News @ M-Media

Blog

  • ကိုဗစ်မြင့်တက်လာသည့် ပါကစ္စတန်တွင် လော့ဒေါင်းပြန်ချ

    ကိုဗစ်မြင့်တက်လာသည့် ပါကစ္စတန်တွင် လော့ဒေါင်းပြန်ချ

    မေ ၉၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကူးစက်မှု မြင့်တက်လာတာကို တားဆီးဖို့အတွက် ပါကစ္စတန်နိုင်ငံဟာ မနေ့ကစတင်ပြီး ၉ ရက်တာ လော့ဒေါင်း ချလိုက်ပါတယ်။

    ပါကစ္စတန်နိုင်ငံမှာ ကိုဗစ်တတိယလှိုင်းကို ကြုံတွေ့နေရတာဖြစ်ပါတယ်။ ​နိုင်ငံတစ်ဝှမ်း စီးပွားရေးလုပ်ငန်းတွေအားလုံး ပိတ်ထားရမှာဖြစ်ပြီး၊ လူတွေကို အပြင်ထွက်ခွင့်လည်း ပေးတော့မှာ မဟုတ်ပါဘူး။

    ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေဟာ လာမယ့်တစ်ပတ်အတွင်း ဝါကျွတ်အီးဒ်ပွဲတော် ဆင်နွှဲမှာဖြစ်ပါတယ်။ ပါကစ္စတန်မှာ အီးဒ်ပွဲတော်အတွင်း လူသိန်းသန်းချီ နေရပ်ပြန်ကြတာတွေရှိပြီး အခုလော့ဒေါင်းမှာတော့ ဒီလို သွားလာမှုတွေကို တားမြစ်ထားပါတယ်။

    မနှစ်က ဝါကျွတ်အီးဒ်ပွဲတော်အပြီးမှာ ပါကစ္စတန်ဟာ ကိုဗစ်မြင့်တက်မှုဒဏ်ကို ခံစားခဲ့ရပါတယ်။

    နိုင်ငံအတွင်း ဆေးဘက်ဆိုင်ရာ အခြေခံအဆောက်အဦးနဲ့ ဆေးဝါးပစ္စည်း မလုံလောက်တာကြောင့် ကိုဗစ်တတိယလှိုင်း မကျော်ဖြတ်နိုင်မှာကို ပါကစ္စတန်အစိုးရက စိုးရိမ်နေပါတယ်။

    အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာလည်း ကိုဗစ်ဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရတဲ့အတွက် ဧပြီလကစပြီး လော့ဒေါင်းလုပ်ထားပါတယ်။

    Ref: Aljazeera

  • မလေးရှားတစ်နိုင်ငံလုံး ပြည်နယ်ကျော်၊ ခရိုင်ကျော် သွားလာ၍ မရတော့

    မလေးရှားတစ်နိုင်ငံလုံး ပြည်နယ်ကျော်၊ ခရိုင်ကျော် သွားလာ၍ မရတော့

    မေ ၉၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကူးစက်မှု မြင့်တက်လာတဲ့ မလေးရှားမှာ ပြည်နယ်ကျော်သွားလာမှု၊ ခရိုင်ကျော်သွားလာမှုကို တနင်္လာနေ့ကစတင်ပြီး အစိုးရက ပိတ်ပင်လိုက်ပါတယ်။

    ဒီပိတ်ပင်မှုဟာ ဇွန်လ ၆ ရက်နေ့အထိ ၄ ပတ်တာ ကြာမြင့်မှာဖြစ်ပြီး ပြည်နယ်ကျော်၊ ခရိုင်ကျော် သွားလာလိုတယ်ဆိုရင် ရဲတပ်ဖွဲ့ရဲ့ ခွင့်ပြုချက်ကို ရယူရမှာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ကိုဗစ်ကူးစက်မှု သိသိသာသာ မြင့်တက်လာတာကြောင့် မလေးရှားအစိုးရဟာ ကွာလာလမ်ပူ ပြည်ထောင်စုနယ်မြေအပါအဝင် ပြည်နယ်အချို့ကို လှုပ်ရှားသွားမှု ကန့်သတ်တဲ့ MCO အမိန့် ထုတ်ပြန်ထားပါတယ်။

    တစ်ချို့ဒေသတွေမှာတော့ သိပ်မတင်းကြပ်တဲ့ CMCO အမိန့်ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ပြည်နယ်ကျော်၊ ခရိုင်ကျော် သွားလာမှု ပိတ်ပင်တာကို တစ်နိုင်ငံလုံးအတွက် ထုတ်ပြန်တာပါ။

    MCO ထုတ်ပြန်ထားတဲ့ ဒေသတွေမှာ လူစုလူဝေးပြုလုပ်ခွင့် ပိတ်ပင်ထားပြီး၊ ကျောင်းတွေ၊ ​ဖျော်ဖြေရေးနေရာတွေ၊ စျေးတစ်ချို့နဲ့ ကုန်တိုက်တစ်ချို့ ပိတ်ထားရပါတယ်။ လာမယ့်တစ်ပတ်ကျရောက်မယ့် အီဒွလ်ဖိသီရ် ဝါကျွတ်အီးဒ်ကိုလည်း ကျင်းပခွင့် မပေးပါဘူး။

    CMCO ထုတ်ထားတဲ့ ဒေသတွေမှာတော့ ဝါကျွတ်အီးဒ် ပထမ ၃ ရက်ကို ကျင်းပခွင့်ပြုထားပြီး လူ ၂၀ ကနေ အများဆုံး ၂၅ ယောက်အထိသာ စုခွင့်ရမှာ ဖြစ်ပါတယ်။

    မလေးရှားမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နေ့စဉ် ကိုဗစ်ကူးစက်မှုအရေအတွက်ဟာ ၃ ထောင်ကျော် ရှိနေပြီး သေဆုံးမှုတွေလည်း ရှိနေပါတယ်။

    Ref: CNA

  • လန်ဒန်က မွတ်စလင်မြို့တော်ဝန် ဒုတိယအကြိမ် အရွေးခံရ

    လန်ဒန်က မွတ်စလင်မြို့တော်ဝန် ဒုတိယအကြိမ် အရွေးခံရ

    မေ ၉၊ ၂၀၂၁
    M-Media

    -ယူကေနိုင်ငံ လန်ဒန်မြို့က မွတ်စလင်မြို့တော်ဝန် ဆာဒစ်ခန်းဟာ ဒုတိယသက်တမ်းအတွက် ပြန်လည်ရွေးကောက်တင်မြှောက်ခံလိုက်ရပါတယ်။

    အတိုက်အခံ လေဘာပါတီက ဆာဒစ်ခန်းဟာ ၂၀၁၆ ခုနှစ်က လန်ဒန်မြို့တော်ဝန်အဖြစ် ပထမဆုံးအကြိမ် ရွေးကောက်တင်မြောက်ခံခဲ့ရတာပါ။ အခုရွေးကောက်ပွဲမှာ ထောက်ခံမဲအရေအတွက် ၅၅.၂ ရာခိုင်နှုန်း ရခဲ့ပြီး အာဏာရ ကွန်ဆာဗေးတစ်ပါတီက ရှောင်ဘီလီကို ၁၁ ရာခိုင်နှုန်းကျော် အသာနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

    “ကမ္ဘာပေါ်က ထိပ်တန်းမြို့တော်တစ်ခုကို ဆက်လက်ဦးဆောင်ဖို့ လန်ဒန်မြို့သူမြို့သားတွေက ကျွန်တော့်ကို ယုံကြည်ပေးတဲ့အတွက် တကယ့်ကို ကျေးဇူးတင်မိပါတယ်” လို့ ဆာဒစ်ခန်းက ပြောကြားခဲ့ပါတယ်။

    လူဦးရေ ၉ သန်းရှိတဲ့ လန်ဒန်မှာ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုဖန်တီးပေးမယ်ဆိုတဲ့ ကတိကဝတ်နဲ့ ဆာဒစ်ခန်းက မဲဆွယ်ခဲ့တာပါ။

    အခုဒုတိယသက်တမ်းမှာ ​မတူညီတဲ့လူ့အဖွဲ့အစည်းတွေအကြား ပေါင်းကူးပေးရေး၊ မြို့တော်ကောင်စီနဲ့ အစိုးရအကြား ဆက်ဆံရေး ပိုမိုကောင်းမွန်ရေး အာရုံစိုက် ဆောင်ရွက်သွားမယ်လို့လည်း ဆာဒစ်ခန်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “နိုင်ငံတော် ပြန်လည်ထူထောင်ရေး၊ ပိုမိုစိမ်းလန်းတဲ့မြို့၊ သာတူညီမျှရှိတဲ့ အနာဂတ်ကို တည်ဆောက်ရာမှာ လန်ဒန်ကို တစ်စိတ်တစ်ပိုင်း ပါစေချင်တယ်”

    ငယ်ငယ်က ရုန်းကန်ကြိုးစားလာခဲ့ရတဲ့ဘဝကို ဘယ်တော့မှ မမေ့ဘူးလို့လည်း အနိုင်ရမိန့်ခွန်းမှာ ခန်းက ပြောကြားခဲ့ပါတယ်။

    “မြို့တော်ကောင်စီကပေးတဲ့အိမ်ယာမှာ ကျွန်တော် ကြီးပြင်းလာရတယ်။ ပြောင်းရွှေ့အခြေချသူတွေက မွေးဖွားလာတဲ့ ကျွန်တော်ဟာ အလုပ်သမားလူတန်းစားက ဖြစ်ပါတယ်။ အခုတော့ ကျွန်တော် လန်ဒန်မြို့တော်ဝန်ဖြစ်နေပါပြီ။ လန်ဒန်သားဆိုတာ အမြဲတမ်း လန်ဒန်သားပါပဲ”

    Ref: Aljazeera

  • ရင်းနှီးမြှုပ်နှံမှုသစ် ၁၅ ခုကို လုပ်ကိုင်ခွင့်ပေးခဲ့သည်ဟု စစ်ကောင်စီ ထုတ်ပြန်

    ရင်းနှီးမြှုပ်နှံမှုသစ် ၁၅ ခုကို လုပ်ကိုင်ခွင့်ပေးခဲ့သည်ဟု စစ်ကောင်စီ ထုတ်ပြန်

    မေ ၉၊ ၂၀၂၁
    M-Media

    -စုစုပေါင်း အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံ တန်ဖိုးရှိတဲ့ စီးပွားရေးစီမံကိန်းသစ် ၁၅ ခုကို လုပ်ကိုင်ခွင့်ပေးလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

    မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က သောကြာနေ့မှာ ခွင့်ပြုပေးလိုက်တာလို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ ဝဘ်ဆိုက်မှာ လွှင့်တင်ထားပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး တစ်ဟုန်ထိုး ကျဆင်းနေတဲ့အချိန်မှာ ဒီလိုသတင်းမျိုး ထွက်ပေါ်လာတာပါ။

    ခွင့်ပြုလိုက်တဲ့ စီမံကိန်းတွေထဲမှာ ကန်ဒေါ်လာ ၂.၅ ဘီလီယံတန်တဲ့ ဓာတ်ငွေ့ရည် ဓာတ်အားပေးလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ပါဝင်တယ်လို့ ကြေငြာချက်က ဆိုပါတယ်။

    ဘယ်နိုင်ငံက ကုမ္ပဏီတွေ ဒီရင်းနှီးမြှုပ်နှံမှုကို ရရှိသွားလဲဆိုတာကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးလုပ်ထားတဲ့ နိုင်ငံတွေက တရုတ်၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့ ဖြစ်ပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေ၊ စစ်ကောင်စီရဲ့ ထင်ရာစိုင်း မူဝါဒတွေကြောင့် အခုနှစ်အတွင်း မြန်မာ့စီးပွားရေး ၂၀ ရာခိုင်နှုန်းလောက် ကျဆင်းမယ်လို့ နိုင်ငံတကာ စီးပွားရေးစောင့်ကြည့်မှုအဖွဲ့ Fitch Solutions က ခန့်မှန်းထားပါတယ်။

    Ref: The Straits Times

  • စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိတ်ပစ်ရသည့် စီးပွားရေးလုပ်ငန်းအရေအတွက် မြင့်တက်လာ

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိတ်ပစ်ရသည့် စီးပွားရေးလုပ်ငန်းအရေအတွက် မြင့်တက်လာ

    မေ ၇၊ ၂၀၂၁
    M-Media

    FILE PHOTO: Myanmar’s military junta leader, General Min Aung Hlaing, speaks in a media broadcast in Naypyitaw, Myanmar February 8, 2021 in this still image taken from video. MRTV/Reuters TV via REUTERS

    -စစ်တပ်က အာဏာသိမ်းမှု နောက်ဆက်တွဲ ဂယက်တွေကြောင့် မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေ လုံး၀ပိတ်သိမ်းရတာ၊ လုပ်ငန်းပမာဏ အကြီးအကျယ်လျော့ချရတာတွေ အများအပြား ဖြစ်လာတယ်လို့ သိရပါတယ်။

    မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြား ကုန်သည်ကြီးများအသင်း ၁၀ ခုက ပူးတွဲပြုလုပ်တဲ့ သုတေနမှာ ဒီလို တွေ့ခဲ့ရတာပါ။

    သုတေသနအတွင်း မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ ဂျပန်လုပ်ငန်း ၁၈၂ ခု၊ အနောက်နိုင်ငံက ၁၁၅၊ ပြည်တွင်းလုပ်ငန်း ၅၄ ခု၊ အာဆီယံနိုင်ငံတွေက စီးပွားရေးလုပ်ငန်း ၁၇ ခုကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

    ၁၃ ရာခိုင်နှုန်းက သူတို့လုပ်ငန်းတွေကို လုံး၀ ပိတ်ပစ်လိုက်ရတယ်လို့ ပြောခဲ့ပြီး၊ ၃ ပုံ ၁ ပုံက လုပ်ငန်းလုပ်ကိုင်မှုကို ၇၅ ရာခိုင်နှုန်းကျော် လျော့ချထားကြောင်း ဖြေကြားခဲ့ပါတယ်။

    ၅၀ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းအထိ လျော့ချထားရတဲ့ စီးပွားရေးလုပ်ငန်း​တွေက ၂၁ ရာခိုင်နှုန်း ရှိနေပြီး၊ လုပ်ငန်း လုံး၀ မထိခိုက်ဘူးလို့ ဖြေကြားခဲ့တဲ့ ကုမ္ပဏီကတော့ ၅ ရာခိုင်နှုန်း ရှိပါတယ်။

    လုပ်ငန်းတွေ ပိတ်သိမ်း၊ လျော့ချလိုက်ရတဲ့ အကြောင်းအရင်းတွေထဲမှာ ဘဏ်လုပ်ငန်းနဲ့ ငွေပေးချေမှုလုပ်ငန်း မလည်ပတ်နိုင်တာက ၇၇ ရာခိုင်နှုန်း၊ အင်တာနက် မရတာက ၇၀ ရာခိုင်နှုန်း၊ ဝန်ထမ်းတွေ လွတ်လပ်စွာ မသွားလာနိုင်တာက ၆၄ ရာခိုင်နှုန်း ပါဝင်ပါတယ်။

    သုတေသနမှာ ဖြေကြားခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ၃၃ ရာခိုင်နှုန်းက ၂၀၂၁ ခုနှစ်အတွင်း ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်တော့ဘဲ ရှိတာကိုပဲ လည်ပတ်မယ်လို့ ပြောခဲ့ပြီး၊ ၁၅ ရာခိုင်နှုန်းက လုပ်ငန်းတွေ လျော့မယ်လို့ ဖြေခဲ့ပါတယ်။ အခြေအနေကို စောင့်ကြည့်မယ်လို့ ဖြေခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေက ၃၉ ရာခိုင်နှုန်း ရှိပါတယ်။

    ကုန်သည်ကြီးများအဖွဲ့ ၁၀ ခုက ပူးတွဲထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဘဏ္ဍာရေးနှစ်ဖြစ်တဲ့ စက်တင်ဘာလအကုန်အထိ ဘာတိုးတက်မှုမှ မရှိဘူးဆိုရင် လုံး၀ ပိတ်သိမ်းရတဲ့ ဒါမှမဟုတ် လုပ်ငန်းတွေ လျော့ချရတဲ့ စီးပွားရေးလုပ်ငန်း အရေအတွက်ဟာ နှစ်ဆအထိ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

    မြေပြင်မှာ လုပ်ရကိုင်ရ ခက်ခဲတာ၊ စစ်အာဏာရှင်တွေရဲ့ အပုပ်နံ့နဲ့ ဆက်နွယ်ပြီး လုပ်ငန်းထိခိုက်နိုင်တဲ့အန္တရာယ် ရှိတာကြောင့် မိမိတို့လုပ်ငန်း မြန်မာနိုင်ငံမှာ ဆက်ရှိနေသင့်လားဆိုတာကို ဆန်းစစ်သုံးသပ်လာကြတဲ့ နိုင်ငံခြားကုမ္ပဏီ အရေအတွက်ဟာလည်း များပြားလာတယ်လို့ အစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

    လုပ်ငန်းရှင်တွေက အလုပ်ခန့်အပ်မှုစာချုပ်တွေ ဖျက်သိမ်းတာ၊ လခလျော့ချတွေကို လာမယ့်လတွေမှာ ပိုတွေ့လာရဖို့ရှိပြီး၊ ဒါမျိုးဖြစ်လာရင် လူမှုရေးအကျပ်အတည်း ကြာရှည်သွားတာ၊ လုပ်သားတွေရဲ့ နေထိုင်မှုအဆင့်အတန်းနဲ့ ဝယ်ယူနိုင်စွမ်း ကျဆင်းသွားတာ၊ အလုပ်လက်မဲ့ အကြီးအကျယ်ဖြစ်လာတာတွေ ကြုံရနိုင်တယ်လို့လည်း အစီရင်ခံစာမှာ သတိပေးခဲ့ပါတယ်။

    Ref: The Diplomat