထားရှိမည်ဟု ဖော်ပြထားသည်။

    ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက အီရန်နှင့် အင်အားကြီးနိုင်ငံ ၆ နိုင်ငံတို့၏ နျူးကလီးယား သဘောတူညီချက်အရ နိုင်ငံအလယ်ပိုင်းရှိ နျူးကလီးယား သန့်စင်မှုလုပ်ငန်းအား အီရန်နိုင်ငံမှ ယမန်နေ့ အစောပိုင်းတွင် ရပ်တန့်ခဲ့ပြီး၊ နိုင်ငံတကာ နျူးကလီးယားအေဂျင်စီ IAEA ကလည်း ထိုကဲ့သို့ ရပ်တန့်ခဲ့မှုအား အတည်ပြုခဲ့သည်။
    Ref: aljazeera.