News @ M-Media

Blog

  • တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    ဇန်နဝါရီ ၁၃ ၊ ၂၀၁၄
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    ဒီတစ်ပါတ် နည်းပညာသတင်းတွေမှာတော့ အမေရိကန်Las Vegas မြို့မှာ ကျင်းပတဲ့ Consumer Electronics Show (CES) မှ ထုတ်ဖေါ် ပြသကြတဲ့ ပစ္စည်း အသစ်တွေအကြောင်းက လွှမ်းမိုးထားပါတယ်။

    Panasonic, Samsung နဲ့LG တို့က ခလုပ်နှိပ်၍ လိုသလို ကွေးညွတ်နိုင်တဲ့ မျက်နှာပြင်နဲ့ ultra HD အရည်အသွေး ရှိတဲ့ ပုံထွက် အရည်အသွေး ရှိတဲ့ တီဗွီများကို ပြသခဲ့ပါတယ်။
    1

    Intel ကုမ္ပဏီ ကတော့ နည်းပညာ အသစ်များစွာ ပြသခဲ့ပါတယ်။ Intel ရဲ့ နည်းပညာသစ်တွေကတော့ − Laptop တစ်လုံးမှာ Windows နဲ့ Linux နှစ်မျိုး ထည့်သွင်းထားခဲ့ရင် ခလုပ် တစ်ချက်နှိပ်ရုံနဲ့ စက္ကန့်ပိုင်း အတွင်း OS  ပြောင်းလဲ ပေးနိုင်တဲ့ Dual OS နည်းပညာ ၊ Einstein လို့ အမည်ပေးထားတဲ့ နည်းပညာကတော့ Pentium အဆင့်ရှိတဲ့ ကွန်ပြူတာကို SD card အရွယ်ချုံ့ထားလို့ ဆိုပါတယ်။ ၎င်း Einstein chip ကို အိမ်သုံး ပစ္စည်း အမျိုးမျိုး နဲ့ လသားအရွယ် ကလေး အင်္ကျီမှာပါ ထည့်သွင်း အသုံးချပြခဲ့ပါတယ်။ ကလေး အင်္ကျီကို Nursery 2.0 လို့ အမည်ပေးထားပြီး ကလေးငယ်ရဲ့ လိုအပ်ချက်ကို အချက်ပြပေးမှာ ဖြစ်ပါတယ်။  Intel ရဲ့ထုပ်ကုန် အသစ်တွေမှာ Smart Earphone ၊ smart နာရီ တစ်မျိုးနဲ့ မိုဘိုင်လ်းဖုန်းတွေကို ထည့်ထားရုံနဲ့ အာသွင်းပေးမယ့် ပုဂံလုံး တစ်မျိုးလည်း ပါဝင်ပါတယ်။
    intel

    Sony ထုပ်ကုန် အသစ်တွေမှာ တော့ HDR-AS100V လို့ခေါ်တဲ့ မီးချစ်ဘူးအရွယ်ထက်နဲနဲသာကြီးတဲ့ ကင်မရာလေးတွ ဖြစ်ပါတယ်။ ဒီကင်မရာလေးတွေကို လက်မှာပတ်လို့ရတဲ့ screen ကနေ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ် Sony ထုပ်ကုန် ကတော့ ဦးခေါင်းပေါ်မှာ ဝတ်ဆင်နိုင်တဲ့ head-mounted display ဖြစ်ပါတယ်။ ဗွီဒီယိုဂိမ်း ကစားတဲ့အခါ virtual reality ခံစားခက်ကိုရနိုင်မှာ ဖြစ်ပါတယ်။ Sony ရဲ့ FDR-AX100 ဗွီဒီယို ကင်မရာငယ်လေးကတော့ 4K အရည်အသွေးရအောင် ရိုက်ကူးနိုင်ပြီး $၂၀၀၀ နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

    Oledcomm ရဲ့ LiFi technology ကတော့  မိုဘိုင်လ်းဖုန်းတွေကို အလင်းရောင်နဲ့ အချက်အလက်ဆက်သွယ် ပို့လွှတ်နိုင်တဲ့ နည်းပညာ ဖြစ်ပါတယ်။ ကား ကုမ္ပဏီAudi ကတော့ လေဆာမီးအားကို အသုံးချတဲ့ ကားမီးလုံး ဖြစ်ပါတယ်။ Vizio ရဲ့ 4K TV ကတော့ ၁၂၀ လက်မ ရှိတဲ့အတွက် Samsung ရဲ့ ၁၁၀ လက်မ 4K TV ကို သာလွန်ပြီး ဈေးနှုန်းအရလည်း ၉၉၉ဒေါ်လာ ဖြစ်တဲ့အတွက် ပိုမို သက်သာပါတယ်။   smart နာရီ ထုပ်လုပ်တဲ့ Pebble ကလည်း နာရီသစ် Pebble Steel ကို ပြသခဲ့ပါတယ်။
    pubble

    Neptune Pine ရဲ့ Smart Watch ကတော့ နာရီ သက်သက်သာမဟုတ်ပဲ Smart ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။၂.၅ screen နဲ့ android 4.1 ကို အသုံးပြုထားပြီး processor ကတော့ 1.2Ghz dual-core snapdragon ဖြစ်ပါတယ်။ 16GB ပမာဏနဲ့ဆို  $335 ဖြစ်ပြီး 32GB ဆိုရင် 395$  နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။  Neptune Pine မှာ ကျန်းမာရေးအတွက် နှလုံးခုန်နှုန်းလည်း တိုင်းတာပေးနိုင်ပြီး နာရီကဲ့သို့သာမက လက်ပတ်ကြိုးမှ ဖြုတ်ကာ နောက်ကြောမှ  ၅ mega pixel ကင်မရာနဲ့ ဓါတ်ပုံရိုက်ခြင်း ဖုန်းပြောခြင်း လုပ်နိုင်သလို အရှေ့ဘက်ကင်မရာနဲ့ web chat လည်း လုပ်နိုင်မှာ ဖြစ်ပါတယ်။ ယခုလက်ရှိ model ထက် အဆင့်မြင့်တဲ့ model အသစ်ကို မတ်လခန့်မှာ ထုတ်လုပ်မှာ ဖြစ်ပါတယ်။
    Neptunepine
    Kolibree smart သွားတိုက်တံကတော့ ပုံမှန် သွားတိုက်တဲ့အခါမှာ သွားနဲ့ ခံတွင်းရဲ့  ကျန်းမာရေးအခြေအနေကို ဖုန်းမှာ ပြသပေးမှာဖြစ်ပါတယ်။ သွားတိုက်တဲ့ အလေ့အထနဲ့ မှန်ကန်တဲ့ သွားတိုက်နည်းအတွက် အကောင်းဆုံး လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။

    conn-brush

    −−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−

    အရိုးပွခြင်းရဲ့အဖြေကို ဆင်ငါးမန်းမှာရှာမည်

    Max Planck Institute of Immunobiology နဲ့ ဂျာမဏီက Epigenetics တို့ရဲ့ ပူးပေါင်းလေ့လာမှုအရ ဆင်ငါးမန်း ရဲ့ မျိုးရိုးဗီဇ ကိုနားလည်းခြင်းဖြင့် အရိုးပွရောဂါကို ကုသနိုင်မယ့် လမ်းစ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဆင်ငါးမန်းတွေရဲ့ ထူးခြားချက်ကတော့ T-helper lymphocytes တွေ မရှိခြင်းပဲ ဖြစ်ပါတယ်။ သာမန်သတ္တဝါတွေမှာ  T-helper cells တွေဟာ ခုခံအားစံနစ်အတွက် မရှိမဖြစ် ဖြစ်ပါတယ်။ အရိုးနုတွေနဲ့ အဓိက တည်ဆောက်ထားတဲ့ အရိုးအဆစ်တွေရှိတဲ့ ဆင်ငါးမန်းမှာ ရဲ့ မျိုးရိုးဗီဇကို ဆက်လက်လေ့လာပြီး အရိုးပွရောဂါကို ကုသနိုင်ဖို့ လမ်းစကို တွေရှိနိုင်တယ်လို့ ဆိုပါတယ်။
    shark

    ————————–————————–——-

    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် M-Media ခွင့်ပြုချက်မရှိဘဲ အသုံးပြုခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]

  • တမန်တော်မြတ်မုဟမ္မဒ် ဖွားမြင်သန့်စင်နေ့အထိမ်းအမှတ် တရားမျှတခြင်းနှင့် ငြိမ်းချမ်းရေးဓမ္မသဘင်

    တမန်တော်မြတ်မုဟမ္မဒ် ဖွားမြင်သန့်စင်နေ့အထိမ်းအမှတ် တရားမျှတခြင်းနှင့် ငြိမ်းချမ်းရေးဓမ္မသဘင်

    ဇန်န၀ါရီ ၁၃၊ ၂၀၁၄
    M-Media
    ပြည့်ပြည့်

    ရန်ကုန် ။ ။ မဟာတမန်တော်မြတ် မုဟမ္မဒ်သခင် ဖွားသန့်စင်သည့် ၁၄၈၈-နှစ်မြောက် အထိမ်းအမှတ်အဖြစ် တရားမျှတခြင်းနှင့် ငြိမ်းချမ်းရေး ခေါင်းစဉ်ဖြင့် ဘာသာပေါင်းစုံ ဓမ္မသဘင်ကို ဇန်န၀ါရီလ ၁၅-ရက်၊ ည ၈း၀၀နာရီတွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

    မဟာတမန်တော်မြတ် မုဟမ္မဒ်သခင် ဖွားသန့်စင်နေ့ အထိမ်းအမှတ် ဓမ္မသဘင်တွင် ဆရာတော် ဘဒ္ဒန္တအရိယာဝံသာဘိဝံသ (မြ၀တီဆရာတော်)၊ သီတဂူအရှင်တိက္ခသာရ(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်)၊ အလ်ဟဂ်ျခလီဖွဟ်ဦးအေးလွင်၊ စရီဦးမောင်မြင့်နှင့် ပရော်ဖက်ဆာ ဒေါက်တာစောလှိုင်ဘွား တို့မှ ဟောပြောမည်ဖြစ်သည်။

    ၎င်းဓမ္မသဘင်အား ကူဝသွလ်အစ္စလာမ်ရာသစ်ဗ်အဖွဲ့၊ ရှမ်းကုန်းလမ်း၊ မြေနီကုန်း(မြောက်) စမ်းချောင်းမြို့နယ်၊ ရန်ကုန်တွင် ပြုလုပ်မည်ဖြစ်ပြီး မေတ္တာကန်ပိန်းနှင့် ကူဝသွလ်အစ္စလာမ်ရာသစ်ဗ်အဖွဲ့တို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

  • ဆိုးရွာသော ရလဒ်အတွက် ကစားသမားများကိုသာ အပြစ်တင်ရမည်ဟု ရာဖေးလ်ဆို

    ဆိုးရွာသော ရလဒ်အတွက် ကစားသမားများကိုသာ အပြစ်တင်ရမည်ဟု ရာဖေးလ်ဆို

    ဇန်န၀ါရီ ၁၃၊၂၀၁၄
    M-Media

    – မန်ယူအသင်း၏ ဆိုးရွားနေသော လက်ရှိအခြေအနေအတွက် နည်းပြမိုယက်စ်အား အပြစ်မတင်သင့်ဘဲ ကစားသမားများကိုသာ အပြစ်တင်သင့် သည်ဟု မန်ချက်စတာယူနိုက်တက်အသင်း၏ နောက်ခံလူ ရာဖေးလ်က ပြောကြားခဲ့သည်။

    မန်အသင်းမှာ ပရီးမီးယားလိဂ်တွင် အဆင့် ၇ ၌ရှိနေပြီး၊ FA ဖလားပြိုင်ပွဲမှလည်း ထွက်ခွာခဲ့ရကာ၊ လိဂ်ဖလား ဆီးမီးဖိုင်နယ် ပထမအကျော့တွင်လည်း ရှုံးနိမ့်ထားသည်။

    “ကျွန်တော်တို့(ကစားသမားတွေက)သာ တာဝန်ယူရမှာပါ။ လူတိုင်းက ဘာကြောင့် နည်းပြကို အပြစ်ပြောနေကြလဲဆိုတာ ကျွန်တော်နားမလည်ပါဘူး။ ကစားကွင်းထဲမှာ စွမ်းဆောင်ရတာက ကစားသမားတွေပါပဲ” ဟု ရာဖေးလ်က ပြောကြားခဲ့ပြီး မိုယက်စ်မှာ ပြင်းထန်သော စိတ်ဓာတ်ရှိကြောင်း၊ မိမိတို့အနေဖြင့် ထိုအရာကို အကောင်းဘက်သို့ ရောက်အောင် အသုံးချရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ရီးယဲလ်ကစားသမားဟောင်း ဇီဒိန်းကလည်း ဖာဂူဆန်လက်ထက်က အလယ်တန်းကစာသမား ပေါ့ဂ်ဘာအား အသင်းမှ ထွက်ခွာခွင့် ပေးခဲ့ခြင်း မှာ မှားယွင်းခဲ့ပြီး ပေါ့ဂ်ဘာမှာ ပေါလ်စခိုးလ်၏ နေရာတွင် အကောင်းဆုံး အစားထိုးနိုင်သူဖြစ်သည်ဟု သိရသည်။

    Ref : Daily

  • တမန်တော် မုဟမ္မဒ်သခင်၏ ဘ၀သရုပ်ဖော်ပြခန်း ဒူဘိုင်းတွင် ဖွင့်လှစ်

    တမန်တော် မုဟမ္မဒ်သခင်၏ ဘ၀သရုပ်ဖော်ပြခန်း ဒူဘိုင်းတွင် ဖွင့်လှစ်

    ဇန်န၀ါရီ ၁၃၊ ၂၀၁၄
    M-Media

    – အစ္စလာမ်ပြက္ခဒိန်၏  တတိယမြောက် ရဗီအွလ်အောင်ဝလ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် တမန်တော်မုဟမ္မဒ်သခင်၏ ဖွားမြင်ရာနေ့ အထိမ်းအမှတ် အဖြစ် တမန်တော်မြတ်၏ ဘ၀သရုပ်ဖော် ပြခန်းတစ်ခုကို ဒူဘိုင်းနိုင်ငံတွင် ဖွင့်လှစ်ပြသခဲ့သည်ဟု သိရသည်။

    နိုင်ငံတကာကုရ်အာန်ကျမ်းတော်မြတ်ပြခန်း(DIHQA) အဆောက်အဦးတွင် ပြုလုပ်ထားသည့် ထိုပြခန်းအား “ကိုယ်တော်မြတ်အပေါ်သို့ ငြိမ်းချမ်း သာယာမှုအဖြာဖြာ ကျရောက်ပါစေ” (Alssalamu Alaika Ayyuha Annabi) ဟု အမည်ပေးထားပြီး လွန်ခဲ့သည့် နှစ်ပေါင် ၁၄၃၅ အရင်က မုဟမ္မဒ် သခင် မွေးဖွားစဉ်အချိန်က ရှိနေသည့် မက္ကာဟ်မြို့၏ ပုံစံငယ်အပါအ၀င်၊ မဒီနာမြို့ပုံစံငယ်နှင့် မုဟမ္မဒ်သခင်၏ ဘ၀ဖြတ်သန်းပုံ အဆင့်ဆင့်ကို အသေးစိတ် ပြသထားသည်။

    “မုဟမ္မဒ်သခင်ရဲ့ဘ၀ တစ်ဆင့်ခြင်းကို ဒီမှာတွေ့နိုင်ပါပြီ။ အစ္စလာမ်သာသနာရဲ့ အကြောင်းအရာတွေကိုလည်း သင်ယူနိုင်ပါတယ်” ဟု DIHQA အဆောက်အဦးတွင် တာဝန်ထမ်းဆောင်နေသည့် ဆော်ဒီနိုင်ငံမှ ပညာရှင် ဒေါက်တာ အဟ်မဒ် အလ်-ဂမ်ဒီက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ထိုပြခန်းအား ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့တွင်ရှိသည့် တမန်တော်မြတ်ပြတိုက်၏ ပြတိုက်ခွဲအနေဖြင့် လာရောက်ပြသခြင်းဖြစ်သည်။ မက္ကာရှိ ထိုပြတိုက်အား ဆော်ဒီ အစ္စလာမ့်ပညာရှင်၊ စာရေးဆရာ၊ ကဗျာဆရာဖြစ်သူ ဒေါက်တာ နစီရ် အလ်-ဇဟ်ရာနီက တည်ထောင်ထားခြင်းဖြစ်ပြီး၊ ယခုပြခန်းမှာလည်း နစီရ်၏ စိတ်ကူးစိတ်သန်းများဖြစ်သည်။

    မုဟမ္မဒ်သခင်၏ ဘ၀ဖော်ပြမှုအပြင် မုဟမ္မဒ်သခင် အသုံးပြုခဲ့သည့် ဘီး၊ အိုး၊ အ၀တ်အစား၊ အစားအသောက်၊ ဆေးဝါးစသဖြင့် အသေးစိတ် ရှင်းလင်း ပြသထားပြီး၊ မုဟမ္မဒ်သခင်နေထိုင်ခဲ့သည့် အိမ်အတွင်း အပြင်အဆင်အား 3D ရုပ်ရှင်ဖြင့် ကြည့်ရှုနိုင်ရန်လည်း စီစဉ်ထားသည်။ ထို့ပြင် မုဟမ္မဒ်သခင် ၀တ်ဆင်ခဲ့သည့် လက်စွပ်ပုံတူကိုလည်းပြသထားပြီး၊ မုဟမ္မဒ်သခင် လမ်ညွှန်းခဲ့သည့် ဆေးနည်းများကိုလည်း ပြသရန်စီစဉ်လျက်ရှိသည်။

    ပြခန်းတစ်လျှောက် အစ္စလာမ်သာသနာတော်၏ အဆုံးအမများကိုလည်း ရေးသားဖော်ပြထားသည်။

    “အမျိုးသမီးတွေ၊ ကလေးတွေ၊ မွတ်စလင်မဟုတ်သူတွေ၊ တိရိစ္ဆာန်တွေနဲ့ သစ်ပန်းမာလ်တွေအပေါ်မှာ ထားရှိရမယ့် အစ္စလာမ်က ပြောထားတဲ့ အခွင့် အရေးတွေကို နံရံတွေတစ်လျှောက် ရေးသားထားပြီး မွတ်စလင်တွေ၊ မွတ်စလင်မဟုတ်သူတွေပါ အစ္စလာမ်ကို ပိုမိုနားလည် သဘောပေါက်အောင် ရည်ရွယ်တာပါ” ဟု အလ်-ဂမ်ဒီက ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Onislam

  • ပယ်လီဂရီနီအား ဆဲဆိုခဲ့ခြင်းအတွက် ပါဂျူပြန်လည်တောင်းပန်

    ပယ်လီဂရီနီအား ဆဲဆိုခဲ့ခြင်းအတွက် ပါဂျူပြန်လည်တောင်းပန်

    ဇန်န၀ါရီ ၁၃၊ ၂၀၁၄
    M-Media

    – ယမန်နေ့က ကစားခဲ့သည့်ပွဲတွင် မန်စီးတီးနည်းပြ ပယ်လီဂရီနီအား ရိုင်းစိုင်းစွာ ဆဲဆိုခဲ့မှုအတွက် နယူးကာဆယ်နည်းပြ အလန်ပါဂျူးက လူသိ ရှင်ကြား ပြန်လည်တောင်းပန်လိုက်သည်။

    ၁ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခြင်းခံနေရသည့် နယူးကာဆယ်အသင်းမှာ ပထမပိုင်းပြီးကာနီးတွင် အလယ်တန်းကစားသမား တီယိုတီက ဂိုးသွင်းယူခဲ့ သော်လည်း ဒိုင်လူကြီးက ခွင့်ပြုခဲ့ခြင်းမရှိပေ။ ထိုအချိန်တွင် ပယ်လီဂရီနီနှင့် အလန်ပါဂျူးတို့ စကားများခဲ့ကြပြီး ပါဂျူးက “ခင်ဗျားအသံပိတ်ထား၊ *** အဖိုးကြီး” ဟု ဆဲဆိုခဲ့ပြီး ထိုဆဲဆိုမှုအား တိုက်ရိုက်ထုတ်လွှင်နေသည့် ကင်မရာမှာ ရိုက်ကူးထုတ်လွှင့်မိခဲ့သည်။

    ထိုကိစ္စနှင့် ပက်သက်၍ ပါဂျူးက “ကျွန်တော်ပြောခဲ့တာကို ကျွန်တော်သိပါတယ်။ အဲဒီစကားလုံးအတွက် ကျွန်တော်တောင်းပန်ပါတယ်။ ထူပူနေတဲ့ အချိန်မို့လို့ ဒါမျိုးထွက်သွားတာပါ။ အခြေအနေတစ်ခုကိုရောက်လာရင် နည်းပြအားလုံး ဒီစကားလုံးကို သုံးကြပါတယ်။ ကျွန်တော် သူ့(ပယ်လီဂရီနီ)ကို တောင်းပန်ခဲ့ပြီး ကံကောင်းစွာပဲ သူကလည်း ကျွန်တော့်ရဲ့ တောင်းပန်မှုကို လက်ခံခဲ့ပါတယ်” ဟု ပွဲအပြီးတွင် ပါဂျူးက ပြောကြားခဲ့သည်။

    Ref : Mirror