News @ M-Media

ဂျူးလက်ယာအစွန်းရောက်များ ပါလက်စတိုင်းတွင် ချီတက်ဆန္ဒပြရန် စီစဉ်နေ

မေ ၁၀၊ ၂၀၂၁
M-Media

အစ္စရေးတပ်ဖွဲ့ကြောင့် ဒဏ်ရာရသွားသည့် ပါလက်စတိုင်းအမျိုးသမီးတစ်ဦး

-အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက်မှာ တင်းမာမှုတွေ မြင့်တက်နေချိန် ဂျူးအမျိုးသားရေး လက်ယာစွန်းသမားတွေက ချီတက်ဆန္ဒပြပွဲ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဂျူးအခြေချသူတွေက ပါလက်စတိုင်းတွေရဲ့နေအိမ်တွေကို လုယူတာ၊ ဒါကို မကျေနပ်လို့ အလ်အက္ကဆွာဗလီထဲမှာ ထိုင်သပိတ်လုပ်တဲ့ ပါလက်စတိုင်းပြည်သူတွေကို အစ္စရေးစစ်သားတွေက ဝင်ရောက်အကြမ်းဖက်တာတွေကြောင့် ပါလက်စတိုင်းပိုင်နက်တွေမှာ တင်းမာမှုတွေ မြင့်တက်နေတာပါ။

အစ္စရေးတပ်ဖွဲ့တွေရဲ့လက်ချက်ကြောင့် ဒီအဖြစ်အပျက်အတွင်း ပါလက်စတိုင်းပြည်သူ ၃၀၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

၁၉၆၇ ခုနှစ် ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်ကို အစ္စရေးတပ်တွေက သိမ်းပိုက်ခဲ့တာကို အစွဲပြုပြီး ဂျူးလက်ယာစွန်းသမားတွေက Jerusalem Day Flag ချီတက်ဆန္ဒပြမှုကို နှစ်စဉ် ဆောင်ရွက်ကြတာပါ။

ပါလက်စတိုင်းရပ်ကွက်တွေမှာ အလံတွေဝှေ့ယမ်းတာ၊ ကြွေးကျော်သံတွေ ရွတ်ဆို လှည့်လည်ကြတာဖြစ်ပြီး ပါလက်စတိုင်းတွေကတော့ ဒါဟာ သူတို့ကို ရန်စမှုလို့ ရှုမြင်ပါတယ်။ ဒီနှစ် ချီတက်ပွဲကို လာမယ့်ရက်အနည်းငယ်အတွင်း လုပ်ဖို့ ဂျူးလက်ယာစွန်းသမားတွေက စီစဉ်ထားပါတယ်။

အစ္စရေးတပ်တွေဟာ ပြီးခဲ့တဲ့ရက်တွေမှာ နေ့စဉ်လိုလို အလ်အက္ကဆွာဗလီထဲကို ဝင်ရောက်ပြီး အကြမ်းဖက်တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

တင်းမာမှုတွေ မြင့်တက်နေတဲ့အချိန် ဂျူးလက်ယာစွန်းရောက်တွေရဲ့ ဒီဆန္ဒပြမှုကြောင့် အခြေအနေ ပိုမိုဆိုးရွားသွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

Ref: BBC