News @ M-Media

Blog

  • ဆိုးရွာသော ရလဒ်အတွက် ကစားသမားများကိုသာ အပြစ်တင်ရမည်ဟု ရာဖေးလ်ဆို

    ဆိုးရွာသော ရလဒ်အတွက် ကစားသမားများကိုသာ အပြစ်တင်ရမည်ဟု ရာဖေးလ်ဆို

    ဇန်န၀ါရီ ၁၃၊၂၀၁၄
    M-Media

    – မန်ယူအသင်း၏ ဆိုးရွားနေသော လက်ရှိအခြေအနေအတွက် နည်းပြမိုယက်စ်အား အပြစ်မတင်သင့်ဘဲ ကစားသမားများကိုသာ အပြစ်တင်သင့် သည်ဟု မန်ချက်စတာယူနိုက်တက်အသင်း၏ နောက်ခံလူ ရာဖေးလ်က ပြောကြားခဲ့သည်။

    မန်အသင်းမှာ ပရီးမီးယားလိဂ်တွင် အဆင့် ၇ ၌ရှိနေပြီး၊ FA ဖလားပြိုင်ပွဲမှလည်း ထွက်ခွာခဲ့ရကာ၊ လိဂ်ဖလား ဆီးမီးဖိုင်နယ် ပထမအကျော့တွင်လည်း ရှုံးနိမ့်ထားသည်။

    “ကျွန်တော်တို့(ကစားသမားတွေက)သာ တာဝန်ယူရမှာပါ။ လူတိုင်းက ဘာကြောင့် နည်းပြကို အပြစ်ပြောနေကြလဲဆိုတာ ကျွန်တော်နားမလည်ပါဘူး။ ကစားကွင်းထဲမှာ စွမ်းဆောင်ရတာက ကစားသမားတွေပါပဲ” ဟု ရာဖေးလ်က ပြောကြားခဲ့ပြီး မိုယက်စ်မှာ ပြင်းထန်သော စိတ်ဓာတ်ရှိကြောင်း၊ မိမိတို့အနေဖြင့် ထိုအရာကို အကောင်းဘက်သို့ ရောက်အောင် အသုံးချရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ရီးယဲလ်ကစားသမားဟောင်း ဇီဒိန်းကလည်း ဖာဂူဆန်လက်ထက်က အလယ်တန်းကစာသမား ပေါ့ဂ်ဘာအား အသင်းမှ ထွက်ခွာခွင့် ပေးခဲ့ခြင်း မှာ မှားယွင်းခဲ့ပြီး ပေါ့ဂ်ဘာမှာ ပေါလ်စခိုးလ်၏ နေရာတွင် အကောင်းဆုံး အစားထိုးနိုင်သူဖြစ်သည်ဟု သိရသည်။

    Ref : Daily

  • တမန်တော် မုဟမ္မဒ်သခင်၏ ဘ၀သရုပ်ဖော်ပြခန်း ဒူဘိုင်းတွင် ဖွင့်လှစ်

    တမန်တော် မုဟမ္မဒ်သခင်၏ ဘ၀သရုပ်ဖော်ပြခန်း ဒူဘိုင်းတွင် ဖွင့်လှစ်

    ဇန်န၀ါရီ ၁၃၊ ၂၀၁၄
    M-Media

    – အစ္စလာမ်ပြက္ခဒိန်၏  တတိယမြောက် ရဗီအွလ်အောင်ဝလ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် တမန်တော်မုဟမ္မဒ်သခင်၏ ဖွားမြင်ရာနေ့ အထိမ်းအမှတ် အဖြစ် တမန်တော်မြတ်၏ ဘ၀သရုပ်ဖော် ပြခန်းတစ်ခုကို ဒူဘိုင်းနိုင်ငံတွင် ဖွင့်လှစ်ပြသခဲ့သည်ဟု သိရသည်။

    နိုင်ငံတကာကုရ်အာန်ကျမ်းတော်မြတ်ပြခန်း(DIHQA) အဆောက်အဦးတွင် ပြုလုပ်ထားသည့် ထိုပြခန်းအား “ကိုယ်တော်မြတ်အပေါ်သို့ ငြိမ်းချမ်း သာယာမှုအဖြာဖြာ ကျရောက်ပါစေ” (Alssalamu Alaika Ayyuha Annabi) ဟု အမည်ပေးထားပြီး လွန်ခဲ့သည့် နှစ်ပေါင် ၁၄၃၅ အရင်က မုဟမ္မဒ် သခင် မွေးဖွားစဉ်အချိန်က ရှိနေသည့် မက္ကာဟ်မြို့၏ ပုံစံငယ်အပါအ၀င်၊ မဒီနာမြို့ပုံစံငယ်နှင့် မုဟမ္မဒ်သခင်၏ ဘ၀ဖြတ်သန်းပုံ အဆင့်ဆင့်ကို အသေးစိတ် ပြသထားသည်။

    “မုဟမ္မဒ်သခင်ရဲ့ဘ၀ တစ်ဆင့်ခြင်းကို ဒီမှာတွေ့နိုင်ပါပြီ။ အစ္စလာမ်သာသနာရဲ့ အကြောင်းအရာတွေကိုလည်း သင်ယူနိုင်ပါတယ်” ဟု DIHQA အဆောက်အဦးတွင် တာဝန်ထမ်းဆောင်နေသည့် ဆော်ဒီနိုင်ငံမှ ပညာရှင် ဒေါက်တာ အဟ်မဒ် အလ်-ဂမ်ဒီက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ထိုပြခန်းအား ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့တွင်ရှိသည့် တမန်တော်မြတ်ပြတိုက်၏ ပြတိုက်ခွဲအနေဖြင့် လာရောက်ပြသခြင်းဖြစ်သည်။ မက္ကာရှိ ထိုပြတိုက်အား ဆော်ဒီ အစ္စလာမ့်ပညာရှင်၊ စာရေးဆရာ၊ ကဗျာဆရာဖြစ်သူ ဒေါက်တာ နစီရ် အလ်-ဇဟ်ရာနီက တည်ထောင်ထားခြင်းဖြစ်ပြီး၊ ယခုပြခန်းမှာလည်း နစီရ်၏ စိတ်ကူးစိတ်သန်းများဖြစ်သည်။

    မုဟမ္မဒ်သခင်၏ ဘ၀ဖော်ပြမှုအပြင် မုဟမ္မဒ်သခင် အသုံးပြုခဲ့သည့် ဘီး၊ အိုး၊ အ၀တ်အစား၊ အစားအသောက်၊ ဆေးဝါးစသဖြင့် အသေးစိတ် ရှင်းလင်း ပြသထားပြီး၊ မုဟမ္မဒ်သခင်နေထိုင်ခဲ့သည့် အိမ်အတွင်း အပြင်အဆင်အား 3D ရုပ်ရှင်ဖြင့် ကြည့်ရှုနိုင်ရန်လည်း စီစဉ်ထားသည်။ ထို့ပြင် မုဟမ္မဒ်သခင် ၀တ်ဆင်ခဲ့သည့် လက်စွပ်ပုံတူကိုလည်းပြသထားပြီး၊ မုဟမ္မဒ်သခင် လမ်ညွှန်းခဲ့သည့် ဆေးနည်းများကိုလည်း ပြသရန်စီစဉ်လျက်ရှိသည်။

    ပြခန်းတစ်လျှောက် အစ္စလာမ်သာသနာတော်၏ အဆုံးအမများကိုလည်း ရေးသားဖော်ပြထားသည်။

    “အမျိုးသမီးတွေ၊ ကလေးတွေ၊ မွတ်စလင်မဟုတ်သူတွေ၊ တိရိစ္ဆာန်တွေနဲ့ သစ်ပန်းမာလ်တွေအပေါ်မှာ ထားရှိရမယ့် အစ္စလာမ်က ပြောထားတဲ့ အခွင့် အရေးတွေကို နံရံတွေတစ်လျှောက် ရေးသားထားပြီး မွတ်စလင်တွေ၊ မွတ်စလင်မဟုတ်သူတွေပါ အစ္စလာမ်ကို ပိုမိုနားလည် သဘောပေါက်အောင် ရည်ရွယ်တာပါ” ဟု အလ်-ဂမ်ဒီက ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Onislam

  • ပယ်လီဂရီနီအား ဆဲဆိုခဲ့ခြင်းအတွက် ပါဂျူပြန်လည်တောင်းပန်

    ပယ်လီဂရီနီအား ဆဲဆိုခဲ့ခြင်းအတွက် ပါဂျူပြန်လည်တောင်းပန်

    ဇန်န၀ါရီ ၁၃၊ ၂၀၁၄
    M-Media

    – ယမန်နေ့က ကစားခဲ့သည့်ပွဲတွင် မန်စီးတီးနည်းပြ ပယ်လီဂရီနီအား ရိုင်းစိုင်းစွာ ဆဲဆိုခဲ့မှုအတွက် နယူးကာဆယ်နည်းပြ အလန်ပါဂျူးက လူသိ ရှင်ကြား ပြန်လည်တောင်းပန်လိုက်သည်။

    ၁ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခြင်းခံနေရသည့် နယူးကာဆယ်အသင်းမှာ ပထမပိုင်းပြီးကာနီးတွင် အလယ်တန်းကစားသမား တီယိုတီက ဂိုးသွင်းယူခဲ့ သော်လည်း ဒိုင်လူကြီးက ခွင့်ပြုခဲ့ခြင်းမရှိပေ။ ထိုအချိန်တွင် ပယ်လီဂရီနီနှင့် အလန်ပါဂျူးတို့ စကားများခဲ့ကြပြီး ပါဂျူးက “ခင်ဗျားအသံပိတ်ထား၊ *** အဖိုးကြီး” ဟု ဆဲဆိုခဲ့ပြီး ထိုဆဲဆိုမှုအား တိုက်ရိုက်ထုတ်လွှင်နေသည့် ကင်မရာမှာ ရိုက်ကူးထုတ်လွှင့်မိခဲ့သည်။

    ထိုကိစ္စနှင့် ပက်သက်၍ ပါဂျူးက “ကျွန်တော်ပြောခဲ့တာကို ကျွန်တော်သိပါတယ်။ အဲဒီစကားလုံးအတွက် ကျွန်တော်တောင်းပန်ပါတယ်။ ထူပူနေတဲ့ အချိန်မို့လို့ ဒါမျိုးထွက်သွားတာပါ။ အခြေအနေတစ်ခုကိုရောက်လာရင် နည်းပြအားလုံး ဒီစကားလုံးကို သုံးကြပါတယ်။ ကျွန်တော် သူ့(ပယ်လီဂရီနီ)ကို တောင်းပန်ခဲ့ပြီး ကံကောင်းစွာပဲ သူကလည်း ကျွန်တော့်ရဲ့ တောင်းပန်မှုကို လက်ခံခဲ့ပါတယ်” ဟု ပွဲအပြီးတွင် ပါဂျူးက ပြောကြားခဲ့သည်။

    Ref : Mirror

  • ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကျွန်းကို ကာကွယ်ရန်ရည်ရွယ်၍ တိုက်ပွဲဝင် စစ်ရေးလေ့ကျင့်မှုတစ်ခု ဂျပန်ပြုလုပ်

    ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကျွန်းကို ကာကွယ်ရန်ရည်ရွယ်၍ တိုက်ပွဲဝင် စစ်ရေးလေ့ကျင့်မှုတစ်ခု ဂျပန်ပြုလုပ်

    ဇန်န၀ါရီ ၁၃၊ ၂၀၁၄
    M-Media

    အရှေ့တရုတ်ပင်လယ်ရှိ ပိုင်ဆိုင်မှုအငြင်းပွားနေသောကျွန်းတွင် လေပိုင်နက်တစ်ချို့အား လေကြောင်းကာကွယ်ရေး ဇုံအဖြစ် တရုတ်နိုင်ငံက သတ်မှတ်ခဲ့ခြင်း၊ ထိုကျွန်းအနီးတွင် တရုတ်သင်္ဘောများ ဖြတ်သန်းသွားလာခြင်းတို့ ဖြစ်ပေါ်လာခဲ့ပြီးနောက် မိမိ၏ ပိုင်နက်အား ကာကွယ်ရန် ရည်ရွယ်သော စစ်ရေးလေ့ကျင့်မှုတစ်ခုကို ဂျပန်နိုင်ငံက ယမန်နေ့တွင် ပြုလုပ်ခဲ့သည်ဟုသိရသည်။

    နိုင်ငံအရှေ့ပိုင်း ကျွန်းတစ်ခုတွင်ပြုလုပ်ခဲ့သည့် ထိုစစ်ရေးလေ့ကျင့်မှုအား “ကျွန်းကာကွယ်ရေး” ဟုအမည်ပေးထားပြီး ရန်သူ့လက်ထဲမှ ကျွန်းကို ဂျပန်လေထီးတပ်သားများက သိမ်းပိုက်ပုံကို လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။ ထိုစစ်ရေးလေ့ကျင့်မှုအား ဂျပန်ကာကွယ်ရေးဝန်ကြီး အစ်စူနိုရီ အိုနိုဒီရာ ကိုယ်တိုင် ကြီးကြပ်ခဲ့ပြီး၊ မိမိတို့ပိုင်ဆိုင်သည်ဟု ယူဆထားသော ပိုက်နက်အား ကာကွယ်သွား မည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ ရေပိုင်နက်ထဲ တရုတ်သင်္ဘောတွေ ၀င်လာတာကို ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ပါဘူး။ ဒါ့အပြင် ကမ်းခြေစောင့်တပ်တွေနဲ့ ပူးပေါင်းပြီး Senkakuကျွန်း (အငြင်းပွားနေသောကျွန်း)ရဲ့ ရေပိုင်နက်နဲ့ ကျွန်တော်တို့ ပိုင်ဆိုင်မှုကို သေသေချာချာ ကာကွယ်သွားမှာပါ” ဟု အိုနိုဒီရာက ပြောကြားခဲ့သည်။ ထိုကဲ့သို့ စစ်ရေးလေ့ကျင့်မှုကို ယမန်နှစ်ကလည်း ပြုလုပ်ခဲ့သေးသည်။

    တရုတ်နိုင်ငံက Diaoyu ဟုခေါ်ဆိုပြီး ဂျပန်နိုင်ငံက Senkaku ဟု ခေါ်ဆိုသည့် အဆိုပါကျွန်းပိုင်ဆိုင်မှုအတွက် တရုတ်၊ ဂျပန်နှင့် ထိုင်ဝမ်နိုင်ငံတို့မှ တောင်းဆိုထားပြီး ယမန်နှစ် နှစ်ကုန်ပိုင်းတွင် ထိုကျွန်းနှင့် ပက်သက်၍ တရုတ်နိုင်ငံ၏ တစ်ဖက်သက် ဆောင်ရွက်ချက်များကြောင့် တရုတ်နှင့် ဂျပန်နိုင်ငံတို့မှာ တင်းမာမှုများ ကြီးထွားလာသည်။

    Ref : RT

  • ဘန်ကောက်ကို ပိတ်ဆို့သည့် ဆန္ဒပြမှုများ အတိုက်အခံများ စတင်

    ဇန်နဝါရီ ၁၃၊ ၂၀၁၄
    M-Media
    201411361645315734_20
    – ၀န်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ထရာအား ဖြုတ်ချရန် ဆန္ဒပြမှုများ အရှိန်မြှင့်သည့်အနေဖြင့် ဘန်ကောက်မြို့အား ပိတ်ဆို့ဆန္ဒပြမှုများ ပြုလုပ်ရန် အတိုက်အခံများက စီစဉ်ထားသည့်အတိုင်း ယနေ့တွင် စတင်ခဲ့ကြသည်ဟု သိရသည်။

    ယနေ့နံနက်ပိုင်းတွင် ထောင်ပေါင်းများစွာသော အတိုက်အခံများမှာ ‘ဘန်ကောက်မြို့ကို ပိတ်ပစ်’ ဟု စာတန်းများပါဝင်သည့် တီရှပ်များကို ၀တ်ဆင်ကာ အလံများ ကိုင်ဆောင်ဝှေ့ယမ်းခဲ့ကြပြီး၊ မြို့ရှိ အချက်အချာကြသည့် နေရာများအား သိမ်းပိုက်ခဲ့ကြသည်။

    “အနိုင်၊ အရှုံးကို ပဓာန မထားဘဲ ကျွန်တော်တို့ တိုက်ပွဲဝင်သွားမှာပါ။ တွေ့ဆုံ ဆွေးနွေးတာမျိုး မလုပ်သလို၊ ညှိနှိုင်းမှုတွေကိုလည်း လက်ခံမှာ မဟုတ်ပါဘူး” ဟု အတိုက်အခံခေါင်းဆောင် ဆူသပ် သောင်ဆူဘန်က ဆန္ဒပြသူများအား ယမန်နေ့ ညပိုင်းက ပြောကြားခဲ့သည်။ ဒုတိယ၀န်ကြီးချုပ်အဖြစ် ၂၀၁၀ ခုနှစ်က အစိုးရဆန့်ကျင် ဆန္ဒပြုသူများကို သတ်ဖြတ်မှုဖြင့် တရားစွဲဆိုခံထားရသည့် သောင်ဆူဘန်မှာ ယနေ့ပြုလုပ်မည့် ဆန္ဒပြပွဲကို ဦးဆောင်သွားမည်ဖြစ်သည်။

    ထိုင်းနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုများမှာ ၃ လနီးပါးရှိလာပြီဖြစ်ပြီး၊ စောစောပိုင်းတွင် ထိုင်းစစ်တပ်က နိုင်ငံရေးကိစ္စရပ်များတွင် မပါဝင်ဟုပြောဆိုထားသည်။ သို့သော်လည်း နောက်ပိုင်းတွင် အစိုးရနှင့် အတိုက်အခံများအကြား အမြန်ဆုံး နွေးနွေးညှိနှိုင်းမှုပြုလုပ်ရန် ထိုင်းစစ်တပ် ခေါင်းဆောင်က တိုက်တွန်းခဲ့ပြီး အာဏာသိမ်းရန် ရှိ/မရှိမေးမြန်းခဲ့ရာ အခြေအနေကို စောင့်ကြည့် သွားမည်ဟု ပြောဆိုခဲ့သည်။

    Ref: aljazeera