News @ M-Media

အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဂါဇာတွင် သေဆုံးသူ ၈၀ ကျော်ပြီ

မေ ၁၃၊ ၂၀၂၁
M-Media

-ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်မှာ အစ္စရေးက လူနေရပ်ကွက်တွေကို လေကြောင်းကနေတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတာကြောင့် သေဆုံးသူအရေအတွက်ဟာ ၈၃ ဦးရှိလာပြီ ဖြစ်ပါတယ်။

အစ္စရေးဟာ တိုက်ခိုက်မှုတွေကို တနင်္လာနေ့ ညနေပိုင်းကတည်းက စတင်လုပ်ဆောင်နေတာပါ။ တိုက်ခိုက်မှုတွေဟာ တစ်ဖြည်းဖြည်း ပြင်းထန်လာပြီး အထပ်မြင့် လူနေအဆောက်အဦးတွေကို ပစ်မှတ်ထားလာကြောင့် သေဆုံးသူတွေ မြင့်တက်လာတာလည်း ဖြစ်ပါတယ်။

သေဆုံးသူ အနည်းဆုံး ၈၃ ဦးရှိတယ်လို့ ဂါဇာကျန်းမာရေးဌာနက ထုတ်ပြန်ထားပြီး အဲဒီအထဲမှာ ကလေးငယ် ၁၇ ဦး ပါဝင်ပါတယ်။ ဒဏ်ရာရသူအရေအတွက်ကတော့ ၄၈၀ လောက် ရှိနေပါတယ်။

ပြီခဲ့တဲ့ သီတင်းပတ်အနည်းအငယ်အတွင်း အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ပါလက်စတိုင်းနေအိမ်တွေကို ဂျူးအခြေချသူတွေက လုယူသိမ်းပိုက်ခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းနဲ့ အစ္စရေးတို့အကြား တင်းမာမှုတွေ မြင့်တက်လာတာပါ။

ဒီလုယူမှုကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေက ဂျေရုစလင်မှာရှိတဲ့ အလ်အက္ကဆွာဗလီမှာ ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့က မနေ့ကအထိ ဝင်ရောက်စီးနင်း ဖြိုခွဲရာမှာ ပါလက်စတိုင်းပြည်သူ ၇၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ဟားမက်စ်က အလ်အက္ကဆွာဗလီမှာ အစ္စရေးတပ်ဖွဲ့တွေက အကြမ်းဖက်တာကို လက်တုန့်ပြန်တဲ့အနေနဲ့ မနေ့ကအထိ ဂါဇာကနေ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီး အနည်းဆုံး အစ္စရေး ၇ ဦး သေဆုံးခဲ့ပါတယ်။

Ref: Aljazeera