ဇန်နဝါရီ ၁၄၊ ၂၀၁၄
M-Media
– အသင်း၏ ပွဲစဉ်များအား နည်းပြဟောင်း ဖာဂူဆန်လာရောက်ကြည့်ရှုခြင်းအတွက် မိမိတွင် မည်သည့်ပြဿနာမှမရှိဟု မန်ချက်ယူနိုက်တက်အသင်း၏ နည်းပြ မိုယက်စ်က ပြောကြားလိုက်သည်။
ဖာဂူဆန်လက်ထက်တွင် အောင်မြင်မှုသရဖူဆောင်းနိုင်ခဲ့သည့် မန်ယူအသင်းမှာ မိုယက်စ် လက်ထက်တွင် အခြေအနေ ဆိုးရွားနေပြီး တိုက်ရိုက်ထုတ်လွှင့်သည့် ကင်မရာမှ ပွဲလာရောက်ကြည့်ရှုသည့် နည်းပြဟောင်း ဖာဂူဆန်အား သေချာစွာ ရိုက်ပြလေ့ရှိသည်။ သို့သော်လည်း ထိုအခြေအနေက မိမိနှင့် အသင်းအတွက် မည်သည့် အနှောက်အယှက်မှ မဖြစ်ဟု မိုယက်စ်က ဆိုသည်။
“ဆာအဲလက်စ်(ဖာဂူဆန်)ဟာ အလွန်ပြောင်မြောက်တဲ့ နည်းပြတစ်ဦးပါ။ သူပွဲကြည့်စင်ပေါ်မှာရှိနေတာဟာ ကျွန်တော့်ကို ကူညီဖို့ပါ။ ကျွန်တော်လိုအပ်တဲ့ အချိန်တွေမှာ သူနဲ့ စကားပြောဖြစ်ပါတယ်။ ပွဲအပြီး ၁ မိနစ် ၂ မိနစ်လောက် ကျွန်တော် သူနဲ့ တွေ့ဖို့ ကျွန်တော် အဆန္ဒရှိပါတယ်” ဟု မိုယက်စ်က MUTV သို့ပြောကြားခဲ့သည်။
မန်ယူအသင်းအား နှစ်ပေါင်း ၂၀ ကျော်ကြာကိုင်တွယ်လာခဲ့ပြီး ယခုနှစ်မှ အနားယူသွားခဲ့သည့် ဖာဂူဆန်မှာ အသင်း၏ အနေအထားကို ယခုအချိန်အထိ စောင့်ကြည့်နေပြီး စနေနေ့က ကစားခဲ့သည့် ဆွမ်ဆီးနှင့် ပွဲမတိုင်မီတွင်လည်း အသင်း၏ နည်းဗျူဟာနှင့် ပတ်သက်၍ နည်းပြမိုယက်စ်အား အကြံဥာဏ်ပေးခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
Leave a Reply
You must be logged in to post a comment.