News @ M-Media

Blog

  • ဒီဇင်ဘာ ၁၇ အားကစား သတင်းများ

    ဒီဇင်ဘာ ၁၇၊ ၂၀၁၃
    M-Media

    ချန်ပီယံလိဂ် ၁၆ သင်းအဆင့်  မဲခွဲဆုံးဖြတ်မှု

    champions-league-draw

    – ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်များကို ယမန်နေ့က မဲခွဲခဲ့ရာ စိတ်ဝင်စားဖွယ် တွေ့ဆုံမှုများရှိခဲ့သည်။ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်မှာ ယမန်နှစ်က ၁၆ သင်းအဆင့်တွင် ဖြုတ်ချနိုင်ခဲ့သည့် အာဆင်နယ်အသင်းနှင့် ပြန်လည်တွေ့ဆုံခဲ့ပြီး၊ ချယ်ဆီးတိုက်စစ်မှူးဟောင်း ဒရော့ဘာပါဝင်သည့် ဂါလာတာစာရေးအသင်းမှာ ချယ်ဆီးနှင့် တွေ့ဆုံနေသည်။ ပယ်လီဂရီ၏ မန်စီးတီးအသင်းမှာ ဘာစီလိုနာနှင့် ကစားရမည်ဖြစ်ပြီး၊ အုပ်စုအတွင်း ရုန်းကန်ခဲ့ရသည့် အေစီမီန်လန်မှာ ရှုံးပွဲမရှိခဲ့သည့် အက်သလက်တီကိုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ မန်ယူအသင်းမှာ အိုလံပီယာကော့စ်နှင့်လည်းကောင်း၊ ရီးယဲလ်မက်ဒရစ်အသင်းမှာ ရှော်လ်ကာနှင့်လည်းကောင်း တွေ့ဆုံနေပြီး နောက်တစ်ဆင့်သို့ တက်ရောက်ရန် အလားအလာရှိနေသည်။

    ချန်ပီယံလိဂ် ၁၆ သင်းအဆင့် မဲခွဲမှုရလဒ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

    မန်ချက်စတာစီးတီး (အင်္ဂလန်) VS ဘာစီလိုနာ (စပိန်)
    အိုလံပီယာကော့စ် (ဂရိ) VS မန်ချက်စတာယူနိုက်တက် (အင်္ဂလန်)
    အေစီမီလန် (အီတလီ) VS အက်သလက်တီကို မက်ဒရစ် (စပိန်)
    လေဗာကူဆင် (ဂျာမနီ) VS ပီအက်စ်ဂျီ (ပြင်သစ်)
    ဂါလာတာစာရေး (တူရကီ) VS ချယ်ဆီး
    ရှော်လ်ကာ (ဂျာမနီ) VS ရီးယဲလ်မက်ဒရစ်
    ဇင်းနစ် (ရုရှား) VS ဒေါ့မွန် (ဂျာမနီ)
    အာဆင်နယ် (အင်္ဂလန်) VS ဘိုင်ယန်မြူးနစ် (ဂျာမနီ)

    မဲခွဲမှုနှင့်ပက်သက်၍ ဘာကာနည်းပြ မာတီနိုက “မန်စီးတီးဟာလည်း ဘာစီလိုနာနဲ့ ကစားချင်မှာ မဟုတ်ပါဘူး။ လာမယ့် ဖေဖော်ဝါရီမှာ အကောင်းဆုံးပုံစံဖြစ်ဖို့အတွက် ကျွန်တော်တို့ အာရုံစိုက်ဖို့ လိုပါတယ်။” ဟု ပြောကြားခဲ့သည်။

    မန်ယူအသင်းနှင့် တွေ့ဆုံရခြင်းအတွက် အိုလံပီယာကော့စ်နည်းပြက “အိုးထရက်ဖို့ဒ်မှာ ကစားရမယ်ဆိုတဲ့ အတွေးကို ကျွန်တော်ကြိုက်ပါတယ်။ ကျွန်တော်တို့ ပရိတ်သတ်တွေအတွက် ကောင်းမွန်တဲ့ ခရီးဖြစ်မှာပါ” ဟု ဆိုသည်။

    မီလန်အသင်း၏ ဒါရိုက်တာ ဂန်ဒီနီကမူ အက်သလက်တီကိုနှင့် တွေ့ဆုံရခြင်းအတွက် အကောင်းမြင်နေပြီး “ရီးယဲလ်နဲ့ ဘာကာတို့လို အထာကောင်းကောင်းသိတဲ့ အသင်းနဲ့ မတူဘဲ ကျွန်တော်တို့ မကစားဘူးတဲ့အသင်းနဲ့ တွေ့ဖို့ စပိန်ကိုပြန်သွားရတော့မှာပါ။ အက်သလက်တီကိုဟာ တိုးတက်လာပြီး အင်မတန် အန္တရာယ်ရှိတဲ့အသင်းပါ။ ဒါပေမယ့် ကျွန်တော့်အတွက် ဆိုးဝါးတဲ့ မဲခွဲမှုမျိုးမဟုတ်တာတော့ သေချာပါတယ်” ဟု ပြောကြားခဲ့သည်။

    Ref: UEFA

    ——————————————

    – ပြီးခဲ့သည့် တနင်္ဂနွေနေ့က အိမ်ကွင်း ၀ှိုက်ဟတ်လိန်းတွင် လီဗာပူးလ်အသင်းအား အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ အန်ဒရီ ဗီလာဘိုအာ့စ်အား ထုတ်ပယ်လိုက်သည်ဟု စပါးအသင်းမှ အတည်ပြုပြောကြားခဲ့သည်။ ပြီးခဲ့သည့်လကလည်း စပါးအသင်းမှာ မန်စီးတီးအား ၆ ဂိုး ဂိုးမရှိဖြင့်ရှုံးနိမ်ခဲ့ပြီး ယခုပွဲရှုံးနိမ့်မှုကြောင့် စပါးအသင်းမှာ အဆင့် ၇ သို့ ရောက်ရှိသွားခဲ့သည်။ ဘိုအာ့စ်အား ထုတ်ပယ်ခဲ့ပြီးနောက် တင်မ်ရှားဝုဒ်ကို ယာယီနည်းပြအဖြစ် တာဝန်ပေးထားပြီး အမြဲတမ်း နည်းပြအဖြစ် ခန့်အပ်ရန် ဆွေးနွေးနေသည်ဟု သိရသည်။

    ………………………….
    – ယမန်နေ့ညက ချီးမြှင့်ခဲ့သော ဘောလုံးအားပေးသူများအဖွဲ့၏ ဆုချီးမြှင့်ပွဲတွင် လီဗာပူးလ်တိုက်စစ်မှူးဆွာရက်ဇ်မှာ ၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်ဟု သိရသည်။ လူ ၅ သိန်းကျော် မဲပေးခဲ့ခြင်းဖြစ်ပြီး ဆွာရက်ဇ်မှာ လေတန်ဘိန်း၊ ဂျူအန်မာတာ၊ ရော်ဘင်ဗန်ပါစီနှင့် ပါဘလို ဇာဘလလက်တာတို့အား ကျော်ဖြတ်ကာ ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

    ထိုဆုရရှိခဲ့ခြင်းနှင့်ပက်သက်၍ ဆွာရက်ဇ်က “ဒီဆုဟာ ကျွန်တော့်အတွက်ပဲမဟုတ်ပါဘူး။ ကျွန်တော့်အသင်းသားတွေ၊ နည်းပြအဖွဲ့ဝင်တွေ၊ စီမံခန့်ခွဲ့သူတွေနဲ့ လီဗာပူးလ်နဲ့ ဆက်စပ်နေတဲ့ လူတိုင်းအတွက်ပါ” ဟု ပြောကြားခဲ့သည်။ ထိုကဲ့သို့ ရွေချယ်ခံရခြင်းမှာ ချယ်ဆီးနောက်ခံလူ အိုင်ဗန်နိုဗစ်အား ကိုက်ခဲ့မှုကြောင့် ၁၀ ပွဲပယ်ခံရသည့် အသက် ၂၆နှစ်အရွယ် ဆွာရက်ဇ်၏ ထူးခြားသော အလှည့်အပြောင်းလည်းဖြစ်သည်။
    ……………………………………….
    – အသင်းရှိ အားထားရသော ခံစစ်မှူး ပူးယိုးလ်၏ အနားယူရန်စဉ်းစားနေသည်ဆို စကားအား အလွန်အံ့အားသင့်မိသည်ဟု ဘာစီလိုနာအသင်း၏ နည်းပြ မာတီနိုက ၀န်ခံပြောကြားခဲ့သည်။ ပူးယိုးလ်မှာ ကာလကြာရှည်စွာခံစားနေရသည့် ဒူးဒဏ်ရာကြောင့် ယခုနှစ်ရာသီကုန်လျှင် ဘာကာမှ ထွက်ခွာရန်နှင့် အဆင့်နိမ့်သော ပြိုင်ပွဲများတွင် သွားရောက် ကစားရန် စဉ်းစားနေသည်ဟု စပိန်မီဒီယများက ဖော်ပြခဲ့ကြသည်။ သတင်းစာရှင်းလင်းပွဲတွင် ထိုကိစ္စနှင့်ပက်သက်၍ သတင်းထောက် တစ်ဦးက မေးမြန်းခဲ့ရာ မာတီနိုက ပူးယိုးလ်၏ အနာဂတ်နှင့် ပက်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းမရှိဟု ပြန်လည်ဖြေကြားခဲ့သသည်။
    ……………………………
    – အသင်းသို့ ပြင်သစ်နောက်ခံလူ အဒီလ် ရာမီနှင့် ဂျပန်တိုက်စစ်မှူး ဟွန်ဒါတို့ ရောက်ရှိလာခြင်းကြောင့် အသင်းမှာ ပိုမိုကောင်းမွန်လာ လိမ့်မည်ဟု အေစီမီလန် အသင်း၏ နည်းပြဖြစ်သူ မက်စီမီလာနို အယ်လီဂရီက ပြောကြားခဲ့သည်။ အေစီမီလန်အသင်းမှာ ယမန်နေ့ညက ရိုးမားအသင်းအား ၂ ဂိုး စီသရေကျခဲ့ပြီး နောက်ဆုံး ၇ ပွဲတွင် ရှုံးပွဲ မရှိသေးချေ။ နောက်လ အနည်းငယ် အကြာတွင် အသင်း၏ပုံစံမှာ တိုးတက်လာနိုင်ကြောင်း၊ လာမည့်ဖေဖော်ဝါရီလတွင် ကစားမည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် အက်သလက်တီကိုအား ဖြုတ်ချနိုင်ကြောင်း အယ်လီ ဂရီက Sky Italia သို့ ပြောကြားခဲ့သည်။

  • ကမ္ဘောရီးယားတွင် ဗုဒ္ဓ၏ ဓာတ်တော်မွေတော်များအား ခိုးခံရမှု သံဃာများဆန္ဒပြ

    ဒီဇင်ဘာ ၁၇၊ ၂၀၁၃
    M-Media

    Cambodian-monks4766
    – နိုင်ငံအတွင်းရှိ ဗုဒ္ဓ၏ ဓာတ်တော်မွေတော်များအား ခိုးယူခံခဲ့ရခြင်းနှင့် ပက်သက်၍ အရေးယူဆောင်ရွက်မှုများ အမြန်ဆုံးလုပ်ဆောင်ပေးရန် အစိုးရအား တောင်းဆိုသည့်အနေဖြင့် သံဃာတော် ၁၅၀ ခန့်က ယနေ့နံနက်တွင် မြို့တော် ဖနွမ်းပင်၌ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    ထိုဆန္ဒပြမှုအတွင်း ဘုန်းတော်ကြီးများမှာ နိုင်ငံတော်အလံ၊ သာသနာ့အလံများနှင့် ထိုခိုးမှုအား အစိုးရက အမြန်ဆုံးအရေးယူပေးရန်ဟု အဓိပ္ပါယ်ရသည့် ဆိုင်းပုဒ်များကိုလည်း ကိုင်ဆောင်ခဲ့ကြသည်။

    ဗုဒ္ဓ၏ သွားတော်များ၊ ဆံတော်များ၊ အရိုးတော်များ စသဖြင့် ဓာတ်တော်မွေတော်များ ထည့်သွင်းထားသည့် အိုးတစ်ခုမှာ ကန်ဒယ်လ်ပြည်နယ်ရှိ ယခင်က မင်းနေပြည်တော်ဖြစ်ခဲ့သည့် အူဒုန်မြို့ တောင်ထိပ်တွင် တည်ထားသော ဘုရားမှပြီးခဲ့သည့် အင်္ဂါနေ့က ခိုးယူခံခဲ့ရခြင်းဖြစ်သည်။

    ကမ္ဘောရီးယားနိုင်ငံတွင် လူဦးရေ ၁၉ သန်းခန့်ရှိပြီး နိုင်ငံ၏ ၉၅% မှာ ဗုဒ္ဓဘာသာကိုးကွယ်သူများဖြစ်ကြသည်။
    Ref: ဆင်ဟွာ

  • နိုင်ငံဂုဏ်ဆောင် ရွှေတံဆိပ်(၅)ဆုရှင် ဘောက်ဆာ-ဝင်းမောင် (အရှေ့တောင်အာရှချန်ပီယံ ၁၉၆၉-၁၉၇၁)

    ဒီဇင်ဘာ ၁၇-၂၀၁၃
    M-Media
    သီရိ

    ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မီးရူးတိုင် ကိုင်ဆောင်ခွင့်ရခဲ့သော မြန်မာ့လက်ဝှေ့ချန်ပီယံ “ဦးဝင်းမောင်”

    Win Maung Boxer

    ရန်ကုန်။           ။ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအထိမ်းအမှတ် မီးရှူးတိုင်သယ်ဆောင်သည့် အခမ်အနားတွင်  နိုင်ငံအတွက် အာရှနှင့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များ ဆွတ်ခူးပေးခဲ့သော မြန်မာမွတ်စလင်မ် အားကစားသမားများ ဖြစ်ကြသည့် ဒေါ်ဘေဘီ(ဘော်လီဘော)၊ ဦးအေးလွင်(ဘောလီဘော)၊ ဦးဝင်းမောင်(လက်ဝှေ့)၊ ဦးမောင်လှ(ပြေးခုန်ပစ်) တို့ ပါဝင်သယ်ဆောင်ခွင့်ရခဲ့ရရှိခဲ့ပါသည်။ အဆိုပါ (၄) ဦး အနက်မှာ နိုင်ငံတကာ ပြိုင်ပွဲများ တွင် လက်ဝှေ့(Boxing) အားကစားနည်းဖြင့် တိုင်းပြည်အတွက် ရွှေတံဆိပ်(၅)ဆု ၊ငွေတံဆိပ် ၃ ခု၊ကြေးတံဆိပ် ၂ ခု  ရယူပေးခဲ့သော (ဦး)ဝင်းမောင် (ဘောက်ဆာ) အား M-Media မှ တွေ့ဆုံမေးမြန်းခွင့်ရရှိခဲ့ပါသည်။

    မြန်မာ့လက်ဝှေ့ချန်ပီယံ ဦးဝင်းမောင် အား ၁၉၄၆ ခု ဇန်န၀ါရီလ ၁ ရက်နေ့တွင် အဖ ဦးမူဆာ၊ အမိ ဒေါ်ဆဖူရာဘီ(ခ) ဒေါ်စောရန် တို့မှ ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၈ ယောက်အနက် ၆ ယောက်မြောက်ဖြစ်ပါသည်။ ငယ်စဉ်အချိန်ကတည်းက ဖခင်ဆုံးပါးသွား၍ မိခင်နှင့်ပင် ကြီးပြင်းခဲ့ရသည်။ ဒေါ်နွဲ့လေးနှင့်အိမ်ထောင်ကျခဲ့ပြီး သားသမီး ၂ ယောက်ထွန်းကားခဲ့ကြောင်းသိရပါတယ်။

    M-Media ။   ။ ပထမဦးဆုံးနေနဲ့ အန်ကယ့်ရဲ့ ပညာအရည်းအချင်းကို သိချင်ပါတယ်
    ဖြေ။     ။ ကျူလီယာမွတ်စလင် High School ကျောင်းမှာ သူငယ်တန်းကနေ ၆ တန်းထိ အတန်းပညာနှင့် ဘာသာရေးပညာကိုပါသင်ယူခဲ့တယ်၊ ပြီးတော့ ၇ တန်းကစပြီး  ၁၀ တန်းအောင်မြင်သည်အထိ MM Randeria (ယခု အ.ထ.က ၂ ပန်းပဲတန်း) ကျောင်းတွင် ဆက်လက်ဆည်းပူးခဲ့တယ်။

    M-Media။   ။ အန်ကယ် အားကစားလောကထဲကို ဘယ်လိုဝင်ရောက်ခဲ့ပါသလဲ။
္တဖြေ။    ။  ကျောင်းမှာ ဟော်ကီကိုအပျော်ကစားရင်းနဲ့ ကျောင်းလက်ရွေးစင် ဖြစ်လာတယ် ပြိုင်ပွဲတွေကို ဆက်ကစားရင်းနဲ့ ဗမာ့ဟော်ကီလက်ရွေးစင် တစ်ယောက်ဖြစ်လာခဲ့တယ်။

    M-Media။   ။ လက်ဝှေ့အားကစားကိုရော ဘယ်လိုကြောင့် ကစားဖြစ်ခဲ့တာပါလဲ။
    ဖြေ။    ။ ကလေးဘ၀တုန်းကပေါ့ ကျောင်းပြန်ရင်အကိုနဲ့အတူ ဘောလုံးပွဲသွားကြည့်တယ် အဲဒီဘောလုံးကွင်းမှာ လက်ဝှေ့ ကလပ် တစ်ခုရှိတယ်။ သူများထိုးနေတာကိုခိုးကြည့်ပြီး နည်းပြဆရာက မင်းထိုးချင်လို့လား သတ္တိရှိလား လို့မေးတော့ မခံချင်စိတ်ပေါက်ပြီး ထိုးမယ်ဗျာ လို့ ပြောပြီး အဲဒီအချိန်ကတည်းကလက်ဝှေ့ကို စတင်ထိုးခဲ့တယ်။

    M-Mediaး။   ။ အန်ကယ်ရဲ့ လက်ဦးဆရာတွေကရော ဘယ်သူတွေများလဲ။
    ဖြေ။     ။ လက်ဦးဆရာတွေကတော့ ဆရာဦးအောင်ငြိမ်း၊ ဆရာ အလက်ဇန်းဒါး၊ ဆရာကျားဘငြိမ်း၊ ဆရာ ဦးကျော်မြင့် တို့ဖြစ်တယ်။

    M-Media။   ။ အန်ကယ်  ပြိုင်ခဲ့တဲ့ ပြိုင်ပွဲကရော ဘယ်လိုအောင်မြင်မှုတွေရခဲ့လဲ။
    ဖြေ။    ။ အသက် ၁၅ မှာ ပထမဆုံးပြိုင်ခဲ့တဲ့ မြန်မာနိုင်ငံလူသစ်တန်းလက်ဝှေ့ပြိုင်ပွဲ  pin weight (91 to 98 lb ) မှာ ၅ ပွဲထိုးပြီး ချန်ပီယံဆုကို ရခဲ့တယ်။ ၁၉၆၄ မှာ Light Fly Weight (98 to 105 lb) B class မှာပြိုင်ခဲ့တဲ့အခါမှာ ချန်ပီယံဆုကို ရခဲ့တယ်။ အဲဒီနောက် မီးရထားကလပ်ကိုရောက်သွားတယ်၊ နောက်ပြီး Fly weight (105 to 112 lb) မှာ ရန်ကုန်တိုင်းလက်ရွေးစင်လူရွေးပွဲမှာ ချန်ပီယံဆုကိုရခဲ့တယ်။ ပြီးတော့ အောင်ဆန်းကွင်းမှာ စခန်းသွင်းလေ့ကျင့်ခဲ့ရတယ်။ ၁၉၆၅ ခုနှစ်မှာ တိုင်းနယ်ပြည်နယ် ၁၄ ခု မှာပြိုင်ခဲ့ရာမှာ အကောင်းဆုံးလက်ဝှေ့သမားဆုကိုရခဲ့တယ်။ ၁၉၆၆ မှာတော့ ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသော အရှေ့တောင်အာရှနိုင်ငံပေါင်း ၂၄ နိုင်ငံပါဝင်တဲ့ ၅ ကြိမ်မြောက် Asian Game မှာတော့ ကြေးတံဆိပ်ကိုရခဲ့တယ်။

    ၁၉၆၇ မှာ ထိုင်းနိုင်ငံကပဲအိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ အရှေ့တောင်အာရှကျွန်းဆွယ်နိုင်ငံများ ပါဝင်ယှဉ်ပြိုင်ကြတဲ့ လေးကြိမ်မြောက် Seap Game မှာ ငွေတံဆိပ်ဆုကိုရယူခဲ့တယ်။ နောက် ၁၉၆၇ မှာပဲ Asian Boxing Championship ကို သီဟိုဠ်မှာ သွားပြိုင်ခဲ့တာ ငွေတံဆိပ်ဆုကိုရခဲ့တယ်။

    ၁၉၆၈မှာ ဆိုဗီယက်ရုရှား-မြန်မာ ချစ်ကြည်ရေးပွဲမှာ ဥရောပနိုင်ငံမှချန်ပီယံတစ်ယောက်ဖြစ်တဲ့ Boris Dicov ကိုနိုင်ခဲ့တယ်။ ၁၉၆၉ မှာမြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ အရှေ့တောင်အာရှကျွန်းဆွယ် Seap Game ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကို ရယူခဲ့တယ်။ ၁၉၇၀ ဧပြီမှာ ဖိလစ်ပိုင် မနီလာမြို့မှာကျင်းပတဲ့ လေးကြိမ်မြောက်  Asian Boxing ပြိုင်ပွဲမှာ ကြေးတံဆိပ်ရခဲ့တယ်။ ၁၉၇၀ အောက်တိုဘာမှာ အနောက်ဂျာမနီမှာသင်တန်းတက်ခဲ့ပြီး အနှစ် ၅၀ မြောက် ဂျာမနီလက်ဝှေ့နိုင်ငံတကာအဖွဲ့ချုပ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ငွေတံဆိပ်ရတယ်။ ၁၉၇၀ ဒီဇင်ဘာလမှာ ထိုင်းနိုင်ငံကနေ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပတဲ့ ၆ ကြိမ်မြောက် Asian Game မှာ ငွေရခဲ့တယ်။ ၁၉၇၂ မှာ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၃ ပွဲ နှစ်ပွဲနဲ့ ရှုံးတယ်။ ၁၉၇၃ မှာ စင်ကာပူက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ Seap Game မှာ လဲ ငွေတံဆိပ်ဆုကိုရခဲ့တယ်။

    M-Media။  ။ စုစုပေါင်း အန်ကယ် ရွှေဘယ်နှစ်ဆုရယူခဲ့လဲ။
    ဖြေ။   ။ ပြည်တွင်းရွှေဆုက ၁၀ ဆု ပြည်ပကနေ ၅ ဆု စုစုပေါင်း ၁၅ ဆုရခဲ့တယ်။

    M-Media။   ။ အန်ကယ် လက်ဝှေ့သက်တမ်းကဘယ်လောက်ကြာပြီး ဘယ်နှစ်ပွဲလောက်ထိုးခဲ့သလဲ။
    ဖြေ။    ။ အသက် ၁၅ နှစ်ကနေ ၃၃ နှစ်ထိ ထိုးခဲ့ပြီး ပွဲကတော့ ၇၉ ပွဲလောက်ထိုးခဲ့တယ်။

    M-Media။    ။ လက်ဝှေ့ထိုးတာနားလိုက်တဲ့ချိန်ကစပြီး အခုချိန်ထိဘာတွေကိုလုပ်နေပါသလဲ။
    ဖြေ။     ။ ကစားတာကိုနားပြီးကတည်းက အ.ထ.က ၂ ပန်းဘဲတန်းက ဘောက်စင်ကလပ်မှာ နည်းပြလုပ်ခဲ့တယ်၊ နောက် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်၊ တက္ကသိုလ်ပေါင်းစုံ လက်ဝှေ့အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် ကြိုးဝိုင်းဒိုင်၊ အမှတ်ပေးဒိုင် အဖြစ်လုပ်ဆောင်တယ်။ အခုတော့ ကိုယ်ပိုင် ကလပ်ကလေးတစ်ခု ထောင်ထားပြီး အားကစားသမားလေးတွေကို လေ့ကျင့်သင်ကြားပေးနေတယ်။

    M-Media။     ။ ယခု Sea Game ပွဲမှာရော မီးရှုးတိုင်ကို ဘယ်လိုကိုင်ဆောင်ခွင့်ရခဲ့ပါသလဲ။
    ဖြေ။      ။ အဲဒါက ဥပဒေရှိတယ် မီးရှုးတိုင်းကိုင်ဆောင်ရတဲ့သူက ရွှေရတဲ့သူပဲဖြစ်ရမယ်၊ အားကစားမျိုးစုံပေါ့ စာရင်းလာကောက်တော့ ပေးလိုက်တယ် သူတို့ရွေးတဲ့ထဲမှာ ပါသွားတယ်၊ ရန်ကုန်ကနေ နေပြည်တော်ထိ လူ ၉၀ ကပေါ့ သယ်ဆောင်ရတယ်။ အခုလိုကိုင်ဆောင်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။

    ဓါတ်ပုံများ ကြည့်ရန် => Link

  • စတီဗင် စပီးလ်ဘာ့ဂ် (အနှိမ်ခံခွဲခြား ဆက်ဆံခံဘဝမှ ကမ္ဘာကျော် ဒါရိုက်တာဖြစ်လာသူ)

    ဒီဇင်ဘာ ၁၇၊ ၂၀၁၃
    M-Media
    ဘာသာပြန်ဆိုသူ- မောင်ထွေးဝင်း(ဓနုဖြူ)

    စတီဗင် စပီးလ်ဘာ့ဂ်

    1001582_10151563962003803_1846849761_n

    “မိမိလှုပ်ရှားမှုသည် ခက်ခဲနေပါက ယင်းခက်ခဲမှုကို လှုပ်ရှားစေပါ။” သူ၏ ကလေးဘ၀ကို အိပ်မက် ကောင်းများ၊ ကောင်းမွန်သော စိတ်စွဲလမ်းမှုများနှင့် စတင်ခဲ့ပြီနောက် ရုပ်ရှင် လုပ်ငန်းကိုလည်း အကြီး အကျယ်ပြောင်းလဲစေသူဖြစ်ပါသည်။ ငယ်စဉ်ကတည်းက အက်ပါဂါဆိုင်ဒရုန်းနှင့် ဒိုဘလီဆီယားခေါ် စာလုံး ပေါင်းနှင့် စာဖတ်ခြင်းချို့တဲ့သောရောဂါ ခံစားခဲ့ရသူဖြစ်ပါသည်။ အဆိုပါရောဂါများကြောင့် အတန်းထဲတွင် အချင်းချင်းကြား ဗိုလ်ကျ စိုးမိုးမှုခံ ခဲ့ရသူဖြစ်ပါသည်။

    ဤသို့သော ချို့ယွင်းအားနည်းမှုများ အကြားမှပင် ၂၀၀၇-ခုနှစ်တွင် ဟောလီးဝုဒ်၏ အကျော်ကြားဆုံးလူ (၅၀)အနက် အမှတ်(၂)နေရာ ရရှိခဲ့ပါသည်။ အကယ်ဒမီဆု အတွက် (၇)ကြိမ်အထိ အကောင်းဆုံး ဒါရိုက်တာဆု စာရင်းတင်သွင်းခြင်းခံခဲ့ရသည်။ သူ၏ ရုပ်ရှင်ကားများ ကိုမူ အကောင်းဆုံး ရုပ်ရှင်ကားအဖြစ် လည်းကောင်း၊ အကောင်းဆုံး ၀င်ငွေရရှိသည့် ကားများ အဖြစ် အသိ အမှတ်ပြုခံခဲ့ရပါသည်။

    သူ၏ လုပ်ငန်းဆောင်တာများနှင့် အလုပ်ရှုပ်နေသည့် တိုင်အောင် သူ၏ မိသားစု ကတော့ သူ၏ ဦးစားပေးအဖြစ် အမြဲရပ်တည်နေပါသည်။ သူသည်ကား အခြားမဟုတ်ပါ။ ရုပ်ရှင်လုပ်ငန်း တွင် အကောင်းဆုံးဒါရိုက်တာအဖြစ် လူသိများသည့်ဟောလီးဝုဒ် ဒါရိုက်တာစတီဗင်စပီးလ်ဘာ့ဂ်ဖြစ်ပါသည်။

    လူလားမြောက်သည့်အချိန်

    ၁၉၄၈-ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုပြည်နယ်၊ စင်စင်နာတီ မြို့တွင် ဂျုးမိသားစုမှ မွေးဖွားခဲ့သောအကြီးဆုံးနှင့် တစ်ဦးတည်းသောယောက်ျားလေးဖြစ်ပါသည်။ မိခင် ဖြစ်သူ“Leah”သည် စိတ်ဓာတ်ကြံ့ခိုင်ပြီး လူအများနှင့် လိုက်လျောညီထွေနေနိုင်သူဖြစ်ပြီး ဖခင်“Arnold”မှာမူ စိတ်ဓတ်ပျော့ညံ့သူဖြစ်ပါသည်။ သို့ဖြစ်၍ စပီးလ်ဘာ့ဂ်၏ ဇာတ်လမ်းများတွင် သူ့ဘ၀ကို ပုံရိပ်ဖော်သည့် စိတ်ဖိစီးမှုများနေသည့် ကလေးများနှင့် လိုအပ်ချက်များ မဖြည့်ဆည်းနိုင်သည့် ဖခင်ပုံရိပ်များကို တွေ့ရှိရ ပါသည်။ တစ်နေ့တွင် ဖခင်ဖြစ်သူက ထရန်စစ္စတာလေး တစ်ခုကို ယူဆောင်လာပြီး စပီးလ်ဘာ့ဂ်ကို ပြသပြီး တစ်နေ့ဒီဟာလေးက အနာဂတ်ကောင်းဖြစ်လာမယ်ဟု ပြောပါသည်။ စပီးလ်ဘာ့ဂ်ကိုလည်း ချက်ခြင်းယူပြီး ပါးစပ်တွင်းထည့်ပြီး ၀ါးလိုက်ပါသည်။ ခဏကြာမှ နွားနို့နှင့် ၀မ်းထဲသို့ မျှောချလိုက်ပါသည်။

    အကြောင်းပြချက်ခိုင်လုံမှု မတွေ့ရပဲ သူ၏ မိဘနှစ်ပါးကွာရှင်းပြတ်စဲခဲ့ကြပါသည်။ စပီးလ်ဘာ့ဂ် သည် မိမိအခန်းတံခါးကို မျက်နှာသုတ်တဘက်များနှင့် ပိတ်ဆို့ခြင်းဖြင့် မိဘနှစ်ပါး၏ အငြင်းအခုံသံများ မကြားစေရန် ကြိုးစားခဲ့ရပါသည်။ ဤသို့ဖြင့်စပီးလ်ဘာ့ဂ်သည် ဖခင်ဖြစ်သူနှင့် (၁၅)နှစ်မျှလုံးဝ အဆက် ဖြတ်ပြီး နေခဲ့ရပါသည်။ ဂျူးလူမျိုးဖြစ်သူ စပီးလ်ဘာ့ဂ်သည် သူ၏ ကလေးဘ၀တွင် ပြဿနာ မျိုးစုံကြုံတွေ့ခဲ့ ရာတွင် ဂျူးလူမျိုးဖြစ်ရခြင်းကလည်း အကြောင်း တစ်ရပ်ဟု ၀န်ခံခဲ့ပါသည်။

    ကျွန်တော့်အသက် ၇-နှစ်၊ ၈-နှစ်၊ ၉-နှစ်အရွယ်တွင် ဘုရားသခင်ခွင့်လွှတ်တော်မူပါ၊ ကျွန်တော်သည် ဂျူးလူမျိုးဖြစ်ပြီး မိဘများ၏ ဂျူး ထုံးစံအတိုင်း နေထိုင် သွားလာမှုအတွက် အရှက်ရစေပါသည်။ ကျွန်တော်တို့သည် ရှေးရိုးကျ ဂျူးလူမျိုးဖြစ်ကြ ပါသည်။ ကျွန်တော်၏ ပင်ကိုယ်စိတ်က ဂျူးလူမျိုးဖြစ်ရသည်ကို ရှက်မိသည်ဟု ဘယ်တုန်းကမှ မခံစားခဲ့ပါ။ သို့သော်တစ်ခါတစ်ရံအနေအထိုင် ကျပ်တည်းသည်မျိုးတော့ ရှိပါသည်။ ကျွန်တော်၏ အဖိုးသည် အနက် ရောင်ကုတ် အင်္ကျီရှည်ကို အမြဲတမ်း ၀တ်ထားလေ့ရှိပါသည်။ အနက်ရောင်ဦးထုပ်ဝတ်ထားပြီး မုတ်ဆိတ် ပါးသိုင်းမွေးများဖြူဆွတ်နေပါသည်။ ကျွန်တော်သူငယ်ချင်းများကို အိမ်သို့ ဖိတ်ခေါ်ရန် ၀န်လေးနေမိတတ် ပါသည်။ အဘယ်ကြောင့်ဆိုသော်အဖိုးသည် များသောအားဖြင့် ထိုအ၀တ်အစားများဝတ်ဆင်လျက် အိမ်ထောင့်တစ်နေရာတွင် ဘုရားဝတ်ပြုကောင်းဝတ်ပြုနေပါမည်။ ကျွန်တော့်သူငယ်ချင်းများကို မည်သို့ ရှင်းပြရမည်နည်းဟု ပြောကြားခဲ့ဖူးပါသည်။ ဂျူးမုန်းတီးရေး အပြုအမူများကိုလည်း ငယ်စဉ်က ခံစားခဲ့ရဖူးရာ အထက်တန်းကျောင်းသား ဘ၀က လက်သီးနှင့် အထိုးခံရခြင်း၊ ခြေနှင့်အကန်ခံရခြင်း အပြင် နှာခေါင်းမှ သွေး နှစ်ခါ ကျခဲ့ဖူးကြောင်း၊ ဆိုးဝါးလှကြောင်းကို အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ပါသည်။

    အသက်(၁၂)နှစ်အရွယ်တွင် (၈)မိနစ်ကြာအပျော်တမ်းရုပ်ရှင်“The Last Gun”ကို ထုတ်လုပ်ခဲ့ရာ သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းဖြင့် ၀င်ငွေရှာပြီး ရိုက်ကူးခဲ့ပါသည်။ သူသည် ရုပ်ရှင်ကို အခကြေးငွေဖြင့် ပြသ ရာတွင် ညီမဖြစ်သူများကို မိမိတွင် ရုပ်ရှင်ရုံလုပ်စေပြီး အစားအသောက် အဖြစ် ပြောင်းဖူးပေါက်ပေါက်များ ရောင်းချစေခြင်းဖြင့် ၀င်ငွေ ရှာဖွေခဲ့ပါသည်။ အသက်(၁၄)နှစ်အရွယ်တွင် မိနစ်(၄၀)ကြာမြင့်သည့်“Escape To Nowhere”နှင့် “Battle Squad”စစ်ကားနှစ်ကားကို ရိုက်ကူးထုတ်လုပ်ခဲ့သည်။

    220px-Steven_Spielberg_Masterclass_Cinémathèque_Française_2_cropped၁၉၅၈-ခုနှစ်၌ ကင်းထောက်လူငယ်ဘ၀တွင် ဓာတ်ပုံပညာသင်တံဆိပ်အတွက် (၈)မီလီမီတာ ဖလင်ပြားဖြင့် (၉)မိနစ်ကြာ“The Last Gun Fight”ကို ရိုက်ကူးခဲ့ပါသည်။ ထိုအဖြစ်အပျက်ကို ပြန်လည် ပြောပြရာတွင် ထိုစဉ်က သူ့ဖခင်ပေးခဲ့သော ရုပ်သေ ကင်မရာမှာ ပျက်စီးသွားသဖြင့် ကင်းထောက် တာဝန်ခံကို သူ့ဖခင်၏ ရုပ်ရှင် ကင်မရာဖြင့် ထိုဇာတ်ကားကို ရိုက်ပြပြီး ဓာတ်ပုံပညာသင်ဆုကို ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ဤသို့ဖြင့်သူ၏ ရုပ်ရှင်လုပ်ငန်းစတင်ခဲ့သည်ဟု ဆိုပါသည်။ အသက်(၁၆)နှစ် အရွယ်တွင် သူ၏ ပထမဆုံး ကိုယ်ပိုင်ရေးသားရိုက်ကူးသော မိနစ်(၄၀)ကြာသိပ္ပံပညာ ဆန်းကျယ်ဇာတ်လမ်း “Fire Fight”ကို အခြေခံပြီး စစ်ကားများရိုက်ကူးခဲ့ပါသည်။ ထိုအချိန်တွင် သူသည် ရပ်တန့်နေသော လေယာဉ်ပျံသည် အသံထက်မြန်အောင် သွားနေသည့်သဖွယ် လုပ်ဆောင်နိုင်သော ပညာရပ်များ တတ်မြောက်နေပြီဖြစ်ပါသည်။ သူ၏ ညီမဖြစ်သူ နန်စီသည်လည်း သူ့ကို ကူညီခဲ့သူဖြစ်ပြီး ဂြိုဟ်သားများနှင့် စစ်ကားများအတွက် ဇာတ်လမ်းများရေးသားပေးပါသည်။ သူ၏ ရုပ်ရှင် ဇာတ်ကားတစ်ခုလုံးတွင် ဂြိုဟ်သား ရုပ်ရှင်နှင့် စစ်ပွဲရုပ်ရှင်များက အဓိကဖြစ်ခဲ့ပါသည်။

    ကယ်လီဖိုးနီးယားပြည်နယ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီးနောက် တောင်ပိုင်းကယ်လီဖိုးနီးယား တက္ကသိုလ်၏ ပြဇာတ်၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားသင်ကြားရေး ဌာနနှစ်ဌာနခွဲသို့ တက်ရောက် သင်ကြားခွင့် ရရှိရန် လျှောက်ထားခဲ့သော်လည်း ပယ်ချခြင်းခံခဲ့ရသည်။ သို့သော်လောင်းဘိခ်ျရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်တွင် ကျောင်းတက် ခွင့်ရရှိခဲ့ပါသည်။ သူ၏ ရုပ်ရှင်လုပ်ငန်း သင်တန်းကို ယူနီဗာဆယ် စတူဒီယိုတွင် တစ်ပတ်(၇)ရက် တည်းဖြတ်ရေးလုပ်ငန်းတွင် လစာမဲ့ အလုပ်သင်ဘ၀ဖြင့် စတင်ခဲ့ရပါသည်။ စပီးလ်ဘာ့ဂ်သည် လူသိထင်ရှားဖြစ်လာသော အချိန်ကျမှ တောင်ပိုင်း ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သူ့ကို ကျောင်းတက် ခွင့်ငြင်းပယ်ခဲ့သော ဂုဏ်ထူးအောင်ဒီဂရီကို ၁၉၉၄-ခုနှစ်တွင် ချီးမြှင့်ခဲ့ပါသည်။ ၁၉၉၆-ခုနှစ် တွင်မူ ကျောင်းအုပ်ချုပ်ရေး အဖွဲ့ဝင်အဖြစ် ခန့်အပ်ခံခဲ့ရပါသည်။ စာသင်သား ဘ၀ကို စတင်ခဲ့ပြီး (၃၅)နှစ် အကြာ ၂၀၀၂-ခုနှစ်တွင် ကယ်လီဖိုးနီးယား တက္ကသိုလ်၊ လောင်းဘိခ်ျမှ ရုပ်ရှင် ထုတ်လုပ်ရေးဆိုင်ရာနှင့် အီလက်ထရောနစ် အခြေခံရုပ်ရှင်နှင့်ဗီဒီယို ထုတ်လုပ်ရေးဆိုင်ရာဘီအေဘွဲ့ကို ရရှိခဲ့ပါသည်။

    ယူနီဗာဆယ်စတူဒီယိုတွင် အလုပ်သင်ဘ၀လုပ်ကိုင်စဉ် (၂၆)မိနစ်ကြာ“Amblin”(၁၉၆၈)ကို ထုတ်လုပ်ရိုက်ကူးခဲ့သည်။ Amblinကို နောက်ပိုင်းသူ၏ ထုတ်လုပ်ရေးကုမ္ပဏီ၏ အမည် အဖြစ် အသုံးပြု ခဲ့သည်။ ထိုဇာတ်ကားကို ယူနီဗာဆယ်၏ တီဗွီ ထုတ်လုပ်ရေးဆိုင်ရာ ဒုတိယဥက္ကဌ ဆစ်ဒနီရှင်းဘတ် ကြည့်ရှုပြီးနောက် သဘောကျသွားပြီး ယူနီဗာဆယ်ကဲ့သို့ ဟောလီးဝုဒ် နာမည်ကြီး ကုမ္ပဏီကြီး၏ သက်တမ်း ရှည် ဒါရိုက်တာအဖြစ် ရွေးချယ်ခံသူများအနက် အသက်အငယ်ဆုံးဖြစ်လာခဲ့သည်။

    သူ၏ အက်ပါဂါဆိုင်ဒရုန်းသည် သူ၏ ရုပ်ရှင်ရိုက်ကူးရေးတွင် စူးစိုက်စေသလို သူ၏ လုပ်ဖော် ကိုင်ဖက်များအပေါ် တာဝန် ဖိစီးစေရန် ဖြစ်နေသလောဟု လူအများက ထင်ကြေးပေးကြပါသည်။ သို့သော် အဆိုပါရောဂါသည် သူ၏ ရုပ်ရှင်လုပ်ငန်းတွင် ထူးချွန်အောင်မြင်ရန် ဆောင်ရွက်ပေးနေသည်မှာ ငြင်း၍ မရ သော အချက်ဖြစ်နေပါသည်။

    ၂၀၀၇-ခုနှစ်တွင် ဒိုက်လက်စီးယားဟုခေါ်သည့် စာလုံးပေါင်းခြင်း စာဖတ်ခြင်းတွင် အားနည်းခြင်း ရောဂါသည် တရားဝင်တွေ့ရှိခဲ့ပါသည်။ ဦးနှောက်သည် အချို့အမှတ်အသားများကို မှန်ကန်စွာမမှတ်မိခြင်း၊ မဆောင်ရွက်နိုင်ခြင်းသည် ဤရောဂါ၏ အခြေခံဖြစ်ပါသည်။ နယူးဂျာစီပြည်နယ်တွင် နေထိုင်စဉ် ကလေး ဘ၀တွင် စာဖတ်ရန် သင်ကြားပေးရခြင်းက နှစ်နှစ်ကျော်ကြာမြင့်ခဲ့ပါသည်။ ၁၉၅၀-ပြည့်နှစ်က သူ၏ အထက်တန်းကျောင်း အစပိုင်း ကာလများသည် အလွန် ခက်ခဲခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

    သူ၏ စာဖတ်ရာတွင် ခက်ခဲမှုသည် သူ့ကို အတန်းတွင်းသူငယ်ချင်းများ၏ ဗိုလ်ကျခံရမှုဖိတ်ခေါ် ခံရသည့်ပြောဆိုခဲ့ပြီး သူ့အား လူပျင်းဟု ကျောင်း အုပ်ချုပ်ရေးမှူးက အမည်ပေးခံခဲ့ရပါသည်။ သို့သော် မည်သည့်အခါမှ လူအများ၏ အနိုင်ကျင့်ခံရသူဟု မခံစားခဲ့ရပါဟု ပြောကြားခဲ့သည်။ ထိုကဲ့သို့အတန်းတွင် ပုံစံမကျသည့်ဖြစ်ရပ်ကို အစားထိုးသည့်သဘောဖြင့် သူ့ကဲ့သို့ ပုံစံအချိုးမပြေသည့် အပေါင်းအသင်းအုပ်စုနှင့် သွားလာလှုပ်ရှားနေခဲ့ပါသည်။ ထိုအုပ်စုများတွင် နေထိုင်စဉ် (၈၀)ပြည့်နှစ်များ၏ အုပ်စု ဖွဲ့နေထိုင်သူများ စရိုက်ကို ဖော်ပြရိုက်ကူးထားသော“The Goonies” ဇာတ်ကားကို ပူးတွဲရေးသားပြီး ထုတ်ဝေခဲ့သည်။

    ရုပ်ရှင်သည် ကျွန်တော်လုပ်သောအပြစ်ကို ကျွန်တော့်အပေါ် ပုံချခံရခြင်း၊ အရှက်တကွဲခံစား ရခြင်းနှင့် အပြစ်ဟု ခံစားရခြင်းတို့ကို ဖျောက်ဖျက်ပေးပါသည်။ ရုပ်ရှင်ကို ရိုက်ကူး ထုတ်လုပ်နေရခြင်းသည် ကျွန်တော့်အတွက် အကြီးဆုံး ထွက်ပေါက်ဖြစ်ပါသည်။

    ယခုအိမ်ထောင်သည်ဘဝ

    သူသည် ဇာတ်ကားပေါင်း(၂၆)ကားကို ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ပြီး စုစုပေါင်း(၃.၇)ဘီလျံ ဒေါ်လာရရှိခဲ့ပါသည်။ သူသည် သိပ္ပံဆန်းကျယ်၊ စွန့်စားခန်း၊ ဟာသဘ၀ဇာတ်လမ်းနှင့် စစ်ကားများကို ရိုက်ကူးခဲ့ပါသည်။ လက်ရှိအကယ်ဒမီဆုသုံးခု ဆွတ်ခူးခဲ့ပြီးဖြစ်သည်။ ဖောဘီးစ် မဂ္ဂဇင်း၏ တင်ပြချက် အရ သူသည် ဒေါ်လာသုံးဘီလျံခန့် ပိုင်ဆိုင်သူဖြစ်သည်။ ရုပ်ရှင်လုပ်ငန်းတွင် အလွန်သြဇာ သက်ရောက်သူအဖြစ် သတ်မှတ်ခြင်းခံရသူဖြစ်ပါသည်။ ရာစုနှစ်အတွက် အလွန် အရေးပါသည့်ပုဂ္ဂိုလ် (၁၀၀) စာရင်းတွင်လည်း ဖော်ပြခံရသည်။

    ဟောလီးဝုဒ်သည် ကောင်းမွန်သော အိမ်ထောင်ရေးဘ၀ကို ဖြစ်ပေါ်စေသောနေရာ မဟုတ်ဟူသော အချက်ကို လူတိုင်း လက်ခံကြပါသည်။ စပီးလ်ဘာ့ဂ်ကဲ့သို့ အစစ အရာရာအောင်မြင်ပြီးဖြစ်မည်။ အဘယ် ကြောင့်ဆိုသော်အမေရိကန်နိုင်ငံတွင် လင်မယား ကွာရှင်းမှုသည် (၅၀)ရာခိုင်နှုန်းခန့် ပုံမှန်ရှိပြီး စပီးလ်ဘာ့ဂ် ကဲ့သို့ လူများတွက်မှု ပိုမြင့်သောရာခိုင်နှုန်းရှိပါသည်။ သူနှင့်မင်းသမီး ကိတ်ကပ်ရှော လက်မထပ်ခင် လွန်ခဲ့ သော(၂၆) နှစ်က လက်ထပ်ခဲ့ဖူးပါသည်။

    200px-Steven_Spielberg_with_Chandran_Rutnam_in_Sri_Lanka
    Indiana Jones and the Temple of Doom ရိုက်ကူးရန် သိရိလင်္ကာသို့ ရောက်ခဲ့စဉ်က

    ထိုအိမ်ထောင်ပျက်ခဲ့ခြင်းအပေါ် နောင်တမရရှိခဲ့ပါ။ သူ၏ အင်ဒီယာနာဂျုံးစ် ဇာတ်လမ်းတွဲများအနက် “The Temple of Doom”သည် လူအများ စွဲလမ်းနှစ်သက်သည့် ဇာတ်ကားတစ်ကား မဟုတ်သော်လည်း သူ့အတွက်မူ အလွန်အရေးပါ လှသည်ဟု “Entertainment Weekly”၏ အင်တာဗျူးတွင် သူပြောကြားခဲ့သည်။ အရေးပါရခြင်းမှာ သူ၏ ဇနီးကိပ်ကို ထိုဇာတ်ကားတွင် ခေါင်းဆောင်မင်းသမီး အဖြစ် တင်ခဲ့သလို ကိပ်သည် ယနေ့ သူ့ဘ၀တွင်လည်း ခေါင်းဆောင်လျက် ရှိကြောင်း ၀န်ခံပြောကြားခဲ့ပါသည်။ သူ၏ မိသားစုသည် သူ့ဘ၀တွင် အစားထိုး၍ မရသောအရာအဖြစ် ရပ်တည်လျက် ရှိကြောင်း ဥပမာ တစ်ခုအနေဖြင့် ပြသပြောကြားရာတွင် သူ၏ ဇာတ်ကား တစ်ခုဖြစ်သော“Close Encounter of Third Kind”တွင် မင်းသားRichard Drey Fus သည် ဇာတ်လမ်းအရ UFO များကို စွဲလမ်းမိရာမှ နောက်ဆုံးဇနီး သားသမီးသုံးဦးနှင့် မိသားစုကို ပစ်ပယ်ခဲ့ကြောင်း မိမိသာဆိုလျှင် ထိုကဲ့သို့လုပ်မည် မဟုတ် ပါကြောင်း၊ ယခုသူ့တွင် ဇနီးနှင့် သားသမီး(၇)ဦးရှိနေပါသည်။ ထိုဇာတ်ကားကို ရေးသားစဉ်က ယခုကဲ့သို့မှီခို သူများမရှိခဲ့ကြောင်း၊ ယခုကဲ့သို့ရှိနေခဲ့ပါက ထို ဇာတ်လမ်းမျိုးရေးသားမည် မဟုတ်ကြောင်း ၀န်ခံပြောကြား ခဲ့ပါသည်။

    “War Horse”အမည်ရှိ ဇတ်ကားကို ရေးသားရိုက်ကူးစဉ်က သူ့မိသားစု ခံစားချက်ကို အခြေခံ ထားပါသည်။ ဇနီးသည်နှင့် သမီးဒက်စရီတို့သည် မြင်းချစ်သူများဖြစ်ကြပါသည်။

    သူ့တွင် မြင်း(၁၂)ကောင် နှင့် မြင်းဇောင်းများပိုင်ဆိုင်ပြီး မြင်းများမွေးမြူခြင်းသည် (၁၅)နှစ်ခန့်ကြာမြင့်နေပါသည်။ သမီးသည် (၁၅)နှစ်ခန့်ရှိပြီး မြင်းစီးဝါသနာပါသူဖြစ်ပါသည်။ သူ့သမီးသည် နိုင်ငံအ၀ှမ်းမြင်းပြိုင်ပွဲများတွင် ၀င်ရောက် ယှဉ်ပြိုင်နေခြင်းကို ဂုဏ်ယူစွာပြောကြားပါသည်။

    War Horse ကို ရိုက်ကူးအပြီးတွင် စပီးလ်ဘာ့ဂ်သည် နှစ်နှစ်ခွဲမျှ အလုပ်ရှုပ်နေခဲ့ရာ ကာတွန်း သရုပ်ဖော်“The Adventure of Tintin”နှင့် “Lincoln”ရုပ်ရှင်ကားကြီးနှစ်ကားကို အောင်မြင်စွာရိုက်ကူးပြီး ဖြစ်ပါသည်။ ဤမျှ ရုပ်ရှင်ဇာတ်ကားများနှင့် အလုပ်ရှုပ်နေသော်လည်း မိသားစု တာဝန်များ ပျက်ကွက်ခြင်း မရှိ ခဲ့ပါ။

    ဤဖြစ်စဉ်နှင့်ပတ်သက်၍ လင်ကွန်းရုပ်ရှင် ထုတ်လုပ်သူ“ကက်သလင်းကနေဒီ”က ပြောကြားရာတွင် “စတီဗင်နဲ့ အလုပ်လုပ်ရာ အစစအရာရာ နားလည်မှုရှိ၍ ကျေနပ်ရပါကြောင်း၊ သူမသမီးမီဂန်ရဲ့ အသက် (၁၃)နှစ်မွေးနေ့ပွဲ သွားရနှ်ရှိကြောင်း ပြောပြရာ လိုလိုလားလား သဘောတူကြောင်း၊ သူသည် မိသားစုကိစ္စ ဦးစားပေးသည့် ဒါရိုက်တာတစ်ဦးဖြစ်ကြောင်း”ပြောကြားခဲ့ပါသည်။

    စပီးလ်ဘာ့ဂ်နှင့် ပတ်သက်သောနှစ်သက်စရာ အချက်အလက်များ-

    (၁)     ရိုက်ကူးပြီးသမျှရုပ်ရှင်ဇာတ်ကားများအနက် သတိတရအဖြစ်ဆုံး ဇာတ်ကားသည် ဘယ်ဇာတ်ကား ဖြစ်ပါသလဲဟု မေးရာ E.T(၁၉၈၂)နှင့် Schindler List (၁၉၉၃)ဟု ဖြေကြားပါသည်။

    (၂)     သူသည် ကင်းထောက် လူငယ်ဖြစ်ခဲ့ပြီး အမေရိကန် ကင်းထောက်အဖွဲ့ကြီး၏ အကြံပေးဘုတ် အဖွဲ့တွင် ပါဝင်ထမ်းဆောင်ခဲ့သော်လည်း လိင်တူ ဆက်ဆံသူများကို ခွဲခြားဆက်ဆံ၍ နှုတ်ထွက်ခဲ့ ပါသည်။

    (၃)     ဒီမိုကရက်တစ်ပါတီကို ထောက်ခံသူဖြစ်ပြီး (၁၉၉၆)ခုနှစ်က ဒေါ်လာတစ်သိန်းလှုဒါန်းခဲ့သည်။

    (၄)     ဂျာမဏီနိုင်ငံ၏ မှန်ကန်သောဖြစ်ရပ်များကို Schindler ဇာတ်ကားတွင် ဖော်ထုတ်ပြသမှုအတွက် ထိုနိုင်ငံမှ ချီးမြှင့်သောထူးချွန်ဆု (Cross of Merit)ကို လက်ခံရရှိခဲ့ပါသည်။

    (၅)     အမေရိကန်ရေတပ်မှ ချီးမြှင့်သော အရပ်သားများဆိုင်ရာ အမြင့်ဆုံးဆုကို ၁၉၉၉-ခုနှစ်၊ စစ်မှုထမ်း ဟောင်းများနေ့တွင် ချီးမြှင့်ရာ ရုပ်ရှင်ဇာတ်ကားSaving The Private Ryan တွင် သူ၏ တင်ပြချက်များ အတွက်ဖြစ်ပါသည်။

    (၆)     ရုပ်ရှင်ဒါရိုက်တာSam Mendes အား “American Beauty”ဇာတ်ကား၏ ဇာတ်ညွှန်းကို မိမိရေးသား ခဲ့ပြီး ရုပ်ရှင်ရိုက်ကူးရန် ပေးအပ်ခဲ့ပါသည်။ ထိုဒါရိုက်တာသည် အကောင်းဆုံး ဒါရိုက်တာဆုကို ထို ဇာတ်ကားအတွက် ရရှိခဲ့ပါသည်။

    (၇)     Drew Barry Moreနှင့် Gwyneth Palthrow တို့၏ မွေးစားဖခင်အဖြစ် လူသိများပြီး သူတို့ကို အောင်မြင်မှု လမ်းကြောင်းပေါ်တင်ပေးခဲ့သူဖြစ်ပါသည်။

    (၈)     ကလေးမီးဖွားခန်းရိုက်ကူးစဉ် ပထမဇနီးအေမီအိုင်ဗင်ထံမှ ဖုန်းလာပါသည်။ သူတို့၏ သားMax ကို မွေးဖွားခဲ့ကြောင်း။

    (၉)     သားသမီး(၇)ဦးရှိပါသည်။ သီယိုသည် ဒုတိယဇနီးကိပ်မှ သူနှင့် လက်မထပ်မီက မွေးစားခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းနှစ်ဦး သဘောတူမွေးစားခဲ့သည်။ ၁၉၈၈-ခုနှစ်တွင် မွေးသူဖြစ်သည်။ Sasha ကို ၁၉၉၀-ပြည့်နှစ်တွင် မွေးဖွားခဲ့ပါသည်။ Sanyer ကို ၁၉၉၂-ခုနှစ်တွင်လည်းကောင်း၊ Mikla George ကို ၁၉၉၆-ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ သူသည် မွေးစားသမီးဖြစ်ပါသည်။ Destry ကိုမူ ၁၉၉၆-ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ Jissica Capshaw သည် ကိပ်၏ ပထမအိမ်ထောင်နှင့်ရရှိခဲ့သူ ဖြစ်သလို၊ ၁၉၈၅-ခုနှစ်တွင် မွေး၁၉၇၆-ခုနှစ်တွင် မွေးဖွားခဲ့သူMaxသည် စပီးလ်ဘာ့ဂ်၏ ပထမ အိမ်ထောင်နှင့်ရခဲ့သူဖြစ်သည်။

    (၁၀)    Rod Serling ၏ “Night Gailary”ကို ၁၉၆၉-ခုနှစ်တွင် ရိုက်ကူးစဉ် မင်းသမီးချောJona Crawford ကို ပက်ပ်စီ ပုလင်းထဲတွင် နှင်းဆီပန်းတစ်ပွင့်ထည့်ပြီး လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။ ထိုဇာတ်ကားကို ရိုက်ကူးစဉ် သတင်းထောက်Shirley Eder ကို Joanက အကြံပြု ပြောကြားခဲ့သည်။ “အဲဒီချာတိတ်ကို သွားပြီး အင်တာဗျူးလိုက်ပါ၊ တစ်နေ့ကျရင် အကောင်းဆုံး ဒါရိုက်တာတစ်ယောက်ဖြစ်လာမယ့်လူပါ”။ စပီးလ်ဘာ့ဂ်နှင့် Joan တို့သည် ၁၉၇၇-ခုနှစ်တွင် Joan ကွယ်လွန်ချိန်အထိ အလွန်ရင်းနှီးသောမိတ်ဆွေများဖြစ်ခဲ့ကြပါသည်။

    (၁၁)    Dreamworksကို ပူးတွဲတည်ထောင်ခဲ့သူများဖြစ်ကြသည်။

    (၁၂)    ၂၀၀၁-ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၏ “KBE”ဆာဘွဲ့ကို အင်္ဂလန်နိုင်ငံ၏ ရုပ်ရှင်ထုတ်လုပ်ရေးကို ကူညီ ဆောင်ရွက်ပေး၍ ချီးမြှင့်ခြင်းခံခဲ့ရသည်။ ဓနသဟာယနိုင်ငံသားတစ်ဦးမဟုတ်သဖြင့် ထိုဘွဲ့ကို အသုံးပြုခွင့်(“Sir”ဟု အခေါ်ခံခွင့်)မရရှိခဲ့ပါ။

    (၁၃)    “Rain Man”ဇာတ်ညွှန်းကို Ronald Bass နှင့်(၅)လမျှ ပူးပေါင်းရေးသားခဲ့သော်လည်း Indiana Jones and Last Crusade ကို အချိန်မီရိုက်ကူးနေရ၍ ဇတ်ညွှန်းကို ဒါရိုက်တာBarry Levinson ကို ပေးအပ်ခဲ့ပါသည်။

    (၁၄)    Bid(၁၉၈၈)ကို Tom Hankနှင့် ရိုက်ကူးရာတွင် ဒါရိုက်တာလုပ်ခဲ့သော်လည်း ဇာတ်ညွှန်းအတူ ရေးသားခဲ့သည့်ညီမဖြစ်သူ“Anne”ကိုသာ အသုံးပြုခဲ့သည်။

    (၁၅)    နှစ်လုံးပြူးသေနတ်ကို ကျွမ်းကျင်စွာပစ်ခတ်တတ်၍ မင်းသား“Shia Le Beouf”က အံ့အားသင့်စွာ ပြောကြားခဲ့သည်မှာ “သူဟာ ဒါရိုက်တာကောင်းမဖြစ်ခဲ့လျှင်တောင်မှ လက်ဖြောင့်သေနတ်သမား တစ်ယောက်တော့ဖြစ်နိုင်ပါတယ်”။

    (၁၆)    အိမ်တွင်းဂေါက်ဖ်ရိုက်ပွဲစဉ်များကို တီဗွီတွင် ကြည့်ရှုရန် ၀ါသနာပါပြီး “Assassin’s Creed”game ကို ကစားလေ့ရှိပါသည်။

    သူ၏ နှစ်သက်စရာကိုးကားစကားများမှာ-

    (၁)     ETရုပ်ရှင်ကားကို ရိုက်ကူးပြီးနောက် ဖခင်တစ်ဦးဖြစ်ချင်စိတ်ပေါ်လာခဲ့သည်။ ဇာတ်ကားထဲမှ ကလေးသုံးဦး၏ ဖခင်ကဲ့သို့ ခံစားမိခဲ့ပါသည်။ အထူးသဖြင့် Drew Barrymore အပေါ် ခံစား မိခဲ့ပါသည်။ ရုပ်ရှင်များသည် ကျွန်တော်ဘ၀ကို သိသာစွာပြောင်းလဲခဲ့ပါသည်။

    (၂)     “Saving Private Ryan”ကို ကျွန်တော့်ဖခင်ကို ဂုဏ်ပြုရန် ရာနှုန်းပြည့်ရည်ရွယ်၍ ရိုက်ကူးခဲ့ ပါသည်။ အော်စကာဆုရရှိသည့် အခါ “အဖေ၊ ဒါအဖေ့အတွက်ပဲ၊ ဒါအဖေ့ဟာပဲ”ဟု ပြောခဲ့သည်။

    (၃)     “Empire of The Sun”ဇာတ်ကားနှင့်ပတ်သက်၍ ကျွန်တော်က ဤလူငယ်၏ အပြစ်မဲ့စွာ သေဆုံးရခြင်းနှင့် အပြစ်ကင်းစင်သောကမ္ဘာသားများသေဆုံးရခြင်းကို ယှဉ်ပြလိုခြင်းဖြစ်သည်။ နာဂါစကီမြို့၏ အဖြူရောင်အလင်းတန်းပျောက်ဆုံးသွားသည်ကို လူငယ်က မြင်သလော၊ သူ့စိတ်ထဲက မြင်သလောဆိုသည်မှာ ပြဿနာမဟုတ်ပါ၊ အပြစ်ကင်းစင်သူနှစ်ဦး၏ အဆုံးသတ် သည် ကြေကွဲသောကမ္ဘာကို အစပျိုးခဲ့ပြီးဖြစ်သည်။

    (၄)     ကျွန်တော် Jurassic ကို ရိုက်ကူးရခြင်းသည် Jawကို အဆက်မပြတ်အောင် ဆောင်ရွက်ခဲ့ခြင်းပင် ဖြစ်သည်။ ဤသို့ဝန်ခံရခြင်းသည် ရှက်စရာမဟုတ်ပါ။

    (၅)     “Schindler List”ဇာတ်ကားနှင့်ပတ်သက်၍ “ကျွန်တော်ဒီဇာတ်ကားကို ရိုက်ကူးပြသရခြင်းမှာ အဲဒီလိုဖြစ်ရပ်မျိုး ကမ္ဘာမှာ ဘယ်တော့မှ မဖြစ်ပေါ်စေချင်ပါ”ဟု ပြောကြားခဲ့သည်။

    (၆)     “ရုပ်ရှင်ဇာတ်ကားတစ်ကားကို ကျွန်တော်စတင်ရိုက်ကူးတော့မယ်ဆိုရင် ဒီရုပ်ရှင်ဇာတ်ကား (၄)ကားကို အရင်ကြည့်ရှုခံစားပါတယ်။”  Seven Samurai(၁၉၅၄)၊ Lawrence of Arabia (၁၉၆၂)၊ It Is Wonderful Life(၁၉၉၆)၊ The Searcher

    (၇)     “Saving Private Ryan”ဇာတ်ကားအတွက် ရရှိခဲ့သောအကယ်ဒမီဆုအတွက် ဆုပ်ကိုင်ရင်း “ကျွန်တော့်ကို စကားပြောခွင့်ပေးတဲ့အတွက် ပြောချင်တာကတော့ ဒီဆုကို ကျွန်တော်အလွန်လိုချင်ပါတယ်”တဲ့။

    (၈)     ကျွန်တော့်ရဲ့ ကလေးဘ၀က ကော်ဖီအရသာကို မုန်းတီးခဲ့မှုကြောင့် ဘ၀တစ်လျှောက်လုံး ကော်ဖီ ကို တစ်ခွက်မှ မသောက်ခဲ့ပါ။

    (၉)     ကျွန်တော်Weekend တွေမှာ အလုပ်မလုပ်ပါ၊ ကလေးတွေ၊ မိသားစုတွေနဲ့ နေထိုင်ပြီး အချိန် ကုန်လွန်စေဖို့ပဲဖြစ်ပါတယ်၊ ရုပ်ရှင်မရိုက်ခဲ့ဘူးဆိုရင် ညတိုင်းမိသားစုနဲ့ ဒင်နာညစာစားပါတယ်။ အိမ်ကို ညနေ(၆)နာရီပြန်ရောက်ပါတယ်။ ညစာစားပြီး ကလေးတွေကို အိပ်ယာထဲပို့ပါတယ်။ ပုံပြောပြပါတယ်။ နောက်တစ်နေ့ကျောင်းလိုက်ပို့ပါတယ်။ နံနက်(၉)နာရီက ညနေ(၅း၃၀)နာရီ အတွင်း အများအားဖြင့် အလုပ်လုပ်ပါတယ်။ (သူ၏ တစ်ပတ်စာအချိန်ဇယားဖြစ်ပါသည်။)

    (၁၀)    ၁၉၈၀-ပြည့်နှစ်မှစတင်၍ အင်္ဂလန်နိုင်ငံနဲ့အဆက်အသွယ်လုပ်ခဲ့သည်။ ဒီညတော့ ကျွန်တော့်ကို ဆာဘွဲ့ချီးမြှင့်လိုက်ပါတယ်။ (ဆာဘွဲ့ချီးမြှင့်ခံရစဉ်က ပြောစကား)

    (၁၁)    ကျွန်တော့်ရဲ့ ကြောက်မက်ဖွယ်၊ တုန်လှုပ်စရာကလေးဘ၀ရဲ့ အဖြစ်အပျက်တွေဟာ ယနေ့ ကျွန်တော့်ရဲ့ တီထွင်ကြံဆဖော်ထုတ်မှုရဲ့ အခြေခံကောင်းတွေပါပဲ။

    (၁၂)    ကျွန်တော်မြင်မက်ခဲ့တဲ့အိပ်မက်ကို ရုပ်ရှင်အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ပရိသတ်ကို ကြည့်ပြီး ကျွန်တော့်ရုပ်ရှင်ကို သူတို့ရဲ့ အိပ်မက်အစိတ်အပိုင်းအဖြစ် ပြုလုပ်ခဲ့ပါတယ်။

    (၁၃)    ကျွန်တော် ရုပ်ရှင်ဒါရိုက်တာအလုပ်ကို ထွက်သွားသင့်ပါတယ်၊ ဘာကြောင့်လည်းဆိုရင် မိမိကိုယ် မိမိယုံကြည်မှုပြည့်ဝစွာရရှိတဲ့ဒါရိုက်တာအဖြစ် မလုပ်နိုင်သေးလို့ပါ။ (God Father(၁၉၇၂)ကို ပထမဆုံးကြည့်ပြီးနောက် ပြောခဲ့သောစကား)

    (၁၄)    ကျွန်တော်၏ စိတ်ကို အဖမ်းစားဆုံးရုပ်ရှင်ကတော့ Schindler List(၁၉၉၃)ဖြစ်ပါတယ်။ ဒုတိယ ကတော့ E.T(၁၉၈၂)၊  Colour  Purple(၁၉၈၅)ကိုလည်း ခံစားရပါတယ်။ ကျွန်တော့်ဘ၀ဖြစ်စဉ် ပုံရိပ်ကို လုံးဝဖော်ပြမယ့်ရုပ်ရှင်ကိုတော့ မရိုက်ရသေးပါဘူး၊ ရိုက်လည်း ရိုက်ဖြစ်မှာ မဟုတ်ပါဘူး။

    စင်ကာပူနိုင်ငံမှ ၂၀၁၃၊ နိုဝင်ဘာလထုတ် Prime Magazineပါ မူရင်းစာရေးဆရာRichard Schikel၏ Spielberg-A Rerospective ၏ အကျဉ်းချုပ်ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။

    မှတ်ဉာဏ်အားနည်းခြင်း၊ လူနည်းစုဘာသာခြားဖြစ်၍ အနိုင်ကျင့်ခွဲခြားဆက်ဆံခံရသည့်ကြားမှ ခေတ်သစ် ရုပ်ရှင်သမိုင်းတွင် အထူးချွန်ဆုံး၊ အကျော်ကြားအပြောင်မြောက်ဆုံး ဒါရိုက်တာတစ်ဦး၏ ရုန်းကန် လှုပ်ရှားအောင်မြင်ခဲ့ပုံကို အတုယူပြီး ကြိုးစားကြပါစို့—-။

    မောင်ထွေးဝင်း(ဓနုဖြူ)

    ————————————–
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။

    M-Media ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြခြင်းများ လုံးဝ ခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]

  • တင့်ကားတပ်ရင်းမှ ဗိုလ်ကြီးအဆင့်ရှိသူ မိတ္ထီလာ အင်းဝဘဏ်တွင် အနုကြမ်းစီးလုယက်

    ဒီဇင်ဘာ ၁၇၊ ၂၀၁၃
    M-Media

    crime
    ယနေ့မနက် ၁၀ နာရီခွဲတွင် မိတ္ထီလာ အင်းဝဘဏ်တွင် အနုကြမ်းစီး လုယက်မှု ဖြစ်စဉ် တခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ဘဏ်မန်နေဂျာ ဒေါ်မိယဉ် မှာ အခြား ဘဏ်ဝန်ထမ်း(၉) ဦးအတူ နှင့် အလုပ်လုပ်နေစဉ် အမည်မသိ အမျိုးသားတဦး ဝင်လာပြီး ဒေါ်မိယဉ်အား ဓါးဖြင့်ထောက်ကာ ဘဏ်မှ ငွေများကို ၄င်း၏ ကျောပိုးအိတ်ထဲသို့ ထည့်ပေးရန် ခိုင်းစေခဲ့ကြောင်း၊ ဘဏ်ကောင်တာတွင် ငွေမရှိဟု ဘဏ်ဝန်ထမ်းကပြောဆိုသောကြောင့် ကောင်တာပေါ် ဓါးကို တင်စဉ် ဘဏ်မန်နေဂျာမှ ဓါးကို လွှင့်ပစ်ပြီး ကျန်ဝန်ထမ်းများနှင့် လုံခြုံရေး ဝန်ထမ်းများမှ အနုကြမ်းစီးသူကို ဝိုင်းဝန်း ဖမ်းဆီးခဲ့ကြသည်ဟု ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

    အနုကြမ်းစီးလုယက် သူမှာ ဝေယံမျိုးကျော် ( ၂၆ )နှစ် (ဘ) ဇင်မျိုးကျော် အမှတ် ၆၀၀၆ တင့်ကားတပ်ရင်း ၊ ကန့်ဘလူ မှ ဗိုလ်ကြီး အဆင့်ရှိဖြစ်ပြီး ရဲစခန်းမှ အရေးယူမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။

    ကိုးကား- ပြန်ကြားရေး ဝဘ်ဆိုဒ်