News @ M-Media

Blog

  • နိုင်ငံတော်သမ္မတရုံး ၀က်ဆိုဒ်တွင် မသန်စွမ်းသူများ သတင်းအား စကားလုံးအသုံးအနှုန်း မှားယွင်းဖော်ပြ

    နိုင်ငံတော်သမ္မတရုံး ၀က်ဆိုဒ်တွင် မသန်စွမ်းသူများ သတင်းအား စကားလုံးအသုံးအနှုန်း မှားယွင်းဖော်ပြ

    ဇန်န၀ါရီ ၁၀၊ ၂၀၁၄
    M-Media
    မောင်လူငယ်

    1525562_10201384579121778_2055551974_n
    နိုင်ငံတော်သမ္မတရုံး ၀ဘ်ဆိုက်တွင် ဖော်ပြခဲ့သော သတင်း

    နိုင်ငံတော်မှ ပြင်ဆင်သုံးနှုန်းနေသည့် မသန်စွမ်းဆိုသည့် အသုံးအနှုန်းအား နိုင်ငံတော်သမ္မတရုံး၏ ၀ဘ်ဆိုက်တွင်ပင် မသန်မစွမ်းဟု ဖော်ပြခဲ့ခြင်း ကြောင့် မသန်စွမ်းသူများမှ စိတ်မကောင်းဝမ်းနည်း ဖြစ်ခဲ့ကြကြောင်းသိရပါတယ်။

    ပြီးခဲ့တဲ့ ဇန်န၀ါရီ ၉-ရက်နေ့က မသန်စွမ်းသူများ၏ အားကစားပြိုင်ပွဲအတွက် အားကစားသမားများအား ဂုဏ်ပြုလှူဒါန်းမှု အခမ်းအနားသတင်းအား နိုင်ငံတော်သမ္မတရုံး ၀က်ဆိုဒ်တွင် မသန်မစွမ်းဆိုသော အသုံးအနှုန်း ခေါင်းစဉ်အမှားဖြင့် သတင်းတင်ခဲ့ကြောင်း သိရပါတယ်။

    ထို မသန်မစွမ်းဟူသောအသုံးအနှုန်းသည် ယခု လက်ရှိ မသန်စွမ်းသူများအားလုံး မနှစ်သက်ကြကြောင်း၊ အဆိုပါ သတင်းကို ဖော်ပြပြီး နာရီပိုင်း အတွင်း ပြန်လည် ပြင်ဆင်သွားကြောင်း သိရပါတယ်။
    ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၁ ရက်နေ့က ဆီးဂိမ်းလ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားတွင် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း မိန့်ခွန်းပြောရာတွင်လည်း မသန်မစွမ်း ဆိုသည့် အသုံးအနှုန်းကို သုံးခဲ့သဖြင့် မသန်စွမ်းသူများအားလုံး ၀မ်းနည်းပြီး မကျေမနပ် ဖြစ်ခဲ့ကြောင့် သိရပါတယ်။

    နိုင်ငံတော်မှ ပြင်ဆင်သုံးနှုန်းနေသည့် မသန်စွမ်းဆိုသည့် အသုံးအနှုန်းအား နိုင်ငံတော်သမ္မတရုံး၏ ၀ဘ်ဆိုက်တွင်ပင် မသန်မစွမ်းဟု သုံးစွဲမှုသည် မသန်စွမ်းသူများအပေါ် အလေးထားမှုမရှိကြောင်း ဖော်ပြနေသည်ဟု သုံးသပ်လိုက်ရပါတယ်။

  • မြန်မာနိုင်ငံတွင် TV ၌ လက်ဟန်ဖြင့် ပထမဆုံး သတင်း တင်ဆက်သူ မောင်လူငယ်(DVB)နှင့် မေးမြန်းခန်း

    ဇန်နဝါရီ ၁၀ ၊ ၂၀၁၄
    M-Media
    အမ်တူးအေ

    Mg Luu Nge
    မြန်မာယဉ်ကျေးမှုအရ အားလုံးကို လေးစားပါတယ်ဆိုသည့် Sign Language

    Sign Language presenter အဖြစ် ဆောင်ရွက်တာမှာ ကိုလူငယ်က မြန်မာမှာ ပထမဆုံးဖြစ်တယ်လို့ သိရှိရတာကြောင့် ကိုလူငယ်ကို M-Media မှ ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါတယ်။ ကိုလူငယ်ဟာ မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းမှု သမိုင်းမှာ ထောင်ထဲတွင်ပင် သေဆုံးသွားခဲ့ရသည့် စာရေးဆရာမောင်သော်က (ဗိုလ်မှူးဘသော်)ရဲ့ မြေးတစ်ဦးလည်း ဖြစ်ပါတယ်။

    M-Media – ပထမဆုံးအနေနဲ့ ကိုလူငယ်ရဲ့ နာမည်လေးရယ်၊ မိဘရယ်ကို မိတ်ဆက်ပေးပါလား။

    ဖြေ –  ကျနော် နာမည်ရင်းက ဘိုဘိုကြိုင်ပါ။ ခင်မင်သူတွေက ကိုလူငယ်လို့ ခေါ်ကြပါတယ်။ မိဘက စကားမပြောတတ် နားမကြားတဲ့သူတွေပါ။ ကျနော်က အကြားအာရုံ မသန်စွမ်းသူပါ။

    M-Media – ဟုတ်ကဲ့ ကိုလူငယ်ရဲ့ မွေးသက္ကရာဇ်လေးနဲ့ မွေးဖွားရာ ဇာတိနဲ့ အခုနေထိုင်ရာ ကို ပြောပြပေးပါဦး။

    ဖြေ – ဟုတ်ကဲ့ ကျနော်ကို ၁၈ ရက် သြဂုတ် ၁၉၈၃ ရန်ကုန်မှာ မွေးတာပါ။ အခုတော့ ကျနော်အလုပ်ရှိရာ ဇင်းမယ်မှာ ရှိနေပါတယ်

    M-Media – ကိုလူငယ်က အကြားအာရုံ မသန်စွမ်းသူလို့ ဆိုပါတယ်။ ဒီလို ဖြစ်ရတာက မွေးရာပါလား။ ဒါမှမဟုတ် ဘေးအန္တရာယ် တစ်ခုခုကြောင့်များ ဖြစ်ခဲတာပါလား။

    ဖြေ – ကျနော် အသက် ၁၅ နှစ်မှာ ထိခိုက်မှု ဖြစ်ခဲ့တာပါ။ နားထဲကို ရေ၀င်လို့ နားတွင်း ကိုက်ခဲရာကနေ ပြည်တည့်ပြီးနောက် ပြန်ပျောက်တော့ လုံးဝ မကြားရတော့တာပါ။

    M-Media – ဟုတ်ကဲ့ပါ။ ဒါဖြင့် ကိုလူငယ်က ဒီအကြားအာရုံ ချို့တဲ့မှု မဖြစ်ခင်ထိတော့ တခြားကလေးတွေနည်းတူ သာမန်ကျောင်းမှာပဲ တက်ခဲ့တာလား။ ဒါမှမဟုတ် အကြားအာရုံမကောင်းသူတွေအတွက် သီးသန့်ကျောင်းမှာပဲ ပညာဆက်သင်ခဲ့တာလား။ ဘယ်အထိ ပညာသင်ကြားခဲ့ပါသလဲ။

    ဖြေ- ကျနော် ကလေးဘ၀ကတည်းက သာမန်ကျောင်းမှာ သင်ခဲ့တာပါ။ တက္ကသိုလ်မှာ ဘွဲ့ရတဲ့အထိပါဘဲ။ အကြားအာရုံ မသန်စွမ်းသူတွေ ကျောင်းမှာတော့ မနေခဲ့ပါဘူး။ သူတို့တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံမှုရှိတယ်။

    M-Media – ဟုတ်ကဲ့။ Sign Language နဲ့ presenter လုပ်တာမှာ မြန်မာကဆို ကိုလူငယ်က ပထမဦးဆုံးတစ်ယောက်ဖြစ်တယ်ပေါ့နော်။ ဒီလို Sign Language ကိုရော ဘယ်လိုများ သင်ကြား တတ်မြောက်ခဲ့ရပါသလဲ။

    ဖြေ – ဟုတ်ကဲ့။ သိပ်ကောင်းတဲ့ မေးခွန်းပါဘဲ။ ကျနော် မိဘက စကားမပြောတတ် နားမကြားသူတွေ ဆိုတော့ သူတို့ရဲ့ မိခင်ဘာသာစကားဖြစ်တဲ့ Sign Language ကို ကလေးဘ၀ကတည်းက ထိတွေ့မှုရှိခဲ့တယ်။ နောက်ပြီး အိမ်ကို လာလည်တဲ့ မိဘတွေရဲ့ မိတ်ဆွေ၊ ငယ်သူငယ်ချင်းတွေရဲ့ ဆက်သွယ်နေပုံတွေ အားလုံးကို ထိတွေ့နေရတာပါ။ နှစ်ပေါင်း ၂၀ ကျော် နားမကြားသူတွေနဲ့ နေလာခဲ့တော့ တက်မြောက်လာခဲ့တာပါ။

    M-Media – ဟုတ်ကဲ့ ထပ်ဖြည့်ပြောဖို့ ရှိသေးလားရှင့်။ မရှိရင် ကျွန်မ နောက်ထပ် မေးခွန်းတစ်ခုလောက် ထပ်မေးချင်လို့ပါ။

    ဖြေ – ရပါတယ်။ မေးနိုင်ပါတယ်

    M-Media – ထပ်ပြီး မေးကြည့်ချင်တာက ကိုလူငယ်အနေနဲ့ မြန်မာ ပြည်တွင်းမှာ ဘယ်အသက်အရွယ်ထိ နေခဲ့ပြီး။ ထိုင်းကို ဘယ်အချိန်မှာ ရောက်ရှိခဲ့တာပါလဲ။

    ဖြေ – ဟုတ်ကဲ့ ကျနော် အသက် ၂၉ မှာ ထိုင်းကို ရောက်တာပါ။ လွန်ခဲ့တဲ့ ၂၀၁၂ ကပါ။

    M-Media – မြန်မာပြည်တွင်းမှာ နေစဉ်ကရော Sign Language နဲ့ပတ်သက်ပြီး ဒါမှမဟုတ် မသန်စွမ်းသူတွေနဲ့ပတ်သက်ပြီး လုပ်ဆောင်မှုတွေ ရှိခဲ့ဖူးပါသလား။

    ဖြေ – မြန်မာနိုင်ငံက အခုမှာ ပွင့်လင်းစ ပြုလာတာပါ။  ပြောရရင် မသန်စွမ်းသူတွေက မြန်မာနိုင်ငံမှာ ၁.၃ သန်းလောက်ရှိတယ်လို့ လူမှုဝန်ထမ်းက ထုတ်ပြန်ထားပါတယ်။ နားမကြားတဲ့သူတွေက မြန်မာပြည်မှာ အများကြီး ရှိနေပါတယ်။ ဒါပေမဲ့ သူတို့ အသိပညာ ဗဟုသုတ မြင့်မားဖို့ သိနိုင်ဖို့အတွက် ရုပ်သံတွေမှာ သတင်းတွေကို လက်ဟန်ဘာသာစကားနဲ့ တင်ဆက်တာမျိုး မရှိတော့ သတင်းတွေ မရောက်တာ ငတ်နေတာ ကြာခဲ့ပါပြီး။ မသန်စွမ်းတွေနဲ့ ပတ်သက်လို့ မြန်မာပြည်မှာ အသိပညာ အားနည်း နေသေးပါတယ်။ အခုတောင် မသန်စွမ်းဥပဒေကြမ်းကို လွှတ်တော်တင်ဖို့ စီစဉ်နေကြပါတယ်။
    နောက်တခုက အာဆီယံနဲ့ အာရှနိုင်ငံတွေမှာ မသန်စွမ်းတွေ အတွက် လုပ်ဆောင်မှု တိုးတက်နေကြပြီး မြန်မာကတော့ အာဆီယံမှာ ဘိတ်ဆုံးရောက်နေတာ ၀မ်းနည်းစရာပါ။

    with mg taw ka
    အဘိုးဖြစ်သူ ဦးဘသော် (ခ) စာရေးဆရာမောင်သော်က နှင့် ကိုလူငယ် ငယ်စဉ်က မှတ်တမ်းဓါတ်ပုံ

    M-Media – ဟုတ်ကဲ့ ဒါဆိုရင် အခုလို Sign Language Presenter အဖြစ် ကိုလူငယ် ထိုင်းကိုရောက်မှ စလုပ်ဖြစ်ခဲ့တာပေါ့နော်။

    ဖြေ – ဟုတ်ပါတယ်။ ပြည်တွင်းမှာ အခြေအနေက အခွင့်အရေး မပေးပါဘူး။ ဒီဗွီဘီက ပထမဆုံး စတင်ခဲ့တာပါ။ နားမကြားတွေအတွက် ၀မ်းသာစရာ သတင်းဖြစ်ပါတယ်။

    M-Media – ဟုတ်ကဲ့ပါ။ DVB မှာ ပထမဆုံး စပြီး လုပ်ဖြစ်ခဲ့ပုံလေး ပြောပြပေးပါလား။

    ဖြေ – ဒီဗွီဘီမှာ စခဲ့တုန်းက ကျနော် စိတ်လှုပ်ရှားနေခဲ့တယ်။ လက်တွေ တုန်နေခဲ့တယ်။ ငါလုပ်မှ ဖြစ်တော့မယ်။ နားမကြားတွေအားလုံးအတွက်၊ ပြည်သူတွေအားလုံးအတွက် ငါ ကြိုးစားရမယ်။ နောက်ပြီး အလ္လာဟ်အရှင်ရဲ့ စောင့်မမှုကြောင့် လုပ်ဖြစ်သွားတာပါ။ ဖန်ဆင်းရှင်ကို အများကြီး ကျေးဇူးတင်သလို ဒီဗွီဘီဝိုင်းတော်သားတွေကို တကယ်ကျေးဇူးတင်တယ်။ သူတို့ တွန်းအားပေးမှုကြောင့် ကျနော် ဒီလို ဖြစ်လာခဲ့တာပါ။

    M-Media – ကိုလူငယ်က DVB မှာ ပထမဆုံး စလုပ်ခဲ့တယ်ဆိုတော့ နောက်ပိုင်း တခြား ဘယ်တွေမှာ လုပ်ဖြစ်ခဲ့ပါသလဲ။

    ဖြေ – ကျနော်ဘ၀မှာ ပထမဆုံး ရခဲ့တဲ့ အလုပ်ဖြစ်ပါတယ်။ တခြားဘယ်မှာ မလုပ်ခဲ့ပါဘူး။ အလုပ်နေရာ ပေးခဲ့တဲ့ ဒီဗွီဘီကို သံယောဇဉ် ဖြစ်နေတယ်။

    M-Media – ဟုတ်ကဲ့ ဒါဖြင့် အခုလက်ရှိထိလည်း ကိုလူငယ်က DVB မှာပဲနော်။ လုပ်သက် ဘယ်လောက် ကြာမြင့်ခဲ့ပါပြီလဲ။

    ဖြေ – အခုဆို ၂ နှစ် ပြည့်တော့မယ်။

    M-Media – ဟုတ်ကဲ့ ခုနက မေးခွန်းလေးကို ပြန်ကောက်ပါရစေ။ ကိုလူငယ်အနေနဲ့ DVB မှာ အလုပ်စ၀င်ဖြစ်ဖို့ ကြိုးစားခဲ့ရတာလေးတွေကို ပြောပြပေးပါလား။ ဘယ်လို အဆက်သွယ်လုပ်ခဲ့ရတယ်။ presenter ဖြစ်လာဖို့ အင်တာဗျူးဝင်ခဲ့ရပုံ၊ ကြိုတင် ပြင်ဆင်ခဲ့ရပုံလေးတွေပေါ့။

    ဖြေ – တကယ်တော့ ပြည်တွင်းမှာ ရှိစဉ်က ဘာအလုပ်မှာ မရခဲ့ပါဘူး။ မသန်စွမ်းတွေဘ၀ ခက်ခဲ့ပါတယ်။ မသန်စွမ်းတွေကို အလုပ်လုပ်ခွင့် အတားအဆီးတွေ အများရှိ ရှိနေပါတယ်။ ကျနော် အရင်ကတည်းက ဒီဗွီဘီကို စိတ်ဝင်စားခဲ့တာပါ။ ဒီဗွီဘီရဲ့ ဆန်းသစ်မှု၊ သတင်းဖော်ပြမှုတွေကို သဘောကျခဲ့သလို နားမကြားတွေလည်း သဘောကျခဲ့တယ်။ သူတို့က ဒီဗွီဘီမှာ လက်ဟန်သတင်းတင်ဆက်ရင် အားလုံးအတွက် အဆင်ပြေ နားလည်သဘောပေါက်မယ်ဆိုလို့ စတင်ဆက်သွယ်ခဲ့တာပါ။
    အယ်ဒီတာနဲ့ အယ်ဒီတာချုပ်ရဲ့ ကျေးဇူးတွေ ရှိပါတယ်။ သူတို့က စွမ်းဆောင်နိုင်မှု၊ အသုံးဝင်တဲ့နေရာကို ပေးလို့ ဖြစ်လာခဲ့ လုပ်ဖြစ်ခဲ့တာပါ။

    M-Media – ဟုတ်ကဲ့။ ကိုလူငယ်ပြောသွားတယ်။ မြန်မာပြည်တွင်းမှာက မသန်စွမ်းတွေအတွက် အလုပ်လုပ်ခွင့်အတားအဆီးတွေ အများကြီးရှိနေတယ်ပေါ့နော်။ ပြည်တွင်းမှာက မသန်စွမ်းသူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းသာမက သူတို့သွားလာနေထိုင်ရေး ချောမွေ့မှုတွေလည်း မရှိဘူးလေ။ ဒီတော့ ကိုလူငယ် အနေနဲ့ ပြည်တွင်းက မသန်စွမ်းသူတွေအတွက် အဲဒါတွေကို ဘာများ ပြောကြားလိုပါသလဲ။

    ဖြေ – ဟုတ်ကဲ့။ မသန်စွမ်းသူတွေအတွက် ပြောချင်တာက ဘယ်တော့မှာ စိတ်ဓာတ်မကျပါနဲ့။ ကိုယ်တို့တွေဟာ ဘ၀ကို စိန်ခေါ်နေတဲ့ စစ်သည်တော်တွေလို့ မှတ်ယူပြီး ကြံကြံခံ ရင်ဆိုင် တိုက်ပွဲဝင်ကြပါလို့ ပြောချင်ပါတယ်။

    M-Media – ဟုတ်ကဲ့။ ကိုလူငယ်က အစ္စလာမ်သာသနာဝင် တစ်ယောက်ဖြစ်တဲ့အပေါ်မှာရော အလုပ်လုပ်ရတာ အခက်အခဲရှိပါသလား။

    ဖြေ – အင်း။ တကယ်တော့ အစ္စလာမ်ဘာသာကို နားမလည်တဲ့သူတွေ ကြားထဲ ရောက်နေရင်
    အခက်အခဲတော့ ရှိမှာပဲ။ အစ္စလာမ်ဘာသာကို နားလည်ပြီး ဘာသာအချင်းချင်း လူမျိုးအချင်းချင်း အပြန်အလှန်လေးစားပြီး နားလည်တဲ့သူတွေကြားထဲ ရောက်နေရင် အခက်အခဲကတော့ မရှိပါဘူး။
    အလုပ်လုပ်ရတာတော့ အဆင်ပြေပါတယ်။ အားလုံးက ကူညီပေးကြပါတယ်။

    M-Media – ကိုလူငယ်က DVB ရဲ့ ဘယ်အပိုင်းမှာတာဝန်ထမ်းဆောင်ရပါသလဲ။

    ဖြေ – ကျနော် DVB မြန်မာပိုင်း ပြည်တွင်းသတင်းမှာ တာဝန်ထမ်းဆောင်ရတာပါ။

    M-Media – မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တစ်ယောက်ဖြစ်တဲ့ ကိုလူငယ်အနေနဲ့ Sign Language မှာ မြန်မာနိုင်ငံက ပထမဦးဆုံး Presenter အဖြစ် နိုင်ငံခြားအခြေစိုက် သတင်းမီဒီယာတစ်ခုမှာ ပထမဆုံး ဆောင်ရွက်ခဲ့ရတဲ့အပေါ် စိတ်ခံစားချက် ဘယ်လိုများ ရှိပါသလဲ။

    ဖြေ – အမှန်အတိုင်း ပြောရရင် ကျနော်စိတ်ထဲမှာ အကြားအာရုံ မသန်စွမ်းသူတွေ အားလုံးအတွက် လုပ်ပေးချင်တဲ့ စိတ်ကြောင့်ပါ။ မသန်စွမ်းသူတွေအပေါ် ပြည်သူတွေက နားလည်ပေးစေချင်တယ်။ ဒီလို သတင်းတွေ တင်ဆက်နိုင်တော့ မသန်ပေးမဲ့ စွမ်းဆောင်နိုင်တယ်။ လောကမှာ အသုံးမ၀င်တဲ့ အရာဆိုတာ မရှိဘူး အသုံးပြုဖို့၊ စွမ်းဆောင်ရည်တွေကို ဖော်ထုတ်တင်ပြပေးနိုင်တယ်ဆိုတဲ့ မက်ဆေ့ပေးချင်တာပါ။

    M-Media – ဟုတ်ကဲ့ပါ။ ကိုလူငယ်အနေနဲ့ ဖြေပေးတာလည်း တော်တော်များပါပြီ။ ကိုလူငယ်အနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်တာ ရှိပါသလဲ။

    ဖြေ – ဟုတ်ကဲ့။ ပြည်သူပြည်သားတွေအနေနဲ့ မသန်စွမ်းသူတွေကို လက်တွဲခေါ်ပါ။ မသန်စွမ်းသူတွေ အတွက် အတားအဆီးဖြစ်နေတဲ့ အရာတွေကို တိုက်ဖျက်ပြီး မသန်စွမ်းသူတွေအတွက် ဘယ်လို ဆောင်ရွက်နိုင်မလဲဆိုတဲ့အရာတွေကို ကြံဆ လုပ်ဆောင်ရင်း All Inclusive Democratic Community ဖြစ်လာဖို့ အားလုံးကို တိုက်တွန်းပါတယ်။

    M-Media – ဟုတ်ကဲ့ ဖြေကြားပေးတဲ့ ကိုလူငယ်ကို ကျေးဇူးအများကြီးတင်ပါတယ်။
    ဖြေ – ဟုတ်ကဲ့ ကျေးဇူးပါ။

    ကိုလူငယ်၏ FaceBook စာမျက်နှာ =>https://www.facebook.com/maungluunge

    ကိုလူငယ်၏ သတင်းတင်ဆက်မှု ရုပ်သံဖိုင်

  • ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင် ဒီဇယ်များကိုသယ်ယူခဲ့သည်ဟု အမှုဖွင့်ထားသော သက်ကယ်ကွင်းရွာသူ/သားမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

    ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင် ဒီဇယ်များကိုသယ်ယူခဲ့သည်ဟု အမှုဖွင့်ထားသော သက်ကယ်ကွင်းရွာသူ/သားမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

    ဇန်န၀ါရီလ ၁၀၊ ၂၀၁၄
    M-Media
    သီရိ

    DSCN7705

    ရန်ကုန် ။     ။ သက်ကယ်ကွင်းရွာ နှင့် ရွှေဖျိုင်းဖြူ ကုမ္ပဏီမှ ဆီတွဲကိစ္စ သတင်းစာရှင်းလင်းပွဲကို MJN ရုံးခန်း၌ ဇန်န၀ါရီလ ၉-ရက်၊ နံနက် ၁၁ နာရီ တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။

    ဒီဇင်ဘာလ ၁၀ ရက် နေ့လည် ၂ နာရီအချိန် ရွာ၏အရှေ့ဘက်ကမ်းစပ်အရောက် စကာင်္ပူကုမ္ပဏီပိုင် သဘောင်္တစ်စီး ဖြစ်သော ဒီဇယ်တွဲရေယာဉ်မှာ ဦးပိုင်းစိုက်၍ မြုပ်လုနီးတွင် ရေယာဉ်ပေါ်တွင်ပါလာသော သူများမှ ရွာသူ/သားများအားအကူညီတောင်းခဲ့ကြပါသည်။ရွာသူ/သားများမှလည်း ဒီဇယ်များကို ရေပုံးများ၊ ဒန်အိုးဒန်ခွက်များဖြင့် ပြင်ပသို့ခပ်သွန်ပေးကြပါသည်။

    သို့သော် ရွှေဖျိုင်းဖြူမှ ဆီများကိုအတင်းအဓမ္မတက်ရောက်၍ ချိတ်ပိတ်ထားသော ဆီတွဲပေါက်များကို ခပ်ယူကာ လှေများဖြင့် သယ်ဆောင်သွားကြကြောင်း ထိရောက်စွာအရေးယူပေးစေရန် ကို The Voice Wekeely ဂျာနယ်တွင် ထည့်သွင်းဖော်ပြထားခဲ့ပြီး၊ ရွာသား (၅) ဦးကိုလည်း ဆိပ်ကမ်းမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ခေါ်ယူစစ်ဆေးခြင်းကိုလည်း ယနေ့အထိ အချုပ်ခန်း၌ ဆင်းရဲဒုက္ခခံနေကြရကြောင်းကို ရွာသားများမှ ပြောကြားခဲ့ပါသည်။

    သက်ကယ်ကွင်းရွာသားတစ်ဦးဖြစ်သော ဦးဝင်းထွန်းမှ” အခုလို ရွာသား ၅ ယောက်ကိုခေါ်ဆောင်သွားတာဟာ တစ်ဖက်သက်တရားစွဲဆိုခံထားရတာ ဖြစ်တယ်၊ မေးစရာရှိလို့ခေါ်သွားမယ်ဆိုပြီး ပြန်မလွှတ်တော့တာပါ၊ ပုဒ်မ (၃၈၀) နဲ့ဖမ်းတာလို့ပြောတယ်၊ နိုင်ငံတော်သမ္မတ နဲ့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့စည်းတွေကိုလည်း စာတင်ထားသောလည်း အကြောင်းပြန်စာကို ယနေ့အထိ မရခဲ့ပါဘူး ” ဟု ပြောကြားခဲ့ပါသည်။

    “အခုလိုသတင်းစာရှင်းလင်းပွဲပြုလုပ်ရတဲ့ ရည်ရွယ်ချက်ဟာ ကျွန်တော်တို့ သက်ကယ်ကွင်းရွာကို အထင်အမြင်သေးနေတဲ့သူတွေ၊ လွဲမှားစွာသိနေတဲ့ အမှားတွေကို သိသာစေချင်လို့ဖြစ်ပါတယ်၊ဂျာနယ်တွေမှာဖော်ပြထားတာကလည်း ရွာရဲ့ပုံရိပ်တွေကို ထိခိုက်စေတယ်၊ ရွာရဲ့ပုံရိပ်ကို ကောင်းလာစေချင်လို့ လုပ်တာဖြစ်တယ်” ဟု သကယ်ကွင်းရွာသား ဦးငွေကြည်မှ ပြောကြားခဲ့ပါသည်။

    သတင်းစာရှင်းလင်းပွဲကို သက်ကယ်ကွင်းသူရွာသားများ မှ မီဒီယာများမှ မေးမြန်သည်များကို ဖြေကြားခဲ့ကြသည်။

  • ဇန်န၀ါရီ ၉၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၉၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၉၊ ၂၀၁၄
    M-Media

    မရွယ်မရောက်သေးသူ မိန်းကလေးအား အဓမ္မပြုကျင့်သည့် စစ်သားအား စုံစမ်းစစ်ဆေး

    – ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲနေ အသက် ၁၃-နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ခလရ-၃၁ မှ တပ်သားတစ်ဦးက ဒီဇင်ဘာ ၂၄-ရက်နေ့က နေအိမ်တွင် မိဘများမရှိခိုက် အဓမ္မပြုကျင့်ခံခဲ့ရသည့် မိန်းကလေးကို ကျေးရွာလူကြီးမှ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်ဟု စွပ်စွဲချက်ကို တပ်မတော်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
    ________________________

    အိန္ဒိယ-မြန်မာ နယ်နိမိတ် ၂-နိုင်ငံတာဝန်ရှိသူများ ကွင်းဆင်း

    – မပြီးပြတ်သေးသည့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်နိမိတ်အရေးကိစ္စအတွက် မြန်မာဘက်မှ နိုင်ငံခြားရေးဌာန၊ မြေတိုင်းဦးစီးဌာန၊ ကက-ကြည်းနှင့် တမူးခရိုင်အုပ်ချုပ်ရေးမှူးနှင့် အိန္ဒိယနိုင်ငံမှ စစ်သံမှူး၊ ကောင်စစ်ဝန်၊ မြေတိုင်း ဦးစီးဌာနမှ ၃-ယောက် စုစုပေါင်း (၅)ဦးပါသည့် တာဝန်ရှိသူများသည့် ကွင်းဆင်း တိုင်းတာပြီး စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်းသိရသည်။
    ________________________

    တိုင်းရင်းသားပေါင်းစုံ တွေ့ဆုံပွဲ လက်ကမ်းစာစောင်ဝေခြင်းကို တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် တားမြစ်

    – တောင်ကြီဲးမြို့တွင် ပြုလုပ်မည်ဖြစ်သည့် တိုင်းရင်းသားပေါင်းစုံ တွေ့ဆုံပွဲအတွက် တောင်ကြီးတက္ကသိုလ်အတွင်း လက်ကမ်းစာစောင်ဝေသည်ကို တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ် ဒေါ်မူမူမြင့်က ခေါ်ယူသတိပေးတားမြစ်ခဲ့သည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီဝင် ဓါတုဗေဒ နောက်ဆုံးနှစ်ကျောင်းသား ကိုဝင်းနိုင်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။
    ________________________

    ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ၈၃ နှစ်မြောက် နှစ်ပတ်လည်နေ့ ကျင်းပ

    ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ၈၃ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ဒီနေ့ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းက ဦးချစ်လဖက်ရည်ဆိုင်မှာ ကျင်းပခဲ့ကြောင်း RFA သတင်းမှ သိရှိရသည်။
    ________________________

     

  • မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂ သမိုင်းနှင့် မြန်မာမွတ်စလင် တို့အခန်းကဏ္ဍ

    ဇန်နဝါရီ ၉ ၊ ၂၀၁၄
    M-Media

    rusu

    ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၉ ရက် (ယနေ့) သည် တ.က.သ ဟု ခေါ်သော ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တ.က.သ) စတင်ဖွဲ့စည်းခဲ့သည့် ၈၃-နှစ်မြောက်နှစ်ပတ်လည်နေ့ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂ နှင့် မြန်မာမွတ်စလင်တို့ရဲ့ အခန်းကဏ္ဍကို လက်လှမ်းမှီသလောက် စုစည်း ပေးလိုက်ပါတယ်။

    ၁) ဦးကျော်ခင်၊ ဦးရာရှစ် (ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ စည်းမျဉ်းရေးဆွဲရေး ကော်မတီဝင် (၁၂) ဦးပါဝင်ခဲ့သူများ)၊

    ၂) ဦးထွန်းစိန် ( ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တ.က.သ) ရွေးကောက်တင်မြှောက်ခံရသည့် ပထမဆုံး ဥက္ကဌ)

    ၃) ဦးရာရှစ် (ဒုတိယကျောင်းသား သပိတ်ခေါင်းဆောင်၊ တ.က.သ ဥက္ကဌနှင့် ပထမဆုံး ဗ.က.သ ဥက္ကဌ၊ )

    ၄) ဦးတင်ထွန်း (ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ၁၉၅၄-၅၅ )

    ၅) ကိုအောင်ထွန်း ( မြန်မာနိုင်ငံ တက္ကသိုလ်ကျောင်းသား လှုပ်ရှားမှု့သမိုင်း ပြုစုရေးသားသူ)

    မှတ်ချက်- အချို့သော အချက်အလက်များမှ စနစ်တကျ ပုံဖျက်၊ ဖျက်ဆီး ထိန်ချန်ထားခံရသောကြောင့် M-Media မှာ လက်လှမ်းမှီသလောက် အချက်အလက်များအပေါ် အခြေခံပြီး ဖော်ပြခြင်းဖြစ်ပါတယ်။