News @ M-Media
Blog
  • ဒုတိယကမ္ဘာစစ်အတွင်း ပြင်သစ်ရွာသားများကို သတ်မှု နာဇီတပ်ဖွဲ့ဝင်တစ်ဦးအား ဂျာမနီတွင် တရားစွဲ
    ဇန်နဝါရီ ၉ ၊ ၂၀၁၄
    M-Media
    20141822181941734_20
    – ဒုတိယကမ္ဘာစစ်အတွင်းက ပြင်သစ်နိုင်ငံရှိ ရွာသားအချို့အား သတ်ဖြတ်ခဲ့မှုတွင် ပါဝင်ခဲ့မှုကြောင့် နာဇီ Waffen-SS တပ်မှ စစ်သားဟောင်း တစ်ဦးအား ဂျာမနီရှိ တရားသူကြီးများက ယမန်နေ့က တရားစွဲဆိုလိုက်သည်ဟု သိရသည်။
    ထိုစစ်သားဟောင်းမှာ အသက် ၈၈ နှစ်အရွယ်ရှိပြီး ကိုလုံးမြို့တွင် နေထိုင်သူဖြစ်သည်။ ၎င်းမှာ ဒုတိယကမ္ဘာစစ်အတွင်းက ပြင်သစ်နိုင်ငံအလယ်ပိုင်း Limousin ဒေသရှိ Oradour-sur-Glane ရွာအား နာဇီစစ်တပ်များက ဖျက်ဆီးခဲ့မှုတွင် ပါဝင်ခဲ့ပြီး၊ ၎င်းနှင့် အခြားစစ်သားတစ်ဦးမှာ ရွာသား ၂၅ ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကာ၊ ရွာရှိ ခရစ်ယာန်ဘုရားကျောင်းအား မီးရှို့မှုတွင်လည်း ကူညီခဲ့သူဖြစ်သည်ဟု တရားသူကြီးများအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အချင်မ် ဟန်စတန်ဘာဂ့်က ယမန်နေ့တွင် ပြောကြားခဲ့သည်။
    သို့သော်လည်း အဆိုပါစစ်သားဟောင်း၏ နာမည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ဘဲ၊ မည်သည့်ပြစ်မှုများဖြင့် တရားစွဲဆိုထားသည်ကိုလည်း မပြောခဲ့ပေ။ ထိုစစ်သားဟောင်း၏ ရှေ့နေကမူ ၎င်း၏အမှုသည်မှာ ၁၉၄၄ ခု ဇွန်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သော အဆိုပါ စစ်ဆင်ရေးတွင် သေနတ်တစ်ချက်မှ ပစ်ခဲ့ခြင်းမရှိဘဲ၊ ရွာသားများ၏ အသက်ကို ကယ်တင်ရန်သာ ကြိုးစားခဲ့သည်ဟု ကာကွယ်ပြောဆိုထားသည်။
    Ref: aljazeera
    ဓါတ်ပုံ အညွှန်း- ဒုတိယကမ္ဘာစစ်အတွင်းက ပြင်သစ်နိုင်ငံအလယ်ပိုင်း Limousin ဒေသရှိ Oradour-sur-Glane ရွာအား နာဇီစစ်တပ်များက ဖျက်ဆီးခဲ့စဉ် (၁၉၄၄)
    Photo- AFP
  • ဇန်နဝါရီ ၉ အားကစားသတင်းများ
    ဇန်နဝါရီ ၉ ၊ ၂၀၁၄
    M-Media
    မန်ယူအသင်း ချန်ပီယံလိဂ် ၀င်ခွင့်မရမည်ကို အသင်းသားများက စိုးရိမ်နေသည်ဟု ၀ဲလ်ဘတ်ဆို
    – ရာသီကုန်လျှင်အသင်းအနေဖြင့် ထိပ်ဆုံးလေးသင်းစာရင်းထဲ ၀င်ရောက်နိုင်ခြင်းမရှိမည်ကို အသင်းသားများက ကြောက်ရွံ့နေသည်ဟု မန်ချက်စတာ ယူနိုက်တက်အသင်း၏ တိုက်စစ်မှူး ဒန်နီယဲလ် ၀ဲလ်ဘတ်က ပြောကြားလိုက်သည်။
    မန်ယူအသင်းမှာ ပရီးမီးယားလိဂ်သမိုင်းတွင် အဆင့် ၃ အောက် မည်သည့်အခါမျှ လျော့ကျခြင်းမရှိခဲ့သော်လည်း ယခုရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်  စိုးရိမ်ရဖွယ်အနေအထား ဖြစ်လာခဲ့သည်။ လက်ရှိတွင် အဆင့်လေးနေရာနှင့် ၅ မှတ်အကွာတွင်ရှိနေပြီး ၁၃ နှစ်အတွင်း ပထမဆုံး သုံးပွဲဆက်အရှုံးနှင့်လည်း ရင်ဆိုင်ထားရသည်။
    “ပရိတ်သတ်တွေ ဘာကြောင့် စိတ်ပူနေတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ ချန်ပီယံလိဂ် ၀င်ခွင့်နေရာနားမှာ မရှိပါဘူး။ အသင်းရဲ့ ကစားပုံကို ပြန်ရဖို့နဲ့၊ နောက်ပွဲတွေကို အနိုင်ကစားဖို့ လိုနေပါတယ်” ဟု ၀ဲလ်ဘတ်က ပြောကြားခဲ့သည်။
    မန်ယူမှာ ၂၀၁၄ နှစ်သစ်တွင် နိုင်ပွဲမရှိဘဲ နောက်ဆုံး ကစားထားသည့် ၃ ပွဲစလုံးတွင် ရှုံးနိမ့်ထားသည်။
    Sunderland-v-Manchester-United-2999164
    …………………………………….
    မန်စီးတီး ၆-၀ ၀က်စ်ဟမ်း
    လိဂ်ဖလားပြိုင်ပွဲ ဆီးမီးဖိုင်နယ်ပွဲစဉ် ပထမအကျော့အဖြစ် မန်စီးတီးအသင်းနှင့် ၀က်စ်ဟမ်းအသင်းသို့ ယနေ့နံနက်က ယှဉ်ပြိုင်ကစားခဲ့ရာ မန်စီးတီးအသင်းက အိမ်ကွင်း အီတီဟတ်တွင် ဂိုးပြတ် ခြေပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ မန်စီးတီးအသင်းမှာ FA ဖလားပွဲတွင် ဘလက်ဘန်းအသင်း ၁ ဂိုးစီ သရေကျခဲ့သောကြောင့် ယခုပွဲအနိုင်ရရှိရန် ဇာဘလက်တာ၊ ကန်ပနီ၊ လက်စကော့၊ နာဆရီ၊ တိုးယေး လူစုံနီးပါး ပါဝင်ခဲ့ပြီး ၀က်စ်ဟမ်းအသင်း တွင်တည်း ဒေါင်းနင်း၊ ဂျိုလ်ကိုး စသည့် ကစားသမားများပါဝင်ခဲ့သည်။
    FA ဖလားတွင် နော်တင်ဟမ်ဖောရက်စ် အသင်းအား ၅ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော ၀က်စ်ဟမ်းအသင်းမှာ ယခုပွဲတွင်လည်း မန်စီးတီးအသင်းအား အစစ အရာရာယှဉ်ကစားနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ မန်စီးတီးအတွက်ဂိုးများကို နီဂရီဒိုက ဟက်ထရစ်၊ ဇက်ကိုက ၂ ဂိုးနှင့် ယာယာတိုးယေးက ၁ ဂိုး အသီးသီး သွင်းယူပေးခဲ့သည်။ ဒုတိယအကျော့ကစားရန် ရှိနေသော်လည်း ယခုပွဲအနိုင်ကြောင့် မန်စီးတီးအသင်းမှာ ဗိုလ်လုပွဲသို့ တက်ရောက်ရန် အခြေအနေကောင်းနေပြီး ၀က်စ်ဟမ်းအသင်း၏ နည်းပြ ဆမ်အလာဒွိုက်စ်မှာ ဖိအားများနှင့် ရင်ဆိုင်နေရပြီဖြစ်ကာ ၀က်စ်ဟမ်းအသင်းအား တိုးတက်မှုများကို ဆောင်ကျဉ်းမပေးနိုင်ပါက အသင်းမှ ထုတ်ပယ်ခြင်းခံရနိုင်သည်ဟု ပွဲအပြီးတွင်၎င်းကိုယ်တိုင် ၀န်ခံသွားခဲ့သည်။
    …………………………………….
    ကစားသမားဘ၀ကို ဘာစီလိုနာတွင် အဆုံးသတ်ချင်သည်ဟု မက်ဆီဆို
    – ဒဏ်ရာမှ ပြန်လည်သက်သာလာသည့် ဘာစီလိုနာအသင်း၏ အာဂျင်တိုင်း တိုက်စစ်မှူး မက်ဆီက ၎င်းအနေဖြင့် ကစားသမားဘ၀အား ဘာစီလိုနာအသင်းတွင်ပင် အဆုံးသတ်ချင်သည်ဟု ပြောကြားလိုက်သည်။
    မက်ဆီမှာ တံကောက်ကြောဒဏ်ရာကြောင့် နိုဝင်ဘာလအစောပိုင်းကတည်းက အနားယူနေရသူဖြစ်ပြီး ယမန်နေ့က ကစားခဲ့သည့် ဂီတာဖေးအသင်းအား ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် Copa del Rey ဖလားပြိုင်ပွဲတွင် ပထမဆုံး ၀င်ရောက်ကစားခဲ့ကာ ခြေစွမ်းပြ၍ ၂ ဂိုး သွင်းယူပေးခဲ့သည်။
    အသက် ၂၆ နှစ်အရွယ်ရှိ မက်ဆီမှာ ဘာစီလိုနာ အသင်းဒါရိုက်တာ ဂျာဗီယာ ဖောက်စ်နှင့် အဆင်မပြေဖြစ်နေပြီး ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက ခေါ်ယူလိုသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ကစားသမားဘ၀ အနားယူသည်အထိ ဘာစီလိုနာတွက် နေချင်သည်ဟု ပြောဆိုခဲ့သည်။
    ……………………….
    စပါးတိုက်စစ်မှူးဒီဖိုး မေဂျာလိဂ်သို့ ပြောင်းရွှေ့တော့မည်
    – စပါးအသင်းတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် အင်္ဂလန် တိုက်စစ်မှူးဂျာမိန်းဒီဖိုးမှာ အမေရိကန်ဂျောလိဂ် MLS တွင် ကစားနေသည့် တိုရွန်တို အက်ဖ်စီ အသင်းသို့ ပြောင်းရွှေ့တော့မည်ဟု သိရသည်။
    ပြောင်းရွှေ့ကြေး ပေါင် ၇.၃ သန်းဖြင့် လေးနှစ်စာချုပ် ချုပ်ဆိုသွားမည်ဖြစ်ပြီး၊ အပြောင်းအရွှေ့ကို လာမည့် တနင်္လာနေ့တွင် အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ကာ  ထိုပြောင်းရွှေ့ကြေးမှာ မေဂျာလိဂ်စံချိန်တင် ပြောင်းရွှေ့ကြေးလည်းဖြစ်သည်။
    အသက် ၃၁ နှစ်အရွယ်ရှိ ဒီဖိုးအား ၀က်စ်ဟမ်းအသင်းကခေါ်ယူရန် ကြိုးစားခဲ့သော်လည်း ဒီဖိုးက တိုရွန်တိုအသင်းကိုရွေးချယ်ခဲ့ခြင်းဖြစ်ပြီး၊ တစ်ပါတ်လုပ်ခ ပေါင် ၁ သိန်း ကျော်ရရှိမည်ဖြစ်သည်။
  • အအေးလှိုင်းဒဏ်ခံ ပြည်သူများသို့ နယူးယောက်ရှိ မွတ်စလင် အဖွဲ့တစ်ခုမှ စောင်နှင့် အစားအသောက်များ လှူဒါန်း
    ဇန်နဝါရီ ၉ ၊ ၂၀၁၄
    M-Media
    USMuslims-Donations-Defy-Polar-Freeze
    – အအေးလွန်ကဲမှုဒဏ်ကို ခံစားနေရသည့် ဒေသများသို့ လှူဒါန်းနိုင်ရန်အတွက် နယူးယောက်အခြေစိုက် နက်စ်ဆောင်ကောင်တီ မွတ်စလင်အသင်း MCNC မှ စောင်များနှင့် အစားသောက်များအား Long Island ဘုရားကျောင်းများကောင်စီသို့ ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရသည်။
    “ကျွန်တော်တို့လှူဒါန်းမှုဟာ မဆိုစလောက်လေးပါပဲ” ဟု Long Island အစ္စလာမ့်မစ် စင်တာ၏ အဖွဲ့ဝင်ဖြစ်သူ ဟဘီးဘ် အဟ်မဒ်က ပြောကြားခဲ့သည်။
    ထိုကဲ့သို့လှူဒါန်းမှုများပြုလုပ်ရန် အတွက် ဗလီဝတ်ကျောင်းတော်သို့ လာရောက်ဝတ်ပြုသူများထံမှ အလှူငွေများကောက်ခံခဲ့ခြင်းဖြစ်ပြီး၊ ယခုလှူဒါန်းခြင်းမှာ ဒုတိယအကြိမ်ဖြစ်သည်။  ပထမအကြိမ်တွင် MCNC မှ ခြုံစောင် ၃၀၀ ကျော်နှင့် အစားအသောက် များကိုလည်း Long Island ဘုရားကျောင်းများ ကောင်စီသို့ပင် လှူဒါန်းခဲ့သည်။
    MCNC အဖွဲ့ကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလက စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး၊ Long Island မွတ်စလင်အသင်း၊ အစ္စလာမ့်မစ်စင်တာ၊ နယူးယောက်ပြည်နယ် အတွင်းရှိ ဗလီဝတ်ကျောင်းတော်များ၊ မွတ်စလင်အသင်းအဖွဲ့များနှင့် ပူးပေါင်းကာ အတိဒုက္ခရောက်နေသူများနှင့် အိမ်ခြေမဲ့များအတွက် ကူညီပေးနေသော အဖွဲ့ တစ်ခုလည်းဖြစ်သည်။
    Long Island ဘုရားကျောင်းများကောင်စီကလည်း MCNC ၏ ထိုကဲ့သို့ လှူဒါန်းမှုကို ကြိုဆိုခဲ့ပြီး မွတ်စလင်များမှာ နယူးယောက်လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းများဖြစ်သည်ဟု ပြောဆိုခဲ့သည်။
    Ref: OnIslam
  • ရှစ်လေးလုံးငွေရတုက ချမှတ်ထားသည့် ဆုံးဖြတ်ချက် (၃)ရပ်ကို အကောင်အထည် ဖော်မည်ဟုသိရ
    ဇန်နဝါရီ ၉၊ ၂၀၁၄
    M-Media
    A.N.Lay
    DSC03262
    ရန်ကုန်  ။       ။      ၈၈လေးလုံးငွေရတု အခမ်းအနားတွင် ချမှတ်ထားသည့် ဆုံးဖြတ်ချက် (၃)ရပ်အကောင်အထည်ဖော်မည့်အခမ်းအနားတစ်ခုကို (၁၁.၁၂).၉.၂၀၁၄ ရက်နေ့များတွင် ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမ၌ နံနက် ၉.၃၀ မှစ၍ ညနေ ၄း၃၀ အချိန်ထိ ပြုလုပ်မည်ဖြစ်ကြောင်းကို ဇန်နဝါရီ ၉ ရက်နေ့တွင် ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်း၌ပြုလုပ်ခဲ့သည်။
    ၎င်းရှင်းလင်းပွဲတွင် (၁) ဒီမိုကရက်တစ်ဖက်ဒရယ်တည်ဆောက်ရေး (၂) တိုင်းပြည်မှာလိုအပ်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပြုပြင်ရေး သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲရေး၊ (၃) ငြိမ်းချမ်းရေးကို ဦးတည်တဲ့ အမျိုးသားရေး အင်အားစုတွေပါဝင်သည့် ညီလာခံတစ်ရပ် တွေ့ဆုံ ဆွေးနွေးရေး တစ်ရပ် ဖော်ဆောင်ရေးတို့ဖြစ်ပါတယ်။ အဲ့ဒီ(၃)ရပ်ကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ လာမည့် ယခု ဇန်န၀ါရီ ၁၁၊ ၁၂-ရက်နေ့ မှာ ကျင်းပမည့် ပြည်ထောင်စု ညီလာခံမှာ ဆုံးဖြတ်သွားမှာဖြစ်ပါတယ်လို့ ရှင်းလင်းပြောကြားခဲ့သည်။
    အဆိုပါရှင်းလင်းပွဲတွင် ကိုရဲနိုင်အောင်နှင့် ကိုဇော်ဇော်ထွန်းတို့က မီဒီယာများအား ရှင်လင်းပြောကြားခဲ့သည်။
  • လူသားတို့တီထွင်ထားသော ရေဒါ၊ ဆိုနာ များထက် ခေတ်ရှေ့ပြေးနေသော လင်းနို့များ
    ဇန်နဝါရီ ၉ ၊ ၂၀၁၃
    M-Media
    ဆောင်းပါးရှင်- အေးထွန်း
    about bats
    လင်းနို့်တွေဟာ အလွန်ကိုစိတ်ဝင်စားစရာကောင်းမွန်တဲ့ကောင်တွေပါ။သူတို့ရဲ့ အထူးခြားဆုံး စွမ်းရည်ကတော့ သူတို့ဟာ အရာဝတ္ထုတစ်ခုရဲ့တည်နေရာကို ပဲ့တင်သံဖမ်း နည်းစနစ် အသုံးပြုပြီး ရှာဖွေနိုင်စွမ်းပါပဲ။ ဒါကို (EcholocativeAbility) လို့ခေါ်ပါတယ်။ သူတို့ရဲ့ ဒီစွမ်းရည်ဟာ ဘယ်လောက်တောင် ကောင်းမွန်ပါသလဲဆိုတာကို သိရှိနိုင်ဖို့အတွက် ပညာရှင်တွေဟာ စမ်းသပ်ချက်တွေအများကြီးလုပ်ခဲ့ပါတယ်။
    အခု ကျွန်တော်တို့ဒီအကောင်တွေရဲ့အံဖွယ်ဒီဇိုင်းတွေကို သေချာကြည့်ရအောင် (J.A.Summer Maria Torres, Scientific Research about bats, Boston: National Academic Press ,September 1996, pp 192-195) ပထမဆုံး စမ်းသပ်ချက်မှာ လင်းနို့တစ်ကောင်ကို လုံးဝမှောင်မိုက်နေတဲ့ အခန်းတစ်ခုထဲမှာ ထည့်ထားလိုက်ပါတယ်။အဲဒီအခန်းရဲ့ ထောင့်တစ်နေရာမှာ ယင်ကောင်တစ်ကောင်ကို လင်းနို့ရဲ့သားကောင် (အစာ)အဖြစ် ထားရှိလိုက်ပါတယ်။ နောက်တော့ ဒီအခန်းထဲက အဖြစ်အပျက်တွေကို ညဘက်ကြည့် ကင်မရာတွေထားရှိပြီး ပညာရှင်တွေဟာ လှို့ဝှက် စောင့်ကြည်ခဲ့ကြပါတယ်။ သူတို့ တွေ့ရှိလိုက်တာကတော့ ယင်ကောင်ဟာလေထဲက စတင်ရောက်ရှိတာနဲ့ တပြိုင်နက် တခြားထောင့်ကနေရာမှာ ရှိတဲ့လင်းနို့ဟာဒီ ယင် ကောင်ဆီကို တိုက်ရိုက်ချက်ချင်း လျှင်မြန်စွာသွားပြီး ချက်ချင်း ဖမ်းဆီးလိုက်နိုင်ပါတယ်။
    ဒီစမ်း သပ်ချက်အရ လင်းနို့တွေဟာ အလွန်ကောင်းတဲ့ အာရုံခံနိုင်မူစွမ်းရည်ဟာပိန်းပိတ်တဲ့ အ မှောင်ထဲမှာ တောင် ရှိတယ်လို့ကောက်ချက်ချ ကြပါတယ်။ ဒါပေမယ့် ဒီ အာရုံခံနိုင်မူ စွမ်းရည်ဟာ အကြားအာရုံ ကြောင့်လား ဒါမှမဟုတ် လင်းနို့မှာ ဇီးကွက်တွေလို အမှောင်ထုထဲမှာ မြင်နိုင်စွမ်းရှိတဲ့ မျက်လုံးများ ရှိနေလို့လားဆိုတာ ပညာရှင်တွေအနေနဲ့ မဝေခွဲနိုင်ကြသေးပါဘူး။
    ဒါကြောင့်ဒီမေးခွန်းတွေရဲ့ အဖြေကိုရရှိဖို့အတွက် ဒုတိယ စမ်းသပ်ချက်ကိုဆောင်ရွက်ကြပါတယ်။ အဲဒီအခန်းထဲမှာပဲ ခူကောင် တွေကိုထားရှိပြီး အဲဒီ ခူကောင်တွေရဲ့အပေါ်ကိုသတင်းစာ စာရွက် တစ်ထပ်နဲ့ လင်းနို့အနေနဲ့ မမြင်နိုင်အောင်လုံလုံခြုံခြုံ အုပ်ထားလိုက်ပါတယ်။ ပြီးတော့ ပညာရှင်တွေဟာ ကင်မရာကနေ တစ်ဆင့်စောင့်ကြည့်ကြပါတယ်။ ဒီအခါမှာ သူတို့တွေ့မြင်ကြ ရတာကတော့ လင်းနို့ဟာ လွှတ်လိုက်တာနဲ့ တစ်ပြိုင်နက်၊ အချိန်လုံးဝ မဆွဲပဲ သတင်းစာရှိရာ သို့သွားရောက် ဖယ်ရှားပြီး၊ခူ ကောင်တွေကို စားသောက် ပစ်လိုက်ပါတယ်။ ဒါကြောင့် ဒီစမ်းသပ်မူအရ လင်းနို့တွေရဲ့ လမ်းကြောင်းရှာဖွေနိုင်မူ စွမ်းရည် ဟာ အမြင်အာရုံကြောင့် မဟုတ် ဘူးဆိုတာ ပညာရှင်တွေ သိရှိခဲ့ကြပါတယ်။
    သိပံ္ပညာရှင်တွေဟာတတိယမြောက် စမ်းသပ်ချက်ကို ထပ်မံပြုလုပ်ပါတယ်။ ရှည်လျားတဲ့ လျှောက်လမ်းတစ်ခုရဲ့တစ်ဘက်ခြမ်းမှာ တစ်ဖက်ခြမ်းမှာ လင်းနို့ တစ်ကောင်ကို ထားရှိပြီး တစ်ခြား တစ်ဘက်ခြမ်းမှာတော့ လိပ်ပြာတစ်ကောင်ကို ထားရှိလိုက်ပါတယ်။ ပြီးတော့ လင်းနို့နဲ့ လိပ်ပြာကြား လမ်းတစ်လျှောက်မှာ နံရံများစွာကို အစီအစဉ်အလိုက် ထားရှိလိုက်ကြပါတယ်။နံရံတစ်ခု ဆီမှာလင်းနို့တစ်ကောင်သာ ၀င်နိုင်လောက်တဲ့ အပေါက်ငယ်လေးကိုပဲ ထားထားပါတယ်။ ဒါပေမယ့် ဒီပေါက်တွေရဲ့ တည်နေရာဟာ နံရံတစ်ခုစီမှာ တည်နေရာထားရှိပုံတွေ မတူညီကြပါဘူး။ ဆိုလိုတာက လင်းနို့ဟာလိပ်ပြာဆီရောက်ချင်တယ်ဆိုရင် တည့်တည့်ခြင်းပဲ သွားလို့မရဘူးပေါ့။ Zigzag ပုံစံသွားရပါမယ် သိပ္ပံပညာရှင်တွေဟာ ဒီမှောင်နေတဲ့လျှောက်လမ်း ထဲမှာ လင်းနို့ကို လွှတ်ပြီး စတင်စောင့်ကြည့်ကြပါတယ်။ အံ့ဖွယ်ပါပဲ။ လင်းနို့ဟာ ပထမအကန့်နံရံ ကိုရောက်တာနဲ့ အပေါက်ဆီကိုအေးဆေးဖြစ်သန်း သွားပါတယ်။ အကန့်နံရံအားလုံးကိုသူဟာ လွယ်ကူစွာပဲ ဖြစ်သန်းသွားနိုင်ပါတယ်။လင်းနို့ဟာ နံရံရှိတယ်ဆိုတာ သိရုံမက အပေါက်ဘယ် မှာရှိနေတယ်ဆိုတာကိုပါ သိရှိနေပါတယ်။နောက်ဆုံး အပေါက်ကို ဖြစ်ကျော်ပြီးတဲ့ အခါမှာတော့ သူဝမ်းစာ ပြည့်ပြီပေါ ။့
    အရမ်းအံသြသွားတဲ့ သိပံ္ပပညာရှင်တွေဟာလင်းနို့ရဲ့ အာရုံခံနိုင်မူ စွမ်းရည်ဟာ ဘယ်လောက်ထိနူးညံ့ပါသလဲ ဆိုတာကို နား လည်သိရှိနိုင်ဖို့ နောက်ဆုံး စမ်းသပ်ချက် တစ်ခုကို ထပ်မံပြုလုပ်ကြပါတယ်။
    ရှည်လျားတဲ့ လှိုဏ်ခေါင်းတစ်ခုမှာ ၀.၆ မီလီမီတာလေးပဲ အချင်းရှိတဲ့ စတီးကြိုး များကို အပေါ်ဘက်စီလင်က နေကြမ်းပြင်ပေါ်ဆီသို့ ကျပန်း ပုံစံ ထားရှိလိုက်ကြပါတယ်။အဲဒီမှာ ပညာရှင်တွေဟာ ဆထက်ထမ်းပိုး အံအားသင့်သွားကြပါတယ်။ လင်းနို့ဟာ (0.6mm) အထူပဲရှိတဲ့ အဟန့်အတားတွေကိုတောင် သိရှိရှောင်ကွင်းပြီးသွားနိုင်ခဲ့ ပါတယ်။ အဲဒီ သုသေသန အရ လင်းနို့ဟာ မယုံနိုင်ကောင်းလောက်အောင် အာရုံခံ စွမ်းရည်ကို သူတို့ရဲ့ ပဲ့တင်သံသုံး တည်နေရာ ရှာဖွေရေး စနစ် (Echolocative Ability) နဲ့ချိတ်ဆက်ပြီး ပိုင်ဆိုင် ရရှိနေတယ်ဆိုတာကိုပညာရှင်တွေသိရှိခဲ့ကြပါတယ်။ လင်းနို့တွေဟာ သူတို့နား က အရာဝတ္ထုတွေကို ထောက်လှမ်းနိုင် ဖို့ မြင့်မားတဲ့ ကြိမ်နှုန်း (Frequency)ရှိတဲ့ အသံလှိုင်း တွေကိုထုတ်လွှတ်ပါတယ်။ ဒီအသံလှိုင်းတွေဟာ အရာဝတ္ထုတွေဆီကနေ ပြန်ကန် ထွက်လာပါတယ်။ ပြန်လာတဲ့ ဒီအသံတွေဟာ လူသားတွေ မကြားနိုင်ပေမဲ့ သူတို့ အတွက်တော့မြေပုံ တစ်ပုံလို အလုပ်လုပ်ဆောင်နေကြပါတယ်။ (Donald Griffin, Animal Engineering, San Francisco, The Rockefeller university-W.H freeman Com p72-75)
    လင်းနို့ဟာသူထုတ်လွှတ်လိုက်တဲ့ အသံနဲ့ အရာဝတ္ထု ဆီမှပြန်ကန်ထွက်လာပြီးသူပြန်လည်ကြားရှိလိုက်ရတဲ့ အသံ၂ခုကြား အချိန်ကို မှတ်သားပြီး အဲဒီအရာဝတ္ထုနဲ့ သူနဲ့ကြား အကွာအဝေးကို တွက်ချက်နိုင်ပါတယ်။ အဟိတ် တိရစ္ဆာန်တစ်ကောင်ရဲ့ ဒီလိုတွက်ချက်နိုင် စွမ်းရည်ဟာ အံ့ဖွယ်ဒီဇိုင်း တစ်ခုပဲဖြစ်ပါတယ်။ လင်းနို့ရဲ့သိနားလည်မူ စွမ်းရည်ဟာ ဒီမှာတင်မရပ်သေးပါဘူး။ သူဟာ Doppler Effect ကိုပါ နားလည်နေပါတယ်။
    ဒီလိုပါ ။ တကယ်တော့ လင်းနို့ရဲ့ ကြားနိုင်သော ကြိမ်နှုန်းဘောင် (Spectrumof Frequency) ဟာ အလွန်ကျဉ်းမြောင်းပါတယ်။ Doppler Effect ဆိုတာက ဒီလိုပါ။ အကယ်၍ အရာဝတ္ထု ၂ ခုသည် ရပ်တည်နေသည်ဆိုပါက ပို့လွှတ်လိုက်သောကြိမ်နှုန်း (Frequency) နှင့် ပြန်လည် ကန်ထွက်လာသော ကြိမ်နှုန်းသည် တူညီပါတယ်။ သို့သော်လှုပ်ရှားနေသော အရာဝတ္ထုဖြစ်ပါက (ဥပမာ ဝဲပျံနေသော ယင်ကောင်)၊ ပြန်ကန်ထွက်လာသော ကြိမ်နှုန်းသည် ပို့လွှတ်လိုက်သောကြိမ်နှုန်းနှင့် မတူညီပါ။ ဒီအခါမှာ လင်းနို့ကြုံတွေ့နိုင်တဲ့ပြဿနာကတော့ ဥပမာ လှုပ်ရှားနေသော ယင်ကောင်ဆီမှ ပြန်ကန်ထွက်လာသော ပဲ့တင်သံသည် သူကြားနိုင်သော ကြိမ်နှုန်းဘောင် အတွင်းမဝင်ပါက သူကြားလိုက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ လင်းနို့တွေဟာဒီ Doppler Effect ကိုသိနားလည်နေတဲ့အလားလှုပ်ရှားနေတဲ့ အရာဝတ္ထုတွေဆီ ဆိုရင်တော့ သူဟာစတင် အသံပို့လွှတ်ကတည်းက သူ့ရဲ့ အမြင့်ဆုံး ကြိမ်နှုန်းရှိတဲ့အသံကိုပို့လွှတ်လိုက်ပါတယ်။
    ဒါမှသာလျှင်ပြန်ကန်ထွက်လာတဲ့ အသံလှိုင်းဟာ သူကြားနိုင်တဲ့ ကြိမ်နှုန်းဘောင်ထက်ကို နိမ့်မကျသွားမှာဖြစ်ပါတယ်။ ဒီလိုချိန်ညှိနိုင်မူကို ဘယ်လိုကြောင့်များ ဆောင်ရွက်နိုင်ပါသလဲ။ လင်းနို့တစ်ကောင်ရဲ့ ဦးနှောက်မှာသူရဲ့ အသံလှိုင်းအာရုံခံ စနစ်ကိုထိန်းချုပ်နေတဲ့ Neurons (အာရုံကြောဆဲလ်) နှစ်မျိုးရှိပါတယ်။ တစ်မျိုးက ပြန်ကန်ထွက်လာတဲ့ ပဲ့တင်သံကို ဖမ်းယူပေးပြီးနောက် တစ်မျိုးက ကြွက်သားတွေကို တည်နေရာရှာ အသံလှိုင်းတွေကို ထုတ်လုပ်ပါဆိုတဲ့ အမိန့်ကိုပေးနေပါတယ်။ ဒီ Neuron နှစ်မျိုးဟာ တစ်ခုနဲ့တစ်ခု ပြီးပြည့်စုံစွာ ချိန်ကိုက်အလုပ် လုပ်ဆောင်နေကြပါတယ်။
    အောက်မှာ လင်းနို့ရဲ့ စွမ်းရည်ဟာ လူလုပ်ရေဒါတွေ၊ ဆိုနာ တွေထက် မနှိုင်းကောင်းလောက်အောင် သာလွန်ကောင်းမွန်နေတဲ့ ယှဉ်တွဲပြမူကိုဖော်ပြပေးလိုက်ပါတယ်။
    1000267_412659642202322_112918775_n