News @ M-Media
Blog
  • ၀က်စ်ဘရွန်း နည်းပြအသစ်ခန့်၊ ဒိုင်ကို ဝေဖန်၍ လီဗာပူးလ်နည်းပြ ဒဏ်ရိုက်ခံရ
    ဇန်နဝါရီ ၁၀ ၊ ၂၀၁၄
    M-Media
    – အသင်း၏ နည်းပြသစ်အဖြစ် လာလီဂါကလပ် ရီးယဲလ်ဘက်တစ်အသင်း၏ နည်းပြဟောင်းဖြစ်သူ ပီပီမဲလ်အား ခန့်အပ်လိုက်သည်ဟု ၀က်စ်ဘရွန်းအသင်းက ကြေညာခဲ့သည်။
    ပရီးမီးယားလိဂ်တွင် ၄ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ကာ အသင်းမှာ တန်းဆင်းဇုန်နှင့် ၂ မှတ်အကွာတွင် ရှိနေခဲ့ပြီးနောက် ယခင်နည်းပြ စတီဗ် ကလာ့က်ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်နေ့က ၀က်စ်ဟမ်းအသင်းက ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။
    မဲလ်မှာ ယမန်နှစ်က ရီးယဲလ်ဘက်တစ်အသင်းအား လာလီဂါတွင် အဆင့် ၇ ဖြင့် ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး ၀က်စ်ဟမ်းအသင်းနှင့် ၁၈ လစာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
    ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက နည်းပြအဖြစ်ခန့်အပ်ရန် ၀က်စ်ဘရွန်းအသင်းက မဲလ်နှင့် ဆွေးနွေးခဲ့ပြီး၊ မဲလ်က ၎င်း၏ကိုယ်ပိုင်နည်းပြအဖွဲ့ တစ်ဖွဲ့လုံးကို ခေါ်ယူရန်ပြောသောကြောင့် စာချုပ်ချုပ်ရန် ပျက်ပြယ်ခဲ့ရပြီး ယခုမှ ခန့်အပ်နိုင်ခဲ့ခြင်းဖြစ်သည်။
    320034_heroa
    ………………………………….
    မန်စီးတီးအား ရှုံးနိမ့်ခဲ့သောပွဲတွင် ဒိုင်လူကြီးအား ဝေဖန်ခဲ့သောကြောင့် လီဗာပူးလ်နည်းပြ ရော်ဂျာ ဒဏ်ရိုက်ခံရ
    – ဒီဇင်ဘာ ၂၆ ရက်နေ့က ကစားခဲ့သည့် မန်စီးတီးအသင်းအား ရှုံးနိမ့်ခဲ့သောပွဲတွင် ဒိုင်လူကြီးများအား ဝေဖန်ခဲ့သောကြောင့် လီဗာပူးလ်အသင်းနည်းပြ ဘရန်ဒန်ရော်ဂျာမှာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ၏ ပေါင် ၈၀၀၀ ဒဏ်ရိုက်မှုကို ခံခဲ့ရသည်ဟုသိရသည်။
    ရဟီမ်းစတာလင်၏ ဂိုးအား လူကျွံဘောအဖြစ်သတ်မှတ်ခဲ့မှု၊ လူဝစ်ဆွာရက်ဇ်အား ဧရိယာအတွင်း မန်စီးတီး အသင်းသားများက ပြစ်ဒဏ် ကျူးလွန်ခဲ့သော်လည်း ပင်နယ်တီမပေးခဲ့မှုအပါအ၀င် ထိုပွဲတွင်ပြုလုပ်ခဲ့သည့် ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်အချို့အား ရော်ဂျာက ပွဲအပြီးတွင် ဝေဖန်ခဲ့သောကြောင့် ထိုကဲ့သို့ ပြစ်ဒဏ် ချမှတ်ခံခဲ့ရခြင်းဖြစ်ပြီး ထိုပြစ်ဒဏ်အတွက် အယူခံဝင်သွားမည် မဟုတ်ဟု ရော်ဂျာက ပြောကြားခဲ့သည်။
  • အာဖရိက အကောင်းဆုံး ဘောလုံး ကစားသမားဆုအား ယာယာတိုးယေး သုံးနှစ်ဆက်တိုက် ရရှိ
    ဇန်နဝါရီ ၊ ၁၀၊ ၂၀၁၄
    M-Media
    article-2536818-1A89090D00000578-91_634x411
    – မန်ချက်စတာ စီးတီးအသင်း ၏ ကွင်းလယ်လူ ယာယာတိုးယေးမှာ ၂၀၁၃ ခုနှစ် အာဖရိက အကောင်းဆုံး ဘောလုံးသမားဆုအား ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။
    ထိုဆုအား အာဖရိက ဘောလုံးအဖွဲ့ချုပ် CAF က ပေးအပ်ချီးမြှင့်ခြင်းဖြစ်ပြီး၊ အာဖရိကတိုက်ရှိ ဘောလုံးသမားများနှင့် နည်းပြများက မဲပေးရွေးချယ်ခဲ့ခြင်း ဖြစ်ကာ၊ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က နိုက်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ တိုးယေးမှာ ထိုဆုအား ချယ်ဆီး ကွင်းလယ်လူ မီခေးလ်နှင့် ဂါလာတာစာရေးတိုက်စစ်မှူး ဒရော့ဂ်ဘာတို့ကို ကျော်ဖြတ်ကာ ရရှိခဲ့ခြင်းဖြစ်ပြီး သုံးနှစ်ဆက်တိုက် ရရှိခဲ့ခြင်းလည်းဖြစ်သည်။
    အသက် ၃၀ အရွယ်ရှိ တိုးယေးမှာ ၂၀၁၃ ခုနှစ်အတွင်း မန်စီးတီးအသင်းနှင့် ဆုဖလားများ မရရှိခဲ့သော်လည်း ကမ္ဘာ့ဖလား ၀င်ခွင့် သုံးကြိမ်ဆက်ရရှိခဲ့သည့် အိုက်ဗရီကို့စ် အသင်းတွင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သူဖြစ်သည်။ အဆိုပါဆုအား သုံးကြိမ်ဆက်ရရှိခဲ့မှုကြောင့် တိုးယေးမှာ ကင်မရွန်း တိုက်စစ်မှူး အီတူးနှင့် စံချိန်တူညီသွားပြီဖြစ်သည်။
  • အွန်လိုင်းတွင် လူမျိုးရေးအရ စော်ကားသော မှတ်ချက်ပေးခဲ့သူအား အရေးယူနိုင်ရန် စင်ကာပူ ရဲတပ်ဖွဲ့ စုံစမ်းနေ
    ဇန်နဝါရီ ၁၀ ၊ ၂၀၁၄
    M-Media
    nsikeyboard10114e
    – အွန်လိုင်း ဆိုရှယ်မီဒီယာတွင် တွင် လူမျိုးရေးအရ စော်ကားသော မှတ်ချက်များပေးသည့် လူတစ်ဦးကို ရှာဖွေစုံစမ်းနေသည်ဟု စင်ကာပူ ရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားခဲ့သည်။
    အကောင့်အမည် Hearther Chua ဟု ပေးထားပြီး အသက် ၂၂ နှစ်အရွယ်ရှိသည်ဟု သိရသည့် အဆိုပါပုဂ္ဂိုလ်မှာ ဆိုရှယ်မီဒီယာ တစ်ခုတွင် လူမျိုးရေးအရ စော်ကားသော မှတ်ချက်များပေးခဲ့သည်ဟု ဇန်န၀ါရီ ၃ ရက်နေ့က အဆိုပါ ဆိုရှယ်မီဒီယာ အသုံးပြုသူတစ်ဦးမှ ရဲတပ်ဖွဲ့အား တိုင်ကြားခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် အခြား သူများကလည်း ထိုကဲ့သို့ တိုင်ကြားမှုများကို ပြုလုပ်ခဲ့သည်။
    ထို့ကြောင့် ရဲတပ်ဖွဲ့အနေဖြင့် Harther Chua အမည်ဖြင့်အသုံးပြုသူအား ရှာဖွေနေပြီး၊ စင်ကာပူ နိုင်ငံ ဥပဒေပုဒ်မ ၂၉၈(က)၊ အခန်း ၂၂၄ အရ မတူညီသောအုပ်စု၊ ဘာသာတရားများနှင့် လူမျိုးစုများအကြားတွင် မလိုမုန်းထားမှုများဖြစ်ပွားစေရန် လှုံဆော်ခြင်း၊ နိုင်ငံအတွင်းရှိ လူ့အဖွဲ့အစည်းများအတွင်း သဟာဇာတဖြစ်မှုကို ပျက်ပြားအောင် ပြုလုပ်ခြင်း စသည်တို့နှင့် ပက်သက်၍ အပြစ်ရှိကြောင်းတွေ့ရှိရပါက ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ သို့မဟုတ် ငွေဒဏ် ဖြစ်စေ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေရမည်ဟု ပြဌာန်းထားသည်။
    Ref: straitstimes
  • သန်းခေါင်စာရင်း ကောက်ခံရာတွင် ရိုဟင်ဂျာ နှင့် အခြား လူမျိုးစုများတွက် သီးသန့် ကုဒ်များ ထားပေးရန် ပါတီ ၂ ခု ပူးပေါင်းတောင်းဆို
    ဇန်နဝါရီ ၁၀-၂၀၁၄
    M-Media
    A.N.Lay
    1601133_645576468818160_1790106502_n
    ရန်ကုန်။          ။ ရိုဟင်ဂျာနှင့် သန်းခေါင်စာရင်း အရေး သတင်းစာ ရှင်းလင်းပွဲကို (အမျိုးသားဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရက်တစ် ပါတီ (NDPD) နှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ (DHRP) တို့ ပူးပေါင်း၍ ရန်ကုန်မြို့ ဘိုကလေးဈေးလမ်း အမှတ်၁၁၆-၁၁၈ (၆လွှာ)(B) ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ ဌာနချုပ်၌ ပြုလုပ်ခဲ့သည်။
    ” နိုင်ငံတော်က လိုလားနေတဲ့ ပူးတွဲပါဝင် လှုပ်ရှားဖို့ ကိစ္စမှာ ကျွန်တော်တို့ပါတီဝင် နှစ်ခုစလုံးက နိုင်ငံတော်ရဲ့ စီမံကိန်းတွေမှာ ပါဝင်ချင်တဲ့စိတ် ဝိုင်းဝန်းကူညီချင်တဲ့ စိတ်ရှိတဲ့ အတွက်ကြောင့် ဒီသတင်းစာရှင်းလင်းပွဲကို ပြုလုပ်ရခြင်းဖြစ်ပါတယ်။ ရခိုင်မှာဖြစ်နေတဲ့ ကိစ္စတွေကို ရခိုင်ပြည်သူပြည်သားများ ညှိနှိုင်းဆွေးနွေးမှ ညီညာ ချောမွေ့မှာဖြစ်တယ်လို့နိုင်ငံရေးခေါင်းဆောင်များက ခံယူတဲ့အတွက်ကြောင့် ရခိုင်ပြည်နယ်မှာရှိတဲ့ လူမျိုးရေး နိုင်ငံရေး အင်အားစု အားလုံးနဲ့ပူးပေါင်းပြီးဆောင်ရွက်ချင်တဲ့ စိတ်ရှိကြောင်းကို ထုတ်ဖော်ပြချင်တဲ့ အတွက်ကြောင့် နှင့် ရခိုင်ပြည်နယ်မှ ပြည်သူများ၏ ခံစားချက်၊ အခက်အခဲနှင့် အခြေခံ လိုအပ်ချက်များကို သက်ဆိုင်သူများ အားလုံးနှင့် မြန်မာပြည်သူ အားလုံးလည်း သိအောင် ကျွန်တော်တို့ ပါတီနှစ်ခုက ပူးပေါင်ပြီး သတင်းစာရှင်းလင်း ပြုလုပ်ရခြင်းဖြစ်ပါတယ်လို့” ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ ဥက္ကဌ ဦးကျော်မင်းက ပြောကြားခဲ့သည်။
    ၎င်းနောက် အဆိုပါသတင်းစာ ရှင်းလင်းပွဲတွင် ပါတီနှစ်ခု၏ အကြံပြုချက်နှင့် တိုက်တွန်းချက်မှာ ” လူမျိုးအားလုံး၏ တန်းတူ ညီမျှမှုကို အသိအမှတ်ပြုသင့်ကြောင်း၊ အိမ်ရှင်၊ဧည့်သည်ဟု မခွဲခြားသင့်ကြောင်း၊ မြောက်ဦး နိုင်ငံတော် ထူထောင်ရာတွင်ပင် ပါဝင်သူများကို ဧည့်သည်ဟု သတ်မှတ်၍ မရနိုင်ကြောင်း ၊ နိုင်ငံသားဖြစ်ပြီးသူများကို နိုင်ငံသားအဆင့် မလျော့သင့်ကြောင်း၊  အထက်ဖော်ပြပါ ဒေသခံ အစ္စလာမ် ဘာသာဝင်များသည် မွေးရာပါ နိုင်ငံသားဖြစ်သည့် အလျောက်နိုင်ငံသား အခွင့်အရေး အပြည့်အဝရရှိုနိုင်ရန် နိုင်ငံတော် အစိုးရမှ ဆောင်ရွက်ပေးသင့်ကြောင်း၊  ပြည်ထောင်စု လ.ဝ.က ဝန်ကြီးမှလည်း ၂၀၁၄ ခု လူဦးရေစာရင်းကောက်ယူရာတွင် လူမျိုးအမည်ကို လွတ်လပ်စွာရေးသားနိုင်ကြောင်း၊ နိုင်ငံရေးပါတီများမှ ဝိုင်းဝန်းကူညီပေးရန် လမ်းညွန်မှုပေးထားပြီးဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ခံခြင်းသည် တိုင်းရင်းသား၊ နိုင်ငံသား သတ်မှတ်ခြင်း မဟုတ်ကြောင်း၊ လူဦးရေစာရင်း ကောက်ယူခြင်းသာဖြစ်သည်ဟု ပြည်ထောင်စု လ.ဝ.က ဝန်ကြီးက နိုင်ငံရေးပါတီများအား ခေါ်ယူရှင်းပြခဲ့ကြောင်း၊  ထိုသို့ ကောက်ခံရာတွင် တိုင်းရင်းသား လူမျိုး (၁၃၅) မျိုး အတွက် ကုဒ်နံပါတ် ရှိသဖြင့် လူမျိုးစုစာရင်း အတိအကျပြုစုရန် လွယ်ကူပါကြောင်း၊ တိုင်းရင်းသား (၁၃၅) မျိုးတွင် မပါဝင်သော တိုင်းရင်းသား လူမျိုးစုများလည်းရှိပါကြောင်း ၊ အချို့မှာ လူဦးရေအားဖြင့် သိန်း၊ သန်းချီ၍ရှိပါကြောင်း၊  ထိုလူမျိုးစုများဖြစ်သော ဇိုမီး၊ ပသီ၊ ရှမ်းနီ၊ ကူကီး၊ ရိုဟင်ဂျာ စသည်တို့က အမှတ်စဉ်( ၁၁) ကုဒ်နံပါတ် (၉၁၄) အခြား ဇယားတွင် ဖြည့်စွက်နိုင်သည်ဟု ဝန်ကြီးက ရှင်းပြခဲ့ကြောင်း၊  တိုင်းရင်းသာား (၁၃၅) မျိုးတွင် မပါသေးသော တစ်ခြားလူမျိုးစုများနှင့် လူဦးရေ တစ်သန်းကျော်ရှိသော ရိုဟင်ဂျာ လူမျိုးများကို အခြား (Other) မှာ ရောနှောမထားဘဲ သီးခြားကုဒ်နံပါတ်တစ်ခုစီ သတ်မှတ်ပေးရန် တောင်းဆိုလိုက်ပါကြောင်း၊ ထိုသို့ သီးခြားကုဒ်နံပါတ် စီစဉ်ပေးခြင်းသည် နိုင်ငံတော် အတွက်ရော၊ ရိုဟင်ဂျာ လူမျိုးများအတွက်ပါ လျောကန် သင့်မြတ်သော ဖြေရှင်းချက်တစ်ရပ်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တစ်ပြည်လုံးရှိ ရိုဟင်ဂျာများက မိမိလူမျိုးအမည်ကို “ရိုဟင်ဂျာ”  ဟုပြတ်သားမှန်ကန်စွာ ဖြည့်စွက်ပါရန်ကို ပါတီနှစ်ခုက တိုက်တွန်းအကြုံပြုခဲ့ကြောင်း၊ ရှင်းလင်းပွဲတွင်ပြောကြားခဲ့ပါသည်။
    အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် မီဒီယာများ တက်ရောက်ကြပြီးမီဒီယာများမှလည်း သိရှိလိုသည်များကို မေးမြန်းပြီးနောက် သတင်းစာရှင်းလင်းပွဲကို ၄ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။
  • ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်း ဂျော်ဒန်တောင်ကြားရှိ ရွာတစ်ရွာအား အစ္စရေး ဖျက်ဆီးပြန်
    ဇန်နဝါရီ ၊ ၁၀၊ ၂၀၁၄
    M-Media
    Israel destroys Palestinian village in West Bank
    – အစ္စရေးက ပိတ်ဆို့ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်း ဂျော်ဒန်တောင်ကြားရှိ ဗဒူအင်လူမျိုးများနေထိုင်သည့် ရွာတစ်ရွာကို အစ္စရေးစစ်တပ်က ဦးဆောင်ကာ ယမန်နေ့တွင် ဖြိုဖျက်ခဲ့သည်ဟု သိရသည်။
    Ein Karzaliyah ခေါ်သည့် အဆိုပါရွာအား အစ္စရေးစစ်သားများက ဘူဒိုဇာများဖြင့် ၀င်ရောက်ခဲ့ပြီး တစ်ရွာလုံးအား ဖျက်ဆီးခဲ့သောကြောင့် ထိုရွာတွင်နေထိုင်သူ ၂၅ ဦးခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ ထို့ပြင် ထိုရွာသို့ သွယ်တန်းထားသည့် ရေပိုက်ကိုလည်း အစ္စရေးက ဖျက်ဆီးပစ်ခဲ့ပြီး၊ လူ့အခွင့်အရေးအဖွဲ့များ၊ မီဒီယာများကိုလည်း ထိုရွာအတွင်းသို့ ၀င်ရောက်ခွင့်မပေးခဲ့ပေ။
    “ရွာသားတွေကတော့ အခုအချိန်မှာ တောင်ပေါ်တွေမှာ နေနေရပြီး အဲဒီနေရာကို အစ္စရေးက ပန်းခြံလုပ်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒီဒေသကို ဗဒူအင်လူမျိုးမိသားစု တစ်ခုရဲ့ အမည် Karzaliyah ကိုအစွဲပြုပြီး Ein Karzaliyah လို့ မှည့်ခေါ်ခဲ့ကြတာပါ။ အခုတော့ အဲဒီမိသားစုရဲ့ ဘ၀တွေ ရိုက်ချိုး ဖျက်ဆီးခံလိုက်ရပါပြီ” ဟု လူ့အခွင့်အရေး အဖွဲ့ B’Tselem မှ အီယဒ် ဟက်ဒဒ်က ပြောကြားခဲ့သည်။
    ကလေးငယ်အများအပြားပါဝင်သည့် အဆိုပါရွာသားများမှာ ယခုအချိန်တွင် မည်သည့်နေရာကိုမှ သွားစရာမရှိဘဲ သောက်သုံးရေနှင့် အကူအညီများပေးအပ်ခွင့်ကိုလည်း အစ္စရေးစစ်တပ်က တားမြစ်ထားသည်။ ဂျော်ဒန်တောင်ကြား၏ ၉၀ ရာခိုင်နှုန်းအား အစ္စရေးက ထိန်းချုပ်ထားပြီး၊ ထိုတောင်ကြားရှိ ရွာများအား ဖျက်စီးမှုမှာ ပါလက်စတိုင်း နယ်မြေများအတွင်း အစ္စရေး၏ တရားမ၀င် အိမ်ရာဆောက်လုပ်မှုအား ပိုမိုချဲ့ထွင်ရန် ဆောင်ရွက်ခြင်းလည်းဖြစ်သည်။
    Ref: Press TV