News @ M-Media

Blog

  • မလေးရှားနိုင်ငံ BM တွင် မြန်မာ အမျိုးသမီးနှစ်ဦး အသတ်ခံရ၊ သံသယရှိသူ မြန်မာနိုင်ငံသား အမျိုးသား နှစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးထား

    ဒီဇင်ဘာ ၃၁၊ ၂၀၁၃
    M-Media
    Two Myanmar women brutally murdered
    – မလေးရှားနိုင်ငံ ဘူကစ်မာသာချန်မြို့(BM)  Kampung Setol တွင် ဒီဇင်ဘာ ၃၀ ရက်နေ့က မြန်မာနိုင်ငံသားအမျိုးသမီးနှစ်ဦး ရထားလမ်းဘေးတွင် အသတ်ခံရမှုတစ်ခု  ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    အသက် ၂၁ နှစ်အရွယ်ရှိ ဌေးဌေးသန်းဆိုသူအမျိုးသမီးမှာ လည်ပင်းလှီးဖြတ် ဒဏ်ရာဖြင့် သေဆုံးနေခြင်းဖြစ်ပြီး၊ အသက် ၄၁ နှစ်အရွယ်ရှိ သန်း ဟုသာ သိရသည့် အမျိုးသမီးမှာ မျက်နှာနှင့် ခန္ဓာကိုယ် အနှံ့အပြားတွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ခဲ့ရခြင်းဖြစ်သည်။

    နေ့လည် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် လမ်းသွား လမ်းလာတစ်ဦးက အမျိုးသမီးများ၏ အော်သံကိုကြားခဲ့ရပြီးနောက် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိသွားခဲ့ပြီး ရဲတပ်ဖွဲ့အား အကြောင်းကြားခဲ့သည်ဟု ပြည်နယ် CID အကြီးတန်းအရာရှိ မာဇ်လန် ကေဆာက ပြောကြားခဲ့သည်။

    ထို့ပြင် ယခင်က စက်ရုံအလုပ်သမများဖြစ်ကြပြီး ယခုအခါ အလုပ်လက်မဲ့ဖြစ်နေသည့် ထိုအမျိုးသမီးနှစ်ဦးစလုံးမှာ လမ်းသွားနေရင်း တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကာ၊ အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ တန်ဖိုးရှိပစ္စည်းများကို သတ်ဖြတ်သူများက ယူသွားခြင်း မရှိကြောင်း ကေဆာက ပြောကြားခဲ့သည်။

    စုံစမ်း စစ်ဆေးနေမှုများနှင့်ပတ်သက်၍ “အခင်းဖြစ်ပွားပြီး မိနစ် ၃၀ အတွင်းမှာ မြန်မာနိုင်ငံသား အမျိုးသားနှစ်ဦးကို အခင်းဖြစ်ပွားရာနေရာနားမှာရှိတဲ့ ကားမှတ်တိုင်မှာ ဖမ်းဆီးမိခဲ့ပါတယ်” ဟု ပြောကြားခဲ့ပြီး၊ မျက်မြင်သက်သေတစ်ဦး၏ ပုံပန်းသဏ္ဍာန်ဖော်ပြမှုမှတစ်ဆင့် ဖမ်းဆီးခဲ့ပြီး ၎င်းတို့ နှစ်ဦးစလုံးမှာ အသက် ၃၀ ကျော်အရွယ်များဖြစ်ကြသည်ဟု ကေဆာက ထပ်လောင်းပြောကြားခဲ့သည်။

    သံသယရှိသူနှစ်ဦးစလုံးအား လူသတ်မှုပုဒ်မ ၃၀၂ဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အခင်းဖြစ်ပွားရာတွင်အသုံးပြုသည့် လက်နက်ကိုမူ ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။ အသတ်ခံရသည့် အမျိုးသမီးနှစ်ဦးမှာ ထိုဒေသတွင် နေထိုင်သည်မှာ ၂ နှစ်ကျော်ရှိနေပြီဖြစ်ပြီး၊ လူသတ်မှုနှင့် ပက်သက်သည့် သတင်းအချက်အလက်များ ရခဲ့ပါက သတင်းပေးရန် ရဲတပ်ဖွဲ့က ဆော်သြထားသည်။

    Ref: The Star

  • ဒီဇင်ဘာ ၃၀၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၃၀၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၃၀၊ ၂၀၁၃
    M-Media

    ကရင်နီ ဒုက္ခသည်များ ပြန်လည်ခေါ်ယူမည်

    – ထိုင်းနယ်စပ်နှင့် ပြည်တွင်း ဒုက္ခသည်စခန်းများတွင် ရှိနေသော စစ်ဘေးရှောင် ကရင်နီ (ကယား)တိုင်းရင်းသားများကို ပြန်လည်နေရာချထားပေးရန် အိမ်ခြေ ၅၀-ခန့် ဆောက်လုပ်ပေးပြီး ၃-နှစ်အတွက် ထောက်ပံ့ကြေးပေးရန်၊ မိုင်းရှင်းလင်းရန်တွေ လုပ်ဆောင်ပြီးရင် ပြန်လည်ခေါ်ယူရန် ပြင်ဆင် နေကြောင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၏ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောကြောင်း သိရသည်။
    ________________________

    လေးပွင့်ဆိုင်ဆွေးနွေးရေး နိုင်ငံရေးအကျဉ်းသားဟောင်းများ ထောက်ခံ

    – ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရန်အတွက် နိုင်ငံတော်သမ္မတ၊ လွှတ်တော်နဲ့ တပ်မတော်အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ကမ်းလှမ်းချက်ကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS)က ထောက်ခံကြောင်း ဒီနေ့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ကြောင်း RFA သတင်းမှာ ဖော်ပြထားသည်။
    ________________________

    ကရင်နှစ်သစ်ကူးပွဲတော် ရန်ကုန်တွင် စည်ကားစွာ ကျင်းပရန် စီစဉ်ထား

    – ၂၀၁၄-ခု ဇန်န၀ါရီလ ၁-ရက်နေ့မှာ ကျရောက်မှာဖြစ်တဲ့ ကရင်နှစ်သစ်ကူးပွဲတော်ကို မျိုးဆက်သစ် ကရင်လူငယ်များမှ ရိုးရာယဉ်ကျေးမှု များကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ချက်နဲ့ ရန်ကုန်မြို့မှာ ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပပြုလုပ်သွားမည်ဟု ကရင် နှစ်သစ်ကူးနေ့ ကျင်းပရေးကော်မတီအတွင်းရေးမှူးက ပြောကြောင်း သိရသည်။
    ________________________

    ဖွဲ့စည်းပုံပြင်ရန် အကြံပြုစာ ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်တင်သွင်းမည်

    – ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန် အကြံပြုစာအား ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီထံသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒီဇင်ဘာလ ၃၁-ရက်နေ့တွင် တင်သွင်းမည်ဟု မဇ္ဈိမသတင်းတွင် ဖော်ပြထားသည်။
    ________________________

  • ဘာသာပေါင်းစုံ ချစ်ကြည်ရေး အောက်ခြေထိ ရောက်ရန် လိုအပ်ဟု ဦးအေးလွင်ပြော

    ဘာသာပေါင်းစုံ ချစ်ကြည်ရေး အောက်ခြေထိ ရောက်ရန် လိုအပ်ဟု ဦးအေးလွင်ပြော

    ဒီဇင်ဘာ ၃၀၊ ၂၀၁၃
    M-Media
    ဆူးထက်၊ သီရိ

    DSCN5664-1

    ဘာသာပေါင်းစုံ လက်တွဲပြီး ငြိမ်းချမ်းရေး အတွက် အကောင်အထည်ဖော်ဆောင်နေသူများ အနက်  အစ္စလာမ်သာသနာမှ ဆရာဦးအေးလွင်နှင့် တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။

    M-Media – မြန်မာပြည်တွင် မည်သည့် ဘာသာတရားမှ ထွန်းကားခဲ့သည် မဟုတ်ဟု ခေါင်းစဉ်တပ်ပြီး ဆရာပြောဆိုခဲ့သည်ဟု ဂျာနယ်တစ်ခုက ရေးသားဖော်ပြခဲ့မှု အပေါ်ထွက်ပေါ်လာတဲ့ တုံ့ပြန်မှုတွေကို ဆရာ့နေနဲ့ ဘာများပြောကြားလိုပါသလဲ။

    ဖြေ – မြန်မာနိုင်ငံမှာ မည်သည့်ဘာသာမှ စတင်ပေါ်ပေါက်ခဲ့ခြင်း မရှိဟု ပြောခဲ့တာပါ။ သို့သော်လည်းပဲ ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ ဘာသာတွေက မြန်မာပြည်မှာ လာထွန်းကားတယ်။ အထူးသဖြင့် လူအများစု ကိုးကွယ်တဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာ ပိုထွန်းကားပါတယ်လို့ ဆိုလိုပါတယ်။

    M-Media – နိုင်ငံရေး ကိစ္စ အလို့ငှာ ဘာသာ သာသနာအား အလွဲသုံးစား မပြုရ ဆွေးနွေးပွဲမှာ ကုရ်ဘာနီနဲ့ ပတ်သက်ပြီး မေးရာမှာ ဆရာအနေနဲ့ အခြား စီစဉ်ဆောင်ရွက်မှုတွေပြုလုပ်ဖို့ တိုင်ပင်နေတယ်ဟု ပြောကြားခဲ့ပါတယ် အဲဒါနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ ဖြေကြားပေးစေလိုပါတယ်။

    ဖြေ – ရှရီအသ် တရားတော်မှာ ကုရ်ဘာနီအတွက် ဘယ်သားကောင်တွေရဲ့အသားတွေကို လှူဒါန်းရမယ်ဆိုတာ တရားတော်က သတ်မှတ်ပြီးသား ဖြစ်တယ်။ တရားတော်က သတ်မှတ်ပြီးတာကို လူကပြောင်းလဲလို့ မရဘူး။ သို့သော် ဘာကိုပြောင်းလဲပေးလို့ ရလဲဆိုရင် အခြားလူတွေက ကုရ်ဘာနီ သားကောင်ပြုလုပ်တာနှင့် ပတ်သက်ပြီး စိတ်မကောင်း မဖြစ်ရအောင် လှူဒါန်းမှု ဇဘာပြုလုပ်နေတဲ့ အချိန်မှာ လုံလုံခြုံခြုံ သိုသိုသိပ်သိပ်နဲ့ လုပ်နိုင်ဖို့ အတွက် တိုင်ပင်ဆွေးနွေးနေပါတယ်။ ကုရ်ဘာနီဟာ ယဇ်ပူဇော်ခြင်း မဟုတ်ပါဘူး။

    M-Media – လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အခြားဘာများလုပ်ဆောင်နေပါသလဲ။

    ဖြေ – သံတွဲမြို့ပေါ်မှာ ဟိုအရင်ကတည်းက ဆောက်ထားတဲ့ မျက်စိဆေးရုံရှိတယ်။ အဲဒီဆေးရုံအတွက် သံတွဲမြို့ခံ မွတ်စလင်တွေက သိန်းရာနဲ့ချီပြီး လှူဒါန်းထားပါတယ်။ သံတွဲမြို့ဟာ နဂိုတည်းက သဟဇာတရှိတဲ့မြို့ပါ။ မသမာလူတွေက သက်သက် မြို့ခံအစွန်းရောက် တချို့ကိုအသုံးချ ဖန်တီးသွား တာပါ၊ နောက် ဗလီတွေကို ပြန်လည်ပြုပြင်ခွင့်ရအောင် ကြိုးပမ်းနေပါတယ်၊ ရခိုင်ပြည်နယ် တစ်ခုလုံးမှာရှိတဲ့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ပညာရေးအတွက် ဘာသာရေးအဖွဲ့ကြီးတွေက မေတ္တာရပ်ခံစာတင်ထားသလို သီတဂူဆရာတော်ကြီးကလည်း ထပ်လောင်းမေတ္တာရပ်ခံစာကို
    သမ္မတကြီး အထိတင်ပြထားပါတယ်။

    M-Media – အခုချိန်မှာ ဘာသာပေါင်းစုံချစ်ကြည်ရေး လှုပ်ရှားမှုတွေကို အရင်ကထက် အစပေါင်းများစွာ လုပ်လာတယ်၊ ဒါပေမယ့် လူထုကြားမှာ မုန်းတီးမှုတွေပိုများလာတာ ဘာကြောင့်ဖြစ်မယ်လို့ ဆရာ့အနေနဲ့ ထင်မြင်ပါသလဲ။

    ဖြေ – ဒါဟာဘာကြောင့်လဲဆိုရင် ဌာနဆိုင်ရာ အာဏာပိုင် အဖွဲ့တွေက ဗဟိုဦးစီး ပုံစံမျိုးနဲ့ ဘာသာပေါင်းစုံ အဖွဲ့တွေကို ပြုလုပ်လာကြတာဆိုတော့ အဲလိုဆွေးနွေးပွဲတွေမှာ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေတဲ့ အထင်လွဲမှားသူတွေ မပါဝင်ကြဘူး။ တကယ် လိုအပ်နေတာက အောက်ခြေက ဆင်းရဲသား လူတန်းစားတွေ၊ ဘေးကလူကသွေးထိုးတာနဲ့ နားယောင်လွယ်တဲ့ လူတွေ ထိမရောက်သေးဘူး။ ရောက်အောင်လုပ်ရမယ်။
    နောက် အခုထက်ထိ အမုန်းတရား အခွေတွေဟာလဲ ဆက်ပြီးတော့ ပြန့်နှံ့နေသေးတယ်၊ အချို့တရားပွဲတွေမှာ သိသိသာသာဖြစ်စေ မသိမသာဖြစ်စေ အစ္စလာမ်ဆန့်ကျင်ရေး၊ မုန်းတီးရေး စကားတွေကိုထ ည့်ဟောနေတုန်းပဲ။ အဲဒီထဲမှာ အခု အဆိုးဝါးဆုံးက အမျိုးသားရေး ၀ါဒီတွေက ထုတ်တဲ့ စာစောင် တစ်ခုထွက်ပေါ်လာတယ်။ အဲဒီစာစောင်က အစ္စလာမ် ဆန့်ကျင်ရေးကို သီးသန့်ရေးနေသလိုကို ဖြစ်နေတယ်၊ ကဗျာ၊ ဆောင်းပါး၊ ၀တ္တု၊ သတင်းတွေမှာ ရေးသားဖော်ပြနေတာဖြစ်တယ်၊ ဒီစာစောင်မှာရေးတဲ့ ပင်တိုင်ဆောင်းပါးရှင်ရဲ့ အာဘော်များကြောင့် ဗုဒ္ဓဘာသာအများစု လက်သင့် မခံသော စာစောင်ဖြစ်နေတာကို တွေ့ရသော်လည်း တစ်ပတ်တစ်ခါ ပုံမှန် ကြာရှည် ထွက်လာရင် ရိုးသားတဲ့ ပြည်သူတွေက မုန်းတီးရေး တရားခွေတွေကို နားယောင်သလို ဒါအတွက်လဲစိုးရိမ်စရာ ရှိလာပါတယ်။ ဥပမာ- ဘာသာသာသနာထဲက မကောင်းသောသူတွေရဲ့လုပ်ရပ်ကို ထုတ်ဖော်ပြစ်တင်ခြင်း၊ ဝေဖန်ခြင်း ဆိုရင် ဆရာတို့လက်ခံလို့ရတယ်။ သို့သော် ဘာသာတစ်ခုရဲ့ အနှစ်သာရကို ဆန့်ကျင်တဲ့ပုံစံက
    မဖြစ်သင့်ပါဘူး။ အခုကအဲဒီပုံစံမျိုး ဖြစ်နေပါတယ်။

    M-Media – အာဇာန်သံ(၀တ်ပြုရန် ဗလီမှ ဖိတ်ခေါ်သံ)နဲ့ ပတ်သက်ပြီး အမျိုးမျိုး ဝေဖန်ပြောဆိုနေမှုအပေါ် ဆရာအနေနဲ့ ရှင်းပြပေးစေလိုပါတယ်။

    ဖြေ – တရားတိုင်းမှာ ဘာသာရေးစာပေရှိတယ်၊ မြန်မာလူမျိုးစု အများစုကိုးကွယ်တဲ့ ဗုဒ္ဓရဲ့စာပေမှာ ပါဠိစကားရှိတယ်၊ ပါဠိကို လူတိုင်း နားမလည်သလို အစ္စလာမ်မှာရှိတဲ့ အာရဗီ ဆိုတဲ့ ဘာသာစကားကိုလဲ လူတိုင်း နားမလည်နိုင်ဘူး။ အဲဒါကို ဘယ်လိုမှပြောင်းလဲလို့ မရဘူး။ အဓိပ္ပာယ်ကို ရေးသားထားတဲ့ စာရွက်တွေကို ဖြန့်ဝေထားတာ ရှိပါတယ်၊ အဲဒီမှာ အသိဥာဏ်ရှိတဲ့ လူတွေစဉ်းစားဖို့ အချက်နှစ်ချက် ရေးထားတယ်။

    (၁) အချက်က အစ္စလာမ်ဟာ မနေ့တစ်နေ့ကမှ ပေါ်လာတာမဟုတ်ပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း-၁၄၀၀ က ပေါ်ပေါက်ခဲ့တာဖြစ်တယ်။ အစ္စလာမ်ဟာ တိုင်းပြည်တစ်ပြည် လူမျိုးတစ်မျိုးမှာပဲ ရှိတာမဟုတ်ဘူး။ ဒီအာဇာန်သံဟာ ထိတ်လန့် စရာဖြစ်နေလျှင် ခေတ်တစ်ခတ်မှာ ပုဂ္ဂိုလ် တစ်ယောက်ယောက် က ကန့်ကွက်မှာပဲ။ ဒီအာဇာန်သံမှာရှိတဲ့ စာသားများဟာ ဘယ်သူ့ကိုမှ မထိခိုက်ဘူး၊ အန္တရာယ်မပြုဘူး၊ ကောင်းချီး မင်္ဂလာတွေဖြစ်စေတဲ့အတွက် နှစ်ပေါင်း -၁၄၀၀ ကတည်းကအားလုံးက လက်ခံခဲ့တယ်။

    (၂) အချက်က ဘာသာတရား အသီးသီးမှာ ဘုရားဝတ်တက်ရင် နိဗ္ဗာန်ဆော်ဆိုတာရှိတယ်၊ အစ္စလာမ်မှာတော့ ဘုရားသခင်ရဲ့ဂုဏ်တော်ကို ချီးမွမ်းတဲ့ အသံကြားရသူတွေဟာ ဘေးအန္တရာယ်ကင်းတယ်။ ဒါကြောင့် အစ္စလာမ် ဘာသာဝင်တွေဟာ မီးလောင်ရင်၊ ငလျင်လှုပ်ရင်၊ ဘေးဥပဒ် အန္တရာယ်တွေကို ကြုံတွေ့ရတဲ့အခါ အာဇာန်သံကိုဆိုလေ့ရှိကြတယ်၊ သန့်ရှင်းစင်ကြယ်တဲ့ တရားစကားတွေဖြစ်တယ်။

    M-Media – အစ္စလာမ်မှာ ဘာသာရေးစစ်ပွဲတွေဆင်နွဲနေတယ်လို့ ဝေဖန်ပြောဆိုနေမှုအပေါ် ဆရာ့အနေနဲ့ ဘာများပြောကြားလိုပါသလဲ။

    ဖြေ – အစ္စလာမ်မှာ ဘာစစ်ပွဲမှမရှိပါဘူး၊ အစ္စလာမ်မှာ ဘာရှိလဲဆိုရင် ကိုယ့်ကိုကျူးလွန်လာရင် ပြန်ခုခံပိုင်ခွင့်ရှိတယ်၊ ကိုယ့်ကို တိုက်ခိုက်နေသူပင်လျှင် လွတ်ငြိမ်းရာနေရာကို အစောင့်အကြပ်နဲ့ လိုက်ပို့ရမယ်လို့လဲ သတ်မှတ်ထားတယ်၊ မလွဲမရှောင်သာလို့ ခုခံစစ်ပွဲနွဲရမယ်ဆိုရင်လဲ အိမ်၊ ယာ၊
    စိုက်ပျိုး၊ ရှုခင်း တို့မှာ မတိုက်ခိုက်ရဘဲ စစ်တလင်းမှာပဲ တိုက်ခိုက်ရတယ်။ အိန္ဒိယနိုင်ငံမှာ ဖြစ်ပေါ်ခဲ့သော စစ်ပွဲများဟာ ဘာသာရေးကြောင့် မဟုတ်ဘူး၊ သူနဲ့ခေတ်ပြိုင် ဘုရင်တွေကြောင့် ဖြစ်တယ်။

    M-Media – ဘာသာပေါင်းစုံအတူငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ဆရာအနေနဲ့ အခြားဖြည့်စွက်ပြောကြားလိုပါသေးသလဲ။

    ဖြေ – ဘာသာပေါင်းစုံအတူ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးဆိုတာ ကိုယ့်ဘာသာတရားကို လူတိုင်းပီပီပြင်ပြင် ကျင့်သုံးရမှာဖြစ်တယ်။ ဘာသာ တရားတိုင်းမှာ ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းချက်တွေ သွန်သင်ချက်တွေရှိတယ်။ ကိုယ့်တရားကို ကိုယ်ကျင့်ခြင်းအားဖြင့် မတူညီတဲ့ လူတွေဟာ ငြိမ်းငြိမ်း ချမ်းချမ်း အတူယှဉ်တွဲနေထိုင်နိုင်မှာ ဖြစ်ပါတယ်။

    M-Media – အခုလို စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့ ဆရာဦးအေးလွင်ကို M-Media မှ ကျေးဇူးအထူးတင်ရှိပါတယ်။

  • ဒီဇင်ဘာ ၃၀၊ နိုင်ငံတကာသတင်း စုစည်းမှု

    ဒီဇင်ဘာ ၃၀၊ ၂၀၁၃
    M-Media

    လက်ဘနွန် စစ်တပ်အတွက် ဆော်ဒီထောက်ပံ့

    – နိုင်ငံရှိ စစ်တပ်၏ စွမ်းရည်များ ပိုမိုအားကောင်းစေရန်အတွက် ဆော်ဒီအာရေဗျနိုင်ငံမှ ကန်ဒေါ်လာ သန်းသုံးထောင် ပေးအပ်ခဲ့သည်ဟု လက်ဘနွန်သမ္မတ မိုက်ကယ် ဆူလေမန်က ပြောကြားခဲ့သည်။ ထိုကဲ့သို့ ထောက်ပံ့မှုမှာ လက်ဘနွန်စစ်တပ်အတွက် နိုင်ငံရပ်ခြားမှ အကြီးဆုံးထောက်ပံ့မှုဖြစ်ပြီး ယခင် ဘဏ္ဍာရေးဝန်ကြီးဟောင်း မိုဟာမက် ချာတာ လုပ်ကြံခံရပြီးနောက်ပိုင်း ပေးအပ်ခဲ့ခြင်းလည်းဖြစ်သည်။

    လက်ဘနွန် သမ္မတကမူ ထိုငွေများဖြင့် ပြင်သစ်မှ စစ်လက်နက်ပစ္စည်းများ ၀ယ်ယူမည်ဟု ပြောဆိုခဲ့သည်။ ဆော်ဒီအာရေဗျနိုင်ငံသို့ အလည်အပတ်ခရီး ရောက်ရှိနေသည့် ပြင်သစ် သမ္မတ ဟော်လန်ဒေးကလည်း လက်ဘနွန်က လက်နက်ဝယ်ယူရန် ကမ်းလမ်းလာပါက ရောင်းချမည်ဟု ဆော်ဒီဘုရင် အဗ္ဗဒူလာအားပြောကြားခဲ့သည်။

    20131229161651634734_20___________________
    တောင်ပိုင်းဆူဒန်တွင်ဖြစ်ပွားနေသော အကြမ်းဖက်သူများ တရားဥပေဒရှေ့မှောက်ခေါ်မည်ဟု ဘန်ကီမွန်းပြောကြား

    –  တောင်ဆူဒန်နိုင်ငံအတွင်း ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများအား ဖန်တီး နေသူများနှင့် လူ့အခွင့်အရေး ချိုးဖောက်နေသူများကို တရားဥပဒေ ရှေ့မှောက်သို့ ခေါ်ဆောင်လာမည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က စနေနေ့က ထုတ်ပြန်သော ကုလသမဂ္ဂ၏ ကြေညာချက်တွင် ပြောကြားထားသည်။

    ထို့ပြင် ထိုကြေညာချက်၌ တောင်ဆူဒန်နိုင်ငံအတွင်း ဖြစ်ပွားနေသောအကြမ်းဖက်မှုများအား ချက်ခြင်းရပ်တန့်ရမည်ဟု ဖော်ပြထားပြီး၊ ဘန်ကီမွန် ကလည်း တိုင်းပြည်အတွင်းရှိနေသည့် ပြည်သူများ၏ အခွင့်အရေးများနှင့် လုံခြုံရေးကို တာဝန်ယူပေးရန် အစိုးရအား တိုက်တွန်းခဲ့သည်။

    တောင်ဆူဒန်နိုင်ငံသမ္မတ ဆာဗာလ် ကီရ် အာထောက်ခံသူများနှင့် ဒုတိယ သမ္မတ ရီက်မာချာအားထောက်ခံသူများအကြားဖြစ်ပွားနေသည့် ပဋိပက္ခ များမှာ ဒီဇင်ဘာ ၁၅ ရက်နေ့က စတင်ခဲ့ပြီး ပြည်တွင်းစစ်အသွင်သို့ ကူးပြောင်းလာနေကာ နိုင်ငံတစ်ဝှမ်းတွင်လည်း လူ့အခွင့်အရေး ချိုးဖောက် မှုများ အကြမ်းဖက်မှုများ တိုးမြှင့်လာနေသည်။
    ___________________________
    ဗီယက်နမ်တွင် ကျောင်းသား (၇) ဦးရေနစ်သေဆုံး

    –  ဗီယက်နမ်နိုင်ငံ တောင်ပိုင်း Binh Duong ပြည်နယ် Dau Tieng ခရိုင်ရှိ အလယ်တန်ကျောင်းတစ်ခုမှ ကျောင်းသား ၇ ဦးမှာ ယမန်နေ့က မြို့တော်ဟိုချီမင်းတောင်ဘက်တွင် Can Gio ကမ်းခြေတွင် ရေနစ်သေဆုံးခဲ့သည်ဟု သိရသည်။ ယမန်နေ့ နေ့လည်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၁၃ နှစ်မှ ၁၅ နှစ်ရှိ အဆိုပါကလေးငယ်များမှာ ကျောင်းမှစီစဉ်သည့် ခရီးစဉ်တစ်ခုကြောင့် ထိုကမ်းခြေသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။ ကမ်းခြေတွင် စုစုပေါင်း ကျောင်းသား ၁၂ ဦးမှာ ရေကူးနေခဲ့ပြီး ထို ၇ ဦးမှာ ကြီးမားသော လှိုင်းလုံးများဖြင့် ပါသွားခဲ့ပြီး ၎င်းတို့၏ အလောင်းများအား ယနေ့နံနက်တွင် ဆယ်ယူရရှိခဲ့သည်။
    ___________________________
    ဆွစ်ဇာလန်မှာ ကမ္ဘာလူငယ် ကင်းထောက်ရုံး မလေးရှားသို့ ပြောင်းရွှေမည်။

    –  ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ရုံးစိုက်ထားသည့် ကမ္ဘာ့ကင်းထောက်လှုပ်ရှားမှုအဖွဲ့ WOSM အား လာမည့်နှစ်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ပြောင်းရွှေ့တော့မည်ဟု မလေးရှား သတင်းအေဂျင်စီ Bernama က ယမန်နေ့က ဖော်ပြခဲ့သည်။ မလေးရှားတွင် ရုံးစိုက်ရန် အဖွဲ့ဝင်နိုင်ငံ ၁၈၆ နိုင်ငံစလုံးက တညီတစ်ညွတ်တည်း သဘောတူညီခဲ့ခြင်းဖြစ်သည်ဟု မလေးရှား ကင်းထောက် အကြီးအကဲ ဆာဖီဆာလေက ပြောကြားခဲ့သည်။

    WOSM ၏ ရည်ရွယ်ချက်မှာ အသင်း၏ ဥပဒေများနှင့် ကတိက၀တ်များကို အခြေခံကာ လူငယ်များ၏ ပညာရေးကို ကူညီရန်၊ တစ်ဦးချင်း ပြည့်ဝသော ပြည်သူများရှိသည့် ပိုမိုကောင်းမွန်သော ကမ္ဘာတစ်ခု တည်ဆောက်ရန်နှင့် လူ့အဖွဲ့အစည်းတွင် လူငယ်များ၏ ကူညီဆောင်ရွက်မှု အခန်းကဏ္ဍ တိုးမြှင့်လာစေရန် ဖြစ်သည်။
    ___________________________
    အလ်ဆာဗေဒိုးရှိ မီးတောင် တခု လှုပ်ရှားမှုဖြစ်

    – လက်တင်အမေရိကနိုင်ငံတစ်ခုဖြစ်သည့် အလ်ဆာဗေဒိုးရှိ Chaparrastique မီးတောင်တစ်ခုမှာ ယမန်နေ့နံနက်စောစောပိုင်းက လှုပ်ရှားမှုများဖြစ်ပွားခဲ့ပြီး ပြာများ၊ မီးခိုးများ ပန်းထွက်ခဲ့သည်ဟု သိရသည်။ အမြင့်ပေ ၂၁၃၀ မီတာ ရှိသည့် ထိုမီးတောင်မှာ နိုင်ငံအတွင်းရှိ ရှင်သန်နေသော မီးတောင်ရှစ်ခုထဲမှ တစ်ခုဖြစ်သည်။ ထိုကဲ့သို့ မီးတောင်လှုပ်ခတ်မှုကြောင့် မီးတောင်နှင့် ၃ ကီလိုမီတာအတွင်းရှိ ပြည်သူများအား အရေးပေါ်ရွှေ့ပြောင်းများပြုလုပ်ပေးခဲ့ပြီး ထိုဒေသတစ်ဝိုက်အား အ၀ါရောင်အဆင့် သတိပေးချက် ကြေညာ ထားကြောင်း ပြည်သူ့ကာကွယ်ရေး အေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။

  • မွတ်စ်လင် ခရီးသွားတို့အား နွေးထွေးမှုဖြင့် ကြိုဆိုနေသည့် ဂျပန်လေဆိပ်များ

    ဒီဇင်ဘာ ၃၀ ၊ ၂၀၁၃
    M-Media
    Japans-Muslim-Friendly-Airports
    (ဓာတ်ပုံ အညွှန်း) မက္ကဟ်ရွှေမြို့တော်အရပ်သို့ မျက်နှာမူထားပြီး ကော်ဇောခင်းပေးထားသည့် “ဆိတ်ငြိမ်ခန်း” အမည်ရှိ ၀တ်ပြုဆောင်ငယ်လေးများ

    တိုကျို။    ။ မွတ်စ်လင်မ်ခရီးသွား များပြားလာစေရန် ကြိုးပမ်းမှု အနေဖြင့် ဂျပန်ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်များ၌ ယခုအခါ ၀တ်ပြုခန်းများကို ဖွင့်လှစ်ပေးထားပြီဖြစ်သည်။ မွတ်စ်လင်များအတွက် ပိုမိုနွေးထွေးစေရန် ဟလာလ် အစားအသောက်များကိုလည်း စီမံချက်၏ကဏ္ဍ အစီအစဉ် တစ်ရပ်အဖြစ် ထည့်သွင်းထားသည်။

    “ အိုလံပစ်အားကစားပွဲအတွက် ဂျပန်ကိုလာရောက်ကြမယ့် မွတ်စ်လင်မ်နဲ့ အခြားသော ဧည့်သည်တွေအဖို့ အဆင်ပြေနွေးထွေးစေသော လေဆိပ်ဖြစ်အောင် ကျွန်တော်တို့ ကြိုးစားသွားပါမယ် ” ဟု နာရီတာလေဆိပ် လူထုဆက်ဆံရေး အရာရှိတစ်ဦးမှ Nikkei Asian Review သို့ ပြောကြားသည်။ တိုကျိုအနီးရှိ လေဆိပ်အော်ပရေတာမှ မွတ်စ်လင်မ်များအတွက် ၀တ်ပြုခန်းများတည်ရှိရာ နှင့် ဖြည့်ဆည်းမှုများကို ပိုမိုအသိပေးထုတ်ပြန်သွားလိမ့်မည်ဟုလည်း ၄င်းမှ ထည့်သွင်းပြောဆိုခဲ့သည်။

    ဂျပန်လေဆိပ်များသည် မွတ်စ်လင်မ်တို့အတွက် စိတ်ချမ်းမြေ့စေရန် အစွမ်းကုန်ဆောင်ရွက်မှုများ စတင်နေပြီဟု တိုကျိုရှိ ASEAN Promotion Center on Trade, Investment and Tourism မှ ပရောဂျက် ဦးစီးမှူး Ken Fujita က ဆိုသည်။

    ယင်းစီမံချက်အဆင့်များ၌ မွတ်စ်လင်မ်တို့အတွက် သီးသန့်ဝတ်ပြုခန်းများ တိုးမြှင့်ပြုလုပ်ရေးနှင့်အတူ အစ္စလာမ့်စည်းမျဉ်းများနှင့် ကိုက်ညီသော ဟလာလ် အစားအသောက်များ ရရှိနိုင်ရေးလည်း ပါဝင်သည်။

    ၂၀၂၀ နွေရာသီအိုလံပစ် အားကစားပွဲတော်ကို တိုကျိုမှ လက်ခံကျင်းပရာ၌ ဂျပန်တို့၏ ဧည့်ဝတ်ကျေပွန်သော စိတ်ရင်းအား ခင်းကျင်းပြသနိုင်ရေးခြေလှမ်းများကို ထုတ်ပြန်ကြေညာထားသည်။

    နာရီတာလေဆိပ် Narita Airport ၏ ပထမနှင့်ဒုတိယ ခရီးသည် ၀င်ထွက် လမ်းကြောင်းများရှိ သီးသန့် နားနေခန်းများရှေ့တွင် မွတ်စ်လင်မ်တို့ အတွက် ၀တ်ပြုဆောင်လေးများကို အသွင် အပြင်သစ် တစ်ရပ်အဖြစ် ဒီဇင်ဘာလ အစောပိုင်း၌ ပြုလုပ်လိုက်ကြောင်း သိရသည်။

    အဆိုပါဝတ်ပြုဆောင်ငယ်လေးများကို “ဆိတ်ငြိမ်ခန်း” ဟုခေါ်ဆိုပြီး မက္ကဟ်ရွှေမြို့တော်အရပ်သို့ မျက်နှာမူထားကာ ကော်ဇောခင်းပေးထားသည်။

    ၂၀၁၄ ခုနှစ် ဇန္န၀ါရီလတွင် ယင်းဝတ်ပြုခန်းအတွင်း ကိုယ်လက်သန့်စင်ဆေးကြောနိုင်ရေး ထည့်သွင်းဖြည့်ဆည်းချက်များအပါအ၀င် အခြားစီမံချက် အဆင့်များကို ထုတ်ပြန်ကြေငြာပေးသွားမည်ဖြစ်၏။

    လာမည့်နွေရာသီအမှီ ခရီးသည်စစ်ဆေးရေးဂိတ်အလွန် လမ်းလျှောက်ထွက်လာရာလမ်းကြောင်းတွင် နောက်ထပ် ၀တ်ပြုခန်း နှစ်ဆောင် ကိုလည်း ဆောက်လုပ်သွားမည်ဟု ဆိုသည်။

    ၂၀၀၆ ခုနှစ်ကတည်းက ၀တ်ပြုခန်းဖွင့်လှစ်ပေးခဲ့သော ကန်ဇိုင်းလေဆိပ် Kansai Airport သည်လည်း လာမည့်နွေဦး ကာလတွင် နောက်ထပ် ၀တ်ပြုခန်းနှစ်ဆောင် ပြုလုပ်ပေးသွားမည်ဟု သြဂုတ်လက ကြေငြာခဲ့သည်။

    အစ္စလာမ့်ကမ္ဘာဧည့်သည်များ၏ လက်ခံမှုပိုမိုရရှိစေရန် ကျွမ်းကျင်သူများနှင့်ပူးပေါင်းဆောင်ရွက်မှုကို အိုဆာကာလေဆိပ် Osaka airport မှလည်း စတင်စီစဉ်နေပြီဖြစ်သလို၊ တိုကျိုရှိ ဟာနဲဒါးလေဆိပ် Haneda Airport ကလည်း လာမည့်မတ်လအမှီ ၀တ်ပြုခန်းတစ်ဆောင် ဖွင့်လှစ်တော့မည်ဖြစ်၏။

    ရှေ့ဆက်လာမည့်အဆင့်များအဖြစ် အင်ဒိုနီးရှား၊ မလေးရှား နှင့် အရှေ့တောင်အာရှရှိ အခြားနိုင်ငံသုံးခု အတွက် ပြည်ဝင်ခွင့်ဗီဇာများ လွယ်ကူရေးဆောင်ရွက်ရန် ဂျပန်မှ ဆုံးဖြတ်ထားသည်။

    အင်ဒိုနီးရှားလူဦးရေ သန်း ၂၄၀ မှ ၉၀ ရာခိုင်နှုန်းသည်လည်းကောင်း၊ မလေးရှားလူဦးရေ ၂၉ သန်းမှ ၆၀ ရာခိုင်နှုန်းသည်လည်းကောင်း မွတ်စ်လင်မ်များ ဖြစ်ကြသည်။ အင်ဒိုနီးရှားနှင့်မလေးရှားမှဧည့်သည်ပေါင်း ၂၈၀၀၀ သည် ဂျပန်နိုင်ငံသို့လာရောက်လည်ပတ်ခဲ့သဖြင့် ယမန်နှစ်ထက် ၄၀ ရာခိုင်နှုန်း ထိုးတက်သွားသည်။

    လူဦးရေပမာဏ ၁၂၇ သန်းရှိပြီး ကမ္ဘာ့ဒဿမမြောက် လူနေအထူထပ်ဆုံး ယနေ့ဂျပန်နိုင်ငံတွင် မွတ်စ်လင်မ် လူ့အဖွဲ့အစည်းဝင်များမှာ ၁၂၀၀၀၀ အထိ ရှိနေသည်။