News @ M-Media

Blog

  • တန်ဖိုးကြီးမြေရှားသတ္ထုများ တရုတ်ထံ အလွန်အကျွံထုတ်ရောင်း၍ စစ်ကောင်စီက ငွေရှာဖွယ်ရှိ

    တန်ဖိုးကြီးမြေရှားသတ္ထုများ တရုတ်ထံ အလွန်အကျွံထုတ်ရောင်း၍ စစ်ကောင်စီက ငွေရှာဖွယ်ရှိ

    မေ ၅၊ ၂၀၂၁
    M-Media

    -ကချင်ပြည်နယ်က တန်ဖိုး​ကြီး မြေရှားသတ္တုတွေ တရုတ်ဖက်ကို တရားမဝင် တင်ပို့မှုဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၅ ဆ အထိ မြင့်တက်လာပြီး စစ်ကောင်စီက ဒီတင်ပို့မှုကနေ ဝင်ငွေအမြောက်အများ ရှာနေတာမျိုး ဖြစ်နိုင်တယ်လို့ မြန်မာ့အရေး ​လေ့လာစောင့်ကြည့်သူတွေက ပြောကြားလိုက်ပါတယ်။

    မြေရှားသတ္တုဟာ အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်ရေးမှာ အလွန်အရေးပါတဲ့ ပစ္စည်းဖြစ်ပြီး မြန်မာနိုင်ငံက မြေရှားသတ္တုကို တရုတ်နိုင်ငံက အဓိက ထုတ်ယူသုံးစွဲနေတာ ဖြစ်ပါတယ်။ ကချင်ပြည်နယ် ပန်ဝါမြို့နဲ့ ချီဖွေမြို့က မြေရှားသတ္တုတွင်း​ကို တရုတ်နိုင်ငံသားတွေက လုပ်ကိုင်နေတာပါ။

    “အာဏာမသိမ်းခင်တုန်းက တစ်ရက်ကို ထရပ်ကား တစ်စီး၊ နှစ်စီးစာလောက် သယ်တာကို တွေ့ရတယ်။ အခုတော့ သိပ်ပြီး ဂရုတစ်စိုက် မကြည့်တာ​တောင်မှ ၁၀ စီး ၁၅ စီးလောက် သယ်နေတာကို တွေ့ရပါတယ်” လို့ ချီဖွေမှာရှိတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

    ဓာတ်မြေဩဇာအိတ်တွေနဲ့ မြေရှားသတ္ထုတွေကို သယ်နေတာလို့လည်း သူက ဆိုပါတယ်။

    ကချင် စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်တဲ့ TANK က ဒီလိုထုတ်ယူမှုဟာ အရပ်သားအစိုးရ ပြုတ်ကျသွားပြီးတဲ့နောက်ပိုင်း ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီး နေ့ရော ညပါ ဖြစ်နေတယ်လို့ ဆိုပါတယ်။

    မိုင်းတွင်းဒေသဟာ စစ်ကောင်စီကို သစ္စာခံတဲ့ နယ်ခြားစောင့်တပ်တွေ၊ ပြည်သူ့စစ်အဖွဲ့တွေ ထိန်းချုပ်တဲ့ ဒေသတွေမှာ ရှိတာပါ။

    လူ့အခွင့်အရေးအဖွဲ့ Global Witness က တက်ကြွလှုပ်ရှားသူ ကလာရီ ဟမ်မွန်းက မတည်ငြိမ်တဲ့ နယ်စပ်ဒေသတွေမှာ စစ်တပ်ဟာ ‘အပစ်ရပ် အရင်းရှင်ဝါဒ’ ကို ကျင့်သုံးနေပြီး ပြည်သူ့စစ်အဖွဲ့တွေကို တရားမဝင် ​မြေရှားသတ္တု တင်ပို့ခွင့်ပေးထားကာ အပြန်အလှန်အားဖြင့် လက်နက်စွန့်ခိုင်းတာ၊ လုံခြုံရေးတာဝန်ယူခိုင်းတာတွေလုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၂၀ ခုနှစ် မြန်မာနိုင်ငံက မြေရှားသတ္ထု ထုတ်ယူမှုဟာ ကမ္ဘာတစ်ဝှမ်း ထုတ်လုပ်မှုရဲ့ ၃၉ ရာခိုင်နှုန်း ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စီးပွားရေးအဖွဲ့ (IEM) က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    တရုတ်နိုင်ငံဟာ သူတို့လိုအပ်နေတဲ့ မြေရှားသတ္တုရဲ့ ထက်ဝက်ခန့်ကို မြန်မာနိုင်ငံကနေ ထုတ်ယူပြီး ပြန်လည်သန့်စင်ကာ ကမ္ဘာကို ပြန်ရောင်းတာ ဖြစ်ပါတယ်။

    ကချင်ပြည်နယ် ပန်ဝါမြို့နဲ့ ချီဖွေမြို့တွေမှာ မြေရှားသတ္တုတွင်း ၁၀၀ ကျော် ရှိတယ်လို့ သဘာပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းတွေက ခန့်မှန်းထားပါတယ်။ ကချင်ဒီမိုကရက်တစ်တပ်ဖွဲ့သစ် (NDAK) ထိန်းချုပ်တဲ့ တရုတ်နယ်စယ်နားမှာ မကြာခင်ကပဲ မြေရှားသတ္တုတွင်း ၁၀ ခုကျော် တွေ့ရှိခဲ့ပါသေးတယ်။

    ဒီမိုင်းတွင်းတွေကို တူးဖော်ထုတ်ယူမှုကြောင့် သဘာ၀ပတ်ဝန်းကျင် ပျက်ဆီးတာ၊ မြေအောက်ရေ၊ ပင်လယ်ရေ ညစ်ညမ်းတာတွေ ဖြစ်ပေါ်နေတယ်လို့ ကချင်အခြေစိုက် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ Kachin State Working Conservation Group က ပြောပါတယ်။

    Ref: Asia Times

  • စစ်ကောင်စီနှင့် မ​ဆွေးနွေးလျှင် ပြည်တွင်းစစ်ဖြစ်နိုင်သည်ဟု တရုတ် သတိပေး

    စစ်ကောင်စီနှင့် မ​ဆွေးနွေးလျှင် ပြည်တွင်းစစ်ဖြစ်နိုင်သည်ဟု တရုတ် သတိပေး

    မေ ၄၊ ၂၀၂၁
    M-Media

    ကုလဆိုင်ရာတရုတ်သံအမတ် ကျန်းကျွင်း

    -မြန်မာ့အရေး ဖြေရှင်းရာမှာ သံတမန်နည်းလမ်းနဲ့ ပိုမိုအားထုတ်ဆောင်ရွက်ဖို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်က တိုက်တွန်းလိုက်ပြီး ဒီလိုမှမဟုတ်ရင် ပြည်တွင်းစစ်ကြီးအထိ ဦးတည်သွားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

    ကုလမသဂ္ဂ လုံခြုံရေးကောင်စီရဲ့ မေလအတွက် ဥက္ကဌရာထူးကို ရယူမယ့် သံအမတ် ကျန်းကျွင်းဟာ ဒီကနေ့မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာပါ။

    မြန်မာ့အရေး မှတ်ချက်ပေးရာမှာတော့ မြန်မာနိုင်ငံဟာ မိမိတို့ရဲ့ ‘အိမ်နီးချင်း ဆွေမျိုးပေါက်ဖော်’ ဖြစ်ပြီး အာဆီယံ၊ ကုလအတွင်းရေးမှူးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှာရ်နာ ဘာဂီနာတို့ရဲ့ သံတမန်နည်းလမ်းနဲ့ ဖြေရှင်းဖို့ ဆောင်ရွက်မှုကို အပြည့်အ၀ထောက်ခံတယ်လို့ ပြောကြားခဲ့ပါတယ်။

    စစ်ခေါင်းဆောင်တွေအပေါ် စီးပွားရေးပိတ်ဆို့မှုကို မိမိတို့ မနှစ်မြို့ပဲ အကိုင်အတွယ်မတတ်ရင် ပြည်တွင်းစစ် အကြီးအကျယ်ဖြစ်တဲ့အထိ အခြေအနေ ဆိုးရွားသွားနိုင်တယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။

    “မြန်မာနိုင်ငံ ပုံမှန်အခြေအနေ ပြန်ရောက်ရေး၊ သက်ဆိုင်တဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေအားလုံးအကြား အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေမူဘောင်အတွင်းက ဆွေးနွေးညှိနှိုင်းကာ နိုင်ငံရေးအရ အဖြေရှာနိုင်ရေး အားပေးတဲ့ အခင်းအကျင်းမျိုး ကျွန်တော်တို့ ဖန်တီးပေးရပါမယ်”

    စစ်အာဏာသိမ်းမှုဟာ ရွေးကောက်ပွဲကိစ္စ အမြင်မတူမှုကြောင့် ဖြစ်လာတာဖြစ်ပြီး နိုင်ငံရေးပါတီတွေအနေနဲ့ ဒီကိစ္စအပေါ်မှာ အဖြေရှာရမှာဖြစ်ကြောင်း၊ ဒါ့ကြောင့် တရုတ်နိုင်ငံက သံတမန်နည်းလမ်းကို ပိုပြီး အားသန်တာဖြစ်ကြောင်း ကျန်းကျွင်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အကြမ်းဖက်မှုတွေကို ရှောင်ရှားပြီး ဆွေးနွေးညှိနှိုင်းမှုတွေကနေ အဖြေရှာနိုင်ရေးအတွက် သက်ဆိုင်တဲ့အဖွဲ့အစည်းတွေအားလုံးကို မိမိတို့က အနီးကပ် ဆက်သွယ်ဆောင်ရွက်နေတယ်လို့လည်း သူက ဆိုပါတယ်။

    Ref: ABC News

  • စစ်ကောင်စီတက်လာပြီးနောက်ပိုင်း တယ်လီနောကုမ္ပဏီ အကြီးအကျယ် အရှုံးပေါ်

    စစ်ကောင်စီတက်လာပြီးနောက်ပိုင်း တယ်လီနောကုမ္ပဏီ အကြီးအကျယ် အရှုံးပေါ်

    မေ ၄၊ ၂၀၂၁
    M-Media

    -စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကန့်သတ်မှုတွေ၊ ထိခိုက်မှုတွေကြောင့် မိမိတို့ကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ သန်း ၄၇၀ လောက် အရှုံးပေါ်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ အနာဂတ်စီးပွားရေးအခြေအနေဟာ မသေချာတဲ့အနေအထားကို ရောက်နေပြီလို့ တယ်လီနော ကုမ္ပဏီက ပြောကြားလိုက်ပါတယ်။

    အမေရိကန်ဒေါ်လာ သန်း ၄၇၀ လောက် အရှုံးပေါ်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ အနာဂတ်စီးပွားရေးအခြေအနေဟာ မသေချာတဲ့အနေအထားကို ရောက်နေပြီလို့ တယ်လီနော ကုမ္ပဏီက ပြောကြားလိုက်ပါတယ်။

    အာဏာသိမ်းစစ်ကောင်စီဟာ ပြည်သူလူထုရဲ့ ဆက်သွယ်ရေးကို အကြီးအကျယ် ကန့်သတ်ထားပြီး မိုဘိုင်းအင်တာနက်၊ ၀ိုင်ဖိုင်အင်တာနက်တွေကို ဖြတ်တောက်ထားပါတယ်။

    ပြီးခဲ့တဲ့ ၃ လအတွင်း မိမိတို့ရဲ့ ဖုန်းဆင်းကတ်ကို သုံးစွဲသူအရေအတွက် ၂ သန်းတိုးလာပြီး စုစုပေါင်း ၁၈.၂ သန်း ရှိလာခဲ့ပေမယ့် စစ်ကောင်စီက အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် ဝင်ငွေ ထက်ဝက်လောက် ကျဆင်းသွားတယ်လို့ တယ်လီနောကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    “ပုံမှန်မဟုတ်ဘဲ မသချာမရေရာ စိုးရိမ်စရာကောင်းတဲ့အခြေအနေမျိုးကို ကျွန်တော်တို့ တွေ့နေရတယ်။ စီးပွားရေးအလားအလာ၊ လုံခြုံရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက ဆိုးဝါးလာတာကြောင့် ရှေ့ဆက်ပြီး ပိုကောင်းလာမယ့် အနေအထားမျိုး သိပ်မမြင်ပါဘူး”

    အခုနှစ် ဇန်နဝါရီလကနေ မတ်လအထိ တယ်လီနောဟာ နော်ဝေ ကရိုနာ ၃.၉ ဘီလီယံ (ကန်ဒေါ်လာ သန်း ၄၇၀) လောက်အရှုံးပေါ်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ပထမ ၃ လပတ်မှာ ကရိုနာ ၆၉၈ သန်းလောက် တယ်လီနောလက မြတ်ခဲ့တာ ဖြစ်ပါတယ်။

    ဒီလိုအရှုံးပေါ်တာဟာ မြန်မာနိုင်ငံမှာရှိတဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ ထိခိုက်ပျက်ဆီးခဲ့လို့ ဖြစ်တယ်လို့ တယ်လီနောက ပြောပါတယ်။

    လက်ရှိမှာတော့ ကုမ္ပဏီဝန်ထမ်းတွေ ဘေးအန္တရာယ်ကင်းရှင်းရေး၊ သုံးစွဲသူတွေကို အပြည့်အ၀ ဝန်ဆောင်မှုပေးနိုင်ရေးနဲ့ ပွင့်လင်းမြင်သာမှုရှိရေး အလေးထားဆောင်ရွက်နေတယ်လို့လည်း ကုမ္ပဏီက ဆိုပါတယ်။

    Ref: Business Recorder

  • ကိုဗစ်ကြောင့် အိန္ဒိယပြည်သူများ သေဆုံးမှုကို တရုတ်အစိုးရက လှောင်ပြောင်သရော်

    ကိုဗစ်ကြောင့် အိန္ဒိယပြည်သူများ သေဆုံးမှုကို တရုတ်အစိုးရက လှောင်ပြောင်သရော်

    မေ ၄၊ ၂၀၂၁
    M-Media

    -ကိုဗစ်ဒုတိယလှိုင်းမှာ အိန္ဒိယပြည်သူတွေ အကြီးအကျယ်သေဆုံးမှုကို တရုတ်အစိုးရရဲ့ ဥပဒေရေးရာ ထိပ်တန်းအဖွဲ့က ဆိုရှယ်မီဒီယာမှာ လှောင်ပြောင်ရေးသားခဲ့ပြီး ဝေဖန်မှုတွေ မြင့်တက်လာတဲ့အတွက် နောက်ပိုင်းမှာ ပြန်ဖြုတ်သွားပါတယ်။

    ပြီးခဲ့တဲ့လ အစောပိုင်းကစလို့ အိန္ဒိယနိုင်ငံမှာ ကိုဗစ်ဒုတိယလှိုင်း ရိုက်ခတ်တာကြောင့် နေ့စဉ် လူ သိန်းချီ ကူးစက်ပြီး သေဆုံးသူကလည်း ထောင်ချီ ရှိပါတယ်။ သေဆုံးသူတွေ များလွန်းတဲ့အတွက် မြေကွက်လပ်တွေမှာ စုပေါင်းပြီး သဂြိုဟ်ရတဲ့ ပုံတွေဟာ ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ခဲ့ပြီး တစ်ကမ္ဘာလုံးက အိန္ဒိယပြည်သူတွေအပေါ် ဂရုဏာသက်ခဲ့ပါတယ်။

    တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံရေးနဲ့ ဥပဒေရေးရာ ဗဟိုကော်မရှင်က သူတို့ရဲ့ တရားဝင် Weibo အကောင့်မှာ ကိုဗစ်ကြောင့် အိန္ဒိယပြည်သူတွေ သေဆုံးမှုကို လှောင်ပြောင်တဲ့ပို့စ်မျိုး မေ ၁ ရက်နေ့က တင်ခဲ့ပါတယ်။

    တရုတ်နိုင်ငံက အာကာသစခန်းအတွက် ပထမဆုံး အစိတ်အပိုင်းပို့မယ့် ဒုံးပျံ လွှတ်တင်မှုဓာတ်ပုံနဲ့ အိန္ဒိယက ကိုဗစ်ကြောင့် သေဆုံးသူတွေ အစုလိုက်အပြုံလိုက်သင်္ဂြိုဟ်တဲ့ ဓာတ်ပုံကို ယှဉ်တွဲကာ “တရုတ်ရဲ့ မီးထွန်းမှုနဲ့ အိန္ဒိယရဲ့ မီးထွန်းမှု” လို့ ရေးသားလွှင့်တင်ခဲ့တာပါ။

    တရုတ်ပြည်သူတွေက ဆိုရှယ်မီဒီယာမှာ ဝေဖန်မှုတွေ ပြုလုပ်လာတာကြောင့် နောက်ပိုင်းမှာ ဒီပို့စ်ကို ပြန်ဖျက်သွားခဲ့ပါတယ်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကိစ္စထက် တရုတ်အစိုးရနဲ့ ပြည်သူတွေက အိန္ဒိယရဲ့ ကိုဗစ်တိုက်ဖျက်ရေးအပေါ် အားပေးထောက်ခံနေတာကို ပိုပြီး အာရုံစိုက်ကြည့်ရှုဖို့ မျှော်လင့်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

    တရုတ်ကွန်မြူနစ်ပါတီရဲ့ အဘော်သတင်းစာ Global Times ရဲ့ အယ်ဒီတာချုပ် ဟူရှီကျင်းက အစိုးရရဲ့ တရားဝင် ဆိုရှယ်မီဒီယာအကောင့်တွေဟာ လူသားချင်းစာနာမှု၊ အိန္ဒိယအတွက် စာနာမှုနဲ့ တရုတ်​လူ့အဖွဲ့အစည်းရဲ့ စိတ်နေစိတ်ထား မြင့်မြတ်မှုကို ပြသတာမျိုးပဲ ဖြစ်သင့်တယ်လို့ ရေးသားခဲ့ပါတယ်။

    ပြီးခဲ့တဲ့ သောကြာနေ့ကလည်း တရုတ်အစိုးရ ပြည်သူ့လုံခြုံရေးဌာနရဲ့ Weibo အကောင့်မှာ အိန္ဒိယက ကိုဗစ်ကြောင့်သေဆုံးသူတွေ အစုလိုက်အပြုံလိုက်သင်္ဂြိုဟ်တဲ့ ဓာတ်ပုံကို ‘တရုတ်နိုင်ငံရဲ့ မီးဘုရား တောင်တန်း’ လို့ရေးပြီး လှောင်ပြောင် လွှင့်တင်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ ဒီပို့စ်ကို ပြန်ဖျက်သွားပါတယ်။

    Ref: The Star

  • မြန်မာ့အရေးတွင် အာဆီယံက အပြုသဘောဆောင်သည့်ကဏ္ဍမှပါဝင်ရေး အရေးကြီးဟု မလေးရှားနှင့် စင်ကာပူတို့ ထပ်ပြော

    မြန်မာ့အရေးတွင် အာဆီယံက အပြုသဘောဆောင်သည့်ကဏ္ဍမှပါဝင်ရေး အရေးကြီးဟု မလေးရှားနှင့် စင်ကာပူတို့ ထပ်ပြော

    မေ ၃၊ ၂၀၂၁
    M-Media

    -မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံက အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက် ပါဝင်ဆောင်ရွက်ရေး အရေးကြီးတယ်လို့ မလေးရှားနဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးတို့က ပြောကြားလိုက်ပါတယ်။

    မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဟီရှာမူဒင်ဟူစိန် စင်ကာပူကို ၂ ရက်ကြာ သွားရောက်မှုအတွင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာကရစ်ရှ်နန်တို့ မနေ့က ဆွေးနွေးမှုမှာ မြန်မာ့အရေးလည်း ပါဝင်ခဲ့ပါတယ်။

    ဝန်ကြီးနှစ်ဦးရဲ့ ထုတ်ပြန်ကြေငြာချက်မှာတော့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြဿနာကို ဖြေရှင်းရေး​မှာ ဧပြီလအတွင်း အာဆီယံထိပ်သီးအစည်းအဝေးမှာ အားလုံး သဘောတူညီခဲ့တဲ့ အချက် ၅ ချက်ကို အကောင်အထည်ဖော်ရေး၊ သက်ဆိုင်သူအားလုံးအကြား စေ့စပ်ဆွေးနွေးနိုင်ရေး အာဆီယံခေါင်းဆောင်တွေက အသေအချာ ဆက်လက် ဆောင်ရွက်သွားရမယ်လို့ ဖော်ပြထားပါတယ်။

    ဒါ့အပြင် မြန်မာပြည်သူအားလုံးရဲ့ အကျိုးစီးပွားကို ရှေ့ရှုကာ ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ အဖြေမျိုး ပေါ်ပေါက်လာရေးမှာ အာဆီယံက အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်သွားဖို့ အရေးကြီးကြောင်း နိုင်ငံခြားဝန်ကြီးနှစ်ဦးက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    အာဆီယံ ထိပ်သီးအစည်းအဝေးက သဘောတူညီချက်တွေထဲမှာ အကြမ်းဖက်မှု ချက်ခြင်းရပ်တန့်ရေး၊ သက်ဆိုင်သူတွေအားလုံး စေ့စပ်ဆွေးနွေးရေး၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံသံတမန်တစ်ဦး ခန့်အပ်ပြီး မြန်မာနိုင်ငံကို စေလွှတ်ရေးတို့ ပါဝင်ပါတယ်။

    အာဏာသိမ်းစစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူတို့ချမှတ်ထားတဲ့လမ်းစဉ်နဲ့ ကိုက်ညီမှသာ အာဆီယံရဲ့ အစီအမံကို လက်ခံမယ်လို့ ထိပ်သီးအစည်းအဝေးက ပြန်လာပြီးနောက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

    Ref: The Strait Times