News @ M-Media

အစ္စရေးလက်ချက်ကြောင့် ဂါဇာတွင်သေဆုံးသူ ၂၀၀ နီးပါး ရှိပြီ

မေ ၁၇၊ ၂၀၂၁
M-Media

-ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်ကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်နေတာ ၈ ရက်မြောက် ရှိသွားပြီဖြစ်ပြီး ကလေးငယ်တွေအပါအဝင် သေဆုံးသူအရေအတွက်ဟာလည်း ၁၉၈ ဦး ရှိလာပြီဖြစ်ပါတယ်။

တနင်္လာနေ့မနက်ပိုင်းက တိုက်ခိုက်မှုမှာပဲ အနည်းဆုံး ၄၂ ဦးသေဆုံးကာ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း ပါလက်စတိုင်းနေအိမ်တွေကို ဂျူးအခြေချသူတွေက လုယူသိမ်းပိုက်ခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းနဲ့ အစ္စရေးတို့အကြား တင်းမာမှုတွေ မြင့်တက်လာတာပါ။

ဒီလုယူမှုကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေက ဂျေရုစလင်မှာရှိတဲ့ အလ်အက္ကဆွာဗလီမှာ ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့က အင်အားသုံးဖြိုခွဲမှုကြောင့် လူ ၇၀၀ လောက် ဒဏ်ရာရခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်က ဂါဇာကနေ အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ ပြီးခဲ့တဲ့တစ်ပတ် တနင်္လာနေ့မှာ ပစ်ခတ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ အစ္စရေးက နေ့စဉ်ရက်ဆက် ဂါဇာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

လူနေအဆောက်အဦးတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေလည်း ရှိနေပြီး ဒီနေ့အထိ သေဆုံးသူ ပါလက်စတိုင်းအရေအတွက်က ၁၉၈ ဦး ရှိလာပြီဖြစ်ပါတယ်။ အဲဒီအထဲမှာ ကလေးငယ် ၅၈ ဦး ပါဝင်ပါတယ်။ ဒဏ်ရာရသူကတော့ ၁၃၀၀ ကျော်ပါပြီ။

အစ္စရေးကပိတ်ဆို့ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာလည်း အစ္စ​ရေးလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဂျူးအခြေချနေထိုင်သူတွေရဲ့ လက်ချက်ကြောင့် ပါလက်စတိုင်းတွေသေဆုံးမှု မြင့်တက်နေပါတယ်။

ဟားမက်စ်ကလည်း အစ္စရေးဖက်ကို ဒုံးကျည်တွေနဲ့ ပစ်နေပြီး ကလေးငယ် ၂ ဦး အပါအဝင် အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကတော့ ဂါဇာကို တိုက်ခိုက်မှုတွေ ဆက်လုပ်သွားမယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း တင်းမာမှုလျော့ချရေး မနေ့က အစည်းအဝေးလုပ်ခဲ့ပေမယ့် ကြေ​ငြာချက် မထုတ်နိုင်ခဲ့ပါဘူး။

အမေရိကန်ရဲ့နှောက်ယှက်မှုကြောင့် ကြေငြာချက်မထုတ်နိုင်ခဲ့တာလို့ တရုတ်က ပြောပါတယ်။

Ref: Aljazeera