News @ M-Media

Blog

  • အင်္ဂါဂြိုဟ်ရောက် ဒုတိယနိုင်ငံအဖြစ် တရုတ် မှတ်တမ်းဝင်

    အင်္ဂါဂြိုဟ်ရောက် ဒုတိယနိုင်ငံအဖြစ် တရုတ် မှတ်တမ်းဝင်

    မေ ၁၅၊ ၂၀၂၁
    M-Media

    Zhurong ဂြိုဟ်ဆင်းယာဉ်

    -တရုတ်နိုင်ငံရဲ့ လူမဲ့ဂြိုဟ်ဆင်းယာဉ်ဟာ ဒီနေ့မနက်ပိုင်းက အင်္ဂါဂြိုဟ်ပေါ်ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တယ်လို့ နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။

    ဒါ့ကြောင့် တရုတ်ဟာ အမေရိကန်ပြီးရင် အင်္ဂါဂြိုဟ်ကို အောင်မြင်စွာရောက်ရှိတဲ့ ဒုတိယမြောက်နိုင်ငံအဖြစ် စာရင်းဝင်သွားပါပြီ။

    အင်္ဂါဟ်ဂြိုဟ်ကိုပတ်နေတဲ့ အာကာသယာဉ် Tianwen-1 ကနေ ထွက်ခွာသွားတဲ့ ဂြိုဟ်ဆင်းယာဉ် Zhurong ဟာ Utopia Planitia လို​ခေါ်တဲ့လွင်ပြင်ကို ဆင်းသက်ခဲ့တာပါ။

    တောတောင်၊ ရေမြေအခြေအနေကို အထူးရိုက်ကူးနိုင်တဲ့ အဆင့်မြင်ကင်မရာအပါအဝင် သုတေသနကိရိယာ ၆ ခု တပ်ဆင်ထားတဲ့ Zhurong ယာဉ်ဟာ အင်္ဂါဂြိုဟ်ရဲ့ မြေဆီနဲ့ လေထုတို့ကို လေ့လာမှာ ဖြစ်ပါတယ်။

    မြေအောက်ရေ၊ ရေခဲနဲ့ အရင်က သက်ရှိတွေ ရှိ၊ မရှိကိုလည်း လေ့လာသွားဖို့ ရှိနေပါတယ်။

    အင်္ဂါဂြိုဟ်သွား အာကာသယာဉ် Tianwen-1 ကို တရုတ်က ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ လွှတ်တင်ခဲ့ပြီး ၆ လကြာပြီးတဲ့နောက် ဖေဖော်ဝါရီက အင်္ဂါဂြိုဟ်ပတ်လမ်းထဲကို ရောက်ရှိခဲ့ပါတယ်။

    Zhurong ဂြိုဟ်ဆင်းယာဉ်သာ အပြည့်အ၀ အလုပ်လုပ်နိုင်မယ်ဆိုရင် ပထမဆုံး အင်္ဂါဂြိုဟ် ခရီးစဉ်မှာပဲ ဂြိုဟ်ကိုပတ်နိုင်၊ ဂြိုဟ် ဆင်းယာဉ်လွှတ်နိုင်၊ အလုပ်လုပ်နိုင်တဲ့ ပထမဆုံးနိုင်ငံအဖြစ် တရုတ်က မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

    ဖေဖော်ဝါရီလအတွင်း အင်္ဂါဂြိုဟ်ပတ်လမ်းထဲကို ရောက်ရှိခဲ့တဲ့ အာကာသယာဉ်က ၃ စင်း ရှိခဲ့ပြီး အမေရိကန်ရဲ့ Perseverance၊ တရုတ်ရဲ့ Tianwen-1၊ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က လွှတ်တင်တဲ့ ယာဉ်တို့ ဖြစ်ပါတယ်။

    အမေရိကန်ရဲ့ Perseverance အာကာသယာဉ်က ဂြိုဟ်ဆင်းယာဉ်ဟာ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ဆင်းသက်နိုင်ခဲ့ပြီး၊ ယူအေအီးရဲ့ အာကာသယာဉ်ကတော့ ပတ်လမ်းကနေတစ်ဆင့် လေ့လာဖို့သာ ရည်ရွယ်တာဖြစ်ပါတယ်။

    အမေရိကန်ဟာ ၁၉၇၆ ခုနှစ်က ပထမဆုံးအကြိမ် အင်္ဂါဂြိုဟ်ကို ယာဉ်ဆင်းသက်နိုင်ခဲ့ပြီး၊ ၁၉၇၁ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုက ဆင်းနိုင်ခဲ့ပေမယ့် စက္ကန့်ပိုင်းအကြာမှာပဲ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။

    Ref: Reuters

  • ကိုဗစ်ကာကွယ်နိုင်ရေး နောက်ချေးများ သုတ်လိမ်းမှုကို အိန္ဒိယဆရာဝန်များ သတိပေး

    ကိုဗစ်ကာကွယ်နိုင်ရေး နောက်ချေးများ သုတ်လိမ်းမှုကို အိန္ဒိယဆရာဝန်များ သတိပေး

    မေ ၁၃၊ ၂၀၂၁
    M-Media

    -အိန္ဒိယမှာ ကိုဗစ်ကူးစက်မှုကို ကာကွယ်နိုင်တယ်လို့ ယုံကြည်ကာ နွားချေးတွေ၊ ကျင်ငယ်ရည်တွေ ခန္ဓာကိုယ်မှာ ​ သုတ်လိမ်းမှုဟာ တစ်ခြားရောဂါတွေ ဖြစ်စေနိုင်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက သတိပေးလိုက်ပါတယ်။

    ပြီးခဲ့တဲ့လကစလို့ အိန္ဒိယဟာ ကိုဗစ်တတိယလှိုင်းကို ကြုံတွေ့နေရပြီး နေ့စဉ် ကူးစက်မှုသိန်းချီ သေဆုံးသူ ထောင်ချီ ရှိနေတာပါ။ နိုင်ငံတစ်ဝှမ်း ဆေးရုံတွေမှာ ကုတင်တွေနဲ့ ဆေးဝါးပစ္စည်း မလုံလောက်တာတွေကိုလည်း ကြုံတွေ့နေရပါတယ်။

    နိုင်ငံအနောက်ပိုင်း ဂူဂျာရတ်အပါအဝင် ပြည်နယ်တစ်ချို့မှာ လူတွေဟာ နွားချေးတွေ၊ ကျင်ငယ်ရည်တွေကို ခန္ဓာကိုယ်မှာ သုတ်လိမ်းကြပြီး ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် ကိုယ်ခံအာကောင်းစေကာ ကိုဗစ်ကို ကာကွယ်ပေးနိုင်ပြီး၊ ကိုဗစ်ဖြစ်နေတဲ့လူတွေမှာလည်း အလျင်အမြန် ပြန်ကျန်းမာလာစေတယ်လို့ ယုံကြည်နေကြပါတယ်။

    ဟိန္ဒူအယူဝါဒအရ နွားကို မြင့်မြတ်တဲ့သတ္တဝါလို့ ယူဆကြပြီး နွားချေးနဲ့ ကျင်ငယ်ရည်တွေကို နေအိမ်တွေသန့်ရှင်းဖို့နဲ့ ဘာသာရေးအခမ်းအနားတွေအတွက် အသုံးပြုကြသလို၊ ရောဂါဘယပျောက်​စေနိုင်တဲ့ အစွမ်းသတ္တိ ရှိတယ်လို့လည်း ယုံကြည်နေကြပါတယ်။

    အိန္ဒိယနဲ့ ကမ္ဘာတစ်ဝှမ်းက ဆရာဝန်တွေ၊ သိပ္ပံပညာရှင်တွေက နွားချေးနဲ့ ကျင်ငယ်​ရည်တွေကို သုတ်လိမ်းတာဟာ ကိုဗစ်ကို မကာကွယ်ပေးနိုင်တဲ့အပြင် တစ်ခြား ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်တယ်လို့ သတိပေးထားပါတယ်။

    “နွားချေးတွေ၊ ကျင်ငယ်ရည်တွေဟာ ကိုဗစ်ကို ကာကွယ်နိုင်တဲ့ ကိုယ်ခံအား ဖြစ်စေတယ်ဆိုတဲ့ ခိုင်မာတဲ့ သိပ္ပံဆိုင်ရာ အထောက်အထား မရှိပါဘူး။ ဒါဟာ ယုံကြည်မှုသက်သက်သာ ဖြစ်ပါတယ်။ ဒါတွေကို သုတ်လိမ်းတာ၊ သုံးစွဲတာတွေမှာ ကျန်းမာရေးအန္တရာယ် ရှိပါတယ်။ တိရစ္ဆာန်ကနေ လူဆီကို တစ်ခြားရောဂါတွေ ပြန့်နှံ့နိုင်ပါတယ်” လို့ အိန္ဒိယ ဆေးဘက်ဆိုင်ရာအသင်း ဥက္ကဌ ဒေါက်တာ ဂျေအေ ဂျာယာလာက ပြောပါတယ်။

    နွားချေးတွေ၊ ကျင်ငယ်ရည်တွေကို လူအုပ်စုလိုက် သုတ်လိမ်းတာမျိုး လုပ်တာဟာ ကိုဗစ်ရောဂါကို ပိုမို ပြန့်နှံ့စေနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    Ref: Reuters

  • အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဂါဇာတွင် သေဆုံးသူ ၈၀ ကျော်ပြီ

    အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဂါဇာတွင် သေဆုံးသူ ၈၀ ကျော်ပြီ

    မေ ၁၃၊ ၂၀၂၁
    M-Media

    -ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်မှာ အစ္စရေးက လူနေရပ်ကွက်တွေကို လေကြောင်းကနေတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတာကြောင့် သေဆုံးသူအရေအတွက်ဟာ ၈၃ ဦးရှိလာပြီ ဖြစ်ပါတယ်။

    အစ္စရေးဟာ တိုက်ခိုက်မှုတွေကို တနင်္လာနေ့ ညနေပိုင်းကတည်းက စတင်လုပ်ဆောင်နေတာပါ။ တိုက်ခိုက်မှုတွေဟာ တစ်ဖြည်းဖြည်း ပြင်းထန်လာပြီး အထပ်မြင့် လူနေအဆောက်အဦးတွေကို ပစ်မှတ်ထားလာကြောင့် သေဆုံးသူတွေ မြင့်တက်လာတာလည်း ဖြစ်ပါတယ်။

    သေဆုံးသူ အနည်းဆုံး ၈၃ ဦးရှိတယ်လို့ ဂါဇာကျန်းမာရေးဌာနက ထုတ်ပြန်ထားပြီး အဲဒီအထဲမှာ ကလေးငယ် ၁၇ ဦး ပါဝင်ပါတယ်။ ဒဏ်ရာရသူအရေအတွက်ကတော့ ၄၈၀ လောက် ရှိနေပါတယ်။

    ပြီခဲ့တဲ့ သီတင်းပတ်အနည်းအငယ်အတွင်း အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ပါလက်စတိုင်းနေအိမ်တွေကို ဂျူးအခြေချသူတွေက လုယူသိမ်းပိုက်ခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းနဲ့ အစ္စရေးတို့အကြား တင်းမာမှုတွေ မြင့်တက်လာတာပါ။

    ဒီလုယူမှုကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေက ဂျေရုစလင်မှာရှိတဲ့ အလ်အက္ကဆွာဗလီမှာ ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့က မနေ့ကအထိ ဝင်ရောက်စီးနင်း ဖြိုခွဲရာမှာ ပါလက်စတိုင်းပြည်သူ ၇၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

    ဟားမက်စ်က အလ်အက္ကဆွာဗလီမှာ အစ္စရေးတပ်ဖွဲ့တွေက အကြမ်းဖက်တာကို လက်တုန့်ပြန်တဲ့အနေနဲ့ မနေ့ကအထိ ဂါဇာကနေ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီး အနည်းဆုံး အစ္စရေး ၇ ဦး သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera

  • လူမျိုးရေးခွဲခြားမှုကို ခွင့်ပြုလျှင် နိုင်ငံကျဆုံးမည်ဟု စင်ကာပူ ပြည်ထဲရေးဝန်ကြီး သတိပေး

    လူမျိုးရေးခွဲခြားမှုကို ခွင့်ပြုလျှင် နိုင်ငံကျဆုံးမည်ဟု စင်ကာပူ ပြည်ထဲရေးဝန်ကြီး သတိပေး

    မေ ၁၂၊ ၂၀၂၁
    M-Media

    -လူမျိုးရေးခွဲခြားမှုနဲ့ နိုင်ငံခြားသားကြောက်ရောဂါကို ပြန့်နှံ့ခွင့်ပြုရင် နိုင်ငံဟာ ကျဆုံးသွားလိမ့်မယ်လို့ စင်ကာပူ ပြည်ထဲရေးဝန်ကြီး ကေ ရှန်မူဂန်က သတိပေးလိုက်ပါတယ်။

    မေလ ၇ ရက်နေ့က အိန္ဒိယနွယ်ဖွား စင်ကာပူနိုင်ငံသား အမျိုးသမီးတစ်ဦးကို တရုတ်နွယ်ဖွား စင်ကာပူနိုင်ငံသား အမျိုးသားက လူမျိုးရေး စော်ကားပြီး ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ပတ်သက်လို့ မနေ့က လွှတ်တော်အတွင်း မေးမြန်းမှုကို ဖြေကြားရာမှာ ရှန်မူဂန်က ထည့်သွင်း သတိပေးခဲ့တာ ဖြစ်ပါတယ်။

    လမ်းလျှောက်လေ့ကျင့်ခန်းလုပ်နေတဲ့ အသက် ၅၅ နှစ်အရွယ် အိန္ဒိယအမျိုးသမီးကို တရုတ်အမျိုးသားက နှာခေါင်းစည်း နှာခေါင်းအောက်မှာ ရောက်နေတယ်လို့ဆိုကာ လူမျိုးရေး နှိမ့်ချခွဲခြားတဲ့ စကားလုံးတွေနဲ့ အော်ဟစ်ဆဲဆိုကာ ပြေးလာပြီး ရင်ဘတ်ကို ကန်ကျောက်ခဲ့တဲ့အတွက် အမျိုးသမီးဟာ လဲကျကာ ဒဏ်ရာရခဲ့ပါတယ်။

    စင်ကာပူနိုင်ငံသားတွေဟာ ဒီကိစ္စကို ဆိုရှယ်မီဒီယာမှာ ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ပြီး ဝန်ကြီးချုပ် လီရှန်လွန်းကလည်း ဒီအဖြစ်အပျက်ဟာ “လူမျိုးစုံရှိတဲ့ မိမိတို့ စင်ကာပူလူ့အဖွဲ့အစည်းရဲ့ ရပ်တပ်ချက်နဲ့ လုံး၀ဆန့်ကျင်တယ်” လို့ ပြောကြားခဲ့ပါတယ်။

    ကပ်ရောဂါနဲ့ ဆက်စပ်ပြီး မြင့်တက်လာတဲ့ လူမျိုးရေးခွဲခြားစော်ကားမှုကိစ္စကို အစိုးရက ဘယ်လောက် လေ့လာသုံးသပ်ထားသလဲ၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ ဘယ်လိုဆောင်ရွက်နေသလဲဆိုတာတွေကို မနေ့က လွှတ်တော်အစည်း​ဝေးမှာ လွှတ်တော်အမတ်တစ်ဦးက မေးမြန်းခဲ့ပါတယ်။

    ပြည်ထဲရေးဝန်ကြီး ရှန်မူဂန်က စုံစမ်းစစ်ဆေးမှု မပြီးခင်မှာ ကောက်ချက်မချလိုဘဲ တိုက်ခိုက်ခံရသူရဲ့ ပြောကြားမှုအရဆိုရင် မေလ ၇ ရက်နေ့ အဖြစ်အပျက်ဟာ လူမျိုးရေးခွဲခြားစော်ကားမှုဖြစ်တယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    ဒီလိုအပြုအမူမျိုးကို ရှုတ်ချရမှာဖြစ်ကြောင်း၊ စင်ကာပူဟာ လူမျိုးရေးခွဲခြားမှုပြဿနာကို ကိုင်တွယ်နိုင်ခဲ့ပြီး အချိန်နဲ့အမျှ လျော့ကျသွားအောင် ကြိုးစားခဲ့ကြောင်း၊ လတ်တလောမှာတော့ ဒီကိစ္စတွေ ပြန်လည်မြင့်တက်လာကြောင်း ရှန်မူဂန်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “ကမ္ဘာတစ်ဝှမ်း စီးပွားရေးဖိအားတွေကြောင့် လူပြိန်းကြိုက်ဝါဒ ထွန်းကားလားပြီး၊ လူပြိန်းကြိုက်ဝါဒီတွေက လူတွေ အလုပ်အကိုင် ဆုံးရှုံးမှာကို ကြောက်ရွံမှု၊ စီးပွားရေး မပြေလည်မှုတွေကို အသုံးချကာ တိုင်းပြည်ရဲ့ ပြဿနာအားလုံးကို နိုင်ငံခြာသားတွေ၊ ပြောင်းရွှေ့အခြေချသူတွေအပေါ် ပုံချအပြစ်တင် နိုင်ငံရေး အမြတ်ထုတ်နေကြပါတယ်”

    ဒီလို အမူအကျင့်တွေ ဆိုးရွားမလာအောင် စင်ကာပူက ရှောင်လွှဲနိုင်ခဲ့ပေမယ့် နိုင်ငံခြားသားတွေဟာ နိုင်ငံသားတွေထံကနေ အလုပ်အကိုင် လူယူနေတယ်ဆိုတဲ့ စိုးရိမ်မှုမျိုးရှိနေတယ်လို့ ပြည်ထဲရေးဝန်ကြီး ရှန်မူဂန်က ပြောပါတယ်။

    အလုပ်ခန့်ရာမှာ နိုင်ငံသားတွေကိုမခန့်ဘဲ နိုင်ငံခြားသားတွေကို ခန့်တဲ့ စနစ်မျိုးတွေက ဒီစိုးရိမ်မှုကို မီးထိုးပေးသလိုဖြစ်နေပြီး ဒီလိုလုပ်ငန်းတွေ အနည်းအကျဉ်းဖြစ်ပေမယ့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနက ဒီကိစ္စကို ကိုင်တွယ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း သူက ဆိုပါတယ်။

    နိုင်ငံအတွင်းမှာ တစ်ချို့အဖွဲ့အစည်းတွေဟာ အကြောက်တရားသွင်းတာ၊ လူမျိုးရေးခွဲခြားမှု၊ နိုင်ငံခြားသားကြောက်ရောဂါ သွတ်သွင်းပေးတာမျိုးတွေ လုပ်ဆောင်နေပြီး ဒါဟာ စင်ကာပူအတွက် အန္တရာယ်ရှိတယ်လို့လည်း ရှန်မူဂန်က သတိပေးခဲ့ပါတယ်။

    “ပထမတော့ အိန္ဒိယက အလုပ်လာလုပ်တဲ့သူတွေကို ပစ်မှတ်ထားမယ်။ နောက်ပိုင်းကျရင် စင်ကာပူနိုင်ငံသား အိန္ဒိယနွယ်ဖွားတွေဆီ ရောက်လာပါလိမ့်မယ်။ တိုက်ခိုက်ခံရတဲ့ အမျိုးသမီးဟာ နိုင်ငံသားဖြစ်တာ ၂၅ နှစ် ရှိပါပြီ။ ဒီအတိုင်းသာ ဆက်လွှတ်ပေးထားရင် အိန္ဒိယနွယ်ဖွားအားလုံး အမုန်းဝါဒရဲ့ ပစ်မှတ်ထားခြင်းကို ခံလာရမှာပါ။ စင်ကာပူနိုင်ငံသားအများစုဟာ လူမျိုးရေးခွဲခြားသူတွေ မဟုတ်ကြပါဘူး။ ဒါပေမယ့် လူမျိုးရေးခွဲခြားမှု မီးတောက်ကို လေပင့်ပေးနေရင် တော်တော်မကောင်တဲ့ အခြေအနေကို ကျွန်တော်တို့ ရောက်သွားပါလိမ့်မယ်”

    အစိုးရဆန့်ကျင်ရေး ဝဘ်ဆိုက်​တွေမှာ လူမျိုးရေးခွဲခြားမှုဖြစ်အောင် လှုံ့ဆော်​နေတာတွေကိုလည်း ရှန်မူဂန်က ရှုတ်ချခဲ့ပါတယ်။

    “လူမျိုးရေးခွဲခြားမှုနဲ့ နိုင်ငံခြားသားကြောက်ရောဂါ ပြန့်နှံ့တာကို ခွင့်ပြုလိုက်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံ ကျရှုံးသွားမှာပါ။ ဒါတွေဟာ စင်ကာပူနိုင်ငံသားတွေကို အောင်မြင်စေခဲ့တဲ့၊ ဂုဏ်တက်စေခဲ့တဲ့ အရာအားလုံးနဲ့ ဆန့်ကျင်နေပါတယ်”

    Ref: CNA

  • အိန္ဒိယတွင် ဗလီများက ကိုဗစ်သက်ကယ်စင်တာများအဖြစ် အသွင်ပြောင်း

    အိန္ဒိယတွင် ဗလီများက ကိုဗစ်သက်ကယ်စင်တာများအဖြစ် အသွင်ပြောင်း

    မေ ၁၁၊ ၂၀၂၁
    M-Media

    -ကိုဗစ်တတိယလှိုင်းဒဏ်ကို အကြီးအကျယ်ခံနေရပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ် အကျပ်အတည်းဖြစ်နေတဲ့ အိန္ဒိယနိုင်ငံမှာ ဗလီဝတ်ကျောင်းတော်တွေက ကိုဗစ်ကုသရေးစင်တာတွေအဖြစ် အသုံးတော်ခံနေပါတယ်။

    ပြီးခဲ့တဲ့လကစပြီး နေ့စဉ် ကူးစက်မှု၊ သေဆုံးမှု မြင့်တက်လာတဲ့အတွက် အိန္ဒိယမှာ ဆေးရုံဆေးခန်းတွေ၊ အသက်ရှုစက်တွေ၊ အောက်ဆီဂျင်တွေ မလုံလောက်တာမျိုး အကြီးအကျယ် ဖြစ်နေပါတယ်။

    ဒါ့ကြောင့် ဗလီဝတ်ကျောင်းတော်တွေဟာ ကိုဗစ်ကုသရေးစင်တာအဖြစ် အသွင်ပြောင်းပြီး ကုသပေးနေပါတယ်။

    ဝန်ကြီးချုပ် မိုဒီရဲ့ဇာတိ ဂူဂျာရတ်ပြည်နယ်က ဘာရိုဒါမြို့မှာရှိတဲ့ ကုရ်အာန်ကျမ်းစာသင်ကျောင်းဟာ ကိုဗစ်လူနာ​ ၁၄၀ ကျော်လောက်ကို လက်ခံကုသပေးထားပါတယ်။

    “အောက်ဆီဂျင်အထောက်ပံ့နဲ့ လူပေါင်း ၁၄၂ ဦးလောက်ကိုသာ ကုသပေးနိုင်တာကြောင့် နေ့စဉ် လူ ၅၀ ကနေ ၆၀ လောက်ကို တစ်ခြားနေရာတွေဆီ ပို့ပေးနေရပါတယ်” လို့ ကျမ်းစာသင်ကျောင်းအကြီးအကဲ မွဖ်သီ အာရစ်ဖ် ဖာလာဟီက ပြောပါတယ်။

    မနေ့က အိန္ဒိယမှာ လူပေါင်း ၃ သိန်း ၆ သောင်းကျော် ကိုဗစ်ကူးစက်ခဲ့ပြီး သေဆုံးသူက ၃၇၄၅ ဦး ရှိပါတယ်။ စနေနဲ့ တနင်္ဂနွေမှာ သေဆုံးသူ ၄၀၀၀ ကျော်လောက် ရှိခဲ့တာပါ။

    မြို့တော်ဒေလီနဲ့ ဒုတိယမြို့တော် မွမ်ဘိုင်းတို့အပါအဝင် မြို့တော်တော်များများက ဆေးရုံတွေမှာ ကုတင်မလောက်တော့ဘဲ၊ အရေးပေါ်လူနာတွေအတွက် ကုတင် ၅ သိန်းလောက် လိုအပ်နေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

    ဖာလာဟီရဲ့ ကျမ်းစာသင်ကျောင်းမှာ ကွာရန်တင်းလူနာ ၃၈ ဦးအတွက် နေရာရှိပြီး လူနာတွေကို ကျန်းမာရေးစောင့်ရှောက်မှုအပြင် စားသောက်ဖို့အတွက်ပါ တာဝန်ယူထားတာပါ။ ဘာသာပေါင်းစုံကလူတွေကို ကုသပေးနေတယ်လို့လည်း ဖာလာဟီက ဆိုပါတယ်။

    “တတ်နိုင်သလောက် လူများများ ကုပေးချင်ပါတယ်။ ဒါပေမယ့် အောက်ဆီဂျင်ရှာဖွေရတာ တော်တော်မလွယ်ဘူးဗျ”

    အောက်ဆီဂျင်မရလို့ သေဆုံးသွားတဲ့ ကိုဗစ်လူနာတွေ အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ အမြောက်အများရှိနေပြီး၊ တရားရုံးချုပ်က အလုပ်အဖွဲ့တစ်ခုဖွဲ့စည်းကာ အောက်ဆီဂျင်ရှာဖွေ ဖန်တီးပေးဖို့ တာဝန်ပေးထားပါတယ်။

    ဘာရိုဒါက ကုရ်အာန်ကျမ်းစာသင်ကျောင်းမှာ လုပ်အားပေးနေတဲ့ ဆရာဝန် ၉ ဦးထဲက ဒေါက်တာ ဂျေကာရ် ချက်တရာဘူဂျီက အခြေအနေဆိုးရွားပေမယ့် လူတွေ တစ်ဦးနဲ့တစ်ဦး ကူညီတာကိုတွေ့ရတဲ့အတွက် ဝမ်းသာတယ်လို့ ပြောပါတယ်။

    “သိပ်ကို စိတ်ပန်းလူပန်းဖြစ်ရတဲ့ အခြေအနေပါ။ ဒါပေမယ့် ပြည်သူတွေ တစ်ဦးနဲ့တစ်ဦး ကူညီဖေးမတာကို မြင်ရတဲ့အတွက် ကျေနပ်ပါတယ်။ ချမ်းသာသူတွေက ပုဂ္ဂလိကဆေးရုံကို သွားနိုင်ပေမယ့် ဆင်းရဲသူတွေက မသွားနိုင်ပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ဆီကို လူအများအပြား ရောက်လာကြတာပါ”

    လူသားဝါဒ

    လူ ၂ သန်းလောက်နေထိုင်တဲ့ ဘာရိုဒါမြို့က ‘ဂျာဟန်ဂီရ်ပူရာ’ ဗလီလည်း အောက်ဆီဂျင်နဲ့အတူ လူ ၅၀ လောက်ကုသနိုင်တဲ့ ကိုဗစ်စင်တာတစ်ခု ဖြစ်လာပါတယ်။

    “လူတွေကို စည်းစည်းလုံးလုံးနဲ့ ကူညီရမယ့် အချိန်ပါ။ ကျွန်တော်တို့ သာသနာက ဒီလိုပဲ သွန်သင်ပါတယ်။ ဗိုင်းရပ်စ်က ဘယ်ဘာသာဆိုပြီး ကြည့်တာ မဟုတ်ဘူး။ ဒီအကျပ်အတည်းဟာ လူတွေအားလုံးကို ကူညီရမယ့်၊ လူသားဝါဒကိုပြရမယ့်အချိန် ဖြစ်ပါတယ်။ လက်ရှိ ကျွန်တော်တို့ဗလီမှာ ဘာသာလူမျိုးပေါင်းစုံရှိပါတယ်။ ကျွန်တော်တို့ လူတိုင်းအတွက် တံခါးဖွင့်ထားပါတယ်”

    ဗလီဝင်းထဲမှာတော့ ပြင်ပလူနာဌာနပုံစံ စီစဉ်ပြီး ရောဂါလက္ခဏာပျော့တဲ့ ကိုဗစ်လူနာတွေကို ကုသပေးနေပါတယ်။

    မွမ်ဘိုင်းမြို့အခြေစိုက် မွတ်စလင် အန်ဂျီအိုအဖွဲ့တစ်ခုဖြစ်တဲ့ ‘အိန္ဒိယ လခြမ်းနီအဖွဲ့’ ကလည်း ကိုဗစ်လူနာတွေကို ကုသပေးရေး ကိုယ်စွမ်း ဉာဏ်စွမ်းရှိသ၍ ဆောင်ရွက်ပေးနေပါတယ်။

    ဒီအဖွဲ့ကို ဦးဆောင်နေတဲ့ အာရ်ရှက် ဆစ်ဒစ်က ပြီးခဲ့တဲ့ သီတင်းပတ် ၃ ပတ်အတွင်း သူ့ထံကို အောက်ဆီဂျင်အကူအညီလာတောင်းတဲ့ ဖုန်းတွေ မပြတ်ဝင်လာတယ်လို့ ပြောပါတယ်။

    လက်ရှိမှာတော့ ဆစ်ဒစ်တို့အဖွဲ့ဟာ မဟာရက်ရှ်ထရာပြည်နယ်က ဗလီဝတ်ကျောင်းတော်ပေါင်း ၂၀ လောက်ကို အောက်ဆီဂျင်ဘူးပြုလုပ်ရာနေရာ၊ အောက်ဆီဂျင်ဖြည့်ရာ စင်တာတွေအဖြစ် အသွင်ပြောင်းထားပါတယ်။

    “လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကစပြီး ကျွန်တောတို့ စေတနာ့ဝန်ထမ်း စလုပ်ပါတယ်။ အစတုန်းက တစ်နေ့ကို ဖုန်းကောလ် ၂ သောင်းလောက် ဖြေရပါတယ်။ လော့ဒေါင်းဖြစ်နေပြီး ဗလီတွေကလည်း အားနေတာကြောင့် လူများများကို ကူညီပေးလို့ရအောင် ဗလီတွေကို ကျွန်တော်တို့ သုံးလိုက်တာပါ။ ဒီအချိန်ဟာ အကူအညီတွေ အလွန်လိုအပ်နေတဲ့အချိန်ပါ”

    ဆစ်ဒစ်တို့အဖွဲ့ဟာ အိန္ဒိယရဲ့ လူနေအထူထပ်ဆုံးဖြစ်ပြီး ကိုဗစ်ကူးစက်မှု အများဆုံးလည်းဖြစ်တဲ့ အူတာပရာဒက်ရှ်ပြည်နယ်မှာ အကူအညီပေးဖို့ စီစဉ်နေပါတယ်။

    လူ့အသက်တွေကို ကယ်တင်မည်

    ဒေလီအခြေစိုက် ‘အိန္ဒိယ ရှေ့ဆောင်အီမာမ်များအဖွဲ့’ ရဲ့ အကြီးအကဲ မောင်လာနာ အူမာရ် အဟ်မဒ် အီလီယက်စ်က ဗလီတွေ၊ အစ္စလာမ်ဘာသာရေးကျောင်းတွေကို ကိုဗစ်စင်တာအဖြစ် အသွင်ပြောင်းကာ ကူညီပေးဖို့ နိုင်ငံတစ်ဝှမ်းက မွတ်စလင်တွေကို တိုက်တွန်းထားပါတယ်။

    “နိုင်ငံတစ်ဝှမ်းက ၅ သိန်းခွဲလောက်ရှိတဲ့ ဗလီတွေကို ကိုဗစ်လူနာတွေ ကုသပေးတဲ့ နေရာအဖြစ် အသွင်ပြောင်းဖို့ မွတ်စလင်တွေကို ကျွန်တော် မေတ္တာရပ်ခံထားပါတယ်။ ဗိုင်းရပ်စ်ဟာ အလျင်အမြန် ပြန့်နှံ့နေပြီး စောင့်ကြည့်နေရတဲ့ အခြေအနေမျိုးပါ။ ဒီလို ရမ်ဇာန်ဥပုသ်လမှာ လူတွေကို ကယ်တင်ပေးတာထက် ပိုပြီးကြီးမားတဲ့ကုသိုလ် မရှိတော့ပါဘူး”

    နူးဒေလီမြို့ အိုခလာရပ်ကွက်က အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေကလည်း ဗလီဝတ်ကျောင်းတော်ပေါင်း ၂၀ လောက်ကို ကိုဗစ်စင်တာ၊ ကွာရန်တင်းစင်တာတွေအဖြစ် ပြောင်းလဲကာ ကူညီပေးနေပါတယ်။

    အိန္ဒိယရဲ့ ဆီလီကွန်တောင်ကြားလို့ ကျော်ကြားတဲ့ နိုင်ငံတောင်ပိုင်း ဘန်ဂါလူရူမြို့မှာလည်း မွတ်စလင်လူ့အဖွဲ့အစည်းဟာ ဗလီတစ်လုံး၊ ကုရ်အာန်ကျမ်းစာသင်ကျောင်းတစ်ခုနဲ့ မင်္ဂလာခန်းမတစ်ခုတို့ကို ကိုဗစ်ကုသရေးစင်တာအဖြစ် ပြောင်းလဲထားပါတယ်။

    ဘန်ဂါလူရူမြို့တည်ရှိရာ ကာရ်နာတာကာပြည်နယ်က မွတ်စလင်အကူအညီပေးရေးအဖွဲ့ Muslim SOS မှာ ပါဝင်လှုပ်ရှားနေတဲ့ တရားဟောဆရာ မွလ္လာ မက်ဆူးဒ် အင်မရန်းက စိတ်ပျက်ကြောင်းပြောတဲ့ မက်ဆေ့ချ်တွေ၊ အကူအညီတောင်းတဲ့ မက်ဆေ့ချ်တွေကို အချိန်နဲ့အမျှ ရနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “မနေ့ညက အသက် ၃၀ အရွယ်အမျိုးသမီး အောက်ဆီဂျင်လိုနေတယ်လို့ အဖွဲ့က ည ၉ နာရီလောက်မှာ မက်ဆေ့ချ်ရတယ်။ အဲဒီအတွက် စီစဉ်လိုက်တာ မနက် ၂ နာရီလောက်မှ အောက်ဆီဂျင်နဲ့ ကုတင်က အဆင်ပြေသွားပါတယ်။ အခုအချိန်အထိ မအိပ်ရသေးဘူး။ ဒီမှာ အခြေအနေက ပိုဆိုးလာပြီ”

    သူတို့ဗလီမှာ ပြီးခဲ့တဲ့ တစ်ပတ်ကျော်ကျော်လောက်ကစပြီး အောက်ဆီဂျင်တွေ၊ ဆေးအကူတွေ အပြည့်အစုံနဲ့ လူ ၅၀ လောက်ကို ကုသပေးနေတယ်လို့လည်း မွလ္လာ အင်မရန်းက ပြောပါတယ်။

    နယူးဒေလီအခြေစိုက် ကပ်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ လာလစ် ကန့်သ်က အစိုးရအဖွဲ့အစည်းတွေ အလုပ်မဖြစ်တော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

    “ပြည်သူတွေနဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ ဆောင်ရွက်မှုကို ကျွန်တော်တို့ တကယ့်ကို ကြိုဆိုပါတယ်။ ဘေးဒုက္ခ ရောက်လာတဲ့အချိန်တိုင်း ပြည်သူတွေက ရှေ့ထွက်ပြီး ကူညီပေးကြပါတယ်”

    Ref: Aljazeera