ဇန်န၀ါရီ ၈၊ ၂၀၁၄
M-Media
မူလတန်း မွတ်စလင် ကျောင်းသားများအတွက် အစ္စလာမ် ဘာသာရေးသင်ခန်းစာများ ထည့်သွင်းသင်ကြားခြင်းကို ဂျာမနီနိုင်ငံ အလယ်ပိုင်း Hesse ပြည်နယ် ကျောင်းများတွင် စတင် မိတ်ဆက်ပေးခဲ့သည်ဟု သိရသည်။
ဂျာမနီလူ့အဖွဲ့အစည်းအတွင်း အစ္စလာမ်ဘာသာဝင်များ ပိုမိုပါဝင်လာရန်ရည်ရွယ်၍ ထိုသင်ကြားမှုအား အကောင် အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ဂျာမနီရှိ ပုဂ္ဂလိကကျောင်းများတွင် ပထမဦးဆုံး အစ္စလာမ့်ပညာရေးကို သင်ကြားခြင်းလည်းဖြစ်သည်။
“သူတို့(ကျောင်းသား)တွေဟာ မတူညီတဲ့ အသိုင်းအ၀ိုင်းတွေက လာကြတာပါ။ သူတို့ကို (အစ္စလာမ့်) အသိပညာပေးရပါမယ်။ ဒါမှသာ သူတို့ရဲ့ ကိုယ်ရည် ကိုယ်သွေးတွေ တိုးတက်လာမှာပါ” ဟု အစ္စလာမ့် သင်ခန်းစာများကို သင်ကြားပို့ချရန်အတွက် အစိုးရမှ လေ့ကျင့်သင်ကြားပေးထားသည့် ကျောင်းဆရာ တီမူရ် ကမ်လူက နယူယောက်တိုင်းသတင်းစာသို့ ယမန်နေ့က ပြောကြားခဲ့သည်။
အစ္စလာမ်ဘာသာရေး သင်ခန်းစာများ သင်ကြားရန်အတွက် ဆရာများကို အစိုးရမှ လေ့ကျင့်သင်ကြားပေးထားပြီး သတ်မှတ်ပြဌာန်း စာအုပ်များဖြင့် သင်ကြားခြင်းဖြစ်ကာ ထိုပြည်နယ်ရှိ အစ္စလာမ်ဘာသာဝင်များကလည်း သင်တန်းများအား ကြိုဆိုခဲ့ကြသည်။
“နှစ်ပေါင်းများစွာ လူတွေနဲ့ ကင်းကွာစေခဲ့တဲ့ အမှားတွေဟာ ရှင်းလင်းသွားပြီလို့ ကျွန်တော် ထင်ပါတယ်။ အခုတော့ ကျွန်တော်တို့ အတူတူ ရှိနေပါပြီ။ အလုပ်တွေကို အတူတကွ လုပ်ဆောင်နေပြီး၊ ကျွန်တော်တို့ ကလေးတွေလည်း အတူတကွ ပညာသင်ကြားနေကြပါပြီ” ဟု အစ္စလာမ် ဘာသာရေးသင်ခန်းစားများကို ကျောင်းများ၌ သင်ကြားပို့ချရန် တိုက်တွန်းခဲ့သည့် နိုင်ငံရေး သမားများအနက် တစ်ဦးဖြစ်သည့် နီကိုလာ ဘီယာက ပြောကြားခဲ့သည်။ ၎င်းမှာ Hesse ပြည်နယ်၏ ပညာရေး ၀န်ကြီးလည်းဖြစ်သည်။
ဂျာမနီနိုင်ငံတွင် ပြည်နယ် ၁၆ ခုရှိပြီး ပြည်နယ်တစ်ခုချင်းစီတွင် ကိုယ်ပိုင် ပညာရေး စနစ်ကို ပြဌာန်းထားကာ Hesse ပြည်နယ်အတွင်းရှိ ကျောင်းများ တွင် အစ္စလာမ်ဘာသာသာရေးသင်ခန်းစာများကို သင်ကြားပေးရန် နှစ်ပေါင်း ၂၀ ကြာ တောင်းဆိုခဲ့ရပြီးနောက် ယခုကဲ့သို တစ်ပါတ်လျှင် မိနစ် ၄၀ သင်ကြားခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
ဂျာမနီနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်များမှာ ၃.၈ သန်းမှ ၄.၃ သန်းအထိရှိပြီး နိုင်ငံလူဦးရေ၏ ၅ ရာခိုင်နှုန်းခန့်ရှိနေသည်။
Ref : OnIslam
အမှားပြင်ဆင်ထားချက်- သတင်းမူလတင်ချိန်တွင် နာရီ ၄၀ ဟုရေးသားထားခြင်းကို မိနစ် ၄၀ ဟုပြင်ဆင်ထားပါသည်။
Leave a Reply
You must be logged in to post a comment.