News @ M-Media

Blog

  • တရုတ်နိုင်ငံ တောင်ပိုင်းရှိ တိဘက်မြို့ဟောင်း တစ်ခု မီးလောင်ကျွမ်းမှုကြောင့် ပျက်ဆီး

    ဇန်နဝါရီ ၁၂၊ ၂၀၁၄
    M-Media

    20141122438723734_20

    တရုတ်နိုင်ငံအနောက် တောင်ဘက် ဒီကွင်ပြည်နယ် ရှန်ဂရီလာကောင်တီရှိ  ရှေးဟောင်း သမိုင်းဝင် တီဘက်မြို့ဟောင်း တစ်ခုမှာ ယမန်နေ့က မီးလောင်ခဲ့မှုကြောင့် လုံးဝ ပျက်ဆီးသွား ခဲ့သည်ဟု သိရသည်။

    အဆိုပါမြို့ဟောင်းရှိ ဒူကီဇွန် ရပ်ကွက်တွင် ယမန်နေ့ နံနက် ၁ နာရီခွဲခန့်က မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ရှေးဟောင်းမြို့၏ ကျဉ်းမြောင်းသော လမ်းများကြောင့် မီးသတ်ကားများမှာ ၀င်ရောက်နိုင်ခဲ့ခြင်း မရှိဘဲ၊ မီးလောင်မှုမျာ ၁၀ နာရီ နီးပါးကြာမြင့်ခဲ့သည်။

    နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိပြီဖြစ်သည့် အဆိုပါမြို့တွင် ရှေးဟောင်း အဆောက်အဦးများနှင့် တိဘက်လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုများဖြင့် ထုံမွှမ်ထားသော လှပသည့် မြို့တစ်မြို့ဖြစ်ပြီး ကမ္ဘာ့လှည့်ခရီးသွားများ အလွန်စိတ်ဝင်စားသော မြို့လည်းဖြစ်သည်။

    မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများစာရင်းကို သိရှိရခြင်း မရှိသေးဘဲ မည်သည့် အကြောင်းကြောင့် မီးလောင်ခဲ့သည်ကိုလည်း စုံစမ်း စစ်ဆေးနေကြောင်း၊ ထိုမြို့ အတွင်းရှိ တည်းခိုခန်း တစ်ခုမှ မတော်တဆ မီးလောင်ကျွမ်းခြင်း ဖြစ်နိုင်ကြောင်း ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

    Ref: aljazeera

  • အသေခံ ဗုံးခွဲမှုကို အသက်စွန့် ကာကွယ်ခဲ့သူ ကျောင်းသားလေးအား နိုင်ငံ၏ အမြင့်ဆုံးဆု ပါကစ္စတန်ချီးမြှင့်မည်။

    ဇန်နဝါရီ ၁၂၊ ၂၀၁၄
    M-Media

    pakistan-teenage-hero

    – ကျောင်းအတွင်းသို့ အသေခံဗုံးခွဲရန် လာရောက်သောသူအား ခုခံခဲ့သောကြာင့် အသက်စွန့်ခဲ့ရသည့် အသက် ၁၅ နှစ်အရွယ် ကျောင်းသားတစ်ဦးအား ပါကစ္စတန်နိုင်ငံရှိ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့အား ချီးမြှင့်မည်ဟု သိရသည်။

    အိတ်ဇာဇ် ဟာဆန်ဟု အမည်ရသည့် အဆိုပါဆယ်ကျော်သက်မှာ နိုင်ငံအနောက်မြောက်ဘက် ခိုင်ဘာ ပက်ထွန်ဟွာပြည်နယ် ဟန်ဂူခရိုင်ရှိ အထက်တန်းကျောင်းတစ်ခုမှ ကျောင်းသားတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် တနင်္လာနေ့က ရာပေါင်းများစွာသော ကျောင်းသားများကိုကယ်တင်ရန်အတွက် ကျောင်းအတွင်းသို့ ၀င်ရောက်လာသော အသေခံဗုံးခွဲသမားအား ခုခံခဲ့သူဖြစ်သည်။

    ထို့ကြောင့် အသေခံဗုံးခွဲသမားမှာ ကျောင်းအတွင်သို့ မ၀င်ရောက်နိုင်ခဲ့ဘဲ ကျောင်းဂိတ်ပေါက်ဝတွင် ၎င်း၏ဗုံးအား ခွဲခဲ့ပြီး ဟာဆန်မှာလည်း ဗုံးထိမှန်ခဲ့ကာ ဆေးရုံအရောက်တွင် ကွယ်လွန်သွားခဲ့သည်။

    ထိုအဖြစ်အများဖြစ်ပွားပြီးနောက် ရှဟီဒ်း(အာဇာနည်) အိတ်ဇာတ် ဟာဆန်အား နိုင်ငံတော်၏ အမြင့်ဆုံး သူရဘွဲ့ဖြစ်သည့် စစ်တရာ-အီ-ရှုဂျတ်(Sitara-e-Shujjat) ဘွဲ့ချီးမြှင့်ရန် ၀န်ကြီးချုပ် နာဝဇ်ရှရစ်ဖ်က သမ္မတ မန်မွန် ဟူစိန်အား အကြံပေးခဲ့ပြီး ထိုဆုအား မတ်လ ၂၃ ရက်နေ့တွင် ကျရောက်မည့် ပါကစ္စတန် လွတ်လပ်ရေးနေ့တွင် ဟာဆန်၏ မိသားစုများအား ပေးအပ်သွားမည်ဖြစ်သည်။

    “ရှဟီဒ်း အိတ်ဇာဇ်ရဲ့ ရဲစွမ်းလှတဲ့ ဒီလုပ်ရပ်က ကျောင်းသား ရာပေါင်းများစွာရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပါတယ်။ ပြီးတော့ ဒါဟာ ပြောင်မြောက်တဲ့ သူရသတ္တိနဲ့ တိုင်းချစ်ပြည်ချစ်စိတ်ကို ဖော်ကျူးလိုက်တဲ့ ဥပမကောင်းတစ်ခုပါပဲ” ဟု သောကြာနေ့က အစိုးရမှ ထုတ်ပြန်ခဲ့သည့် ကြေညာ ချက်တွင် ဖော်ပြထားသည်။

    နိုင်ငံပိုင်ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် မီဒီယာများက ဟာဆန်အား ဂုဏ်ပြုသော အစီအစဉ်များ ထုတ်လွှင့်ခဲ့ကြပြီး၊ ပါကစ္စတန်နိုင်ငံတစ်ဝှမ်းရှိ လူငယ်များနှင့် ကျောင်းသားကျောင်းသူများကလည်း  ချီးကျူးဂုဏ်ပြုသည့်အခမ်းအနားများ၊ ဟာဆန်အတွက် ဆုမွန်ကောင်းတောင်းပေးခြင်းများကို ပြုလုပ် လျက်ရှိကြသည်။ ထို့ပြင် ဟန်ဂူဂရိုင်ရှိ ၎င်း၏ ဂူဗိန်မာန်သို့လည်း လာရောက်ကြကာ ကုရ်အာန် ကျမ်းစာ ဖတ်ရွတ်ပေးခြင်း၊ ဆုမွန်ကောင်းတောင်းခြင်းများကို ပြုလုပ်လျက်ရှိကြသည်။

    Ref:aljazeera

  • လေဖြတ်ပြိး ကိုးမားဝင်ကာ (၈) နှစ်ခန့် သတိလစ် နေသူ အစ္စရေး ၀န်ကြီးချုပ်ဟောင်း ရှာရွန် ကွယ်လွန်

    ဇန်နဝါရီ ၁၂၊ ၂၀၁၄
    M-Media
    Ariel-Sharon-di15700
    – နှစ်ပေါင်းများစွာ ကိုးမားရောဂါခံစားနေရသည့် အစ္စရေးဝန်ကြီးချုပ်ဟောင်း အေရီယဲလ် ရှာရွန်မှာ ယမန်နေ့က တဲလ်အဗီးမြို့စွန်ရှိ ဆေးရုံတစ်ရုံတွင် ကွယ်လွန်သွားခဲ့သည်ဟုသိရသည်။

    အသက် ၈၅ အရွယ်ရှိပြီဖြစ်သည့် ရှာရွန်မှာ ၂၀၀၅ ခုနှစ် ဒီဇင်ဘာလက လေဖြတ်ခဲ့ပြီးနောက် ၂၀၀၆ ဇန်န၀ါရီလတွင် ဦးနှောက်အတွင်း သွေးယိုနေကြောင်းတွေရှိခဲ့ရပြီး ထိုအချိန်မှစ၍ သတိလစ်မေ့မြောမှု ကိုးမားရောဂါကို ခံစားနေခဲ့ရသူဖြစ်သည်။ လွန်ခဲ့သည့် တစ်ပါတ်ခန့်ကစတင်က ရောဂါအခြေအနေမှာ ပိုမိုဆိုးရွာလာခဲ့ပြီးနောက် ယမန်နေ့တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

    ရှာရွန်မှာ အစ္စရေးနိုင်ငံ၏ အကျော်ကြားဆုံး ဗိုလ်ချုပ်တစ်ယောက်ဖြစ်ခဲ့ပြီး အစ္စရေး၏ အဓိကစစ်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့သူဖြစ်သည်။ လက်ဘနွန်နိုင်ငံကို ကျူးကျော်ပြီး ၁၉၈၂ ခုနှစ်တွင် ဘေရွတ်ရှိ ဆာဘရာနှင့် ရှာတီလာ ဒုက္ခသည် စခန်းများရှိ ခရစ်ယာန်ပြည်သူ့စစ်များနှင့် ပါလက်စတိုင်း ဒုက္ခသည် အမျိုးသမီးနှင့် ကေလးပါမကျန် သတ်ဖြတ်ရန် အမိန့်ပေးခဲ့သူဖြစ်သည်။

    ထို့ပြင် ပါလက်စတိုင်းပိုင် ဂါဇာ ကမ်းမြှောင်ဒေသအား သိမ်းပိုက်ရန် စီစဉ်ခဲ့သူဖြစ်ပြီး ပါလက်စတိုင်း နယ်မြေများအတွင်း ဂျူးအခြေချအိမ်ရာများ၊ အစ္စရေးနယ်စပ်တစ်လျှောက် နံရံကြီးများကို တည်ဆောက်ရန် ဦးဆောင်ခဲ့သူလည်းဖြစ်သည်။ ပါလက်စတိုင်းနယ်မြေများအတွင်း ပါလက်စတိုင်းတို့၏ အိမ်ရာများကို ဖြိုချဖျက်ဆီးရန်သူ၏ အကြံအစည်ကြောင့် အစ္စရေးနိုင်ငံရေးလောကတွင် ရှာရွန်အား ဘူဒိုဇာဟု လူသိများသည်။

    အမေရိကန်အပါအ၀င် ကမ္ဘာ့နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်အချို့က ရှာရွန်သေဆုံးမှုအတွက် ၀မ်းနည်းကြောင်း ပြောကြားခဲ့ကြပြီး၊ ပါလက်စတိုင်းအရေး တက်ကြွလှုပ်ရှားသူများကမူ အရေးယူခြင်းမခံဘဲ သေဆုံးသွားသော စစ်ရာဇ၀တ်ကောင်အဖြစ် ဖော်ပြခဲ့ကြသည်။ ၂၀၀၁ ခုနှစ်က အစ္စရေးဝန်ကြီးချုပ်ဖြစ်ခဲ့သည့် ဇီယွန်ဝါဒီ ရှာရွန်၏ ဈာပနကို မနက်ဖြန်တွင် ကျင်းပရန် အစ္စရေးအစိုးရက စီစဉ်ထားသည်။

    Ref: aljazeera

  • သတိပေးဆိုင်းဘုတ်ကို ကွမ်းတံတွေး ထွေးထားသော ရန်ကုန်မြို့လယ်ခေါင်က မြင်ကွင်း (ဓါတ်ပုံသတင်း)

    ဇန်နဝါရီ-၁၂-၂၀၁၄
    M-Media
    A.N.Lay

     

    IMG_20140111_132628

    ရန်ကုန်။        ။ ရန်ကုန်မြို့၏ အထင်ကရ နေရာတစ်ခုဖြစ်သည့် မဟာ ဗန္ဓုလပန်းခြံ ရှေ့ သစ်ပင်များတွင် ဈေးမရောင်းရ၊ အမှိုက်မပစ်ရ၊ ကွမ်းတံတွေးမထွေးရ ဟု စာများကဒ်ထားသော်ငြားလည်း ကဒ်ထားသည့်ကြေညာ စာရွက်များကို ကွမ်းတံထွေးဖြင့် ထွေးထားသည့်ကို တွေ့ရှိခဲ့ပါသည်။

    ရန်ကုန်မြို့လယ်ခေါင်မှာ ကမ္ဘာလှည့်ခရီးသည်များ အများဆုံးလာရောက်သောနေရာများအနက်မှ တစ်ခုဖြစ်သည်။

    ” ထိုသို့လုပ်ရပ်ဟာ အင်မတန်မှ ယုတ်ညံသည့်လုပ်ရပ်ဖြစ်ပါတယ်။ ဘာအကြောင်းကြောင်းနဲ့ပဲလုပ်လုပ် ဤသို့မလုပ်သင့်ဘူး။ ဒါဟာ လူတစ်ယောက်တည်းနဲ့ဆိုင်သည့်ကိစ္စမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေ အားလုံးနဲ့ သက်ဆိုင်သွားပါတယ်။ တစ်ယောက်တည်းကစ ည်းကမ်းမရှိလုပ်လိုက်ပေမဲ့ အထင်အမြင်သေးခံရမှာက မြန်နိုင်ငံမှာရှိတဲ့ လူတွေအားလုံး အထင်အမြင်သေးခံရမှာပါ။ ယခုလိုကိစ္စကို ယခုလည်းမလုပ်သင့်ပါဘူး။ နောက်လည်း မလုပ်သင့်ပါဘူးဟု ခရီးသွားပြည်သူတစ်ဦးက ယခုလိုပြောကြားခဲ့ပါတယ်။

    လွန်ခဲ့သည့် ၁၉၅၀ ခုနှစ် ဝန်းကျင်တွင် ရန်ကုန်မြို့သည့် တချိန်က လှပသန့်ရှင်းသော မြို့တော်အဖြစ် နာမည်ကြီးခဲ့ပြီး စင်ကာပူ နိုင်ငံပင်လျှင် ရန်ကုန်မြို့၏ ဖွဲ့စည်း တည်ဆောက်ပုံကို နမူနာယူ တည်ဆောက်ခဲ့ရသည့် ဟု မှတ်တမ်းများအရ သိရှိ ရပါသည်။

  • လိဂ်ဖလားရှုံးကြွေး မန်ယူဆပ်၊ ချယ်ဆီး၊ အဲဗာတန်၊ စပါးတို့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ စနေနေ့ပွဲများ

    ဇန်နဝါရီ ၁၂၊ ၂၀၁၄
    M-Media

    best-of-mw20-ps15

    ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ ရဲ့ ပွဲ ၇ ပွဲကို စနေနေ့ညက ကစားခဲ့ပြီး အစောပိုင်း ကစားခဲ့တဲ့ ချယ်ဆီးနဲ့ ဟားလ်စီးတီးနဲ့ ပွဲမှာတော့ ချယ်ဆီးက ဟာဇာဒ့်၊ တောရက်စ်တို့ရဲ့ ဂိုးနဲ့ အနိုင် ရခဲ့ကာ ဝေဖန်ခံနေရတဲ့ တိုက်စစ်မှူးတွေ နောက်ပိုင်းပွဲတွေမှာ ဂိုးပြန်သွင်းလာတာဟာ မော်ရင်ဟိုအတွက်တော့ ကျေနပ်စရာပါ။

    နှစ်သစ်မှာ နိုင်ပွဲမရသေးတဲ့ မန်ယူအသင်းကတော့ လိဂ်ဖလားပထမအကျော့မှာ အရှုံးပေးခဲ့ရတဲ့ ဆွမ်ဆီးကို အိုးထရက်ဖို့ဒ်မှာ ၂ ဂိုးပြတ်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားနိုင်ခဲ့တဲ့ မန်ယူဟာ ဒုတိယပိုင်း မိနစ် ၆၀ မတိုင်ခင်မှာပဲ အနိုင်ဂိုး ၂ ဂိုးစလုံးကို ရရှိခဲ့တာဖြစ်ပြီး ဗလင်စီယာနဲ့၊ ခုတစ်လော ဂိုးမြူးနေတဲ့ ၀ဲလ်ဘတ်တို့က သွင်းယူပေးခဲ့ပါတယ်။

    တင်ရှားဝုဒ်ရဲ့ စပါးအသင်းကတော့ တစ်တထက်တစ်စ တည်ငြိမ်လာပြီး အခုပွဲမှာလည်း ၃ မှတ်ရယူနိုင်ခဲ့ပါတယ်။ ထူးခြားတာကတော့ မေဂျာလိဂ် ကလပ်ကို ပြောင်းရွှေ့မယ်လို့ ကြေညာခဲ့တဲ့ ဒီဖိုး ဂိုးသွင်းနိုင်ခဲ့တာပါ။

    အဲဗာတန်ကလည်း နော်ဝစ်ခ်ျကို အနိုင်ရခဲ့ပြီး ဇယားအောက်ခြေက ဆန်းဒါးလန်းအသင်းကတော့ ဖူးလ်အသင်းကို အဝေးကွင်းမှာ ဂိုးပြတ်နဲ့ နှိပ်ကွပ် ခဲ့ပါတယ်။

    တန်းဆင်းဇုန်နားက အသင်း ၂ သင်းဖြစ်တဲ့ ကာဒစ်ဖ်နဲ့ ၀က်စ်ဟမ်းတို့ပွဲမှာတော့ ၀က်စ်ဟမ်းအသင်းက အနိုင်ရခဲ့ပြီး နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားတဲ့ ဆောက်သက်တမ်ကလည်း နည်းပြသစ်နဲ့ ၀က်စ်ဘရွန်းကို အဒမ် လာလနာရဲ့သွင်းဂိုးနဲ့နိုင်ခဲ့ပါတယ်။

    အခုတစ်ပါတ်မှာ ဇယားအောက်ခြေက အသင်းတစ်ချို့ အနိုင်ရခဲ့တာကြောင့် တန်းဆင်းဇုန်က အမှတ်တွေဟာ မတိမ်းမယိမ်းဖြစ်လာခဲ့ပြီး အမှတ်ပေးဇယားကိုတော့ ချယ်ဆီးက တစ်ပွဲပိုကစား တစ်မှတ်အသာနဲ့ ဦးဆောင်နေပါတယ်။

    ယနေ့မှာတော့ နယူးကာဆယ်နဲ့ မန်စီးတီး၊ စတုတ်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ ကစားဖို့ရှိနေပြီး၊ အာဆင်နယ်အသင်းကတော့ အင်္ဂါနေ့ မနက်ကျမှ အက်စတွန်ဗီလာအသင်းနဲ့ အဝေးကွင်းပွဲကိုကစားရမှာဖြစ်ပါတယ်။

    စနေနေ့ ပွဲစဉ်များရဲ့ အနိုင်အရှုံးရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ဟားလ်စီးတီး ၀-၂ ချယ်ဆီး
    ကာဒစ်ဖ် ၀-၂ ၀က်စ်ဟမ်း
    အဲဗာတန် ၂-၀ နော်ဝစ်ခ်ျ
    ဖူလ်ဟမ် ၁-၄ ဆန်းဒါးလန်း
    ဆောက်သက်တမ် ၁-၀ ၀က်စ်ဘရွန်း
    စပါး ၂-၀ ခရစ္စတယ်ပဲလေ့စ်
    မန်ယူ ၂-၀ ဆွမ်ဆီး

    Photo-premierleague.com