News @ M-Media

Blog

  • အသင်းမှ ကစားသမားအချို့အား မိုယက်စ်ထွက်ခွာခွင့်ပေးမည်

    ဇန်နဝါရီ ၁၂၊ ၂၀၁၄
    M-Media

    – မန်ချက်စတာယူနိုက်တက်အသင်း၏ ကစားသမား အချို့အား နည်းပြ မိုယက်စ်က ထွက်ခွာခွင့်ပြုတော့မည်ဟု သိရသည်။
    article-0-1BD0C45D000005DC-227_634x412
    ထိုကစားသမားများတွင် ကွင်းလယ်လူ အန်ဒါဆန်၊ နာနီနှင့် ၀ီလ်ဖရိုင်း ဇာဟာတို့ပါဝင်နေသည်။ ဖာဂူဆန်လက်ထက်က ပေါင် ၁၇ သန်းဖြင့် ၀ယ်ယူခဲ့သည့် အန်ဒါဆန်မှာ စီးရီးအေကလပ် ဖီအိုရင်တီးနားသို့ ဇန်န၀ါရီတွင် ပြောင်းရွှေ့ရန်ရှိနေပြီး ပေါ်တူဂီကွင်းလယ်လူ နာနီက အသင်းဟောင်း စပို့တင်း လစ္စဘွန်းသို့လည်းကာင်း၊ ဇာဟာမှာ မန်ယူ တိုက်စစ်မှူးဟောင်း ဆိုးလ်ရှား ကိုင်တွယ်နေသည့် ကာဒစ်ဖ်အသင်းသို့လည်းကောင်း ပြောင်းရွှေ့ရန်ရှိနေသည်။

    ထို့ပြင်ပထမအသင်းမှ ကစားသမားအချို့ကိုလည်း မိုက်ယက်စ်က လာမည့် နွေရာသီတွင် လက်လွှတ်ဖွယ်ရှိနေပြီး၊ ထိုကစားသမားများထဲတွင် ဖာဒီနန်၊ ဗီဒစ်၊ ဘတ္တနာ၊ ကာဂါဝါ၊ ဟာနန်ဒက်ဇ်၊ အီဗရာ၊ ဗလင်စီယာနှင့် အန်ဒါ လင်ဒဂ်အာ့ဒ်တို့ ပါဝင်နေသည်။

    အသင်း၏ အားထားရသည့် တိုက်စစ်မှူး ရူနီမှာလည်း သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ငြင်းဆန်ထားသောကြောင့် ရူနီ၏ အနာဂတ်မှာလည်း မသေချာဖြစ်နေပြီး၊ အသင်း၏ စီနီယာကစားသမားများနှင့် နည်းပြ မိုယက်စ်မှာ အဆင်မပြေမှုများဖြစ်နေသည်ဟု သတင်းများထွက်ပေါ်လာသည်။ အတွင်း သတင်းများအရ မိုယက်စ်မှာ ယခုဆောင်းရာသီအပြောင်းအရွှေ့နှင့် လာမည့် နွေရာသီ အပြောင်းအရွှေ့တို့တွင် သုံးစွဲရန်အတွက် ယူရို သန်း ၁၈၀ ခွင့် ပြုချက်ရရှိထားသည်ဟု သိရသည်။
    Ref: dailymail

  • တမန်တော် မုဟမ္မဒ် မွေးနေ့ အခမ်းအနား ပြုလုပ်ရန် နိုက်ဂျီးရီးယား မွတ်စလင်များပြင်ဆင်

    ဇန်နဝါရီ ၁၂၊ ၂၀၁၄
    M-Media

    တမန်တော် မုဟမ္မဒ်သခင်(ငြိမ်းချမ်း သာယာမှု သက်ရောက်ပါစေ) ဖွားမြင်ခြင်း အထိမ်းအမှတ် အခမ်းအနားများအား ကျင်းပရန် နိုက်ဂျီးရီးယား မွတ်စလင်များပြင်ဆင်
    Festive-Mood-as-Nigerians-Mark-Prophet-Birthday-
    – မကြာမီကျရောက်တော့မည့် တမန်တော်မုဟမ္မဒ်သခင် ဖွားမြင်ရာနေ့ အထိမ်းအမှတ်အဖြစ် အခမ်းအနားများ ကျင်းပရန် နိုက်ဂျီးရီယား မွတ်စလင်များက ပြင်ဆင်နေကြသည်ဟု သိရသည်။

    ထိုကဲ့သို့ အခမ်းအနားများတွင် တမန်တော်မြတ်၏ သွန်သင်မှုများကို အလေးထား ပြောကြားသွားမည်ဖြစ်ပြီး နိုင်ငံငြိမ်းချမ်းရေး အတွက်လည်း ဆုတောင်း သွားမည်ဟု သိရသည်။

    “အခုအချိန်ဟာ တမန်တော်ရဲ့ ဂုဏ်ကျေးဇူးကို ကျူးရင့်တဲ့ အချိန်ပါ။ ရဗီအွလ်အောင်ဝလ်လ (အစ္စလာမ့် ပြက္ခဒိန်တွင် တတိမြောက်လ) ၁ ရက်နေ့ကစပြီး တမန်တော်မြတ်ကြီးရဲ့ ဂုဏ်ကျေးဇူးကို ချီးကျူးတဲ့ ဓမ္မတေးတွေကို စုပေါင်း သီကြူးကြပြီး၊ တမန်တော်မြတ် ဖွားမြင်တဲ့ ၁၂ ရက်နေ့ကျရင်တော့ တစ်နိုင်ငံလုံးက မွတ်စလင်တွေက အခမ်းအနားတွေ ပြုလုပ်မှာပါ” ဟု ကွယ်လွန်သွားခဲ့သည့် နိုက်ဂျီးရီးယားရှိ မွဖ်သီဟောင်း ရှိခ် မုဟမ္မဒ် အောင်ဝဲလ်၏ သားဖြစ်သူ တီဂျန်နီယာက OnIslam.net သို့ ပြောကြားခဲ့သည်။

    ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ်ဘာသာဝင်များမှာ လာမည့် တနင်္လာ၊ အင်္ဂါနေ့များတွင် တမန်တော် မုဟမ္မဒ်သခင် ဖွားမြင်ရာနေ့ အထိမ်းအမှတ်အဖြစ် အခမ်းအနားများ ပြုလုပ်ကြမည်ဖြစ်ပြီး နိုက်ဂျီးရီးယားနိုင်ငံတွင်လည်း လာမည့် အင်္ဂါနေ့အား ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသည်။

    ထို့ပြင် နိုက်ဂျီးရီးယားနိုင်ငံတွင် တမန်တော်မြတ်မွေးဖွားရာနေ့တွင် ထိမ်းမြား လက်ထပ်ခြင်းများ ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်သရဇ္ဈာယ်မှု ပြိုင်ပွဲများ ကျင်းပပြုလုပ်လေ့ရှိကြသည်။
    Ref: OnIslam

  • နိုင်/ကျဉ်း အားလုံးမလွှတ်၍ သမ္မတဦးသိန်းစိန် ကတိမတည်ဟု ပြင်သစ် လူ့အခွင့်အရေး အဖွဲ့ပြော

    ဇန်နဝါ ၁၂၊ ၂၀၁၄
    M-Media

    Thein Sein.
    – ၂၀၁၃ ခုနှစ် နှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးမည်ဟု သမ္မတ ဦးသိန်းစိန်က ကတိပေးခဲ့သော်လည်း လက်တွေ့တွင် ထိုကတိအား တည်ကြည်ခြင်း မရှိဟု ပြင်သစ်လူ့အခွင့်အရေး အဖွဲ့တစ်ခုက သောကြာနေ့တွင် ပြောဆိုလိုက်သည်။

    ပြင်သစ်နိုင်ငံ အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့(International Federation for Human Rights) ၏ အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်သူ ဒက်ဘီ စတော့ဟာဒ်က နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ သမ္မတ ဦးသိန်းစိန်၏ မတည်သော ကတိဖြင့် ဖျားယောင်းခြင်း ခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    “ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံကို ထောင်ပံ့ပေးမယ့်အစား မြန်မာနိုင်ငံမှာရှိတဲ့ ကျဉ်းသားတွေကို ချက်ချင်းလွှတ်ပေးပြီး စစ်မှန်တဲ့ နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာအောင် နိုင်ငံတကာ အသိုင်းအ၀ိုင်းက မြန်မာ အစိုးရကို တွန်းအားပေးရပါမယ်” ဟု သောကြာနေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် စတော့ဟာဒ်က ပြောကြားခဲ့သည်။ ထို့ပြင် ၂၀၁၃ ခုနှစ်တွင် နိုင်ငံအတွင်းရှိ အကျဉ်းထောင်များမှ နိုင်ငံရေး အကျဉ်းသား ၄၀၀ ကျော်ကို လွှတ်ပေးခဲ့သော်လည်း ယခုအချိန်အထိ အကျဉ်းထောင်များထဲတွင် နိုင်ငံရေး အကျဉ်းသား ၄၀ နီးပါးခန့်ရှိနေသည်ဟု အဆိုပါအဖွဲ့၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    ၂၀၁၀ ခုနှစ်က ရွေးကောက်ပွဲပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို အားပေးသော အနေဖြင့် ကမ္ဘာ့နိုင်ငံများက ပိတ်ဆို့မှုများကို လျှော့ချပေးခဲ့သည်။ ထို့ပြင် ဇန်န၀ါရီ ၂ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အကျဉ်းကျခံနေရသူများ၏ ပြစ်ဒဏ်များလျှော့ပေါ့သည့် အစီအစဉ်ကို ကြိုဆိုကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရူပါတ် ကိုလ်ဗီလီက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    Ref: UPI

  • တရုတ်နိုင်ငံ တောင်ပိုင်းရှိ တိဘက်မြို့ဟောင်း တစ်ခု မီးလောင်ကျွမ်းမှုကြောင့် ပျက်ဆီး

    ဇန်နဝါရီ ၁၂၊ ၂၀၁၄
    M-Media

    20141122438723734_20

    တရုတ်နိုင်ငံအနောက် တောင်ဘက် ဒီကွင်ပြည်နယ် ရှန်ဂရီလာကောင်တီရှိ  ရှေးဟောင်း သမိုင်းဝင် တီဘက်မြို့ဟောင်း တစ်ခုမှာ ယမန်နေ့က မီးလောင်ခဲ့မှုကြောင့် လုံးဝ ပျက်ဆီးသွား ခဲ့သည်ဟု သိရသည်။

    အဆိုပါမြို့ဟောင်းရှိ ဒူကီဇွန် ရပ်ကွက်တွင် ယမန်နေ့ နံနက် ၁ နာရီခွဲခန့်က မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ရှေးဟောင်းမြို့၏ ကျဉ်းမြောင်းသော လမ်းများကြောင့် မီးသတ်ကားများမှာ ၀င်ရောက်နိုင်ခဲ့ခြင်း မရှိဘဲ၊ မီးလောင်မှုမျာ ၁၀ နာရီ နီးပါးကြာမြင့်ခဲ့သည်။

    နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိပြီဖြစ်သည့် အဆိုပါမြို့တွင် ရှေးဟောင်း အဆောက်အဦးများနှင့် တိဘက်လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုများဖြင့် ထုံမွှမ်ထားသော လှပသည့် မြို့တစ်မြို့ဖြစ်ပြီး ကမ္ဘာ့လှည့်ခရီးသွားများ အလွန်စိတ်ဝင်စားသော မြို့လည်းဖြစ်သည်။

    မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများစာရင်းကို သိရှိရခြင်း မရှိသေးဘဲ မည်သည့် အကြောင်းကြောင့် မီးလောင်ခဲ့သည်ကိုလည်း စုံစမ်း စစ်ဆေးနေကြောင်း၊ ထိုမြို့ အတွင်းရှိ တည်းခိုခန်း တစ်ခုမှ မတော်တဆ မီးလောင်ကျွမ်းခြင်း ဖြစ်နိုင်ကြောင်း ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

    Ref: aljazeera

  • အသေခံ ဗုံးခွဲမှုကို အသက်စွန့် ကာကွယ်ခဲ့သူ ကျောင်းသားလေးအား နိုင်ငံ၏ အမြင့်ဆုံးဆု ပါကစ္စတန်ချီးမြှင့်မည်။

    ဇန်နဝါရီ ၁၂၊ ၂၀၁၄
    M-Media

    pakistan-teenage-hero

    – ကျောင်းအတွင်းသို့ အသေခံဗုံးခွဲရန် လာရောက်သောသူအား ခုခံခဲ့သောကြာင့် အသက်စွန့်ခဲ့ရသည့် အသက် ၁၅ နှစ်အရွယ် ကျောင်းသားတစ်ဦးအား ပါကစ္စတန်နိုင်ငံရှိ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့အား ချီးမြှင့်မည်ဟု သိရသည်။

    အိတ်ဇာဇ် ဟာဆန်ဟု အမည်ရသည့် အဆိုပါဆယ်ကျော်သက်မှာ နိုင်ငံအနောက်မြောက်ဘက် ခိုင်ဘာ ပက်ထွန်ဟွာပြည်နယ် ဟန်ဂူခရိုင်ရှိ အထက်တန်းကျောင်းတစ်ခုမှ ကျောင်းသားတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် တနင်္လာနေ့က ရာပေါင်းများစွာသော ကျောင်းသားများကိုကယ်တင်ရန်အတွက် ကျောင်းအတွင်းသို့ ၀င်ရောက်လာသော အသေခံဗုံးခွဲသမားအား ခုခံခဲ့သူဖြစ်သည်။

    ထို့ကြောင့် အသေခံဗုံးခွဲသမားမှာ ကျောင်းအတွင်သို့ မ၀င်ရောက်နိုင်ခဲ့ဘဲ ကျောင်းဂိတ်ပေါက်ဝတွင် ၎င်း၏ဗုံးအား ခွဲခဲ့ပြီး ဟာဆန်မှာလည်း ဗုံးထိမှန်ခဲ့ကာ ဆေးရုံအရောက်တွင် ကွယ်လွန်သွားခဲ့သည်။

    ထိုအဖြစ်အများဖြစ်ပွားပြီးနောက် ရှဟီဒ်း(အာဇာနည်) အိတ်ဇာတ် ဟာဆန်အား နိုင်ငံတော်၏ အမြင့်ဆုံး သူရဘွဲ့ဖြစ်သည့် စစ်တရာ-အီ-ရှုဂျတ်(Sitara-e-Shujjat) ဘွဲ့ချီးမြှင့်ရန် ၀န်ကြီးချုပ် နာဝဇ်ရှရစ်ဖ်က သမ္မတ မန်မွန် ဟူစိန်အား အကြံပေးခဲ့ပြီး ထိုဆုအား မတ်လ ၂၃ ရက်နေ့တွင် ကျရောက်မည့် ပါကစ္စတန် လွတ်လပ်ရေးနေ့တွင် ဟာဆန်၏ မိသားစုများအား ပေးအပ်သွားမည်ဖြစ်သည်။

    “ရှဟီဒ်း အိတ်ဇာဇ်ရဲ့ ရဲစွမ်းလှတဲ့ ဒီလုပ်ရပ်က ကျောင်းသား ရာပေါင်းများစွာရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပါတယ်။ ပြီးတော့ ဒါဟာ ပြောင်မြောက်တဲ့ သူရသတ္တိနဲ့ တိုင်းချစ်ပြည်ချစ်စိတ်ကို ဖော်ကျူးလိုက်တဲ့ ဥပမကောင်းတစ်ခုပါပဲ” ဟု သောကြာနေ့က အစိုးရမှ ထုတ်ပြန်ခဲ့သည့် ကြေညာ ချက်တွင် ဖော်ပြထားသည်။

    နိုင်ငံပိုင်ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် မီဒီယာများက ဟာဆန်အား ဂုဏ်ပြုသော အစီအစဉ်များ ထုတ်လွှင့်ခဲ့ကြပြီး၊ ပါကစ္စတန်နိုင်ငံတစ်ဝှမ်းရှိ လူငယ်များနှင့် ကျောင်းသားကျောင်းသူများကလည်း  ချီးကျူးဂုဏ်ပြုသည့်အခမ်းအနားများ၊ ဟာဆန်အတွက် ဆုမွန်ကောင်းတောင်းပေးခြင်းများကို ပြုလုပ် လျက်ရှိကြသည်။ ထို့ပြင် ဟန်ဂူဂရိုင်ရှိ ၎င်း၏ ဂူဗိန်မာန်သို့လည်း လာရောက်ကြကာ ကုရ်အာန် ကျမ်းစာ ဖတ်ရွတ်ပေးခြင်း၊ ဆုမွန်ကောင်းတောင်းခြင်းများကို ပြုလုပ်လျက်ရှိကြသည်။

    Ref:aljazeera