News @ M-Media

Blog

  • နိုင်ငံခြားသားများကို ရဲများက ရှောင်တခင် စစ်ဆေးခွင့် မရှိဟု မလေးရှားချုပ်ပြော

    နိုင်ငံခြားသားများကို ရဲများက ရှောင်တခင် စစ်ဆေးခွင့် မရှိဟု မလေးရှားချုပ်ပြော

    မေ ၇၊ ၂၀၂၁
    M-Media

    မလေးရှားရဲချုပ် အဘ်ဒူလာ စာနီ

    -ဥပဒေအရေ ရဲတပ်ဖွဲ့ဝင်တွေဟာ နိုင်ငံခြားသားတွေကို ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ ရှောင်တခင် စစ်ဆေးတာမျိုး လုပ်ခွင့်မရှိဘူးလို့ မလေးရှားရဲတပ်ဖွဲ့ အကြီးအကဲ အက်ရဲလ် စာနီ အဘ်ဒူလာ စာနီက ပြောကြားလိုက်ပါတယ်။

    အင်္ဂါနေ့က ရဲချုပ်ဖြစ်လာတဲ့ အဘ်ဒူလာ စာနီဟာ ဒီကနေ့မှာ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့တာပါ။

    အာဏာအလွဲသုံးစားလုပ်ကာ နိုင်ငံခြားသားတွေအပေါ် အနိုင်ကျင့်တဲ့ ရဲတစ်ချို့ ရှိခဲ့ပြီး ဒါတွေကို တားဆီးသွားမယ်လို့ သူက ဆိုပါတယ်။

    “ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ နိုင်ငံခြားသားတွေကို ရှောင်တခင်စစ်ဆေးတဲ့ လုပ်ရပ်မျိုးကို ချက်ခြင်း ရပ်တန့်ဖို့ ကျွန်တော် အမိန့်ညွှန်ကြားချက် ထုတ်သွားမှာပါ။ လ၀ကက တုံးထုထားတဲ့ နိုင်ငံကူးလက်မှတ် ဒါမှမဟုတ် စာရွက်စာတမ်းက အတုလား၊ အစစ်လား စစ်ဆေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးတား၊ ရမန်နှစ်ပတ် ချုပ်ရက်ယူတာမျိုးကို ရဲတွေက သူတို့ သဘောနဲ့သူတို့ လုပ်ခွင့် မရှိပါဘူး”

    ဒီအမူအကျင့်တွေဟာ ရဲတွေ အာဏာအလွဲသုံးစားလုပ်လို့ရတဲ့ ကိစ္စတွေထဲက တစ်ခုဖြစ်တယ်လို့လည်း မလေးရှားရဲချုပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မလေးရှားရဲတပ်ဖွဲ့ကို ​ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်တဲ့ အဖွဲ့မျိုး၊ လူထုကို ဝန်ဆောင်မှုပေးတဲ့အဖွဲ့မျိုး ဖြစ်အောင် အာရုံစိုက် လုပ်ဆောင်သွားမယ်လို့လည်း အဘ်ဒူလာ စာနီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref : CNA

  • အာဖဂန်ရှိ ဒုတိယအကြီးဆုံးဆည်ကို တာလီဘန်က သိမ်းပိုက်

    အာဖဂန်ရှိ ဒုတိယအကြီးဆုံးဆည်ကို တာလီဘန်က သိမ်းပိုက်

    မေ ၇၊ ၂၀၂၁
    M-Media

    -အာဖဂန်နစ္စတန်က အမေရိကန်တပ်တွေ စတင်ထွက်ခွာနေတဲ့အချိန် နိုင်ငံရဲ့ ဒုတိယအကြီးဆုံး ဆည် Dahla Dam ကို တာလီဘန်တွေက သိမ်းပိုက်လိုက်ပါတယ်။

    ကန်ဒါဟာဒေသမှာရှိတဲ့ အဲဒီဆည်ကနေ ဒေသတွင်းက လယ်ယာတွေ၊ လူတွေအတွက် စိုက်ပျိုးရး၊ သောက်သုံးရေ ပေးနေတာဖြစ်ပါတယ်။ တာလီဘန်တွေဟာ ဒီဆည်ရရှိရေး တိုက်ခိုက်နေတာ သီတင်းပတ်အနည်းငယ် ကြာနေပါပြီ။

    တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ကာရီ ယူစွဖ် အဟ်မဒီက ဆည်ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ စစ်ကူတောင်းခဲ့ပေမယ့် ဆည်ကိုတော့ ပြန်မရခဲ့ဘူးလို့ အာဖဂန်အစိုးရ တာဝန်ရှိသူတွေက အတည်ပြုပါတယ်။

    ကန်ဒါဟာပြည်နယ်နဲ့ကပ်ရပ် ဟဲလ်မန်းပြည်နယ်မှာလည်း တာလီဘန်က တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။

    Dahla ဆည်ဟာ လွန်ခဲ့တဲ့ နှစ် ၇၀ အရင်က အမေရိကန်ကနေ ဆောက်ပေးထားတာဖြစ်ပြီး ကန်ဒါဟာပြည်နယ်က ခရိုင် ၇ ခုကို ရေပေးဝေဖို့ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ကတည်းက ဆည်ရဲ့ ရေသိုလှောင်မှု တိုးချဲ့မယ့် စီမံကိန်း ဖော်ဆောင်ဖို့ အာရှဖွံ့ဖြိုးရေးဘဏ်ကနေ ကန်ဒေါ်လာ သန်း ၃၅၀ ထုတ်ချေး ထားပါတယ်။

    နှစ်ပေါင်း ၂၀ နီးပါး တပ်စွဲထားတဲ့ အမေရိကန်တပ်တွေဟာ စက်တင်ဘာ ၁၁ ရက်နေ့ နောက်ဆုံးထားကာ အာဖဂန်နစ္စတန်ကနေ ရုပ်သိမ်းမှာဖြစ်ပြီး ပြီးခဲ့တဲ့လမှာ စတင် ဆုတ်ခွာခဲ့ကြပါတယ်။

    အာဖဂန်အစိုးရနဲ့ တာလီဘန်တို့အကြား ဆွေးနွေးမှုတွေ လုပ်ဆောင်နေပေမယ့် သိသာတဲ့ တိုးတက်မှုမျိုး မရသေးပါဘူး။

    Ref: Alarabiya

  • လာမယ့်တစ်ပတ် ကမ္ဘာပေါ်ကျမည့် တရုတ်ဒုံးပျံအပိုင်းအစ လူများအတွက် အန္တရာယ်ရှိနိုင်

    လာမယ့်တစ်ပတ် ကမ္ဘာပေါ်ကျမည့် တရုတ်ဒုံးပျံအပိုင်းအစ လူများအတွက် အန္တရာယ်ရှိနိုင်

    မေ ၇၊ ၂၀၂၁
    M-Media

    -တရုတ်နိုင်ငံက ဧပြီလနှောင်းပိုင်းမှာ လွှတ်တင်ခဲ့တဲ့ ဒုံးပျံအခွံဟာ လာမယ့်တစ်ပတ်အတွင်း ကမ္ဘာပေါ်ကို အရှိန်နဲ့ကျလာဖို့ ရှိနေပြီး လူနေဒေသတွေအပေါ် ပြုတ်ကျရင် အန္တရာယ်ရှိနိုင်တယ်လို့ ပညာရှင်တွေက သတိပေးလိုက်ပါတယ်။

    Long March 5B လို့ အမည်ပေးထားတဲ့ အဲဒီ ဒုံးပျံကို အာကာစခန်းတည်ဆောက်မယ့် ပထမဆုံးအစိတ်အပိုင်း ပို့လွှတ်မှုမှာ တရုတ်က သုံးခဲ့တာပါ။

    အဲဒီဒုံးပျံအခွံဟာ လက်ရှိ ကမ္ဘာပတ်လမ်းကြောင်းမှာ လည်နေပြီး တစ်ဖြည်းဖြည်းနဲ့ ကမ္ဘာ့လေထုထဲကို ဝင်ရောက်ကာ အရှိန်နဲ့ ပြုတ်ကျလာဖို့ ရှိနေတာ ဖြစ်ပါတယ်။

    အလေးချိန်ကြီးမားတဲ့ ဒီလိုအရာ ပြုတ်ကျလာမှုကို ထိန်းချုပ်လို့မရသလို၊ ဘယ်နေရာကျမယ်ဆိုတာလဲ ခန့်မှန်းလို့ မရပါဘူး။

    အမေရိကန်က အခြေအနေကို စောင့်ကြည်နေပေမယ့် ပစ်ချဖို့ အစီအစဉ်မရှိဘူးလို့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

    “ဘယ်သူ့ကိုမှ မထိခိုက်မယ့်နေရာကို ကျမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ သမုဒ္ဒရာ ဒါမှမဟုတ် တစ်ခြားတစ်နေရာရာကိုပေါ့” လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်က ပြောကြားခဲ့ပါတယ်။

    တရုတ်နိုင်ငံအနေနဲ့ ဒီလို ဖြစ်လာနိုင်တယ်ဆိုတာမျိုးကို အစကတည်းက ထည့်သွင်းစဉ်းစားသင့်တယ်လို့လည်း သူက ဝေဖန်ခဲ့ပါတယ်။

    တရုတ်နိုင်ငံပိုင် သတင်းဌာနကတော့ ဒီဒုံးပျံဟာ လူတွေနေထိုင်ရာနေရာကို ကျမှာမဟုတ်ဘဲ နိုင်ငံတကာရေပိုင်နက်ထဲက တစ်နေရာရာကို ကျမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    တရုတ်အာကာသပညာရှင် ကျုံးဖျင်က မိမိတို့ ဒီအခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး အထိအခိုက်မဖြစ်အောင် လိုအပ်သလို ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၂၀ ခုနှစ်တုန်းက တရုတ်ရဲ့ အာကာသယာဉ်လွှတ်တင်တဲ့ Long March 5B ဒုံးပျံအခွံဟာ အိုက်ဗရီကို့စ်နိုင်ငံက ကျေးလက်ဒေသတစ်ခုကို ကျရောက်ခဲ့ပါသေးတယ်။

    Ref: BBC

  • NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘယ်လောက်အထိ အောင်မြင်နိုင်သလဲ

    NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘယ်လောက်အထိ အောင်မြင်နိုင်သလဲ

    မေ ၆၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံရဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ ‘ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)’ ဖွဲ့စည်းကြောင်း မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ကို ထောက်ခံတဲ့သူတွေ တိုက်ခိုက်ခံရမှုက​နေ ကာကွယ်ပေးဖို့နဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီအစိုးရကို စုစုစည်းစည်းနဲ့ ဆန့်ကျင်ဖို့ ဖြစ်ပါတယ်။

    ဒီတပ်ဖွဲ့ဟာ ဖက်ဒရယ်စစ်တပ်ဖွဲ့စည်းရေး ရှေ့ပြေးဖြစ်တယ်လို့ NUG က ထုတ်ပြန်တဲ့ကြေငြာချက်မှာ ဖော်ပြထားပြီး၊ ‘နှစ်ပေါင်း ၇၀ ကြာမြင့်နေတဲ့ ပြည်တွင်းစစ် အဆုံးသတ်နိုင်ရေး လုံခြုံရေးကဏ္ဍကို ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့’ မိမိတို့မှာ တာဝန်ရှိတယ်လို့လည်း ကြေငြာချက်က ဆိုပါတယ်။

    “ကျမတို့ ဒီနေ့ မေလ ၅ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ကို စဖွဲ့လိုက်ပါတယ်၊ တကယ်တော့ ဒီတပ်ကို ကာလအတော်ကြာကတည်းက စတင်ဖွဲ့စည်းထားတာပါ၊ လူအင်အား လက်နက် အင်အားဆိုတဲ့နေရာမှာ လေ့ကျင့်ရေးက အရေးကြီးတာကြောင့် လေ့ကျင့်ရေးအတွက် အများကြီး ပြင်ဆင်ထားပြီးဖြစ်ပါတယ်” လို့ NUG ရဲ့ ဒုတိယ ကာကွယ်ရေးဝန်ကြီး ဒေါ်ခင်မမမျိုးက RFA သတင်းဌာနကို ပြောပါတယ်။ သူတို့ရဲ့ဝန်ကြီးဌာနအောက်မှာ ‘လက်နက်ရရှိရေးဌာန’ ကို ဖွဲ့စည်းထားပြီးဖြစ်တယ်လို့လည်း သူမက ဆိုပါတယ်။

    PDF ဟာ အာဏာသိမ်းအဖွဲ့က အဓမ္မ ဖြုတ်ချလိုက်တဲ့ NLD အစိုးရ လွှတ်တော်အမတ်တွေ ဖွဲ့စည်းထားတဲ့ CRPH အပါအဝင် စစ်ကောင်စီကို ဆန့်ကျင်တဲ့ အဖွဲ့တွေက ဧပြီလ ၁၆ ရက်နေ့မှာ ဖွဲ့စည်းလိုက်တဲ့ NUG ရဲ့ လက်နက်ကိုင်အဖွဲ့ ဖြစ်လာမှာ ဖြစ်ပါတယ်။

    NUG ဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ရရှိရေး စစ်ကောင်စီနဲ့ ​ယှဉ်ပြိုင်ဖို့ ရည်ရွယ်နေပြီး၊ အန္တိမရည်မှန်းချက်က ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေး၊ စစ်တပ်ကို မြန်မာ့နိုင်ငံရေးကနေ ဖယ်ထုတ်ရေး၊ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ ဖြစ်ပါတယ်။ NUG ရဲ့ ကြေငြာချက်မှာတော့ PDF ဟာ မြန်မာနိုင်ငံက များပြားလှတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ပူးပေါင်းပြီး ဘုံရပ်တည်ချက်အောင်မြင်အောင် စစ်ကောင်စီတပ်ကို တိုက်ခိုက်နိုင်မယ့် ဖက်ဒရယ်စစ်တပ် ပေါ်ပေါက်လာရေးအတွက် ရှေ့ပြေးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ပြည်မကိုဆန့်ကျင်တဲ့ တိုင်းရင်းသားလူနည်းစုတွေရှိရာ မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသတွေမှာ ကာလအတော်ကြာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခကို ပိုမိုဆိုးရွားသွားစေခဲ့ပါတယ်။ ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာပြီး စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ထောင်နဲ့ချီတဲ့ပြည်သူတွေ အိုးအိမ်စွန့်ခွာကာ ထိုင်းနိုင်ငံဖက်ကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးရတာတွေ ဖြစ်လာပါတယ်။ အခုသီတင်းပတ်အစောပိုင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်ဖက်ရဟတ်ယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ KIO က သတင်းထုတ်ပြန်ပါတယ်။

    ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် အချို့တိုင်းရင်းသား လက်နက်ကိုင်တွေက စစ်တပ်ရဲ့ ဖိနှိပ်ညှမ်းပမ်းမှုကြောင့် ပြည်မကနေ ထွက်ပြေးလာရတဲ့ တက်ကြွလှုပ်ရှားသူတွေကို နေစရာပေးတာ၊ စစ်သင်တန်းပေးတာတွေ လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံရဲ့ တစ်ခြားနေရာတွေမှာ အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းတာကြောင့် ဒေသခံအခြေပြု ပြည်သူ့စစ်အဖွဲ့တွေ ပေါ်ပေါက်လာပြီး စစ်သားတွေ အထိနာအောင် တော်လှန်တိုက်ခိုက်တာမျိုး ရှိလာပါတယ်။

    လတ်တလော ဖြစ်ပေါ်တိုးတက်မှုတွေအားလုံးကို ခြုံကြည့်လိုက်ရင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ စစ်တပ်ကို ဆန့်ကျင်တဲ့ အရင်က နိုင်ငံတစ်ဝှမ်းမှာ ရှိပြီးသားတော်လှန်ရေးကို အသုံးချပြီး စည်းလုံးညီညွတ်မှုဖော်ဆောင်ဖို့ PDF က ရည်ရွယ်နေတယ်ဆိုတာကို ပြနေပါတယ်။

    ပြောရရင် တပ်မတော်လို့ခေါ်တဲ့ မြန်မာစစ်တပ်ဟာ အာရှမှာ စစ်လက်နက်ပစ္စည်း အပြည့်အစုံ တပ်ဆင်ထားတဲ့ စစ်တပ်တွေထဲက တစ်ခုဖြစ်သလို နိုင်ငံတစ်ဝှမ်းက တိုင်းရင်းသားလက်နက်ကိုင်အင်အား အားလုံးထက် အဆများစွာ အင်အားကြီးပါတယ်။ ခန့်မှန်းတွက်ချက်မှုတစ်ခုအရ တိုင်းရင်းသားလက်ကိုင်အရေအတွက် စုစုပေါင်း ၇၅၀၀၀ ကနေ ၇၈၀၀၀ လောက်သာ ရှိပြီး မြန်မာစစ်တပ်ရဲ့အင်အားက ၃ သိန်းခွဲဝန်းကျင် ရှိနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မြို့ပြမှာ ပြည်သူတွေက ဆန္ဒပြနေကြတဲ့အချိန် နိုင်ငံရဲ့ အစွန်းအဖျားဒသေတွေမှာ တိုင်းရင်းသားတွေက ပူးပေါင်းထိုးစစ်ဆင်တာမျိုး လုပ်ပြီး၊ စစ်ကောင်စီအပေါ် နိုင်ငံတကာက မထောက်ခံစေရေး ရည်ရွယ်တဲ့ နိုင်ငံရေးအရ ကြိုးပမ်းအားထုတ်မှုတွေ ထပ်ပိုးပေးလိုက်ရင် စစ်တပ်ရဲ့လွှမ်းမိုးမှု ကျဉ်းမြောင်းသွားနိုင်ပါတယ်။

    PDF ကနေ ဖက်ဒရယ်စစ်တပ် အောင်မြင်စွာ ဖွဲ့စည်းရေး၊ တပ်မတော်ကို ခြိမ်းခြောက်ဖို့ လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုအဆင့်တစ်ခုရဖို့ တိုက်တွန်းအားပေးရေး လုပ်ဆောင်ဖို့ သွားရမယ့်ခရီးက ရှည်လျားပါတယ်။ ပြီးခဲ့တဲ့ ၃ လကို ကြည့်ရင် စစ်တပ်နဲ့ သူတို့ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တယ်ဆိုတဲ့ ဘုံသဘောထားမှာ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင် အများစုက သွားတူကြပါတယ်။ ဒါပေမယ့် အပြုသဘောဆောင်တဲ့ ရည်ရွယ်ချက်တွေကို သူတို့ကြားမှာ ဘယ်လောက်အထိ ညီအောင်ညှိနှိုင်မလဲဆိုတာကတော့ သိပ်မရေရာသေးပါဘူး။

    အဖွဲ့အစည်းတစ်ခုချင်းစီတိုင်းမှာ ကိုယ်ပိုင်ရည်မှန်းချက်တွေ၊ ပင်ကိုယ်အရည်အသွေးတွေ၊ ပြည်မနဲ့ ထိတွေ့ဆက်ဆံတဲ့ သမိုင်းကြောင်းတွေ ရှိကြပါတယ်။ KIA နဲ့ KNU တို့က NGU နဲ့ အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုကို တက်တက်ကြွကြွ ထောက်ခံအားပေးပေမယ့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ အခြားအဖွဲ့တွေက​တော့ ပါးစပ်က ထောက်ခံတယ်ပြောကာ လက်တွေ့မှာ ထင်သာမြင်သာတဲ့ ဆောင်ရွက်မှုမျိုး မတွေ့ရပါဘူး။ မြန်မာနိုင်ငံအနောက်ပိုင်းက ထင်ရှားတဲ့ AA နဲ့ အခြားအဖွဲ့တွေကလည်း NUG နဲ့ အရင် NLD အစိုးရတို့အပေါ်မှာ မယုံကြည်မှု ရှိနေတုန်းပါ။

    ဒီလို မတူညီတဲ့ အဖွဲ့အစည်းတွေ တူညီတဲ့ ဘုံရပ်တည်ချက် ရရှိအောင် ချဉ်းကပ်ဆောင်ရွက်ရာမှာ ကာလရှည် အသေးစိတ် ညှိနှိုင်းဆွေးနွေးရတာမျိုး ရှိလာမှာပါ။

    စစ်ကောင်စီအပေါ် လက်နက်ရောင်းချမှု ပိတ်ပင်ဖို့ ကမ္ဘာတစ်ဝှမ်း အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်လောက်က ဗုဒ္ဓဟူးနေ့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုက်တွန်းတဲ့ အချိန်နဲ့ တိုက်ဆိုင်စွာပဲ NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းမှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

    အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီဟာ ကလေးငယ်တွေ၊ လမ်းသွားလမ်းလာတွေ အပါအဝင် အနည်းဆုံး လူပေါင်း ၇၆၉ ဦးကို သတ်ဖြတ်ပြီး “လူ့အသက်ပေါ် တန်ဖိုးမထားမှု” ကို ပြသ​နေတာကြောင့် ဒီလိုအခြေအနေမျိုးမှာ “ဘယ်နိုင်ငံကမှ စစ်ကောင်စီကို ကျည်ဆံတစ်တောင့် မရောင်းသင့်ဘူး” လို့ ဒီအဖွဲ့အစည်းတွေက ပြောကြားခဲ့ပါတယ်။

    လက်နက်ရောင်းချမှု ပိတ်ပင်တာဟာ စစ်တပ်ရဲ့ အကြမ်းဖက်မှုမြင့်တက်လာတဲ့အပေါ် လုံခြုံရေးကောင်စီက အရေးယူဆောင်ရွက်ရမယ့် အနိမ့်ဆုံးအဆင့် ဖြစ်တယ်လို့လည်း ဒီအဖွဲ့အစည်းတွေက ဆိုပါတယ်။

    Ref: The Diplomat

    (The Diplomat တွင် ဖော်ပြထားသည့် Can Myanmar’s New ‘People’s Defense Force’ Succeed? ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • တန်ဖိုးကြီးမြေရှားသတ္ထုများ တရုတ်ထံ အလွန်အကျွံထုတ်ရောင်း၍ စစ်ကောင်စီက ငွေရှာဖွယ်ရှိ

    တန်ဖိုးကြီးမြေရှားသတ္ထုများ တရုတ်ထံ အလွန်အကျွံထုတ်ရောင်း၍ စစ်ကောင်စီက ငွေရှာဖွယ်ရှိ

    မေ ၅၊ ၂၀၂၁
    M-Media

    -ကချင်ပြည်နယ်က တန်ဖိုး​ကြီး မြေရှားသတ္တုတွေ တရုတ်ဖက်ကို တရားမဝင် တင်ပို့မှုဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၅ ဆ အထိ မြင့်တက်လာပြီး စစ်ကောင်စီက ဒီတင်ပို့မှုကနေ ဝင်ငွေအမြောက်အများ ရှာနေတာမျိုး ဖြစ်နိုင်တယ်လို့ မြန်မာ့အရေး ​လေ့လာစောင့်ကြည့်သူတွေက ပြောကြားလိုက်ပါတယ်။

    မြေရှားသတ္တုဟာ အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်ရေးမှာ အလွန်အရေးပါတဲ့ ပစ္စည်းဖြစ်ပြီး မြန်မာနိုင်ငံက မြေရှားသတ္တုကို တရုတ်နိုင်ငံက အဓိက ထုတ်ယူသုံးစွဲနေတာ ဖြစ်ပါတယ်။ ကချင်ပြည်နယ် ပန်ဝါမြို့နဲ့ ချီဖွေမြို့က မြေရှားသတ္တုတွင်း​ကို တရုတ်နိုင်ငံသားတွေက လုပ်ကိုင်နေတာပါ။

    “အာဏာမသိမ်းခင်တုန်းက တစ်ရက်ကို ထရပ်ကား တစ်စီး၊ နှစ်စီးစာလောက် သယ်တာကို တွေ့ရတယ်။ အခုတော့ သိပ်ပြီး ဂရုတစ်စိုက် မကြည့်တာ​တောင်မှ ၁၀ စီး ၁၅ စီးလောက် သယ်နေတာကို တွေ့ရပါတယ်” လို့ ချီဖွေမှာရှိတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

    ဓာတ်မြေဩဇာအိတ်တွေနဲ့ မြေရှားသတ္ထုတွေကို သယ်နေတာလို့လည်း သူက ဆိုပါတယ်။

    ကချင် စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်တဲ့ TANK က ဒီလိုထုတ်ယူမှုဟာ အရပ်သားအစိုးရ ပြုတ်ကျသွားပြီးတဲ့နောက်ပိုင်း ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီး နေ့ရော ညပါ ဖြစ်နေတယ်လို့ ဆိုပါတယ်။

    မိုင်းတွင်းဒေသဟာ စစ်ကောင်စီကို သစ္စာခံတဲ့ နယ်ခြားစောင့်တပ်တွေ၊ ပြည်သူ့စစ်အဖွဲ့တွေ ထိန်းချုပ်တဲ့ ဒေသတွေမှာ ရှိတာပါ။

    လူ့အခွင့်အရေးအဖွဲ့ Global Witness က တက်ကြွလှုပ်ရှားသူ ကလာရီ ဟမ်မွန်းက မတည်ငြိမ်တဲ့ နယ်စပ်ဒေသတွေမှာ စစ်တပ်ဟာ ‘အပစ်ရပ် အရင်းရှင်ဝါဒ’ ကို ကျင့်သုံးနေပြီး ပြည်သူ့စစ်အဖွဲ့တွေကို တရားမဝင် ​မြေရှားသတ္တု တင်ပို့ခွင့်ပေးထားကာ အပြန်အလှန်အားဖြင့် လက်နက်စွန့်ခိုင်းတာ၊ လုံခြုံရေးတာဝန်ယူခိုင်းတာတွေလုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၂၀ ခုနှစ် မြန်မာနိုင်ငံက မြေရှားသတ္ထု ထုတ်ယူမှုဟာ ကမ္ဘာတစ်ဝှမ်း ထုတ်လုပ်မှုရဲ့ ၃၉ ရာခိုင်နှုန်း ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စီးပွားရေးအဖွဲ့ (IEM) က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    တရုတ်နိုင်ငံဟာ သူတို့လိုအပ်နေတဲ့ မြေရှားသတ္တုရဲ့ ထက်ဝက်ခန့်ကို မြန်မာနိုင်ငံကနေ ထုတ်ယူပြီး ပြန်လည်သန့်စင်ကာ ကမ္ဘာကို ပြန်ရောင်းတာ ဖြစ်ပါတယ်။

    ကချင်ပြည်နယ် ပန်ဝါမြို့နဲ့ ချီဖွေမြို့တွေမှာ မြေရှားသတ္တုတွင်း ၁၀၀ ကျော် ရှိတယ်လို့ သဘာပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းတွေက ခန့်မှန်းထားပါတယ်။ ကချင်ဒီမိုကရက်တစ်တပ်ဖွဲ့သစ် (NDAK) ထိန်းချုပ်တဲ့ တရုတ်နယ်စယ်နားမှာ မကြာခင်ကပဲ မြေရှားသတ္တုတွင်း ၁၀ ခုကျော် တွေ့ရှိခဲ့ပါသေးတယ်။

    ဒီမိုင်းတွင်းတွေကို တူးဖော်ထုတ်ယူမှုကြောင့် သဘာ၀ပတ်ဝန်းကျင် ပျက်ဆီးတာ၊ မြေအောက်ရေ၊ ပင်လယ်ရေ ညစ်ညမ်းတာတွေ ဖြစ်ပေါ်နေတယ်လို့ ကချင်အခြေစိုက် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ Kachin State Working Conservation Group က ပြောပါတယ်။

    Ref: Asia Times