News @ M-Media
Blog
  • သမ္မတကတော် မီရှယ်က အိုဘားမားအား ကွာရှင်းတော့မည်ဟု သတင်းများ ထွက်ပေါ်နေ
    ဒီဇင်ဘာ ၂၆၊ ၂၀၁၃
    M-Media
    michelle-obama-wanted-divorce
    – ယခုလအစောပိုင်းက ပြုလုပ်ခဲ့သော တောင်အာဖရိကသမ္မတဟောင်း နယ်လ်ဆင် မင်ဒဲလား၏ အောက်မေ့ဖွယ် အခမ်းအနားတွင် ရွှေရောင် ဆံပင်ရှိသည့် နိုင်ငံအကြီးအကဲအမျိုးသမီးတစ်ဦးနှင့် ပုံမှန်ထက် ပိုမိုရင်းနှီးစွာ ဆက်ဆံခဲ့သောကြောင့် အမေရိကန်သမ္မတကတော် မီရှယ်က သမ္မတအိုဘားမားအား ကွာရှင်းရန် ကြိုးစားနေသည်ဟု အမေရိကန် သတင်းစာတစ်စောင်ဖြစ်သည့် The National Enquirer က ယနေ့တွင် ရေးသားဖော်ပြခဲ့သည်။
    ထိုအဖြစ်အပျက်က မီရှယ်အား လူပုံအလယ်တွင် အရှက်ရစေခဲ့ပြီးနောက် ၂၁ နှစ်တာ ပေါင်းသင်းလာခဲ့သည့် သူမ၏ ယောက်ျားအား ချီကာဂိုရှိ တန်ဖိုးကြီးသော ၎င်းတို့ နေအိမ်မှ နှင်ချရန် ပြင်ဆင်နေပြီး၊ အိုဘာမားနှင့် ကွာရှင်းရန်ကိုလည်း ရှေ့နေနှင့်ဆွေးနွေးနေကြောင်း၊ အိုဘားမားနှင့် နီးစပ်သူ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
    “ကျန်ရှိနေတဲ့ သမ္မတသက်တမ်းမှာတော့ မီရှယ်ဟာ အိမ်ဖြူတော်မှာနေမှာပါ။ ဒါပေမယ့် သူတို့တွေရဲ့ ဘ၀တွေကို သီးခြားစီ ရှင်သန်ကြတော့မယ်ဆိုတာကိုတော့ မီရှယ်က ရှင်းရှင်းလင်းလင်းပြောထားပါတယ်။ အခု သူဟာ အခြားသီးသန့် အခန်းတစ်ခုကို ပြောင်းရွှေ့ဖို့လုပ်နေပါတယ်။ ချီကာဂိုက သူတို့အိမ်မှာရှိတဲ့ သမ္မတရဲ့ အ၀တ်တွေ ပစ္စည်းတွေကို ရွှေ့ပြောင်းဖို့လည်း မီရှယ်က စီစဉ်နေပါတယ်” ဟု အမည်မဖော်လိုသူ ထိုအရာရှိက ပြောကြားခဲ့သည်။
    Ref: The National Enquirer
  • ဒီဇင်ဘာ ၂၆၊ အားကစားသတင်း စုစည်းမှု
    ဒီဇင်ဘာ ၂၆၊ အားကစားသတင်း စုစည်းမှု
    ဒီဇင်ဘာ ၂၆၊ ၂၀၁၃
    M-Media
    –  အင်တာမီလန်အသင်း၏ စပိန် ဂန္ထ၀င် အလယ်တန်း ကစားသမား လူးဝစ်ဆွာရက်ဇ်က ပြီးခဲ့သည့် သီတင်းပတ်တွင် ကစားခဲ့သည့် မီလန်ဒါဘီတွင် ပြသခဲ့သော အီတလီတိုက်စစ်မှူး ဘာလော့တယ်လီ၏ ခြေစွမ်းမှာ ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်၍ မရသေးဟု ပြောဆို လိုက်သည်။ ထိုပွဲတွင် အေစီမီလန်အသင်းမှာ ၁-ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ဘာလော့တယ်လီမှာလည်း အသင်းအား အထောက်အကူ မပြုနိုင်ခဲ့သော ကြောင့် ဆွာရက်ဇ်က ယခုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။
    ………………………….
    –  တိုက်စစ်မှူး ခရစ္စတီယာ ရော်နယ်ဒိုမှာ ရီးယဲလ်အသင်းအား မောင်းနှင်သူဖြစ်သော်လည်း ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d’Or အား ရရှိရန် ဘိုင်ယန်ကွင်းလယ်လူ ရီဘာရီကသာ ထိုက်တန်သည်ဟု နယူးကာဆယ်အသင်းကွင်းလယ်လူ ဘင်အာဖာက ပြောကြားလိုက်သည်။ လာမည့်လ ဒုတိယပတ်အတွင်း ပေးအပ်မည့် ထိုဆု၏ ဇကာတင်စာရင်းတွင် မက်ဆီ၊ ရော်နယ်ဒိုနှင့် ရီဘာရီတို့ ပါဝင်ကြသော်လည်း မက်ဆီမှာ ဒဏ်ရာကြောင့် အနားယူနေရပြီး ရော်နယ်ဒိုနှင့် ရီဘာရီနှစ်ဦးတို့သာ ထိုဆုအား ရရှိရန် ရေပန်းစားနေသည်။
    …………………………..
    –  ယခုလက်ရှိ ရရှိနေသည့် ပုံစံကောင်းများကို ထိန်းသိမ်းကာ ရာသီအဆုံးတွင် ထိပ်ဆုံးလေးသင်းစာရင်းဝင်အောင်ကြိုးစားကြရန် အသင်းဖော်များ အား လီဗာပူးလ်အသင်းကွင်းလယ်လူ ဂျာရတ်က တိုက်တွန်းလိုက်သည် လီဗာပူးလ်အသင်းမှာ ယခုနောက်ပိုင်းတွင် ခြေစွမ်းပြနေပြီး အာဆင်နယ် အသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက်အသာဖြင့် ဇယားထိပ်တွင်ဦးဆောင်နေသည်။ သို့သော်လည်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးမှာ အသင်း၏ အဓိက ရည်ရွယ်ချက်ဖြစ်သည်ဟု ဂျရတ်က Sky Spotrs သို့ ပြောကြားခဲ့သည်။
    …………………………
    –  ပြီးခဲ့သည့် ရာသီကမှ အသင်းသို့ရောက်ရှိလာခဲ့ပြီး ၁၂ ဂိုးအထိ သွင်းယူပေးထားနိုင်သည့် ဂျူဗင်တပ်စ်အသင်း၏ အာဂျင်တိုင်း တိုက်စစ်မှူး တီဗက်ဇ် က ၎င်းတို့အသင်းမှာ ကြီးကျယ်ခမ်းနားသော ကလပ်အသင်းတစ်ခုဖြစ်ပြီး ၎င်းအနေဖြင့်လည်း ဂျူဗီတွင် ကစားရသည်ကို ပျော်ရွှင်မိကြောင်း ပြောကြား ခဲ့သည်။ ဂျှူဗင်တပ်စ်အသင်းမှာ ချန်ပီယံလိဂ်တွင် ရုန်းကန်ခဲ့ရသော်လည်း စီးရီးအေတွင် ခြေစွမ်းကောင်းများ ဆက်လက်ပြသကာ ထိပ်ဆုံးတွင် ရှိနေ ပြီး၊ တီဗက်ဇ်မှာလည်း ပွဲထွက် ၁၁ ယောက်စာရင်းတွင် ပုံမှန်ပါဝင်နေသည်။
    ……………………………..
    –  ၂၀၂၂-ခုနှစ်တွင် ကာတာနိုင်ငံ၌ ကျင်းပမည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအား ဆောင်းရာသီတွင် ပြောင်းရွှေ့ကျင်းပရမည်ဟု အငြင်းပွားမှုများ ထွက်ပေါ်နေသော်လည်း ကာတာရှိ ပြိုင်ပွဲကျင်းပရေးကော်မတီက ပုံမှန်အတိုင်း နွေရာသီတွင်ကျင်းပရန်ကိုသာ စိတ်အား ထက်သန်နေကြသည်။
    ပြိုင်ပွဲကျင်းပမည့်အချိန်တွင် ကာတာနိုင်ငံ၏ အပူချိန်မှာ ၅၀ ဒီဂရီ စဲလ်စီယက်စ်အထိ ရှိနေမည်ဖြစ်သောကြောင့် ကစားသမားများနှင့် ပရိတ်သတ် များ၏ ကျန်းမာရေးအား အန္တရာယ်မဖြစ်စေရန်အတွက် ပြိုင်ပွဲကို ဆောင်းရာသီ၌ ပြောင်းရွှေ့ကျင်းပရန် သင့်မသင့်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ ဥက္ကဌ ဆပ်ဘလတ္တာက အကြံဥာဏ်ရယူခြင်းများကို ပြုလုပ်နေသည်။
    သို့သော်လည်း အပူချိန်သက်သာအောင် ကစားကွင်းများတွင် အအေးပေးစနစ်များ တပ်ဆင်ရန် အစီအစဉ်အား ဆက်လက်လုပ်ဆောင်ပြီး ကမ္ဘာ့ ဖလားပြိုင်ပွဲကို နွေရာသီတွင် ကျင်းပနိုင်ကြောင်း၊ ကမ္ဘာ့ဘောလုံးလောကနှင့် ဖီဖာတို့က ပြိုင်ပွဲအား ဆောင်းရာသီတွင်ကျင်းပစေချင်ပါက ၎င်းတို့ အနေဖြင့် အသင့်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ အထွေထွေအတွင်းရေးမှူး ဟာဆန် အလ် သာဝါဒီက ပြောကြားခဲ့သည်။
  • ပါလက်စတိုင်း လူမျိုးများ၏ နေအိမ်များအား အစ္စရေး ထပ်မံဖျက်စီးပြန်
    ဒီဇင်ဘာ ၂၆၊ ၂၀၁၃
    M-Media
    un-condemns-israeli-demolition-.si
    – ခရစ္စမတ်အကြိုနေ့ဖြစ်သည့် အင်္ဂါနေ့တွင် ပါလက်စတိုင်း အနောက်ဘက်ကမ်းခြေရှိ ဗဒူအင် လူမျိုးများ၏ နေအိမ်များအား ဖျက်ဆီးသော အစ္စရေး၏လုပ်ရပ်ကို ကုလသမဂ္ဂ အလုပ်အကိုင်နှင့် အကူအညီပေးရေးအေဂျင်စီ UNRWA က ရှုတ်ချလိုက်ပြီး၊ ထိုလုပ်ရပ်များအား ချက်ချင်းရပ်တန့်ရန် တိုက်တွန်းလိုက်သည်။
    UNRWA မှာ ပါလက်စတိုင်း ဒုက္ခသည်များအား အကူအညီပေးနေသော အဖွဲ့အစည်းဖြစ်ပြီး ထိုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ခရစ် ဂန်းနက်စ်က “အနောက်ဘက်ကမ်းခြေမှာ အခုနောက်ဆုံး ဖြစ်ပွားခဲ့တဲ့ ဒီဖျက်ဆီးမှုကို ကျွန်တော်တို့ UNRWA က ကန့်ကွက်ပါတယ်။ ဒီလုပ်ရပ်ကြောင့် ပါလက်စတိုင်း ၆၈ ဦး အိုမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်” ဟု ပြောကြားခဲ့သည်။ ထိုဒုက္ခသည်များတွင် ကလေးငယ် ၃၂ ဦးပါဝင်ကြောင်း၊ သိုးနှင့် ဆိတ် ၇၅၀ ခန့်မှာလည်း နေစရာမရှိသောကြောင့် ဒုက္ခရောက်နေကြောင်း ဂန်းနက်စ်က ထည့်သွင်းပြောကြားခဲ့သည်။
    ထို့ပြင် ယခုနှစ်အတွင်း နေအိမ် ၂၅၉ လုံးအပါအ၀င် ပါလက်စတိုင်းရှိ အဆောက်အအုံ ၆၆၃ လုံးကို အစ္စရေးက ဖျက်ဆီးခဲ့ကြောင်း၊ ထို့ကဲ့သို့ဖျက်ဆီးမှုကြောင့် ပါလက်စတိုင်း ၁၁၀၃ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့ပြီး၊ အစ္စရေးအနေဖြင့် ထိုကဲ့သို့ ဖျက်ဆီးမှုများအားရပ်တန့်ရန်နှင့် နိုင်ငံတကာ ဥပဒေများကိုလိုက်နာရန် ဂန်းနက်စ်က တိုက်တွန်းပြောကြားခဲ့သည်။
    ၁၈၉၇-ခုနှစ်က ဆွစ်ဇာလန်နိုင်ငံ ဘရပ်ဆဲလ်တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ဇီယွန် ကွန်ဂရက်အစည်းဝေးကတည်းက ပါလက်စတိုင်းအား သိမ်းပိုက်ရန် ဂျူးလူမျိုးများ ကစီစဉ်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် အရှေ့ဥရောပရှိ ဂျူးလူမျိုးများမှာ ပါလက်စတိုင်းနယ်မြေသို့ တရားမ၀င်ရောက်နေထိုင်ခဲ့ကြပြီး အမေရိကန်နှင့် အနောက်နိုင်ငံအချို့၏အကူအညီဖြင့် ပါလက်စတိုင်းများကိုသတ်ဖြတ်ကာ၊ နယ်မြေများကို အပိုင်စီးပြီး ၁၉၄၈ ခုနှစ် မေလတွင် အစ္စရေးနိုင်ငံအဖြစ်ထူထောင်ခဲ့ကြသည်။ ထိုအချိန်မှစ၍ အစ္စရေးမှာ ယခုအချိန်အထိ နည်းမျိုးစုံဖြင့် ပါလက်စတိုင်းပိုင်နယ်မြေများကို သိမ်းပိုက်လျက်ရှိသည်။
    Ref: RT
  • မြန်မာနိုင်ငံ တောင်ဖျားပိုင်းရှိ အစ္စလာမ် ဘာသာဝင် ပသျှူးလူမျိုး
    ဒီဇင်ဘာ ၂၆၊ ၂၀၁၃
    စာတမ်းရှင်- သုတေသီ ဦးမောင်မောင်ကြီး(မန်း) ၁၉၈၅ ခုနှစ်က ရေးသားထားသော စာတမ်းတိုဖြစ်ပါသည်။
    မြန်မာနိုင်ငံတောင်ဖျားပိုင်း၊ တနင်္သာရီကမ်းမြောင်ဒေသ၏ ပင်လယ်ကမ်းရိုးတန်းတွင် ပသျှူးလူမျိုး များအစုအဝေး လိုက်နေထိုင်ကြသည်။ ဒေသ နယ်ပယ်အားဖြင့် မြောက်ဘက်တွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်၊ တောင်ဘက်တွင် မလေးရှားပြည်ထောင်စု၊ အနောက်ဘက်တွင် ကပ္ပလီပင်လယ်တို့ဖြင့် ဆက်စပ်လျက် တိုင်းရင်းသား ပသျှူးလူမျိုးတို့၏ ဒေသအဖြစ် တည်ရှိနေသည်။
    ပသျှူးလူမျိုးတို့မှာ မြန်မာနိုင်ငံ၏ (Racial Gene)မူလ လူမျိုးနွယ်ရင်းများဖြစ်သည်။ (Primitive man)ရှေးလူမျိုးများ လည်းဖြစ်၍ မြန်မာ စာပေလောကတွင် ဘီလူးဟု ခေါ်တွင်ပြီး ရက္ခပူရတိုင်းသား၊ ရေဘီလူးဟု ဓမ္မစေတီကျောက်စာ၊ မွန်တို့၏ ကလျာဏီကျောက်စာ တို့တွင် ရေးထိုးထားကြသည်။
    သမိုင်းသုတေသီများမှ လေ့လာရာတွင် ပသျှူးလူမျိုးနှင့် ဆလုံလူမျိုးတို့မှာ သြစတြေးလွိုက်(Australoid)လူ့အနွယ်ဝင်တို့၏ အသွင်အပြင်လက္ခဏာ၊ ယဉ်ကျေးမှုအကြွင်းများကို တွေ့ ရပြီး ပင်ကိုယ်အရည်အသွေး၊အရည်အချင်းရှိပြီး ရိုးသားမှုအပြည့်အ၀ရှိကြောင်း မှတ်ချက်ချကြသည်။
    ရှေးအခါက မြန်မာနိုင်ငံတောတောင်များနှင့် မြစ်ချောင်းများတွင် နေထိုင်ကြသော်လည်း မွန်ဂို ကုန်းမြင့်မှ အဆင့်ဆင့်ရွှေ့လာသောမွန်ဂိုအနွယ် (၁)မွန်ခမာလူမျိုးစုကြီးမှ ၁၂-မျိုး၊ (၂)တိဘက်-မြန်မာ လူမျိုးစုကြီးမှ (၃၂)မျိုး၊ (၃)ထိုင်း-တရုတ်လူမျိုးနွယ်ကြီးမှ (၁၁)မျိုးတို့ဝင်ရောက်လာမှုကြောင့် သဘာဝ တရားအရ ရောနှောဆက်ဆံထွေးရောယှက်တင်ကာ နေထိုင်ကြသကဲ့သို့ အချို့မှာ အုပ်စုလိုက် တကောင်း၊ ပခုက္ကူ၊ စစ်ကိုင်းတောင်ရိုး၊ မြင်းခြံ၊ ပုံတောင်ပုံညာ၊ မကွေး၊ ချောက်၊ စလေ၊ ပုပ္ပါး၊ မင်းဘူး၊ တောင်ငူ၊ မုတ္တမ၊ သထုံ၊ ဘီးလင်း၊ ဘီလူးကျွန်များသို့ အဆင့်ဆင့်ပြောင်းရွှေ့နေထိုင်ခြင်းဖြင့် ပင်လယ်ကမ်းမြောင်ဒေသနှင့် ကျွန်းများသို့ အခြေစိုက်နေထိုင်ခဲ့ကြခြင်းဖြစ်သည်။
    ပသျှူးလူမျိုးများနေထိုင်ရာဒေသအား ကွင်းဆင်းစာရင်းပြုစုရာတွင် ကျေးရွာအုပ်စု(၃၀)ကျော်တွင် အိမ်ခြေဦးရေ(၇၁၇၄)အိမ်ရှိသည်ဟု သိရပေသည်။
    ပသျှူးလူမျိုးတို့မှာ မိမိတို့တူညီသူအချင်းချင်းစုရုံးကာ သံ၊ သစ်၊ ၀ါး၊ တိုက်အိမ်အဆောက်အဦး တို့နှင့် အတည်တကျ အခိုင်အမာအိမ်များဆောက်လုပ်နေထိုင်လျက်ရှိကြသည်။
    ကော့သောင်းမြို့နယ်
      အိမ်ခြေ ဆူရောင်း(၀တ်ကျောင်း)
    (၁)ကော့သောင်းမြို့တွင်    ၄၂၈   ၎
    (၂)(၇)မိုင်၊(၈)မိုင်၊(၉)မိုင်   ၂၁၄
    (၃)ရခိုင်ချောင်းပ   ၁၉၂
    (၄)ပလုံတုံကျွန်း ၂၉၆
    (၅)(၁၀)မိုင် ၁၅၈  ၃
    (၆)ပါဆယ်ပါညန်း ၂၈၇  ၁
    (၇)ဟားမက်တိုက်ရွာ    ၂၀
    (၈)မာဖူတေး    ၁၆၃
    (၉)ကွာလာရှမ်ဖန်ဘာနွမ်း ၁၇၁  ၁
    (၁၀)ပရိုနိမ်-ဘန်ခွမ်း  ၂၂၅  ၁
    (၁၁)၀ါလန်-ကမ်းနား    ၁၀၁   ၁
    (၁၂)အောက်ကျင်းဘွန်ပန်   ၁၇၇   ၁
    (၁၃)အထက်အောက်ကြပ  ၅၃  ၁
    (၁၄)အောက်အောက်ကြပ် ၁၆၀  ၁
    (၁၅)ဘန်ဒွန်  ၁၅၁  ၁
    (၁၆)စိုင်းဒင်ကျေးရွာ  ၁၅၅  ၁
    (၁၇)ဆူမာဘာလိုင်ကျွန်း  ၁၀၅
    (၁၈)ပလောကလိုင်ကျွန်း ၁၅၆  ၁
    (၁၉)အောင်ဘာကျွန်းသူကြီးကမ်း  ၂၀၁  ၁
    ဘုတ်ပြင်းမြို့နယ်
    အိမ်ခြေ ဆူရောင်း(၀တ်ကျောင်း)
    (၁)ဘုတ်မြင်းမြို့  ၄၅၁  ၂
    (၂)ဘုန်းတောကမ်း ၁၈၉
    (၃)နီပါး ၁၁၈
    (၄)စတိမ် ၁၅၂၅
    (၅)အလယ်မာကျွန်း ၂၁၂
    (၆)ကြယ်နီတောင်ကျွန်း ၁၄၀
    (၇)နူငွာကျွန်း ၁၀၆
    (၈)ရေကန်တောင်ကျွန်း ၁၉၉
    (၉)ချောင်းကဖီးကျွန်း  ၅၇
    အသက်မွေးဝမ်းကြောင်း
    ရှေးအခါက သစ်ခုတ်၊ အမဲလိုက်၊ ရေလုပ်ငန်းများလုပ်ခဲ့ကြပြီး၊ တောင်ယာစပါးစိုက်ပျိုးခြင်း၊ ဥယျာဉ်ခြံမြေများတွင် ငရုတ်ကောင်း၊ ဘူး၊ ဖရုံ၊ သခွားစသောသီးနှံများစိုက်ပျိုးကြသည်။ ရသမျှသီးနှံများကို လဲလှယ်ရောင်းချစားသုံးကြသည်။
    အုန်းလုပ်ငန်းနှင့် ရေလုပ်ငန်းများသည် ယခုအချိန်တွင် အဓိကလုပ်ငန်းအဖြစ် ဆောင်ရွက်လာ ကြသည်။
    ကမ်းရိုးတန်းသွားရောင်းဝယ်မှုများလည်း ရွက်လှေ၊ စက်လှေအသုံးပြုကာ စီးပွားရေးလုပ်ကိုင်မှု များပင် ပြုလုပ်လျက်ရှိကြသည်။
    အမျိုးသားများမှာ ဦးထုပ်ဆောင်းလျက် ပုဆိုးကို အပြင်လိပ်ဝတ်ကြသည်။ အင်္ကျီမှာ စွပ်ကျယ် အင်္ကျီပုံစံဘေးကွဲလည်ဟိုက်ဝတ်ဆင်ကြပြီး၊ အမျိုးသမီးများမှာ ဦးခေါင်းတွင် ပ၀ါခြုံ၍ ခတောင်အင်္ကျီရင်စေ့ လက်ရှည်၊ ထဘီခြေမျက်စေ့ဖုံးဝတ်ဆင်ကြသည်။ ရှေးနန်းတွင်းအပျိုတော်များ၊ လူပျိုတော်များကဲ့သို့ သဏ္ဍာန်တူသည်။
    PaShu2
    နေထိုင်ရာအဆောက်အဦး
    အိမ်များမှာ အများစုမြေစိုက်အိမ်များဖြစ်သည်။ ခြေတံရှည်အိမ်များရှိကြသည်။ သဲကျောက်အသုံးပြု သည့် ခေတ်မီနေအိမ် တိုက်တာ အဆောက်အဦးများလည်း တစ်စ တစ်စဆောက်လုပ်နေထိုင်လျက်ရှိ ကြသည်။
    အိမ်သစ်ကို မင်္ဂလာယူ၍ အိမ်တက်မင်္ဂလာ“ဖာတေဟာ”၊ မော်လွဒ်၊ ကျမ်းတော်မြတ်ကုရ်အာန် ဖတ်ရွတ်မှုများပြုလုပ်ကြသည်။ ခွေးလုံးဝမမွေးကြပေ။
    အုပ်ချုပ်ရေး
    ဖားစည်သည် ညီအစ်ကိုတော်ကရင်၊ ကယား၊ မွန်၊ ပလောင်၊ မြန်မာတို့ကဲ့သို့ အထူးအမြတ် ထားကာ သာရေး၊နာရေး၊ လူမှုရေးတို့တွင် သင်္ကေတ အချက်ပေး၍ လူစုဝေးရန် အသုံးပြုသည်။
    သူကြီးများဖြင့် အဆင့်ဆင့်အုပ်ချုပ်မှုများဆောင်ရွက်ကြပြီး ခေါင်းဆောင်အကြီးအကဲတို့၏ အမိန့်ကို တသွေမတိမ်းနာခံကြသည်။
    အကျင့်သီလသိက္ခာထိန်းသိမ်းရန်နှင့် စိတ်ဓာတ်ကို တည်ကြည်ဖြူစင်စေရန် အသေးအဖွဲကိစ္စ များကိုပင် မျက်ခြေမပြတ်ဆောင်ရွက် တည့်မတ်ကြသည်။
    ကာသွီတရားသူကြီး(ဓမ္မသတ်မှုး)များက စည်းကမ်းကျူးလွန်ဖောက်ဖျက်မိသူကို တရားရေးရာ အဆုံးအဖြတ်ပြုရာတွင် ကျူးလွန်မိသူ အပြစ်ဒဏ်ခံရရေး ထက် နောင်နောင်ဤကဲ့သို့မကျူးလွန်ရန် အသိဖြင့် နောင်ကြဉ်ရန် ဆောင်ရွက်ကြသည်။
    ပသျှူးအမျိုးသား၊အမျိုးသမီးတိုင်း ခံယူသည်မှာ “မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရန်မှာ မိမိတို့ တာဝန်သာဖြစ်ကြောင်း” အဆင့်ဆင့်သောဘ၀ပေး အသိက တပ်လှန့်ထားသည်။
    PaShu
    ပညာရေး
    ပညာသင်ကြားရေးသည် အမျိုးသား၊ အမျိုးသမီးတိုင်းနှစ်သက်မြတ်နိုးကြသည်။ ဂျာဝီစာပေ၊ အာရဗီစာပေ၊ မြန်မာစာပေများကို အရေးအဖတ် ကျွမ်းကျင်စွာ သင်ယူကြသည်။ ဆရာသမားများကို “သုခုမ”ဟု ခေါ်ကြသည်။
    ခေတ်ပညာသင်ကြားတတ်မြောက်၍ ဘွဲ့ရရှိသူများစွာရှိသည်။
    အဆင့်မြင့်အာရဗီ ပညာသင်ကြားရေးကို ဘာလှိုင်း စာသင်ဌာနတွင် သင်ကြားလိုသူတိုင်း မိမိစရိတ် ဖြင့် မိမိကျော်င်းပတ်ဝန်းကျင်နှင့် ကိုယ်ထူကိုယ်ထအခြေစိုက်တစ်ယောက်နေ၊ နေအိမ်များဆောက်လုပ် နေထိုင်ကာ ပညာသင်ယူကြသည်။
    အမျိုးသား၊အမျိုးသမီးတိုင်း တဂျဝီးဒ်နှင့် သဒ္ဒါနည်းကျကျကျွမ်းကျင်စွာဖြင့် ကျမ်းတော်မြတ် ကုရ်အာန်ကို ဖတ်ရွတ်နိုင်ကြသည်။
    ယဉ်ကျေးမှု
    ပသျှူးတို့ဒေသသို့ အစ္စလာမ်သာသနာသည် အေဒီ(၈-၁)ခုတွင် စတင်ဝင်ရောက်သည်။ ရခိုင် ပြည်နယ်မြောက်ပိုင်း(ကွီယာပူဟနီဖာတောင်)Conni Bol ကာနီဘော်တို့ဒေသသို့ မောင်လာအလီသခင်၏ သားတော်မုဟမ္မဒ်ဟနီးဖ်၏ စစ်သည်များဝင်ရောက်လာမှုထက် နှစ် (၁၀၀)ကျော်နောက်ကျပြီး မလက္ကာ ကျွန်းသို့ အစ္စလာမ်သာသနာရောက်သည့်နှစ်ထက် နှစ်(၂၀၀)နောက်ကျသည်ဟု အစ္စလာမ်သာသနာပြု သမိုင်းသုတေသီ စိုလိုင်မံနှင့် အေဒီ(၉၀၂)တွင် ရောက်ရှိလာသည့် ပထ၀ီသမိုင်းပညာရှင် အိဗ်နုဖာကီးရ်တို့၏ မှတ်တမ်းတွင် ဖော်ပြထားသည်။ မော်ရိုကိုပြည်သား ကမ္ဘာလှည့်သုတေသီအိဗ်နေ့ ဘတူတာ(Ibni Batuta) ၏ အေဒီ(၁၃၄၅)ခု၊ မှတ်တမ်းတွင် အာရပ်နွယ်ဝင်(Al Malik ul Zahir Ibni Gomol)အုပ်ချုပ်လျက် ရှိကြောင်းဖော်ပြထားသည်။ ပသျှူးအမျိုးသားများမှာ မိမိတို့ရိုးရာဓလေ့ယဉ်ကျေးမှုများကို မြတ်မြတ်နိုးနိုး၊ တန်ဖိုးထား ကျင့်သုံးသည့်ကောင်းမြတ်သော အမွေအနှစ်အဖြစ် ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြသည်။
    မဟာတမန်တော်နေ့
    အီးဒ်-မီလာဒွန်နဗီ၊ မဟာတမန်တော်နေ့အခမ်းအနားများကို သိုက်မြိုက်ခမ်းနားစွာမေတ္တာပို့သခြင်း၊ စုပေါင်းဖာတေဟာရွတ်ဖတ်ခြင်း၊ ကဗျာ ကဆွီဒါလင်္ကာများ ရွတ်ဖတ်ခြင်းနှင့် ကလေးငယ်များ စာပေပြိုင်ပွဲ ပြုလုပ်ခြင်း၊ ကေရာအသ်ရွတ်ဖတ်ပြိုင်ပွဲများပြုလုပ်ကျင်းပကြသည်။ ရှာဖေအီ မဇ်ဟဗ်များပင်ဖြစ်သည်။
    အီးဒ်-အီးဒုလ်အဒ်ွဟာတွင် ကျွဲများကို စွန့်လွှတ်လှုဒါန်းကြပြီး ကျွေးမွေးဧည့်ခံကြသည်။
    လမြတ်ရမ်သွာန်တွင် နေ့ညဥ့်မပြတ် အမျိုးသား၊အမျိုးသမီးတိုင်း ဆူရောင်းဗလီဝတ်ကျောင်းတော် အတွင်း ကျမ်းတော်မြတ်ကုရ်အာန်ကို ဖတ်ရွတ်ကြသည်။ ဆွလားတ် ၀တ်ပြုမှုကို ၀တ်ကျောင်းတော်များတွင် အမျိုးသား၊အမျိုးသမီး၊ ကလေးသူငယ်များ စုပေါင်း၍ နေ့စဉ်(၅)ကြိမ် ၀တ်ပြကြသည်။ ပသျှူးဟာဂျီနှင့် ဟာဂျီမများစွာရှိသည်။
    အီးဒ်-အီးဒုလ်ဖိသီရ်တွင် ၀ါကျွတ်အထိမ်းအမှတ်တက္ကဗီရ်တိုင်ဟစ်ကြွေးလျက် ဆူရောင်း ၀တ်ကျောင်းတော်သို့ လာရောက်ကြပြီး ဆွလာတ် ၀တ်ပြုကြသည်။ တစ်ဦးနှင့်တစ်ဦးစိတ်ရောကိုယ်ပါ ဖက်လှဲတကင်းနှုတ်ဆက်ကြရင်း မိမိက ကိုယ်နှုတ်နှလုံး သုံးပါးဖြင့် ပြောဆိုပြုမူခဲ့သော အပြစ်ရှိက ခွင့်လွှတ် ရန် တစ်ဦးက တစ်ဦးကို တောင်းပန်ခြင်း၊ ခွင့်လွှတ်ခြင်းပြုကြသည်။ ထူးခြားသည်က လိုင်လတွရ်ကဒရ်နှင့် ရှဗေဘရအတ်နေ့များကို အီးဒ်နေ့များဟု သတ်မှတ်ကြသည့်ဂျွန်မာနေ့တွင် ခွတ်သ်ဗာ(သြ၀ါဒတော်ကို ဂျမအတ်အတွင်းမှ မည်သူမဆိုတက်ရောက်တင်ပြပြောဆိုခွင့်ရှိသည်။)
    တစ်အိမ်နှင့်တစ်အိမ်၊ တစ်မိသားစုနှင့် တစ်မိသားစုသွားရောက်လည်ပတ်ကြသည်။ အမျိုးသား၊ အမျိုးသမီးတိုင်း ကွယ်လွန်သူများ၏ သင်္ချိုင်းသို့ သွား၍ မေတ္တာပို့ကြသည်။
    ကျွေးမွေးဧည့်ခံမှုများကိုလည်း အိမ်တိုင်းကောက်ညှင်း၊ အုန်းသီး၊ နွားနို့ဖြင့် ပြုလုပ်သောအာဟာရ များ၊ မုန့်လုံးများကျွေးမွေးကြသည်။
    ရှဗေဘရာအတ်ညဥ့်မြတ်မင်္ဂလာတွင် ကျမ်းမြတ်ကုရ်အာန်ဖတ်ရွတ်ကာ စားသုံးကြသကဲ့သို့ ကောက်သစ်ပေါ်ချိန်၌ ဖာတေဟာ ဖတ်ရွတ်ပွဲများကျင်းပကြသည်။ ငရုတ်ကောင်၊ အသီးအနှံမျိုးစုံတို့ဖြင့် မုန့်ဟင်းခါးများချက်ပြုတ်ကျွေးမွေးကြသည်။ နာရေးတွင် အထူးသဖြင့် ဒဖနာမြေမြှုပ်သဂြိုဟ်နောက် မြေပုံ ပေါ်တွင် တဲထိုး၍ အသံမစဲ ကုရ်အာန်ဖတ်ရွတ်ပွဲများကို (၇)ရက်(၇)လီပြုလုပ်ကြသည်။ သို့မဟုတ် လပေါက် ပြုလုပ်ကြသည်။ အမျိုးသားအမျိုးသမီးတိုင်းဖ တ်ရွတ်ကြသည်။ ထိုနေရာမှာပင် ဧည့်ခံကျွေးမွေးကြသည်။
    ကလေးမွေးဖွားသန့်စင်ပြီး အမည်ပေးကင်ပွန်းတပ်တွင် ကလေးငယ်အား အလယ်တွင်ထား၍ အေမာမ်ရှေ့ဆောင်ဆရာများက ၀ိုင်းဖွဲ့လျက် “ဆွလ၀တ်မေတ္တာတော်”ချီးမြှင့်ရွတ်ဆိုကြသည်။ နောက် မိမိတို့ရပ်ရွာရှိ အေမာမ်ရှေ့ဆောင်ဆရာများမှ ကလေးငယ်၏ လျှာဖျားတွင် ပျားရည်(၃)ကြိမ် (၃)စက်ချ၍ ကလေး၏ ဘွဲ့အမည်ကို ရေရွတ်လိုက်ရာ အားလုံးမှ (၃)ကြိမ်(၃)ခါ လပ်ဗိုက်ထူးကြရသည်။ ပြီးလျှင် ကလေးအား ပုခက်အတွင်းထည့်၍ လွှဲကာ ကောင်းချီးသြဘာပေးကြသည်။ အမည်ပညတ်ရာတွင် အမျိုး သားဆိုလျှင် ကာလီ၊ ဆာလီ၊ ကူလေးမန်း၊ နော်ဒင်၊ လာရန်ဟူ၍လည်းကောင်း၊ အမျိုးသမီးဆိုလျှင် စာရဟား၊ မီရှား၊ ခေ၀ရီဇာ၊ ဖရီဒါ၊ ရမ်းမလာဟူ၍ ခေါ်ဝေါ်ကြသည်။
    အိမ်ထောင်ရေးနှင့်ပတ်သက်၍ မိဘများမှ သင့်တော်သူနှင့် အိမ်ထောင်ဖက်ပြုလုပ်ပေးလေ့ရှိ သကဲ့သို့ မိမိတို့အောင်သွယ်တော် လူကြီးသူမများ၏ စေ့စပ်မှုလည်းရှိသည်။ အချင်းချင်းနှစ်သက်မြတ်နိုး၍ လူကြီးမိဘတို့အား ဖွင့်ဟတောင်းခိုင်းမှုလည်းရှိသည်။
    အမျိုးသမီးက စ၍ အမျိုးသားအား နှစ်သက်မြတ်နိုးလျှင် အမျိုးသား၏ ခြေရာမှုန့်ကို ယူ၍ လက်ကိုင် ပ၀ါထောင့်တွင် ထုပ်ပြီး ဓိဋ္ဌာန်ပြီး “မင်း၏ အသည်းနှလုံး ခေါင်းအုံးလိုက်ပြီ”ဟု ရွတ်ဆိုကာ ခေါင်းအောက် တွင် ထား၍ အိပ်လိုက်လျှင် သူမနှစ်သက်သောအမျိုးသားအညှို့ခံရသကဲ့သို့ ဘယ်ဒေသကိုမျှ မသွားနိုင် တော့ဟု ဆိုစမှတ်ပြုကြသည်။
    မဟာရ်အကြွေးဟူ၍ မရှိ၊ တတ်နိုင်သမျှအပြတ်တင်ကြသည်။ သမီးရှင်မှ ဧည့်ခ့ကျွေးမွေးမှုများ ဆောင်ရွက်ကြသည်။ မဟာရ်သည် တစ်သက်တစ်ခါ အမျိုးသမီးအား ဂုဏ်ပေးသောအရာဖြစ်၍ လျှောက်ပတ်သောဂုဏ်ပေးမှုဖြစ်ရမည်ဟု ခံယူကြသည်။
    သတို့သား၊သတို့သမီး အခန်းဝတွင် ထိုင်၍ လူပျိုအပျိုများဝိုင်းရံထားချိန်တွင် ဧည့်သည်မှ သတို့သားအား ဆေးလိပ်တိုက်လျှင် သတို့သမီးက မီးညှိပေးသောအလေ့မှာ မောင်အတွက် မယ်ကူညီရန် အသင့်ဖြစ်နေကြောင်းသရုပ်သဏ္ဍာန်ကို နိမိတ်ပုံပြကြော်ငြာမှုဖြစ်၍ အားလုံးသြဘာပေးကြသည်။ ကောင်းချီးပေးကြသည်။
    မင်္ဂလာပွဲအကြာင်းပြု၍ ပြဇာတ်နှင် ကောင်ဝါလီပွဲများစည်ကားလှပြီး မုန့်ဆိုင်များပင် ဖွင့်လှစ် ရောင်းချကြသည်။ အရက်ဆိုင်နှင့် မူးယစ်ဆေးဝါး လုံးဝမရှိ၊ ကြီးလေးစွာတားမြစ်ထားသည်။ အားကစားတွင် မြန်မာ့လက်ဝှေ့ပညာ၌ ထူးချွန်ကြသည်။
    ချစ်စရာတိုင်းရင်းသားပသျှူးအမျိုးသားအစုအဝေး၏ ကောင်းမြတ်သောဓလေ့ထုံးစံနှင့် ယဉ်ကျေးမှု များမကွယ်ပျောက်ရေး နိုင်ငံတော်တွင် လုံးဝ တာဝန်ရှိပေသည်။ အမိမြေပေါ်၌ နေထိုင်ကြသည့်ထိုထိုသော သွေးချင်းများသည် မိမိတို့ညီနောင်များ၏ ဇစ်မြစ်ရိုးရာဓလေ့ယဉ်ကျေးမှုတို့ကို သိရှိထားကြရမည်။ ကာလတစ်ကန့်မှ ပျူလူမျိုးတို့ကွယ်ပျောက်သွားခဲ့သည်။ ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပျောက်ကွယ် မည်မှာ အမှန်ဖြစ်၍ ပသျှူးလူမျိုးများမပျောက်ကွယ်ရေးကို တိုင်းရင်းသားညီနောင်များဝိုင်းဝန်းထိန်းသိမ်း သွားကြရမည်သာဖြစ်ပါသည်။
    ၁၉၈၅ ခုနှစ်ထုတ် အစ္စလာမ်သုတ စာစောင်တွင် သုတေသီ ဦးမောင်မောင်ကြီး(မန်း) ရေးသားထားသော စာတမ်းတိုဖြစ်ပါသည်
  • မိတ္ထီလာ အကြမ်းဖက်ခံရသူများ အတွက် စောင်များ လှူဒါန်း
    မိတ္ထီလာ အကြမ်းဖက်ခံရသူများ အတွက် စောင်များ လှူဒါန်း
    မိတ္ထီလာ အကြမ်းဖက်ခံရသူများအတွက် စောင်များ လှူဒါန်း
    ဒီဇင်ဘာ ၂၆၊ ၂၀၁၃
    M-Media
    K K
    1489282_227703174069017_329482448_n
    မိတ္ထီလာ ။ ။ ဆောင်းရာသီ ရာသီဥတု အအေးဒဏ် လွန်ကဲလာချိန်တွင် မိတ္ထီလာ ဒုက္ခသည်စခန်းများ၌ နေထိုင်နေကြရသော အကြမ်းဖက်ခံခဲ့ရသူများ တွင် ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိရန် ခြုံစောင်များ မလောက်ငှမှုကြောင့် အအေးဒဏ်ကို ပြင်းထန်စွာ ခံစားနေကြရသူများအတွက် စောင်များ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
    မိတ္ထီလာမြို့ အကြမ်းဖက်ခံရမှု ဒုက္ခသည်အဖြစ် ရောက်ရှိခဲ့ကြသော ယင်းတော်ဒုက္ခသည်စခန်း၊ ဇီးပင်ပေါက်ရွာနှင့် မိတ္ထီလာရှိ ပို့ဆက်စခန်း၊ ရေအရင်းအမြစ်စခန်း၊ ခရိုင်အားကစားကွင်းစခန်း၊ အင်းကုန်း(အ.မ.က)စခန်း၊ မကျီးကုန်း(ဘုန်းကြီးကျောင်း)စခန်း၊ အုတ်ဖို(ဘုန်းကြီးကျောင်း)စခန်း စသည့် ဒုက္ခသည်စခန်း ၆-ခုနှင့် ရပ်ကွက်အတွင်းသို ပြန်လည်နေထိုင်နေကြရသော ဒုက္ခသည်များသို့ လူမျိုးဘာသာမရွေးအတွက် လူတစ်ဦးလျှင် စောင်တစ်ထည်နှုန်းဖြင့် ပေးအပ်ခဲ့ပြီး အဆိုပါ လှူဒါန်းမှုများအား ရန်ကုန်မြို့မှ ကိုကျော်စွာလွင်နှင့် မန္တလေးမြို့မှ ဒေါက်တာသန်းမြင့် ဦးဆောင်သည့် အဖွဲ့တို့မှ ကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့ကြကြောင်းလည်း သိရပါတယ်။
    “ကျွန်တော်တို့အနေနဲ့ ပထမက ယင်းတော်မှာ ရှိတဲ့ ဒုက္ခသည်စခန်းအတွက် ၁၃၀၀-ထည်လှူဒါန်းခဲပါတယ်။ နောက်တော့ မိတ္ထီလာအတွက် ၅၈၁၁-ထည်၊ ရပ်ကွက်ထဲအတွက် ၁၃၇၀-ထည်၊ စုစုပေါင်း လှူဒါန်းခဲ့တယ်။ ကျွန်တော်တို့က အိမ်ထောင်စုက မိသားစုလူဦးရေအလိုက် တစ်ယောက် တစ်ထည်နှုန်း လှူပါတယ်။ အဲ့ဒီလှူဒါန်းမှုမှာ မန္တလေးမြို့ ကိုဟယ်ရီတို့လှူဒါန်းတဲ့ တစ်အိမ်ထောင် ၁-ထည်စီလှူဒါန်းမှုလည်းပါတယ်။ ကိုဟယ်ရီတို့ ပေးတဲ့ တစ်အိမ်ထောင် တစ်ထည်စီရတဲ့ မိသားစုတွေကိုတော့ ကျွန်တော်တို့က တစ်ထည်စီ လျှော့ပေးလိုက်တယ်။ အခု ကျွန်တော့်တို့ကို လှူဒါန်း ထားကြတဲ့ ငွေတွေက ပိုနေသေးတယ်။ ဒါကြောင့် ကလေးတွေအတွက် အနွေးထည်တွေ ၀ယ်ပေးဖို့ ဆက်ပြီး တိုင်ပင်နေကြပါတယ်။ ကျန်နေသေးတဲ့ ငွေတွေနဲ့လည်း ထပ်မံ ၀ယ်ယူလှူဒါန်းသွားပါမယ်”လို့ M-Media ၏ ဆက်သွယ်မေးမြန်းချက်များကို သွားရောက်လှူဒါန်းခဲ့သူ ကိုကျော်စွာလွင်မှ ဖြေကြားခဲ့ပါတယ်။
    မိတ္ထီလာမြို့မှ အကြမ်းဖက်ခံရများအနက် အိမ်ထောင်စု ၁၆၂၄-စု မှ လူဦးရေ ၅၈၁၁-ဦးအတွက် စောင်များကို လှူဒါန်းခဲ့ကြပြီးဖြစ်ကြောင်းနှင့် ၎င်း လှူဒါန်းမှုမှာ ပြည်တွင်း ပြည်ပမှ စေတနာရှင် အများပြည်သူများ၏ ထည့်ဝင်လှူဒါန်းကြသော ငွေများဖြင့် စောင်များ ၀ယ်ယူလှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း လည်း သိရပါတယ်။
    ဓါတ်ပုံများကို Pathi Zaw Min Tun နှင့် မိုးရဲဆောင်းရဲ တို့၏ Facebook မှ ကူးယူဖော်ပြပါသည်။