News @ M-Media

Blog

  • ဒီဇင်ဘာ ၃၀၊ အားကစားသတင်း စုစည်းမှု

    ဒီဇင်ဘာ ၃၀၊ အားကစားသတင်း စုစည်းမှု

    ဒီဇင်ဘာ ၃၀၊ ၂၀၁၃
    M-Media

    352884_heroa

    -နယူးကာဆယ်ကွင်းလယ်လူ ကာဘာယီအား ခေါ်ယူမည့်သတင်း ဝင်းဂါးငြင်း

    –  လာမည့် ဇန်န၀ါရီ အပြောင်းအရွှေ့တွင် နယူးကာဆယ်ကွင်းလယ်လူ ကာဘာယီအား ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟူသော သတင်းအား အာဆင်နယ် နည်းပြ အာဆင်ဝင်းဂါးက ငြင်းဆိုလိုက်သည်။ ကာဘာယီမှာ ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က အာဆင်နယ်အသင်း ခေါ်ယူလိုသည့် ကစားသမားများ စာရင်းတွင်ပါဝင်ခဲ့သည်။ ထိုစဉ်က အသင်းတွင် အလယ်တန်းကစား မရှိသေးသောကြောင့် ခေါ်ယူရန်စဉ်းစားခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် မိမိ၌ ကွင်းလည်ကစားသမားကောင်း သုံးဦးရှိနေကြောင့် ခေါ်ယူရန်မလိုအပ်ဟု ၀င်းဂါးက Sky Sports News သို့ ပြောကြားခဲ့သည်။
    ______________________________
    ဂျာမနီကလပ် ရှော်လ်ကေး အလယ်တန်းတူ တိုက်ခိုက်ခံရ၍ ဆေးရုံတင်ထား

    – ဂျာမနီကလပ် ရှော်လ်ကေး အသင်း၏ ဂါနာအလယ်တန်းလူ ကီဗင် ပရင့်စ် ဘိုအာတင်းမှာ လမ်းပေါ်တွင် တိုက်ခိုက်ခံခဲ့ရမှုကြောင့် ဆေးရုံတွင် ဆေးကုသမှု ခံနေရသည်ဟု သိရသည်။ အသက် ၂၆-နှစ်အရွယ်ရှိ ဘိုအာတင်းမှာ Dusseldorf မြို့အနီးတွင် အမည်မသိ လူတစ်ဦး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး လည်ပင်း၊ နောက်ကျောနှင့် နံရိုးများတွင် ဒဏ်ရာများရရှိခဲ့ကြောင်း၊ ထိုကဲ့သို့ တိုက်ခိုက်ခံရခြင်းမှာ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခံရခြင်းဖြစ်နိုင်ပြီး စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
    ______________________________
    ဆွာရက်ဇ်ကို ဒိုင်ဗင်သမားဟု မော်ရင်ဟို စွပ်စွဲ

    – လီဗာပူးလ်တိုက်စစ်မှူး ဆွာရက်ဇက်မှာ အလွန်တွန့်လိမ်လှုပ်ရှားတတ်သော ဒိုင်ဗင်သမားဖြစ်သည်ဟု ချယ်ဆီးအသင်းနည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်သည်။ ယမန်နေ့ကကစားခဲ့သည့် ချယ်ဆီးနှင့် လီဗာပူးလ်အသင်းတို့၏ ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဆွာရက်ဇ်၏ ဂိုးဧရိယာအတွင်း ဟန်ဆောင်လှဲချမှုကို ရည်ညွန်း၍ မော်ရင်ဟိုက ပြောဆိုလိုက်ခြင်းဖြစ်ပြီး ထိုလုပ်ရပ်အတွက် မှတ်တမ်းတင်ထားသင့်သည်ဟု ထပ်လောင်းပြောဆိုခဲ့သည်။
    ______________________________
    နာမည်ကြီး ပြိုင်ကားမောင်းသမား ရှူးမိတ်ကာ နှင်းလျောစီးရာ ထိခိုက်၍ ဆေးကုသခံနေရ

    – ဖော်မြူလာဝမ်း ချန်ပီယံဆုအား ၇ ကြိမ်တိုင်တိုင်ရရှိခဲ့သည့် ဂျာမန်ကားမောင်းသမား မိုက်ကယ် ရှူးမိတ်ကာမှာ ယမန်နေ့က နှင်းလျောစီးရာတွင် ထိခိုက်မိခဲ့သောကြောင့် ဆေးကုသမှုခံနေရသည်ဟု သိရသည်။

    အသက် ၄၄ နှစ်အရွယ်ရှိပြီဖြစ်သည့် ရှူးမိတ်ကာမှာ ပြင်သစ်နိုင်ငံ အဲလ်ပ်စ်တောင်တန်းရှိ Méribel အပန်းဖြေစခန်းတွင် နှင်းလျောစီးနေစဉ် ပြုကျခဲ့ပြီး သူ၏ ဦးခေါင်းမှာ ကျောက်တုန်းနှင့် ရိုက်မိခဲ့သည်။ ယခုအချိန်တွင် သတိလစ်မေ့မြောနေပြီး ဦးခေါင်းအား ချက်ချင်း ခွဲစိတ်ကုသရန် လိုအပ်နေကာ စိုးရိမ်ရသောအနေအထားတွင် ရှိနေသည်ဟု ဆေးရုံမှထုတ်ပြန်သော ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။
    ______________________________
    ဂျိုကိုဗစ် ဗိုလ်စွဲတဲ့ အဘူဒါဘီ တင်းနစ်ပွဲ

    – ယူအေအီးနိုင်ငံ အဘူဒါဘီတွင် ကျင်းပခဲ့သည့် Mubadala World Tennis Championship တင်းနစ်ပြိုင်ပွဲတွင် ဆားဘီးယား တင်းနစ်သမား နိုဗက်ဂျိုကိုဗစ် ဗိုလ်စွဲခဲ့သည်ဟု သိရသည်။

    စနေနေ့က ယှဉ်ပြိုင်ခဲ့သည့် နောက်ဆုံး ဗိုလ်လုပွဲတွင် ဂျိုကိုဗစ်က စပိန်တင်းနစ်သမား ဒေးဗစ်ဖာရာအား ၇-၅၊ ၆-၂ ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဖာရာမှာ ဆီးမီးဖိုင်နယ်တွင် ရာဖေးလ်နာဒယ်လ်အား ဖြုတ်ချနိုင်ခဲ့သူဖြစ်သည်။

    ယမန်နှစ်က ရရှိခဲ့သည့် ချန်ပီယံဘွဲ့အား ကာကွယ်နိုင်ခဲ့သည် ဂျိုကိုဗစ်က “ကျွန်တော်ကစားခဲ့တဲ့ပုံကို ကျေနပ်မိပြီး ဒီကိုပြန်လာရတာကိုလည်း ကျွန်တော်ပျော်ပါတယ်။” ဟု ပွဲအပြီးတွင်ပြောကြားခဲ့သည်။ ဂျိုကိုဗစ်မှာ ယခုပြိုင်ပွဲအား နည်းပြသစ် ဘောရစ် ဖြင့် ပထမဆုံး ယှဉ်ပြိုင်ခဲ့ခြင်းလည်းဖြစ်သည်။

    …………………………..

    အာဆင်နယ်၊ ချယ်ဆီး၊ စပါးနှင့် အဲဗာတန်တို့ အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ ဆူပါဆန်းဒေးပွဲများ

    ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ ၏ လက်ကျန်ပွဲများကို ယမန်နေ့က ကစားခဲ့ရာ အာဆင်နယ်အသင်းမှာ အိမ်ကွင်းကောင်းမွန်သည့် နယူးကာဆယ် အသင်းအား အနိုင်ကစားနိုင်ခဲ့ပြီး၊ အဲဗာတန်အသင်း မှလည်း ဆောက်သက်တမ်အား အနိုင်ရခဲ့သည်။ မော်ရင်ဟို၏ ချယ်ဆီးအသင်းမှာ လီဗာပူးလ်အား အိမ်ကွင်းတွင် သုံးမှတ် ရယူနိုင်ခဲ့ပြီး နည်းပြသစ်နှင့် စပါးအသင်းမှာလည်း ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည်။


    နယူးကာဆယ် ၀-၁ အာဆင်နယ်

    ယခုနှစ်ရာသီ အဝေးကွင်းရလဒ် အကောင်းဆုံးဖြစ်သည့် အာဆင်နယ် အသင်းမှာ စိန့်ဂျိမ်းစ်ပါက့်တွင် တိုက်စစ်မှူး ဂျရူး၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယခုပွဲအနိုင်ကြောင့် အာဆင်နယ်မှာ ၂၀၀၇-၀၈ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရာသီဝက် ချန်ပီယံဖြစ်လာခဲ့သည်။ အာဆင်နယ်တွင် အားထားရသည့် ကွင်းလယ် ကစားသမား အိုဇေးလ် ဒဏ်ရာကြောင့်မပါဝင်နိုင်ခဲ့ဘဲ၊ တိုက်စစ်မှူး ပိုဒေါစကီးကိုလည်း ၀င်းဂါးက အရန်ခုံတွင် ထိုင်စေခဲ့သည်။

    နယူးကာဆယ်အသင်းတွင် ရီမီ၊ ဂေါ့ဖ်ရန်၊ ကဘာယီ စသည့် အဓိက ကစားသမားများအားလုံး ပါဝင်ခဲ့ပြီး ပထမပိုင်းတွင် နယူးကာဆယ်က ပိုမိုဖိကစားနိုင်ခဲ့ကာ အာဆင်နယ်အသင်း ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့သည်။ သို့သော်လည်း ဒုတိယပိုင်းအစတွင် အာဆင်နယ်တို့ အချိတ်အဆက် ပိုမိလာခဲ့ပြီး ၆၅ မိနစ်တွင် ဝေါ့လ်ကော့၏ ပြစ်ဒဏ်ဘော ကန်ချက်မှတစ်ဆင့် ဂျရူးက ခေါင်းတိုက်ကာ အနိုင်ဂိုးကိုသွင်းယူပေးခဲ့သည်။ ၃ မိနစ်အကြာတွင် အာဆင်နယ်တို့ ဒုတိယဂိုး ရရှိရန် နီးစပ်ခဲ့ပြီး ဝေါ့လ်ကော့၏ ဂိုးစည်းအတွင်းမှ အသာအယာကန်သွင်းမှုအား နယူးကာဆယ် ကစားသမား ဒီဘောက်ချီက အကောင်းဆုံး ရှင်းထုတ်နိုင်ခဲ့သည်။ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် အိမ်ရှင် နယူးကာဆယ်က အာဆင်နယ်အသင်းအား တရစပ်ဖိကစားခဲ့သော်လည်း အာဆင်နယ်နောက်ခံလူများက စနစ်တကျ ကာကွယ် ပိတ်ဆို့နိုင်ခဲ့သောကြောင့် နယူးကာဆယ်အသင်းမှာ ချေပဂိုးမရှိခဲ့ဘဲ အိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့ရသည်။
    ……………………………..
    ချယ်ဆီး ၂-၁ လီဗာပူးလ်

    အိမ်ကွင်း၌ ရှုံးပွဲမရှိသေးသည့် ချယ်ဆီးအသင်းမှာ ယခုပွဲတွင်လည်း ဆွာရက်ဇ်ဦးဆောင်သည့် လီဗာပူးလ်အသင်းအား အနိုင်ကစားနိုင်ခဲ့သည်။ သို့သော်လည်း လီဗာပူးလ်အသင်းက စောစီးစွာ အဖွင့်ဂိုးစရခဲ့ခြင်းဖြစ်ပြီး ချယ်ဆီးက နောက်မှ လိုက်ကစားကာ အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

    ချယ်ဆီးအသင်းတွင်း ကွင်းလယ်လူ လမ်းပတ်ပါဝင်လာခဲ့ပြီး တိုက်စစ်တွင် ခြေစွမ်းမပြနိုင်မှုကြောင့် ဝေဖန်ခံနေရသည့် အီတူးဖြင့် ပွဲထွက်ခဲ့သည်။ လီဗာပူးလ်အသင်းတွင်လည်း လူစုံခဲ့ပြီး ဆစ်ဆိုခိုအစား ဒန်နီယဲလ်အဂ္ဂါက ပွဲထွက်လာခဲ့သည်။ ပထမပိုင်း ၃ မိနစ်မှာပင် လီဗာပူးလ်တို့ ဦးဆောင်ဂိုးရခဲ့ပြီး မာတင်စကာတယ်က ဧရီယာအတွင်းမှ အနီးကပ်ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ချယ်ဆီးအသင်းမှာ ထိန်းကစားနိုင်ခဲ့ပြီး ချေပဂိုးနှင့် အနိုင်ဂိုးများကို ပထမပိုင်းတွင်ပင်ရရှိခဲ့သည်။ ၁၇ မိနစ်တွင် အေဒင် ဟာဇာဒ့်နှင့် ၃၄ မိနစ်တွင် အီတူးတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ယခုပွဲအနိုင်ကြောင့် ချယ်ဆီးမှာ ထိပ်ဆုံးမှ အာဆင်နယ်နှင့် ၂ မှတ်အကွာ အဆင့် ၃ နေရာတွင်ရှိနေပြီး လီဗာပူးလ်အသင်းမှာ အဆင့် ၅ နေရာသို့ ရောက်ရှိသွားခဲ့သည်။
    ………………………………….
    စပါး ၃-၀ စတုတ်

    နည်းပြသစ်နှင့် ခြေစွမ်းတည်ငြိမ်လာသည့် စပါးအသင်းမှာ ယခုပွဲအိမ်ကွင်း၌ ဂိုးပြတ်ဖြင့်အနိုင်ယူနိုင်ခဲ့သည်။ ယခုပွဲအနိုင်ကြောင့် စပါးအသင်းမှာ အဆင့် ၇ နေရာသို့ တက်လာနိုင်ခဲ့သည်။ စပါးအသင်းအတွက် ဂိုးများကို ပထမပိုင်းတွင် ဆိုလ်ဒါဒိုက ပင်နယ်တီမှလည်းကောင်း၊ ဒုတိယပိုင်းတွင် မူဆာဒမ်ဘီလီနှင့် အာရွန်လန်နွန်တို့ကလည်းကောင်း အသီးသီးသွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    ……………………….
    အဲဗာတန် ၂-၁ ဆောက်သက်တမ်

    ရာသီအစပိုင်းတွင် အဆင့်လေးနေရာအထိ တက်လှမ်းလာနိုင်ခဲ့ပြီးနောက် တဖြည်းဖြည်း ခြေစွမ်းကျလာသည့် ဆောက်သက်တမ်အသင်းမှာ ယခုပွဲတွင်လည်း အိမ်ရှင် အဲဗာတန်အသင်းအား အရှုံးပေးခဲ့ရသည်။ ပွဲစသည်နှင့် ဖိကစားနိုင်ခဲ့သည့် အဲဗာတန်အသင်းမှာ ပထမပိုင်း ၉ မိနစ်တွင် အဖွင်ဂိုးရရှိခဲ့ပြီး လီယွန် အိုစမန်၏ ဖန်တီးပေးမှုမှတစ်ဆင့် ကိုးလ်မန်းက သွင်းယူပေးခဲ့သည်။ ထို့နောက် အဲဗာတန်အသင်းကသာ ဖိကစားနိုင်ခဲ့သော်လည်း ဒုတိယပိုင်း ၆၅ မိနစ်နောက်ပိုင်း တွင် ဆောက်သက်တမ်တို့ ပြန်လည် တိုက်စစ်ဆင်နိုင်ခဲ့ပြီး ဂက်စ်တန် ရာမီရက်ဇ်က ချေပဂိုး သွင်းယူပေးခဲ့သည်။ ၃ မိနစ်ကြာပြီးနောက် အိမ်ရှင်တို့ အနိုင်ဂိုးရခဲ့ကာ လူကာကူက ကန်သွင်းယူပေးခဲ့သည်။ ထိုဂိုးကြောင့် လူကာကူ၏ ငါးပွဲဆက် ဂိုးမသွင်းနိုင်မှုလည်း ရပ်တန့်သွားခဲ့ပြီဖြစ်သည်။

  • လွတ်လပ်ရေးနေ့မှာ ၈၈-မျိုးဆက်ဦးဆောင်သည့် ဆန္ဒထုတ်ဖော်ပွဲ တစ်ရက်နောက်ဆုတ်

    လွတ်လပ်ရေးနေ့မှာ ၈၈-မျိုးဆက်ဦးဆောင်သည့် ဆန္ဒထုတ်ဖော်ပွဲ တစ်ရက်နောက်ဆုတ်

    ဒီဇင်ဘာ ၃၀၊ ၂၀၁၃
    M-Media
    A.N.Lay

    ဓါတ်ပုံ – လူထုအော်သံ

    ရန်ကုန်   ။         ။       လာမည့် ၂၀၁၄-ခု ဇန်န၀ါရီလ ၄-ရက် လွတ်လပ်ရေးနေ့တွင် ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်း ၆၀ ပါဝင်သည့် ပုဒ်မ ၁၈ ဥပဒေကို ဖျက်သိမ်းပေးရန် ဆန္ဒထုတ်ဖော်ပွဲကို ဇန်နဝါရီ ၅-ရက်နေ့သို့ ရွှေ့ပြောင်းလိုက်ကြောင်းသိရှိရသည်။

    ဇန်နဝါရီ ၅-ရက်နေ့မှာ ဆန္ဒပြဖို့ ကျောက်တံတားရဲစခန်းကို ထပ်တင်ထားပြီး ဇန်နဝါရီ ၁-ရက်နေ့မှာ ခွင့်ပြုချက် ရ/မရ သိရပါမည် ဟုအဆိုပါ ဆန္ဒပြမည့် အဖွဲ့အစည်းထဲမှ ဦးမာကီးက အတည်ပြုပြောကြားခဲ့ကြောင်းသိရသည်။
    ၎င်းနောက် ဇန်နဝါရီ ၄-ရက်နေ့သည် လွတ်လပ်ရေးနေ့ဖြစ်သည့်အတွက် တစ်နိုင်ငံလုံးတွင် ပျော်ပွဲရွှင်ပွဲများကို ကျင်းပကြမည် ဖြစ်သည့်အတွက် လုံခြုံရေးအရ အခက်အခဲရှိသည့် အတွက် ကျောက်တံတားရဲစခန်းမှ ဇန်နဝါရီ ၃-ရက် သို့မဟုတ် ၅-ရက်နေ့သို့ ရွေ့ပြောင်းပေးရန် တောင်းဆိုမှုကို လက်ခံခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံဘေးတွင် ၈၈မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်းပေါင်း ၆၀ က ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်းသိရှိရသည်။

  • လပွတ္တာမြို့နယ် ကန်ဘတ်တွင် ရွာလုံးကျွတ်မီးလောင်မှု ဖြစ်ပွား

    လပွတ္တာမြို့နယ် ကန်ဘတ်တွင် ရွာလုံးကျွတ်မီးလောင်မှု ဖြစ်ပွား

    ဒီဇင်ဘာ ၃၀၊ ၂၀၁၃
    M-Media
    ပြည့်ပြည့်

    မီးလောင်နေမှုအား တဘက်ကမ်းမှ တွေ့မြင်ရပုံ (ဓါတ်ပုံ - အင်တာနက်)
    မီးလောင်နေမှုအား တွေ့မြင်ရပုံ (ဓါတ်ပုံ – အင်တာနက်)

     

    လပွတ္တာ  ။     ။ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ကန်ဘတ်ကျေးရွာတွင် ယနေ့ နံနက် ၁-နာရီဝန်းကျင်က မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပေါ်ခဲ့ပြီး တစ်ရွာလုံးနီးပါး မီးလောင်ကျွမ်းသွားခဲ့ကြောင်း သတင်းရရှိသည်။

    နံနက် ၁-နာရီဝန်းကျင်က စတင်လောင်ကျွမ်းခဲ့သော မီးသည် နံနက် ၇-နာရီခန့်အထိ ကြာမြင့်ခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၁၅၀-ကျော် မီးလောင်သွားခဲ့ကြောင်းသိရသည်။

    ယခုအခါ ကယ်ဆယ်ရေးများ ရောက်ရှိ ကူညီနေကြပြီဖြစ်သော်လည်း မည်ကဲ့သို့ စတင်လောင်ကျွမ်းခဲ့သည်ကို မသိရှိရသေးဟု ဆိုသည်။

  • အနာဂတ် ပါလက်စတိုင်းနိုင်ငံ အတွက် ဂျော်ဒန်တောင်ကြားဒေသ ဥပဒေကြမ်း အစ္စရေး ကက်ဘိနက်ဝန်ကြီးများ အတည်ပြု

    အနာဂတ် ပါလက်စတိုင်းနိုင်ငံ အတွက် ဂျော်ဒန်တောင်ကြားဒေသ ဥပဒေကြမ်း အစ္စရေး ကက်ဘိနက်ဝန်ကြီးများ အတည်ပြု

    ဒီဇင်ဘာ ၃၀၊ ၂၀၁၃
    M-Media

    အနာဂတ် ပါလက်စတိုင်းနိုင်ငံထူထောင်ရာတွင် ပါဝင်မည့် အနောက်ဘက်ကမ်းခြေ ဂျော်ဒန်တောင်ကြားရှိ ဒေသတစ်ခုအား သိမ်းပိုက်ရန် ဥပဒေမူကြမ်းတစ်ခုကို အစ္စရေး ကက်ဘိနက်ဝန်ကြီးများက ယမန်နေ့တွင် အတည်ပြုခဲ့သည်ဟုသိရသည်။

    ထိုဒေသမှာ ပါလက်စတိုင်းနိုင်ငံ၏ ဧရိယာ ၃၀ ရာခိုင်နှုန်းခန်းရှိပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ Likud ပါတီမှ သိမ်းပိုက်ရန် အဆိုတင်သွင်းခဲ့ခြင်းဖြစ်ကာ၊ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးအတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ အရှေ့အလယ်ပိုင်းသို့ မလာရောက်မီအလျင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးမှုအတွင်း အစ္စရေးကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သည့် တရားရေးဝန်ကြီး Tzipi Livni ကမူ ထိုအတည်ပြုချက်အား ဝေဖန်ခဲ့ပြီး ထိုဥပဒေဖြစ်မလာရေးအတွက် သူမ၏ လုပ်ပိုင်ခွင့်ကို အသုံးပြုသွားမည်ဟု ပြောဆိုခဲ့သည်။

    Ref : Aljazeera

  • ၁၃၀၀-ပြည့် အရေးတော်ပုံ စိန်ရတုအခမ်းအနား ကျင်းပမည်

    ၁၃၀၀-ပြည့် အရေးတော်ပုံ စိန်ရတုအခမ်းအနား ကျင်းပမည်

    ဒီဇင်ဘာ ၃၀၊ ၂၀၁၃
    M-Media
    ဆူးထက်

    DSCF8163

    လက်နက်အပါ ရင်ဘတ်ဗလာနှင့် နှလုံးသားကို အရင်းပြုပြီး တိုက်ပွဲဝင်ခဲ့သည့် ၁၃၀၀ပြည့် အရေးတော်ပုံကြီးတွင် ပါဝင်သူများအား ဂုဏ်ပြု ပူဇော်ပွဲ ဇန်န၀ါရီလ ၁၁ရက်နေ့ ကျင်းပမည်

    ရန်ကုန် ။     ။ တို့ဗမာ အစည်းအရုံးကြီး၏ ဦးဆောင်မှုနှင့် အတူ နယ်ချဲ့ အစိုးရ တစ်ရပ် ပြုတ်ကျသွားအောင် မြန်မာ့သမိုင်းတွင် လက်နက်မပါ ရင်ဘတ် ဗလာနှင့် နှလုံးသားကို အရင်းပြု၍ တိုက်ပွဲဝင်ခဲ့သော ၁၃၀၀-ပြည့် အရေးတော်ပုံကြီးတွင် ပါဝင်ခဲ့များအား ဂုဏ်ပြု ပူဇော်ပွဲကို ၂၀၁၄-ခုနှစ်၊ ဇန်န၀ါရီလ ၁၁ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

    ယင်းအား တော်ဝင်နှင်းဆီ ခန်းမ၌ ဒီဇင်ဘာ ၁၆ရက်နေ့က ကျင်းပခဲ့သည့် ၁၃၀၀-ပြည့် စိန်ရတု သဘင်ပွဲ ကျင်းပမည့် သတင်းစာ ရှင်းလင်းပွဲတွင် တို့ဗမာ အစည်းအရုံးဝင် သခင်/ သခင်မများ မိသားစုက ပြောကြားခဲ့ခြင်း ဖြစ်သည်။

    “မြန်မာနိုင်ငံမှာ ပထမဦးဆုံး ပေါ်ပေါက်ခဲ့တဲ့ အရေးတော်ပုံကြီး တစ်ခုဖြစ်တဲ့အတွက် (၇၅)နှစ်ပြည့် စိန်ရတု သဘင်ပွဲကြီးကို ကြုံကြိုက်တဲ့ ကာလမှာ ကျွန်တော်တို့ မိဘတွေ ဦးဆောင်ပြီး ‘ တို့ခေတ်ကျတော့မှ ညံ့ကြတော့မှာလား- တို့ဗမာ’ ကြွေးကြော်သံနဲ့ အတူ မိုင်(၄၀၀)ကျော် ကွာဝေးတဲ့ ရန်ကုန် အရောက်ချီတက် တိုက်ပွဲဝင်ခဲ့မှု့ကို အမှတ်တရ ဂုဏ်ပြု ပူဆော်လိုခြင်း ဖြစ်ပါတယ်” ဟု၎င်းတို့က မီဒီယာများသို့ ပြောကြားသည်။

    ယင်းအကြောင်းအရာများအား ရည်စူး၍ တိုက်ပွဲဝင် သခင်၊ သခင်မကြီးများ၏ သားသမီးများနှင့် စိတ်ဝင်စားသူ ပြည်သူများ စုပေါင်းပြီး ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

    “၁၃၀၀ပြည့် အရေးတော်ပုံကြီးမှာ အသက်သွေးချွေးတွေ ပေးဆပ်ခဲ့ရတယ်။ အင်္ဂလိပ် ဂေါ်ရာ မြင်းစီးပုလိပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ကျောင်းသား အများ ထိခိက် ဒဏ်ရာရရှိခဲ့ပါတယ်။ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရပါတယ်။ မန္တလေးတွင်လည်း စစ်ပုလိပ်တွေရဲ့ ဖြိုခွင်းမှု ကြောင့် ရဟန်းသံဃာအပါအ၀င် အာဇာနည် (၁၇)ဦး ကျဆုံးခဲ့ရပါတယ်။ စစ်ပုလိပ်များဟာ ရွှေတိဂုံ ဘုရားရင်ပြင်ပေါ် အထိ စစ်ဖိနပ်များ ၀တ်ပြီး အရေးတော်ပုံ သခင်ခေါင်းဆောင်များကို ဖမ်းဆီး ထောင်ချခြင်းများ ပြုလုပ်ခဲ့ပါတယ်။ ၁၃၀၀ပြည့် အရေးတော်ပုံကြီးကို လက်နက်အားကိုးပြီး ဖြေရှင်း နေသဖြင့်’ လက်နက်ကို လက်နက်ဖြင့် ပြန်လည် တွန်းလှန်ရမည်’ ဟူသော သင်ခန်းစာကို ထုတ်ယူပြီး၊ ကျောင်းသားခေါင်းဆောငများ၊ တို့ဗမာ အစည်းအရုံးဝင် သခင်များ ဦးဆောင်မှုဖြင့် လုံးဝလွတ်လပ်ရေး ရရှိသည့် အထိ တိုက်ပွဲဝင်ခဲ့သည်မှာ ကျွန်တော်တို့ တိုင်းပြည်အပေါ် လွန်စွာ ကျေးဇူး ကြီးမားလှပါတယ်” ဟု ၎င်းတို့က ထပ်လောင်း ပြောကြားခဲ့သည်။

    ထိုသို့ စိန်ရတု သဘင်ပွဲ ကျင်းပခြင်းမှာ ယင်းတို့၏ မိဘများ၊ ရဟန်းသံဃာများ၊ အလုပ်သမားကြီးများ ကျောင်းသား၊ကျောင်းသူများ၊ လှည်းနေ လှေအောင်း မြင်းဇောင်းပါ မကျန် တိုက်ပွဲဝင်ခဲ့သော အရေးတော်ပုံ တပ်သားများအား ရည်စူး၍ အလှူဒါန ပြုလုပ်ပူဇော်ခြင်း၊ မှတ်တမ်းများ ပြန်လည် ဖော်ထုတ်ခြင်း၊ တေးသီချင်းများကို ယနေ့ လူငယ်များ လေ့လာအတုယူ အားကျစေရန် ပြန်လည်ဖော်ကျူးခြင်း ဖြစ်ပြီး ယင်းပွဲအား ရွှေတိဂုံ စေတီ တော်ကြီး အထက်ပစ္စယံ ရင်ပြင်တန်ဆောင်းတွင် သံဃာတော် (၇၅)ပါးအား နေ့ဆွမ်းနှင့် သဃန်းများ ဆပ်ကပ် လှူဒါန်းခြင်း၊ ၁၃၀၀ပြည့် အရေးတော်ပုံတွင် ပါဝင်ခဲ့သူများအား ရေစက်ချ အမျှပေးဝေခြင်း သမိုင်းဝင် မှတ်တမ်း ဓာတ်ပုံများ ပြသခြင်းတို့ဖြင့် ဂုဏ်ပြုပူဇော်မည် ဖြစ်ကြောင်း သိရသည်။