News @ M-Media

Blog

  • အားကစားသတင်း စုစည်းမှု

    အားကစားသတင်း စုစည်းမှု

    ဇန်န၀ါရီ ၈၊ ၂၀၁၄
    M-Media

    Farmers Insurance Open ဂေါက်သီးရိုက်ပြိုင်ပွဲတွင် တိုက်ဂါးဝုဒ် ပါဝင်ယှဉ်ပြိုင်မည်

    အမေရိကန် ပြည်ထောက်စု ကယ်လီဖိုးနီးယားပြည်နယ် San Diego venue ရှိ Torrey Pines ဂေါက်ကွင်း၌ လာမည့် ၂၃-ရက်နေ့တွင် စတင်ကျင်းပ ပြုလုပ်မည့် Farmers Insurance Open ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အမေရိကန် ဂေါက်သီးအကျော်အမော် တိုက်းဂါးဝုဒ် ပါဝင်ယှဉ်ပြိုင်မည်ဟု ပြိုင်ပွဲ ကျင်းပသူများက ပြောဆိုခဲ့သည်။

    တိုက်ဂါးဝုဒ်မှာ San Diego venue တွင် PGA Tour ဆုဖလား ၈ ခုကို ဆွတ်ခူးရရှိခဲ့သည့် ပထမဆုံး ဂေါက်သီးသမားဖြစ်ပြီး Farmers Insurance Open ၇-ကြိမ်နှင့် ၂၀၀၈ ခုနှစ် US Open တို့ဖြစ်ကြသည်။ ထို့ပြင် Farmers Insurance Open ဂေါက်သီးရိုက်ပြိုင်ပွဲ နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ၆-ကြိမ်တွင် ၅-ကြိမ်တိုင်တိုင် ဗိုလ်စွဲနိုင်ခဲ့သူလည်းဖြစ်သည်။

    ……………………….

    Hyundai Tournament of Champions ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဇက်ခ်ျ ဂျွန်ဆန် ဗိုလ်စွဲ

    အမေရိကန် ပြည်ထောင်စု ဟာဝိုင်ယီတွင် တနင်္ဂနွေနေ့က ကျင်းပပြီးစီးခဲ့သည့် Hyundai Tournament of Champions ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အမေရိကန် ဂေါက်သီးသမား ဇက်ခ်ျ ဂျွန်ဆန်က အနိုင်ရ ဗိုလ်စွဲသွားခဲ့သည်ဟု သိရသည်။ ဂျွန်ဆန်မှာ သတ်မှတ်ရိုက်ချက်ထက် ၁၉ ချက်လျော့ရိုက် နိုင်ခဲ့ပြီး ဒုတိယနေရာမှ ဂျော်ဒန် စပီသ်ထက် ၁ ချက်အသာဖြင့်ဗိုလ်စွဲနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုရရှိသည့် ဆုဖလားမှာ ဂျွန်ဆန်၏ ၁၁ ခုမြောက် USPGA ဆုဖလားလည်းဖြစ်သည်။

    ………………………………

    တိုက်စစ်မှူးရှာပုံတော်ဖွင့်နေသည့် အာဆင်နယ် ပေါ်တို လူငယ်တိုက်စစ်မှူးအား ခေါ်ယူရန် ပစ်မှတ်ထား

    ရီးယဲလ်မက်ဒရစ်အသင်း၏ တိုက်စစ်မှူး အဲလ်ဗာရို မာရော့တာအား အငှားဖြင့် ခေါ်ယူနိုင်ခြင်းမရှိပါက အာဆင်နယ်အသင်းမှာ ပေါ်တိုအသင်း၏ တိုက်စစ်မှူး ဂျက်ဆန် မာတီနက်ဇ်အား ခေါ်ယူရန် ပြင်ဆင်နေသည်ဟု သိရသည်။ တိုက်စစ်မှူး ဝေါလ်ကော့ ဒဏ်ရာကြောင့် ကာလရှည် အနားယူ ရမည်ဖြစ်သောကြောင့် အာဆင်ဝင်းဂါးအနေဖြင့် ဇန်န၀ါရီအပြောင်းအရွှေ့တွင် တိုက်စစ်မှူး တစ်ဦးခေါ်ယူရန် လိုအပ်နေပြီး အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဒီယေဂို ကော်စတာအား ခေါ်ယူရန် မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် မာရော့တာနှင့် မာတီနက်ဇ်တို့အနက် တစ်ဦးအား ခေါ်ယူရန် ကြိုးစားနေခြင်းဖြစ်သည်။ အာဆင်နယ်အနေဖြင့် ကိုလံဘီယာ တိုက်စစ်မှူး မာတီနက်ဇ်အား ခေါ်ယူလိုပါက ပေါင် သန်း ၃၀-ကျော် သုံးစွဲရမည်ဖြစ် သည်။

    …………………………………

    ဆန်းဒါးလန်းအသင်းအား ၂-ဂိုး ၁-ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် လိဂ်ဖလား ဆီးမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် အချက်ပြမီးများ ပစ်ဖောက်ခဲ့သည့် ပရိတ်သတ်များ၏ အပြုအမူကြောင့် မန်ချက်စတာယူနိုက်တက်အသင်းမှာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ၏ အရေးယူမှုကို ခံရဖွယ်ရှိနေသည်ဟု သိရသည်။ မန်ယူအသင်း ပရိတ်သတ်များ၏ အချက်ပြမီးပစ်ဖောက်မှုတစ်ချို့မှာ ဆန်းဒါးလန်းအသင်း ပရိတ်သတ်များရှိရာ ပွဲကြည့်စင်အထိ ရောက်ရှိ ခဲ့ပြီး တာဝန်ရှိသူများက ထိန်းသိမ်းရသည်အထိ ဖြစ်ခဲ့သည်။

    ယခုပွဲအရှုံးမှာ မန်ယူအသင်း၏ နောက်ဆုံးသုံးပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် သုံးပွဲဆက် ရှုံးနိမ့်ခဲ့ခြင်းလည်း ဖြစ်သည်။ နည်းပြမိုယက်စ်ကမူ ထိုပွဲအရှုံးအတွက် ဒိုင်လူကြီးများအား ပြစ်တင်ပြောဆိုခဲ့သည်။

  • တောင်ကိုရီးယားသို့ အမေရိကန်မှ စစ်လက်နက်ပစ္စည်းများနှင့် စစ်သားများ ပေးပို့မည်

    တောင်ကိုရီးယားသို့ အမေရိကန်မှ စစ်လက်နက်ပစ္စည်းများနှင့် စစ်သားများ ပေးပို့မည်

    ဇန်န၀ါရီ ၈၊ ၂၀၁၄
    M-Media

    201417235056793734_20

    မြောက်ကိုရီးယား၏ ဒုတိယအာဏာအရှိဆုံးခေါင်းဆောင် ဂျန်ဆွန်ထက်အား ကင်ဂျုံအန်က သုတ်သင်ခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုများမြင့်တက်လာသည့် အချိန်တွင် စစ်ရေးအရ ညီမျှစေရန်ရည်ရွယ်၍ အမေရိကန်မှ တင့်ကားများနှင့် ၎င်းတို့၏ စစ်သားများအား တောင်ကိုရီးယားသို့ ပေးပို့မည်ဟု သိရသည်။

    M1A2 Abrams တိုက်ပွဲဝင်တင့်ကား အစီး ၄၀၊ အမှတ် ၁ US Cavalry Division တပ်မှ စစ်သား ၈၀၀ နှင့် Bradley တိုက်ခိုက်ရေးယာဉ် အစီး ၄၀ တို့အား လာမည့် ဖေဖော်ဝါရီလတွင် ပို့ပေးမည်ဟု ပင်တဂွန်က ယနေ့တွင် ကြေညာခဲ့သည်။ ထိုတင့်ကားများနှင့် စစ်သားများကို North Gyeonggi ပြည်နယ်တွင် တပ်ဖြန့်ချထားမည်ဖြစ်ပြီး၊ ထိုနေရာမှာ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ စစ်မဲ့ဇုန် တောင်ဘက်နားတွင် တည်ရှိသည်။ ၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲပြီးကတည်းက တောင်ကိုရီးယားတွင် အမေရိကန်စစ်သား ၂၈၀၀၀ ခန့် တပ်စွဲထားသည်။

    Ref : Aljazeera

  • မြန်မာပြည် ငြိမ်းချမ်းရေးနှင့် စစ်ဘေးသင့်များအတွက် ဂျပန်ဖောင်ဒေးရှင်းမှ ဒေါ်လာ ၉၆ သန်းပေးမည်

    မြန်မာပြည် ငြိမ်းချမ်းရေးနှင့် စစ်ဘေးသင့်များအတွက် ဂျပန်ဖောင်ဒေးရှင်းမှ ဒေါ်လာ ၉၆ သန်းပေးမည်

    ဇန်န၀ါရီ ၈၊ ၂၀၁၄
    M-Media

    မြန်မာနိုင်ငံတွင် ငြိမ်းချမ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်နှင့် စစ်ဘေးသင့်တိုင်းရင်းသားများအား ကူညီရန် ဂျပန် ဖောင်ဒေးရှင်းတစ်ခုမှ ဒေါ်လာ ၉၆ သန်းပေးအပ်

    မြန်မာနိုင်ငံအတွင်း အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရေးနှင့် စစ်ဘေးသင့် တိုင်းရင်းသားများ လူနေမှုစနစ်မြင့်မားလာစေရေး စသည်တို့တွင် အသုံးပြုရန်အတွက် ကန်ဒေါ်လာ ၉၆-သန်း ထောက်ပံ့မည်ဟု ဂျပန်နိုင်ငံက တနင်္လာနေ့တွင် ကတိပေးခဲ့သည်။

    ထိုကဲ့သို့ ထောက်ပံ့ခြင်းမှာ မြန်မာနိုင်ငံတွင် ပြုလုပ်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား တိုးတက်ရန်အတွက် ဂျပန်နိုင်ငံမှ ပထမဆုံး ကူညီ ထောက်ပံ့ခြင်းဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်းနှင့် အရှေ့တောင် အာရှဒေသအတွင်း တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုများကို အားနည်းသွားစေ ရန်နှင့် နိုင်ငံရေး ပြဿနာများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံရှိ ၎င်းတို့၏ ကုမ္ပဏီများ လုံခြုံမှုရှိရန် ဂျပန်နိုင်ငံအနေဖြင့် ဆန္ဒရှိနေသည်ဟုလည်း လေ့လာသူများက ပြောဆိုကြသည်။

    ဂျပန်နိုင်ငံမှ ယခုကဲ့သို့ ထောက်ပံ့ပေးခြင်းက မြန်မာနိုင်ငံ၏ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်နှင့် လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းမှု၏ အကျိုးကျေးဇူးများ ရရှိနိုင်ရန်အတွက် လက်နက်ကိုင်တိုက်ပွဲများဖြစ်ပွားရာ တိုင်းရင်းသားဒေသများရှိ ပြည်သူများအား လူသားချင်းစာနာသည့် အထောက်အပံ့များ ပေးအပ်ရာတွင် ကူညီနိုင်မည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး မီကီအို နျူမာတာက ပြောကြားခဲ့သည်။ ထိုထောက်ပံ့ငွေများအား အစိုးရမဟုတ်သည့် အဖွဲ့အစည်းဖြစ်သည့် နီပွန်ဖောင်ဒေးရှင်းမှ ပေးအပ်ခြင်းဖြစ်သည်။

    Ref : Online WSJ, Photo : Irrawaddy

  • ဂျာမနီရှိ ပြည်နယ် တစ်ခုတွင် အစ္စလာမ် ဘာသာရေး သင်ခန်းစာအား တစ်ပတ်လျှင် မိနစ် ၄၀ သင်ကြားခွင့်ရ

    ဂျာမနီရှိ ပြည်နယ် တစ်ခုတွင် အစ္စလာမ် ဘာသာရေး သင်ခန်းစာအား တစ်ပတ်လျှင် မိနစ် ၄၀ သင်ကြားခွင့်ရ

    ဇန်န၀ါရီ ၈၊ ၂၀၁၄
    M-Media

    မူလတန်း မွတ်စလင် ကျောင်းသားများအတွက် အစ္စလာမ် ဘာသာရေးသင်ခန်းစာများ ထည့်သွင်းသင်ကြားခြင်းကို ဂျာမနီနိုင်ငံ အလယ်ပိုင်း Hesse ပြည်နယ် ကျောင်းများတွင် စတင် မိတ်ဆက်ပေးခဲ့သည်ဟု သိရသည်။

    ဂျာမနီလူ့အဖွဲ့အစည်းအတွင်း အစ္စလာမ်ဘာသာဝင်များ ပိုမိုပါဝင်လာရန်ရည်ရွယ်၍ ထိုသင်ကြားမှုအား အကောင် အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ဂျာမနီရှိ ပုဂ္ဂလိကကျောင်းများတွင် ပထမဦးဆုံး အစ္စလာမ့်ပညာရေးကို သင်ကြားခြင်းလည်းဖြစ်သည်။

    “သူတို့(ကျောင်းသား)တွေဟာ မတူညီတဲ့ အသိုင်းအ၀ိုင်းတွေက လာကြတာပါ။ သူတို့ကို (အစ္စလာမ့်) အသိပညာပေးရပါမယ်။ ဒါမှသာ သူတို့ရဲ့ ကိုယ်ရည် ကိုယ်သွေးတွေ တိုးတက်လာမှာပါ” ဟု အစ္စလာမ့် သင်ခန်းစာများကို သင်ကြားပို့ချရန်အတွက် အစိုးရမှ လေ့ကျင့်သင်ကြားပေးထားသည့် ကျောင်းဆရာ တီမူရ် ကမ်လူက နယူယောက်တိုင်းသတင်းစာသို့ ယမန်နေ့က ပြောကြားခဲ့သည်။

    အစ္စလာမ်ဘာသာရေး သင်ခန်းစာများ သင်ကြားရန်အတွက် ဆရာများကို အစိုးရမှ လေ့ကျင့်သင်ကြားပေးထားပြီး သတ်မှတ်ပြဌာန်း စာအုပ်များဖြင့် သင်ကြားခြင်းဖြစ်ကာ ထိုပြည်နယ်ရှိ အစ္စလာမ်ဘာသာဝင်များကလည်း သင်တန်းများအား ကြိုဆိုခဲ့ကြသည်။

    “နှစ်ပေါင်းများစွာ လူတွေနဲ့ ကင်းကွာစေခဲ့တဲ့ အမှားတွေဟာ ရှင်းလင်းသွားပြီလို့ ကျွန်တော် ထင်ပါတယ်။ အခုတော့ ကျွန်တော်တို့ အတူတူ ရှိနေပါပြီ။ အလုပ်တွေကို အတူတကွ လုပ်ဆောင်နေပြီး၊ ကျွန်တော်တို့ ကလေးတွေလည်း အတူတကွ ပညာသင်ကြားနေကြပါပြီ” ဟု အစ္စလာမ် ဘာသာရေးသင်ခန်းစားများကို ကျောင်းများ၌ သင်ကြားပို့ချရန် တိုက်တွန်းခဲ့သည့် နိုင်ငံရေး သမားများအနက် တစ်ဦးဖြစ်သည့် နီကိုလာ ဘီယာက ပြောကြားခဲ့သည်။ ၎င်းမှာ Hesse ပြည်နယ်၏ ပညာရေး ၀န်ကြီးလည်းဖြစ်သည်။

    ဂျာမနီနိုင်ငံတွင် ပြည်နယ် ၁၆ ခုရှိပြီး ပြည်နယ်တစ်ခုချင်းစီတွင် ကိုယ်ပိုင် ပညာရေး စနစ်ကို ပြဌာန်းထားကာ Hesse ပြည်နယ်အတွင်းရှိ ကျောင်းများ တွင် အစ္စလာမ်ဘာသာသာရေးသင်ခန်းစာများကို သင်ကြားပေးရန် နှစ်ပေါင်း ၂၀ ကြာ တောင်းဆိုခဲ့ရပြီးနောက် ယခုကဲ့သို တစ်ပါတ်လျှင် မိနစ် ၄၀ သင်ကြားခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

    ဂျာမနီနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်များမှာ ၃.၈ သန်းမှ ၄.၃ သန်းအထိရှိပြီး နိုင်ငံလူဦးရေ၏ ၅ ရာခိုင်နှုန်းခန့်ရှိနေသည်။

    Ref : OnIslam

    အမှားပြင်ဆင်ထားချက်- သတင်းမူလတင်ချိန်တွင် နာရီ ၄၀ ဟုရေးသားထားခြင်းကို မိနစ် ၄၀ ဟုပြင်ဆင်ထားပါသည်။

  • ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး မထသ(ဗဟို) ဥက္ကဋ္ဌ ပြောကြား

    ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး မထသ(ဗဟို) ဥက္ကဋ္ဌ ပြောကြား

    ဇန်န၀ါရီ ၈၊ ၂၀၁၄
    M-Media
    သီရိ

    13

    ရန်ကုန်  ။           ။     မထသ(မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး) (ဗဟို) မှ မီဒီယာသမားများနှင့်တွေ့ဆုံကာ ယာဉ်လိုင်းများအကြောင်း ရှင်းလင်းပွဲကို တောင်ဥက္ကလာပ မြို့နယ် မထသ(ဗဟို) တွင် ယနေ့နံနက် နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ပါသည်။

    အဆိုပါ ဆွေးနွေးပွဲတွင် မ ထ သ (ဗဟို) ဥက္ကဌ ဦးလှအောင် မှ ဖောင်းပွနေသော ယာဉ်လိုင်းများကို လျော့ချရန်ကြိုးပမ်းနေကြောင်း၊ လိုင်းကားများတစ်စီးနှင့် တစ်စီး လုယက်မောင်းနေသူများကို တားဆီးရန် ကြိုးပမ်းနေကြောင်း၊ ယာဉ်မတော်တဆမှုလျော့နည်း ကျဆင်းရေးကို ၂၀၁၄ တွင် ဦးစားပေးလုပ်ဆောင်နေကြောင်း၊ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား တိုင်ကြားမှုမားကို ထိရောက်စွာအရေးယူလျက်ရှိနေကြောင်း၊ ယာဉ်မောင်း ယာဉ်လုပ်သားများအား မွမ်းမံသင်တန်းများ ဖွင့်လှစ်၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမှုပိုမို တိုးတက်ရေး၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးတွင် ပါဝင်တာဝန်ယူနေကြသူများအား ထားရှိသင့်သော စိတ်နေသဘောထားများထားရှိရေး၊ ယာဉ်တိုက်ခိုက်မှု တိမ်းမှောက်မှု လျော့နည်းစေရေး တို့ကို ဟောပြောဆွေးနွေးခဲ့ပါသည်။

    Hilux ကားများနှင့် ပက်သက်၍ ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း ၄၅-မြို့ရှိရာ စည်ပင်ပိုင်မြို့နယ် ၃၃ မြို့နယ်ကို မောင်းနှင်ခွင့် မပြုဘဲ ကျန် ၁၂ မြို့နယ်တွင် လွတ်လပ်စွာ သွားလာခွင့် ပြုထားပါသည်။ ၎င်းကားများဟာ လူတွေလည်းအများကြီးတင်တယ် အရမ်းလည်း မောင်းနှင်ကြတာ ဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ အန္တရာယ်ကို စိုးရိမ်သောကြောင့် မောင်းနှင်ခွင့်မပြုတာဖြစ်ကြောင်း၊ ပြည်သူတွေနဲ့ ယာဉ်အန္တရာယ် ကင်းရှင်းရေးကို ဦးစားပေး ရည်ရွယ်၍လုပ်တာဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ထို့နောက် ရှင်းလင်းပွဲတွင် မီဒီယာများမှ မေးမြန်သည်များကို ဖြေကြားပြီး ၁၂ နာရီတွင် အခမ်းနားကို ရုတ်သိမ်းခဲ့ပါသည်။